ပုလဲမြို့နယ်တွင် နွားကျောင်းနေသည့် သား အဖကို စစ်ကောင်စီတပ် ဖမ်းဆီးသွား

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် လက်ပုကန်ကျေးရွာ အနီး စားကျက်မြေတွင် နွားကျောင်းနေသည့် သားအဖနှစ်ဦး ကို အင်အား ၁၀၀ ခန့်ရှိသည့် စစ်ကောင်စီတပ် စစ်ကြောင်းက ဖမ်းဆီးသွားကြောင်း သိရသည်။
မေလ ၂၆ ရက်နေ့ နံနက် ၁၁ နာရီခွဲခန့်က လက်ပုကန်ကျေးရွာ အတွင်းသို့ စစ်ကောင်စီတပ် စစ်ကြောင်း ဝင်ရောက်စဉ် အသက် ၆၀ ကျော်နှင့် အသက် ၂၇ နှစ်အရွယ် သားအဖကို ဖမ်းဆီးခဲ့ခြင်း ဖြစ်ပြီး ဒေသခံ ပြည်သူ အများစု ကျေးရွာ အတွင်းရှိ ဘုန်ကြီးကျောင်းဝင်း အတွင်း တိမ်း ရှောင်နေရကြောင်း သိရသည်။
“ရွာအပြင်က စားကျက်မြေမှာ နွားတွေကို သွားကျောင်းနေတာ၊ စစ်ကြောင်းက ကျေးရွာထဲ ဝင်လာတော့ တခြားနေရာကို သွားရှောင် နေရင်းနဲ့ နွားတွေကို စိတ်မချလို့ ပြန်သွားတဲ့အခါ ဖမ်းခေါ်သွားတာ။ အခုချိန်ထိ ပြန်မလွတ်သေးဘူး“ ဟု ဒေသခံ တစ်ဦးက ပြောသည်။
ယင်းစစ်ကြောင်းသည် ကျေးရွာ အတွင်းရှိ လျှပ်စစ်ပစ္စည်းဆိုင်၊ စားသောက်ဆိုင်၊ အပ်ချုပ်ဆိုင်နှင့် နေအိမ် အချို့ရှိ ပစ္စည်းများကို သဘောရှိ ယူဆောင်ကာ ညနေ ၄ နာရီခန့်တွင် ရွာမှ ပြန်ထွက်သွားကြောင်း သိရသည်။
“ညနေပိုင်းကျ ကျေးရွာကနေ ပြန်ထွက်သွားတော့ သားအဖနှစ်ဦးကို ဖမ်းသွားတာ။ သိတာက ညပိုင်းကြမှာ သိတာ။ ပြန်မလာလို့ စိတ်ပူပြီး လိုက် ရှာတော့မှ နွားခြောက်ကောင်နဲ့ သူတို့ဆောင်းတဲ့ ခမောက်ကို တွေ့တော့မှာ ဖမ်းခေါ်သွားမှန်း သိရတာ။ မိသားစု သုံးဦး နေတာပါ။ အိမ်မှာ အမျိုးသမီး တစ်ဦးပဲ ကျန်ခဲ့တယ်။ အခု စိတ်ပူပြီး နေနေရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
လက်ရှိ လက်ပုကန်ကျေးရွာနှင့် တစ်မိုင် ဝန်းကျင်ခန့် ကွာဝေးသည့် မင်းတိုင်ပင်ကျေးရွာသို့ ယင်းစစ်ကြောင်း ရောက်ရှိနေပြီး ဖမ်းဆီးထားသည့် သားအဖ နှစ်ဦးကို ပြန်လွှတ်ပေးခြင်း မရှိသေးကြောင်း သိရသည်။ mizzima