ဘီးလင်းမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ ယာဉ်တန်းကို KLNA, PDFပူးပေါင်းတပ်က မိုင်းဆွဲတိုက်ခိုက်

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ရန်ကုန်-မော်လမြိုင်ကားလမ်းမပေါ်ရှိ သပြေနီကျေးရွာနှင့်အလူးကျေးရွာကြား ဒေသအခေါ် ခမိုင်ချောင်တွင် မေလ၂၆ရက်နေ့ နံနက်၉နာရီခွဲမှာ စစ်ကောင်စီတပ်ဖွဲ့ ယာဉ်တန်းကို KLNAတပ်မဟာ(၁)တပ်ခွဲ (၃)နှင့် PDFပူးပေါင်းတပ်က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ဘီးလင်းပြည်သူ့ကာကွယ်ရေးတပ်ထံမှ သိရသည်။
စစ်ကောင်စီတပ်ဖွဲ့ ယာဉ်တန်းကား ငါးစီးသည် ဘီးလင်းမြို့နယ်မှ ကျိုက်ထိုမြို့နယ်ကို ဖြတ်သန်းသွားလာစဉ်တိုက်ခိုက်ခံရခြင်းဖြစ်ပြီး စစ်ကားတစ်စီးမှာ ပျက်စီးသွားခဲ့ကြောင်း သိရသည်။
“ကား ငါးစီးမှာ တစ်စီးက လုံးဝပျက်စီးသွားတယ် သေဆုံးထိခိုက်ကတော့ လက်တလောမသိရသေးဘူး သေဆုံးထိခိုက်ကတော့ ရှိနိုင်ပါတယ်”ဟု ဘီးလင်းပြည်သူ့ကာကွယ်ရေးတပ်မှ တာဝန်ရှိသူတစ်ဦးမှ မဇ္ဈိမကိုပြောသည်။
အဆိုပါ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့ပြီး ရန်ကုန်-မော်လမြိုင်လမ်းမကြီးတွင် တစ်နာရီကျော် ယာဉ်ပိတ်ဆို့မှုများဖြစ်ပေါ်ခဲ့သည်။
“ကျမတို့မှာ အခက်အခဲက လက်နက်ခဲယမ်းပဲ၊ မလုံလောက်ဘူးဖြစ်နေတယ်၊ ဒါကလည်း ကျမတို့ အဖွဲ့ပဲလားဆိုတော့ မဟုတ်ပါဘူး အဖွဲ့တိုင်းလိုလို လိုအပ်နေတာပါ လက်နက်ခဲယမ်းသာ ပြည့်စုံမယ်ဆိုရင် ကျမတို့ မျှော်လင့်ထားသည့်အချိန်ထက် တော်လှန်ရေးကို မြန်မြန်ပြီးနိုင်ပါတယ်”ဟု ဘီးလင်းပြည်သူ့ကာကွယ်ရေးတပ်မှ တာဝန်ရှိသူက ဆက်လက်ပြောသည်။
ပြီးခဲ့သည့် မေလ၁၆ရက်နေ့တွင် KNUတပ်မဟာ (၁)မှ သထုံခရိုင် အတွင်းရှိ LPDF ၊ PDF ၊ ပကဖနှင့် မြို့ပြပြောက်ကျား အဖွဲ့များ စုစည်း၍ စစ်ကောင်စီကို တိုက်ထုတ်နိုင်ရန် မိတ်ဖက်ရေးရာ ကြီးကြပ်ကွပ်ကဲမှု ကော်မတီ ဖွဲ့စည်းခဲ့ကြောင်းထုတ်ပြန်ထားသည်။ mizzima