ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများဖြစ်လာမည်ကို ဒေသခံများ စိုးရိမ်

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ အဘောင်သားကျေးရွာအနီးမှာ မေ ၂၆ ရက်က စစ်ကောင်စီတပ်နဲ့ ရက္ခိုင်တပ်တော် (အေအေ)တို့ တိုက်ပွဲဖြစ်ပွားပြီးနောက် ရခိုင်ဒေသရှိ နေရာအနှံ့ တိုက်ပွဲတွေဖြစ်လာမှာကို ဒေသခံတွေ စိုးရိမ်နေကြပါတယ်။
ဘူသီးတောင်မြို့ခံတဦးက “မနေ့က ကျနော်တို့ ဘူးသီးတောင်မြို့မှာ စစ်တပ်က တပ်လှန့်ထားခဲ့တယ်။ ခရီးသွားလာသူတွေကို အမြန်သွားကြဖို့ ပြောတာတွေရှိတယ်။ ဘူးသီးတောင်မှာလည်း တိုက်ပွဲဖြစ်လာမလားဆိုပြီး စိုးရိမ်နေရတယ်” လို့ ပြောပါတယ်။
ပလက်ဝမြို့နယ်၊ အဘောင်သားကျေးရွာအနီးရှိ မြန်မာစစ်တပ်ရဲ့ စစ်ကြောင်းတခုက အေအေတပ်ဖွဲ့ဝင်တွေရှိတဲ့ နေရာကို မေ ၂၆ ရက် မနက် ၁၀ နာရီလောက်က ဝင်ရောက်လာတဲ့အတွက် တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ရက္ခိုင်တပ်တော်(အေအေ) ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက မီဒီယာတွေကို ပြောဆိုထားပါတယ်။
ပလက်ဝဒေသခံတဦးက “ပလက်ဝမှာ မနေ့က ညအထိ လက်နက်ကြီးပစ်ခတ်တာတွေ ရှိတယ်။ လက်နက်ကြီးက ကွမ်းမြုတ်ကျေးရွာအနီးအထိ ကျတာတွေရှိတော့ ဒေသခံတွေ ထွက်ပြေးကြရမလားဆိုပြီး စိုရိမ်မှုတွေ ဖြစ်ခဲ့ကြတယ်။ ဒီနေ့ကတော့ အသံတွေ မကြားရသေးဘူး” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ မေ ၁၅ ရက်ကလည်း ပလက်ဝမြို့နယ်၊ သံထောင်ကျေးရွာအနီးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ရိက္ခာလာပို့တဲ့ ရဟတ်ယာဉ်အား အေအေဘက်က လက်နက်ငယ်တွေနဲ့ ပစ်ခတ်တာတွေ ရှိခဲ့ပါတယ်။
“တိုက်ပွဲတွေက ပလက်ဝမှာဖြစ်ပြီး နောက် ရခိုင်ဒေသ အတော်များများမှာ ဖြစ်လာနိုင်တယ်။ အေအေဘက်ကတော့ ထိုးစစ်ဆင်မယ့် အနေ အထား မရှိဘူး။ အရင်တိုက်ပွဲတွေမှာလည်း ထိုးစစ်က အလွန်နည်းပါးခဲ့တယ်။ စစ်ကောင်စီအပေါ်မှာ မူတည်တယ်။ စစ်ကောင်စီ ထိုးစစ်ဆင်ရင် အေအေက ပြောက်ကျားစနစ်နဲ့ တန်ပြန်တိုက်ခိုက်တာတော့ ရှိကိုရှိလာမှာပဲလေ” လို့ နိုင်ငံရေး လေ့လာသူတဦးက သုံးသပ်ပြောဆိုပါတယ်။
ရခိုင်ပြည်နယ်မှာ လက်ရှိ စစ်ကောင်စီတပ်တွေဟာ စစ်တွေမြို့ အပါအဝင် တခြားမြို့နယ်တွေရှိ ကျေးရွာတွေကို ဝင်ရောက်ရှာဖွေ စစ်ဆေးတာတွေ ပြုလုပ်နေသလို စစ်အင်အားနဲ့ လက်နက်အင်အား အချိန်ပြည့် ဖြည့်တင်းနေတာတွေ ရှိနေကြောင်း မျက်မြင်ဒေသခံတွေထံက သိရပါတယ်။
မေ ၂၂ ရက် ညကလည်း အမ်းမြို့ဟောင်း လေယာဉ်ကွင်း၊ အောက်ရွာ၊ မဲလက်မောင်းနဲ့ ခလရ ၃၇၃ တို့ တည်ရှိတဲ့ နေရာတွေကနေ လက် နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်သံတွေ ဆက်တိုက် ထွက်ပေါ်ခဲ့တာကြောင့် ဒေသခံတွေ စိုးရိမ်ခဲ့ကြတယ်လို့ သိရပါတယ်။
အေအေစစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကလည်း မေ ၆ ရက်နေ့က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးကို လူမှုကွန်ရက် တွစ်တာမှတဆင့် သတိပေး ပြောကြားထားတာကြောင့် တိုက်ပွဲတွေ ဖြစ်လာမှာကို ရခိုင်ဒေသခံတွေ စိုးရိမ်နေကြတာလည်း ဖြစ်ပါတယ်။ khit thit