ရေစကြိုမြို့နယ် မြေတော်ရဲကင်းအား ကာ ကွယ်ရေးတပ်ဖွဲ့မှ တိုက်ခိုက်
မကွေးတိုင်း ရေစကြိုမြို့နယ် မြေတော်ရွာ ရဲကင်းစခန်းအား မေလ ၂၃ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ် ခန့်က MGN Tiger အဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“ စျေးဝယ်ပြန်လာတဲ့ ရဲ ခုနစ်ယောက်ကို ပစ်လိုက်တာ သုံးယောက်သေပြီး တစ်ယောက် ဒဏ်ရာရတယ်။ ပေါင်မှာပေါက်ထွက်သွားတာ။ နောက်တစ်ယောက်က အပေါ်ယံဒဏ်ရာလောက်ပဲရတယ်။ ကျန်တဲ့ နှစ် ယောက်ကတော့ ထွက်ပြေးသွားလို့ ပစ်လို့မရလိုက်ဘူး။ လက်နက် လေးလက်ရလိုက်တယ်” ဟု MGN TIGER အဖွဲ့တာဝန်ရှိသူကပြောသည်။
ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် စခန်းမှူးမှ စစ်ကူခေါ်သောကြောင့် စစ်ကောင်စီတပ်သား ၁၃ ဦးခန့် ရောက်ရှိလာပြီး စခန်းအတွင်းရှိပစ္စည်းများနှင့်လူများ ပြောင်းရွှေ့သွားကြောင်း သိရသည်။
မေလ ၂၅ ရက်နေ့ ညနေ ၃ နာရီကျော်ကလည်း မကွေးတိုင်း ရေစကြိုမြို့နယ် ထင်းတန်း အမှတ်(၂)ရပ် ကွက်တွင် စစ်ကောင်စီမှ အင်အား ၃၆ ဦးဖြင့် အပစ်မဲ့ပြည်သူ ၁၂ ဦး အား ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။
MGN TIGER အဖွဲ့မှာ လက်နက်အင်အားမပြည့်စုံမှု၊ အလှူငွေရရှိမှုနည်းပါးသောကြောင့် အလှူငွေများ ထည့်ဝင်ပေးကြရန်လည်း မေတ္တာရပ်ခံထားသည်။ mizzima