Monthly Archives: May 2022

မြိတ်မြို့ အထက်တန်းကျောင်းရှေ့၌ ၃ ရက်အတွင်း ဗုံး ၃ ကြိမ်ပေါက်

မြိတ်မြို့၊ မြိတ်တောင်နယ်မြေ၊ မြို့သစ်ရပ်ကွက်ရှိ အထက (၇) အခြေခံပညာ အထက်တန်းကျောင်း ရှေ့တွင် သုံးရက်အတွင်း ဗုံးပေါက်ကွဲမှု သုံးကြိမ် ဆက်တိုက် ဖြစ်ပွားခဲ့ကြောင်း ဒေသခံ သတင်း ရင်းမြစ်များထံက သိရ သည်။

အဆိုပါ ပေါက်ကွဲမှု ဖြစ်စဉ်သည် မေလ ၂၅ နေ့ ညနေ ၆နာရီ ၃၀ မိနစ်ခန့်တွင် တစ်ကြိမ်၊ မေလ ၂၆ ရက်နေ့ နံနက် ၉နာရီ၃၀မိနစ်ခန့်တွင် တစ်ကြိမ် နှင့် ယနေ့ မေလ ၂၇ ရက်နေ့ နံနက်ပိုင်းများတွင် တစ်ကြိမ် စုစုပေါင်း ပေါက်ကွဲမှု သုံးကြိမ် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လူထိခိုက်မှုမရှိကြောင်း သိရသည်။

“ဗုံးပေါက်ကွဲမှုက သုံးရက်ဆက်တိုက် သုံးကြိမ် ပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်”ဟု အဆိုပါ ကျောင်း အနီး နေထိုင်သူ တစ်ဦးက ပြောသည်။

၂၀၂၂-၂၀၂၃ ပညာသင်နှစ် အတွက် ကျောင်းအပ်နှံရေး လှုပ်ရှားမှုကို တနင်္သာရီတိုင်း အတွင်းရှိ စစ်ကောင်စီ လက်အောက်ခံ မြို့နယ်အသီးသီး၌ ပြုလုပ်နေချိန်တွင် ယခုကဲ့သို့ ပေါက်ကွဲခဲ့ ခြင်းဖြစ်သည်။

“ဒီနေ့ မနက်တော့ ကျောင်းရှေ့မှာ စစ်ကားတွေ ချထားတော့ တွေ့တယ်။ ပေါက်ကွဲမှု ထပ် ဖြစ်တယ်လို့ သိရပါတယ်”လို့ မြို့သစ်ရပ်ကွက်နေဒေသခံ တစ်ဦးက ပြော သည်။

မြို့သစ်ရပ်ကွက်ရှိ အထက (၇) အခြေခံပညာ အထက်တန်းကျောင်း ရှေ့တွင် မကြာခဏ ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားလေ့ရှိကြောင်း ဒေသခံသတင်း အရင်းမြစ်များထံက သိရသည်။ mizzima

စစ်ကိုင်းတိုင်းအတွင်း စစ်ဘေးရှောင်ပြည်သူ များ နေစရာ၊ ရိက္ခာနှင့် ဆေးဝါးအကူအညီ အ ရေးပေါ် လိုအပ်နေ

စစ်ကိုင်းတိုင်းမှာ ‌စစ်ကောင်စီတပ်တွေနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေကြား တိုက်ပွဲတွေ နေ့စဉ် ဖြစ်ပွားနေပြီး စစ်ဘေးရှောင်ပြည်သူတွေဟာလည်း သောင်းနဲ့ချီရှိနေကာ လက်ရှိ မိုးဦးရာသီ ကာလ ခိုလှုံစရာနေရာ၊ စားနပ်ရိက္ခာနဲ့ ဆေးဝါးအကူညီတွေ အရေးပေါ် လိုအပ်နေတယ်လို့ အကူအညီပေးနေသူတွေထံက သိရပါတယ်။

စစ်ကောင်စီတပ်ဟာ သူတို့ စစ်ကြောင်းထိုးလာတဲ့ လမ်းတလျှောက်က ရွာတွေ၊ နေအိမ်တွေကို လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ မီးရှို့ဖျက်ဆီးတာ၊ ပြည်သူတွေကို အကြောင်းမဲ့ သတ်တာတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတဲ့သူတွေ ပိုများပြားလာနေတယ်လို့ စစ်ရှောင်‌တွေကို အကူအညီပေးနေသူတဦးက ပြောပါတယ်။

“ဒီတခါ ရှောင်ရတဲ့ စစ်ရှောင်က အရမ်းအခြေအနေဆိုးတယ်ဗျ။ မိုးရွာတာကတကြောင်း  လမ်းတွေ ဆိုးတာက တကြောင်းပေါ့။ သစ်ပင်တွေအောက်မှာ နေကြရတယ်။ ထရော်လာဂျီတွေ၊ ကားတွေ အောက်မှာ အိပ်ရတဲ့သူတွေ ရှိတယ်။ လူတွေကလည်း အစုံပဲ။ အရင်တုန်းကဆိုရင် သွားနိုင် လာနိုင်တဲ့သူတွေပဲ ရှောင်ကြတာ။ ငါတို့တော့ ဘာမှမပါတာဆိုပြီး နေနေကြတဲ့လူတွေ ရှိတယ်။ အခုဟာက မရတော့ဘူး။  စစ်ကောင် စီက အကုန်မီးရှို့တဲ့အခါကျတော့ မနေရဲကြတော့ဘူး။ အကုန်ရှောင်ကြတဲ့အခါကျတော့ လူဦးရေကလည်း အရမ်းများသွားတယ်။” 

ပြီးခဲ့တဲ့ မေ ၁၉ ရက်က ဒီပဲယင်းမြို့နယ် အနီးနားကရွာတွေကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေက ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ထိမှန်ခဲ့တဲ့အတွက် စစ်ရှောင်ပြည်သူ ၅ ယောက် သေဆုံးခဲ့သလို ဘေးလွတ်ရာရှောင်တိမ်းရင်း အသက် ၇၀ အရွယ် အမျိုးသမီးတဦး သေဆုံးခဲ့ပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) ရဲ့ စစ်တမ်းတွေအရ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၂ မေ ၁၀ ရက်အထိ တနှစ်ကျော် ကာလအတွင်း လက်နက်ကိုင် ပဋိပက္ခအတွင်း သေဆုံးခဲ့ရသူ ၆၉၀ ကျော်ရှိတယ်လို့ ဆိုပါတယ်။

စစ်ဘေးရှောင်ပြည်သူတွေဟာ ရာသီဥတုဆိုးရွားမှုကြောင့် နာမကျန်းဖြစ်ကာ ဆေးခေါ်ကုရတဲ့ လူနာတွေလည်းရှိသလို ဆေးဝါးတွေလည်း အရေးပေါ်အကူအညီလိုအပ်နေတယ်လို့သိရပါတယ်။

စစ်ရှောင်ပြည်သူတွေအနေနဲ့ စားနပ်ရိက္ခာ၊ နေစရာ အခက်အခဲတွေအပြင် မိုးရာသီ တောထဲမှာ ထွက်ပြေးတိမ်းရှောင်နေတာဖြစ်လို့ ငှက်ဖျားရောဂါ၊ မြွေ၊ ကင်း အန္တရာယ် အပါအဝင် တခြား ကျန်းမာရေးစောင့်ရှောက်မှု ကိစ္စ‌အတွက် ဆေးဝါးထောက်ပံ့မှု အကူအညီတွေ လိုအပ်နေပါတယ်။

“မိုးတွင်းရောက်လာပြီဆိုတော့ မိုးကာတွေ ဘာတွေ လိုတယ်။ နောက်ပြီး မြွေဆိပ်ဖြေဆေးတွေလည်း လိုတယ်။ ပြီးခဲ့တဲ့လပိုင်းလောက်က ဝက်လက်နယ်ထဲမှာတော့ ပိုးထိတဲ့သူတွေ ရှိတယ်”လို့ ဝက်လက်မြို့ ဒေသခံတဦးက ဆိုပါတယ်။

လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာ၊ အင်တာနက်ဖြတ်တောက်မှု၊ ဖုန်းလိုင်း ဖြတ်တောက်မှုတွေကြောင့် အခက်အခဲတွေ ပိုမိုကြုံတွေ့နေရတယ်လို့ စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။

ကောလင်း၊ ပင်လယ်ဘူး၊ ဝန်းသို၊ ကန့်ဘလူ စတဲ့ မြို့နယ် နေရာတချို့မှာ ဖုန်းလိုင်း၊ အင်တာနက်လိုင်း ပြတ်တောက်နေတာ ၆ လခန့်ရှိနေပြီလို့ ဒေသခံတွေက ဆိုပါတယ်။

ပြီးခဲ့တဲ့ မေ ၂၄ ရက်ကလည်း မုံရွာ၊ ပုလဲ၊ ယင်းမာပင်၊ ခင်ဦး၊ ရေဦး စတဲ့ စစ်ကိုင်းတိုင်းထဲက နောက်ထပ် မြို့နယ် ၈ ခုမှာ ၆ နာရီကြာ ဖုန်းလိုင်းပြတ်တောက်ခဲ့ပါသေးတယ်။

မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေးအင်စတီကျု ISP Myanmar ရဲ့ ဧပြီလ ထုတ်ပြန်ချက်တွေအရ စစ်ပွဲတွေကြောင့် မြန်မာတနိုင်ငံလုံးမှာ စစ်ဘေးသင့်ပြည်သူ ၈၁၀,၀၀၀ ကျော်ရှိနေပြီး စစ်ကိုင်းတိုင်းတခုတည်းမှာတင် စစ်ဘေးသင့်ပြည်သူပေါင်း ၂၄၁,၀၅၀ ကျော် ရှိနေပြီဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းတခုတည်းမှာတင် ‌၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်ကစလို့ ဒီနေ့အထိ စစ်ကောင်စီနဲ့ ဒေသကာကွယ်ရေးတပ်တွေကြား တိုက်ပွဲပေါင်း ၄၀၀ ကျော် ဖြစ်ပွားခဲ့ပြီး အခု ၂၀၂၂ မေလ တလတည်းမှာတင် တိုက်ပွဲပေါင်း ၅၀ ထက်မနည်း ဖြစ်ပွားခဲ့ပါတယ်လို့ ISP Myanmar ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ DVB

ဆရာစံ – PDFအဖွဲ့ လက်လုပ် လက်နက် ၆မျိုး ထုတ်လုပ် အောင်မြင်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အတွင်းရှိ ဒေသကာကွယ်ရေးတပ်ဖွဲ့ တစ်ခုဖြစ်သည့် ဆရာစံ- PDF သည် လက်လုပ်လက်နက်များ အမျိုးအစား ခြောက်မျိုးအထိ ထုတ်လုပ်နိုင်ပြီဖြစ်ကြောင်း သိရသည်။

ဆရာစံပြည်သူ့ကာကွယ်ရေးတပ်သည် တူမီးသေနတ် ၅ ဒသမ ၅၆ ကျည်တစ်တောင့်ထိုး၊ ၇ ဒသမ ၆၂ ကျည်တစ်ထောင့်ထိုး သေနတ်များအပြင် လက်နက်ကြီးအပိုင်းတွင် စိန်ပြောင်း၊ Rocket ၊တာဝေးစိန်ပြောင်း၊ Mytel.mm အမျိုးမျိုး ကို ထုတ်လုပ်နိုင်ပြီဟု ဆိုသည်။

“ပထမဆုံးကတော့ တူးမီး shotgun တစ်တောင့်ထိုး5.56ကျည်၊ 7.62ကျည်တစ်တောင့်ထိုး ကိုထုတ်တယ်။ လက်နက်ကြီးကတော့ စိန် ပြောင်း၊ rocket ၊ တာဝေးစိန်ပြောင်း၊ mytel.mm အမျိုးမျိုးကို ထုတ်တယ်ဗျ။ ခုချိန်ထိတော့ စမ်းရင်ထိခိုက်တာမရှိသေးပါဘူး ” ဟု ဆရာစံ- PDF တာဝန်ရှိသူက ပြောသည်။

လက်နက်ကြီးအမျိုးအစားများ ထုတ်လုပ်ရာတွင် Mytel.mm သုံးလုံးပြူးတစ်လက်လျှင် ငွေကြေးအနေဖြင့် ကျပ်တစ်သိန်းကျော်ကုန်ကျပြီး ယခုအချိန်တွင် ပစ္စည်းများကလည်း တဖြည်းဖြည်းဈေးကြီးလာသည်ဟု ဆိုသည်။

ဆရာစံ- PDFသည် ၎င်းတို့ထုတ်လုပ်သည့် လက်နက်များမှ အချို့ကို မဟာမိတ်အဖွဲ့အစည်း အချင်းချင်း ထောက်ပံ့ပေးခဲ့ကြောင်း ၊ ပိုက်ဆံလုံလုံလောက်လောက်မရှိ၍ လက်နက်များများမထုတ်နိုင်သေးကြောင်း ဆရာစံ- PDF တာဝန်ရှိသူက ဆိုသည်။ mizzima

သတိပေးခံထားရသည့် လေးကေစခန်းမှ BGF များ ဆုတ်ခွာ

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် နယ်မြေအတွင်းမှ ထွက်သွားရန် သတိပေးခံထားရသည့် စစ်စခန်းနှစ်ခုအနက် လေးကေစခန်းမှ ကရင်နယ် ခြားစောင့်တပ် (BGF) များ မေလ တတိယပတ်ခန့်တွင် ဆုတ်ခွာသွားသည်ဟု ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ ပြောရေး ဆိုခွင့်ရှိသူက ပြောသည်။

စစ်ကောင်စီတပ်သားများသာ ကျန်တော့သည်ဟု KNU ၏ ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်၊ နိုင်ငံခြားရေးတာဝန်ခံလည်းဖြစ်သူ ပဒိုစောတောနီးက Myanmar Now ကို ယမန်နေ့က အတည်ပြုသည်။ 

“သူတို့ (BGF) ထွက်သွားတာ လေး၊ ငါးရက်လောက်တော့ ရှိပြီလို့ သိရတယ်။ အလျှိုအလျှိုနဲ့ ထွက်သွားကြတာ။ ကျွန်တော် အတည်ပြုလို့ရတာ က အဲဒီစခန်းမှာ BGF တွေ မရှိတော့ဘူး” ဟု ဆိုသည်။

KNU တပ်မဟာ (၁) နယ်မြေ သထုံခရိုင်အတွင်း ပါဝင်နေသည့် လေးကေနှင့် ဝင်းတာပန်ရွာမှ စစ်ကောင်စီစခန်းနှစ်ခုမှ တပ်ဖွဲ့ဝင်များ ထွက်ခွာသွားရန် ပြီးခဲ့သည့် ဧပြီ ၂၀ ကတည်းက KNU လက်အောက်ခံ ကရင်အမျိုးသားများကာကွယ်ရေးတပ် (KNDO) က သတိပေးစာထုတ်ထားသည်။

စစ်တပ်ဘက်မှ စခန်းကို မစွန့်ခွာ၍ ဧပြီလကုန်ခန့်တွင် လေးကေစခန်းကို KNU တပ်များက သွားရောက်တိုက်ခိုက်ခဲ့ပြီး စစ်ရေးအခြေအနေ တင်းမာနေခဲ့သည်။ 

ထို့နောက် မေလဆန်းတွင် အင်အား ၅၀ ခန့်ရှိ BGF များ စစ်ကူလာရောက်ခဲ့ပြီး ယခု ပြန်လည်ထွက်ခွာသွားခြင်း ဖြစ်သည်။ 

အဆိုပါ BGF တပ်ဖွဲ့ဝင်များ လေးကေစခန်းသို့ လာရောက်စဉ်ကလည်း လမ်းတစ်လျှောက်ကျေးရွာများမှ ‌ဒေသခံ ၁၀၀ ကျော်ကို ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် အကာအကွယ်ယူ စစ်ကြောင်းတက်လာခဲ့ကြောင်း ဒေသတွင်းလူ့အခွင့်အရေးချိုးဖောက်မှုများကို စောင့်ကြည့်မှတ်တမ်းတင်နေသည့် ကရင်လူ့အခွင့်ရေးအဖွဲ့ (KHRG) က ထုတ်ပြန်ထားသည်။

ထိုအချက်နှင့် ပတ်သက်၍ တပ်မဟာ (၁) ဥက္ကဋ္ဌ ပဒိုစောစိုးမြင့်ကလည်း မေလအစောပိုင်းက Myanmar Now ကို အတည်ပြုထားသည်။ 

လေးကေစခန်း၌ စစ်တပ်နှင့် BGF များ တပ်စွဲနေထိုင်စဉ် ရွာအတွင်းမှ နေအိမ်များထဲ ဝင်ရောက်၍ အစားအစာများ၊ ပစ္စည်းများ၊ မွေးမြူထားသည့် တိရစ္ဆာန်များကို အဓမ္မယူဆောင်ကြကြောင်း KHRG အဖွဲ့က ဆိုသည်။

“အခုဆို အကြောက်တရားနဲ့ နေရတယ်။ ဘယ်နေ့တိုက်ပွဲစဖြစ်မလဲ။ ဘယ်နေ့ သူတို့ကို ပေါ်တာလာဖမ်းမလဲ။ ဘယ်နေ့ အလုံးကြီး (လက်နက်ကြီး) တွေ ကျပြီးတော့ တောထဲကို ထွက်ပြေးရမလဲဆိုပြီး (ဒေသခံတွေက) အကြောက်တရားနဲ့ နေရတယ်” ဟု KHRG ဒါရိုက်တာ နော်ထူးထူးက ပြောသည်။

စစ်ရေးတင်းမာမှုများကြောင့် လေးကေရွာဒေသခံ သုံးထောင်ဝန်းကျင်သည် နီးစပ်ရာ တောတောင်များတွင် တိမ်းရှောင်နေကြကြောင်း KHRG ထံမှ သိရသည်။

အလားတူ BGF များ ဆုတ်ခွာမှုသည် တပ်မဟာ (၅) နယ်မြေ ဖာပွန်ခရိုင်တွင်လည်း မေလပထမပတ်အတွင်း ဖြစ်ပေါ်ခဲ့ပြီး ထိုစဉ်က တိုက်ပွဲများ နေ့စဉ် ပြင်းထန်နေသော ထိုဒေသကို လေကြောင်းမှ ဗုံးကြဲရန် ဖြစ်သည်ဟု KNU ဘက်မှ ယူဆခဲ့ပြီး ဒေသခံအများအပြား ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

ထို့ကြောင့် ကရင်လက်နက်ကိုင်အဖွဲ့ဖြစ်သော BGF များ တပ်မဟာ ၂ ခုမှ ဆုတ်ခွာသွားပြီးနောက် ဒေသအတွင်း စစ်ရေးဆက်တင်းမာနေသလို စစ်ကောင်စီတပ်ကလည်း နယ်မြေကျွမ်းကျင်သော BGF များ၏ အကူအညီဖြင့် စစ်ကြောင်းထိုးနေသည်။ 

ယမန်နှစ် နိုဝင်ဘာကလည်း လေးကေစခန်းသို့ BGF အင်အား ၁၅၀ ကျော် စစ်ကူလာရောက်ခဲ့ပြီး ထိုစဉ်ကလည်း ဒေသခံများကို ပေါ်တာဆွဲခဲ့ကြောင်း၊ ကျေးရွာ ၁၁ ရွာမှ ဒေသခံ ရပ်မိရပ်ဖ ၄၂ ဦးကို စခန်းသို့ ခေါ်ယူ၍ KNU က ပစ်ခတ်လျှင် ၎င်းတို့ကလည်း ကျေးရွာများအတွင်းပစ်ခတ်မည်ဟု ခေါ်ယူခြိမ်းခြောက်ခဲ့ကြောင်း KNU က သတင်းထုတ်ပြန်ခဲ့သည်။ 

ကရင် BGF သည် စစ်တပ်လက်အောက်ခံအဖွဲ့ဖြစ်ပြီး KNU မှ ခွဲထွက်ခဲ့သူများက ဦးဆောင်နေခြင်း ဖြစ်သည်။ myanmar now

ကျောက်မဲစစ်ရှောင်ပြည်သူများကို SSPP /SSA တပ်က ကျပ်သိန်း ၂၅၀၀ ထောက်ပံ့

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြောင့် အိုးအိမ်စွန့်ခွာ တိမ်းရှောင်နေရတဲ့ စစ်ဘေးသင့်ပြည်သူတွေကို ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) တပ်ဖွဲ့က  မေ ၂၅ ရက်နေ့မှာ ကျပ်သိန်းပေါင်း ၂,၅၀၀ ထောက်ပံ့ပေးခဲ့ပါတယ်။

ကျောက်မဲမြို့နယ်မှာ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်ကနေ ၂၀၂၂ ခုနှစ်အတွင်း မြောက်ပိုင်းမဟာမိတ်တပ်ပေါင်းစုနဲ့ ရှမ်းပြည်ပြန်လည်ထူတောင်ရေးကောင် (RCSS/SSA) တပ်တို့ကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် နေရပ်ဒေသတွေကို အကြောင်းအမျိုးမျိုးကြောင့် ပြန်လည်အခြေချဖို့ ခက်ခဲတဲ့ပြည်သူ ၂၂၈ ဦးကို ဗိုလ်မှူးကြီး Ling Seng ဦးဆောင်တဲ့အဖွဲ့က ထောက်ပံ့ကူညီပေးခဲ့တာလို့ SSPP/SSAတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက အာဏာသိမ်းစစ်ကောင်စီနဲ့ သွားရောက်တွေ့ဆုံခဲ့တဲ့ ဗိုလ်ချုပ်ကြီးယွက်ဆစ် ဦးဆောင်တဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) တပ်ဖွဲ့ဟာ တနိုင်ငံလုံးအပစ် ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာသဘောတူစာချုပ် (NCA) ကို ၂၀၁၅ ခုနှစ်က လက်မှတ်ရေးထိုးထားတဲ့ တပ်ဖွဲ့တခုဖြစ်ပြီး SSPP/SSA ပါဝင်တဲ့ မြောက်ပိုင်းမဟာမိတ်တပ်ပေါင်းစုနဲ့ လက်ရှိအချိန်ထိ စစ်ရေးတင်းမာမှုတွေရှိနေပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ တောင်ပိုင်းအတွင်း နှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အရပ်သားနေအိမ်တွေ ထိခိုက်ပျက်စီးတာရှိသလို အိုး အိမ်စွန့်ခွာတိမ်းရှောင်နေရတဲ့ ပြည်သူလူထုထောင်တဲ့ချီရှိနေပါတယ်။ DVB

ဖားကန့်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့စစ် ကြောင်းကို KIA ၊ PDF ပူးပေါင်းအဖွဲ့က မိုင်းဆွဲတိုက်ခိုက်

ကချင်ပြည်နယ်၊ ဖားကန့်မြို့ ကောင်ဆန်မှော် မိုးကာရွာအနီးတွင် မေလ ၂၇ ရက် နံနက်ပိုင်းက အင်အား ၁၀၀ ခန့်ပါသည့် စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းကို KIA ၊ PDF ပူးပေါင်းအဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုရှိကြောင်း သိရသည်။

မိုင်းဆွဲတိုက်ခိုက်ခံရသောကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လက်နက်ကြီးဖြင့် ရှစ်ချက်ခန့်ရမ်းသမ်း ပစ်ခတ်ခဲ့သောကြောင့် အနီးအနားရှိ ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

လက်နက်ကြီးသံ၊ သေနတ်သံများကြောင့် အနီးအနားရှိ ပြည်သူများမှာ ထိတ်လန့်နေရပြီး နေအိမ်ထဲတွင် ပုန်းနေရကြောင်း သိရသည်။

မေလ ၂၃ ရက် နေ့ကလည်း ကရင်ချောင်မှော် အနီးစစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ မိုင်းဆွဲခံရသောကြောင့် ဗိုလ်မှူးအပါအ ဝင် စစ်ကောင်စီတပ်ဖွဲ့မှ ခုနစ်ဦးသေဆုံးပြီး ပြည်သူတစ်ဦးမှာ လည်း စစ်ကောင်စီတပ်ဖွဲ့၏ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သည်။

မေလ ၂၀ ရက်နေ့မှစတင်ကာ စစ်ကောင်စီတပ်ဖွဲ့ အင်အား ၂၀၀ ခန့် ပါစစ်ကြောင်းသည် ဖားကန့်မြို့သို့ စစ်အင်အားဖြည့်တင်းလာသော ကြောင့် KIA ၊ PDF ပူးပေါင်းတပ်ဖွဲ့များက လမ်းတွင်ကြားဖြတ် တိုက်ခိုက် ရာတွင် စစ်ကောင်စီတပ်မှ ဗိုလ်မှူးအပါအဝင် အများအပြားသေဆုံးခဲ့ကြောင်း သိရသည်။ mizzima

NUG ထံမှ လက်နက်အထောက်အပံ့ ပိုမိုရရှိရန် မျှော်လင့်ကြောင်း YDF တာဝန်ရှိသူပြော

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဆီက လက်နက်အထောက်အပံ့တွေပိုရဖို့ မျှော်လင့်တယ်လို့ ယောဒေသပြည်သူ့ကာကွယ်ရေးတပ် YDF တာဝန်ရှိသူက ပြောပါတယ်။ 

မကွေးတိုင်း၊ ယောဒေသ၊ ထီးလင်း၊ ဆော၊ ကျောက်ထု၊ ဂန့်ဂေါမြို့နယ်တွေမှာ အတိုင်းအတာတခုအထိ နယ်မြေလွှမ်းမိုးထားနိုင်တဲ့ ယောဒေသပြည်သူ့ကာကွယ်ရေးတပ် YDF ရဲ့ နှစ်ပတ်လည်နေ့အခမ်းအနားကို မေ ၂၆ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။ 

လက်နက်ကိုင်တော်လှန်ရေးအစောပိုင်းကာလတွေမှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ဆီက အထောက်အပံ့တွေ မရခဲ့သလို ချိတ်ဆက်နိုင်မှုအားနည်းခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ လက်နက်အထောက်အပံ့တချို့ ရရှိထားပြီလို့ YDF ခေါင်းဆောင် ကိုမြတ်သူက ပြောပါတယ်။ 

YDF အနေနဲ့ နိုင်ငံတကာစစ်စည်းကမ်းတွေ၊ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ မူဝါဒတွေနဲ့အညီ ရှေ့ဆက်သွားမှာဖြစ်ပြီး NUG ဆီက လက်နက်အထောက်အပံ့တွေ ပိုရဖို့ မျှော်လင့်တယ်လို့ ဆိုပါတယ်။

ယောဒေသပြည်သူ့ကာကွယ်ရေးတပ် (YDF) ခေါင်းဆောင် ကိုမြတ်သူက “NUG ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ ကျနော်တို့ YDF ကို လက်နက်ထောက်ပံ့မှုအနည်းငယ်ရှိပါတယ်။ ဆက်ပြီးမှ ထောက်ပံ့မယ်လို့ မျှော်လင့်ပါတယ်။ NUG က ကျနော်တို့အစိုးရလို့လည်း ခံယူထားပြီးဖြစ်တယ်။ ဒါကြောင့်မို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ညွှန်ကြားချက်တွေကို ကျနော်တို့ YDF က လိုက်နာဆောင်ရွက်သွားမှာပါဗျ” လို့ ပြောပါတယ်။

စစ်တပ်က စစ်ကြောင်းတွေ ဆက်တိုက်ထိုးနေတာကြောင့် အခုမေလအတွင်း စစ်ကိုင်းတိုင်းမှာ အဆိုးဆုံးအခြေအနေတွေနဲ့ ပြည်သူတွေရင်ဆိုင်နေရတာပါ။ မိုးဦးကျ မိုးမြေပဲရာသီချိန်ဖြစ်ပေမယ့် မျိုးမြေပဲတွေ ဖျက်ဆီးခံရတာ၊ သွင်းအားစုဓာတ်မြေဩဇာနဲ့ ပိုးသတ်ဆေးဖိုးမရှိတာ၊ အချိန်မရွေး ပြေးနေရတာတွေကြောင့် စိုက်ပျိုးရေးဘက်ကို တောင်သူတွေ မလှည့်နိုင်ကြတော့ဘူးလို့ ကနီ ပအဖ တာဝန်ရှိသူတယောက် ပြောပါတယ်။

“သူတို့လာရင်တော့ ပြည်သူတွေက ဒုက္ခရောက်တာပေါ့။ မိုးရွာထဲမှာ ပြေးလိုက်လွှားလိုက်။ သက်ကြီးရွယ်အိုတွေ နေပူလိုက် မိုးရွာလိုက်နဲ့ ကျန်းမာရေးတွေက ထိခိုက်နေပြီ။ တော်တော်လေးကို ဆိုးတာပေါ့။ သူတို့က ပစ်ခတ်မှုတွေမရှိလည်းပစ်တယ်၊ ရှိလည်းပစ်တယ်။ အခု အထက်ကင်းဆိုရင် ပစ်ခတ်မှုတခုမှ မရှိဘူးဗျ။ မရှိဘဲနဲ့ ရွာကို လက်နက်ကြီးတွေနဲ့ ပစ်ပြီးတော့မှ ခြိမ်းခြောက်ပြီးတော့ သူတို့တက်သွားတာ။ လိုချင်တာတွေ အကုန်ယူပြီးတော့မှ မီးရှို့သွားတာပဲ။ သူတို့က ဒီလိုလုပ်နေရင် ကျနော်တို့က စိုက်ရေးပျိုးရေး ဘယ်ပြင်ဆိုင်နိုင်မလဲ။ ရှောင်ရတိမ်းရတာနဲ့က အလုပ်ကရှုပ်နေတာ။ ဒီအချိန်မှာ အခု မိုးမြေပဲရာသီ။ မိုးမြေပဲစိုက်ပျိုးပြီးတော့မှ ပေါင်းသတ်ဆေးတွေဖြန်းပြီး ပေါင်းသင်တဲ့ကာလတွေဖြစ်နေတာ။ ဒီလောက်ကို မလုပ်နိုင်တော့ဘူး ကျနော်တို့တောင်သူတွေက။ မလုပ်နိုင်တော့ဘဲ သူတို့လာတိုင်း ပြေးနေရတာဆိုတော့ တောင်သူတွေမှာ အခက်အခဲတွေ တွေ့တာပေါ့။ အလုပ်တွေလည်း တအားပျက်တာပဲ။”

မေလ ၁၉ ရက်နေ့မှာ စစ်တပ်က ဒုတိယအကြိမ်ဝင်ရောက်ပြီး မီးရှို့အကြမ်းဖက်တာခံခဲ့ရတဲ့ ကနီမြို့နယ်၊ နတ်ကြီးကျေးရွာမှာ စိုက်ပျိုးရေး လုပ်ငန်းသုံးစက်ပစ္စည်းတွေ၊ ကျွဲနွားတွေပါ ဖျက်ဆီးခံခဲ့ရတဲ့အတွက် နောက်နှစ်အတွက် ဝမ်းစာတောင် မကျန်တော့ဘူးလို့ နတ်ကြီးရွာသူတယောက်က ပြောပါတယ်။

“ကျွဲ၊ နွားတွေ တချို့ကျန်ခဲ့ကြတယ်။ သေတယ် မသေတယ်လည်း မသိသေးဘူး။ လောလောဆယ်ဆိုတာက မိုးကလည်း ကျနေတဲ့အချိန်လေ။ နွားရော လူရော နေစရာလည်း မရှိတော့ဘူး။ အဲ့လိုမျိုးဖြစ်နေတာ။ ဒီလိုမျိုးပစ္စည်းတွေဆိုတာ အနှစ်နှစ်အလလ စုထားရတာ။ သားနှစ်ယောက်ကို မြို့မှာ ထားရသေးတယ်။ ကျနော့်တို့ ရုန်းကန်ပြီးတော့မှ ဆောက်ထားတဲ့အိမ်။ အခု ရထားတဲ့ သီးနှံလေးတွေ ဘယ်သူ့အပေါ်မှ ဘာမှလုပ်ထားတာမရှိဘဲ အခုလိုလုပ်သွားတာဆိုတော့ ခံစားရတယ်။ အခုက သီးနှံတွေသိမ်းပြီးတဲ့အချိန် အကုန်ပါသွားပြီလေ။ ကိုယ့်သီးနှံလည်း ကိုယ်မစားရတော့ဘူးလေ။ ဒီလိုအိမ်မျိုးဆောက်နိုင်ဖို့ဆိုတာကလည်း မလွယ်တော့ဘူး။ တောင်သူဆိုတာ သိတဲ့အတိုင်းပဲလေ သီးနှံလေးပေါ်လာလိုက် ရောင်းလိုက်၊ အကြွေးနဲ့နောက်တနှစ်စာရင်းလိုက်နဲ့ လုပ်ရတာ။ ဒီနှစ်မှ သီးနှံလေးရလို့မို့ လှောင်ထားကာရှိသေး၊ ဝမ်းစာနေကာရှိသေးတယ် ဒီလိုဖြစ်သွားတော့ ခံစားရတော့တာပေါ့။”

‌မေလအတွင်း ကနီမြို့နယ်ထဲက ရွာ ၁၁ ရွာအထိ စစ်တပ်က အကြမ်းဖက် စစ်ကြောင်းထိုး ဝင်ရောက်ခဲ့လို့ ထောင်နဲ့ချီတဲ့ဒေသခံတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ 

စစ်အာဏာသိမ်းပြီးနောက်ပိုင်းကနေ လက်ရှိအချိန်အထိ စစ်ကိုင်းတိုင်းမှာ အိမ်ခြေတသောင်းဝန်းကျင် မီးရှို့ဖျက်ဆီးခံခဲ့ရပြီး ပြည်သူတွေဟာ အိုးမဲ့အိမ်မဲ့ဘဝနဲ့ အခက်အခဲတွေတွေ့နေရပါတယ်။ 

စစ်ကိုင်းဒေသတွင်းတိုက်ပွဲတွေ အရပ်သား ထိခိုက်သေဆုံးမှုတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီက ပုံမှန်သတင်းထုတ်ပြန်လေ့မရှိဘဲ PDF တွေက အကြမ်းဖက်တာတွေပြုလုပ်နေတယ်ဆိုပြီး စွပ်စွဲပြောဆိုလေ့ရှိပါတယ်။ DVB

မုံရွာမြို့နယ်အတွင်း ဖွံ့ဖြိုးရေးကွင်းဆင်းလာသည့် စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရသဖြင့် ၁၀ ဉီး သေဆုံး

စစ်ကိုင်းတိုင်း မုံရွာမြို့နယ် ထနောင်းတောမြောက်ရွာဒေသဖွံ့ဖြိုးရေးအတွက် ကွင်းဆင်းစည်းရုံးလာသော စစ်ကောင်စီတပ် ထနောင်းတောနှင့်ရွှေစုံရွာအကြား မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရာ ၁၀ ဉီးခန့် သေဆုံးကြောင်း ဒေသခံထံမှ သိရသည်။

“အဲဒီစစ်သားတွေက အစည်းအဝေးခေါ်တာ။ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးပေါ့။ ဘက်ဂျက်လည်း ချပေး မယ်ဆိုပြီး ပြောဟောပြီးအပြန်မှာ မိုင်းဆွဲခံရတာပဲ” ဟု လုံခြုံရေးအရအမည်မဖော်လိုသည့် ဒေသခံတစ်ဉီး ကမဇ္စျိမကိုပြောသည်။

စစ်ကောင်စီတပ်သား အင်အား ၄၀ ခန့်သည် ထနောင်းတောမြောက်အပါဝင် အနီးနားရှိရွာများအား ကျေးရွာဖွံ့ဖြိုးရေးအတွက် စည်းရုံးရေးဆင်းနေပြီး မေလ ၂၄ ရက်နေ့က ဘုန်းကြီးကျောင်းနှစ်ကျောင်းတွင် တည်းခိုကာ ရပ်ရွာလူထုအား အစည်းအဝေးခေါ်ခဲ့ကြောင်း ဆိုသည်။

မေလ ၂၆ ရက်နေ့တွင် ကျေးရွာလူထုနှင့် အစည်းအဝေးများအပြီး စစ်ကောင်စီတပ်မှ နှစ်ဖွဲ့ခွဲကာ တစ်ဖွဲ့မှ မိုင်းရှင်းလင်းရန်ပြန်ထွက်ပြီး ကျန်အဖွဲ့အား ကျေးရွာစာသင်ကျောင်း ပြန်လည်ဖွင့်လှစ်ရန် သန့်ရှင်းရေး များပြုလုပ်ပြီးမှလိုက်ရန် ခွဲထားခဲ့ကြောင်း သိရသည်။

၎င်းစစ်ကြောင်းသည် အပြန်တွင်မိုင်းခွဲခံရပြီးနောက် အနီးနားရှိ ရွှေစုံရွာမှ အသက်(၃၀)အရွယ် အမျိုးသမီး အား နားထင်ကိုတေ့ပြီး သေနတ်ဖြင့်ပစ်သတ်သွားကြောင်း မျက်မြင်တွေ့ရှိခဲ့သူ အဆိုပါ ဒေသခံကပြော သည်။

မိုင်းဆွဲခံရပြီးနောက် အနီးနားမှမိုင်းဆွဲမည်ထင်သောနေရာများအား ရမ်းသမ်းပစ်ခတ်ခဲ့ပြီး သေဆုံးသွား သော စစ်ကောင်စီတပ်သားများနှင့် ၎င်းတို့ပစ်သတ်ခဲ့သော အမျိုးသမီးအား လူနာတင်ကားပေါ်တင် ဆောင်သွားကြောင်း ဆိုသည်။

စစ်ကောင်စီတပ်သားများသည် ကျေးရွာများသို့ ဖွံ့ဖြိုးတိုးတက်ရေးစည်းရုံးမှုခရီးစဉ်တွင် အစည်းအဝေး လုပ်ပြီးပြန်မည်ဖြစ်ကြောင်း၊ ရွာတွင် ကြာရှည်နေထိုင်မည်မဟုတ်ကြောင်းပြောဆို၍ လူမှုရေး၊ ကျန်းမာ ရေး၊ ပညာရေး၊ စီးပွားရေးများအား အကူအညီပေးမည်ဟု ပြောဆိုကြောင်းသိရသည်။

“အဓိက ကတော့ သူတို့အုပ်ချုပ်ရေးယန္တရား ပြေလည်နေပြီး ရပ်ရွာများနဲ့လည်း ကြည်ဖြူလက်တွဲ လုပ် ဆောင်နေပြီဆိုတာ ပြချင်တာပါပဲ” အဆိုပါ ဒေသခံမှ မှတ်ချက်ချပြောဆိုသည်။

ကျေးရွာဖွံ့ဖြိုးရေးအတွက် လူ ၁၀ ဦးမှ အာမခံလက်မှတ်ထိုးပါက ကျပ် သိန်း ၃၀ ချပေးမည်ဖြစ်ပြီး ရွာလမ်းခင်းရန်အတွက် ကျပ်သိန်း ၁၀၀ နောက်လတွင် ဆက်လက်ချပေးမည်ဖြစ်ကြောင်း၊ တောင်သူများ အတွက် ဝါ၊ နှမ်း စိုက်ပျိုးထားသည်များပြသနိုင်ပါက မြေဆီတစ်အိတ်အား အပြင်ပေါက်ဈေးထက် သက်သာသောဈေး ကျပ် ၃၂၀၀၀ ဖြင့် ရောင်းချပေးမည်ဖြစ်ကြောင်း ဆိုသည်။

အဆိုပါတိုက်ခိုက်မှုနှင့်ပတ်သက်ပြီး မေလ ၂၆ ရက်တွင် ထနောင်းတောနှင့် ရွှေစုံရွာအကြား စစ်ကောင်စီ တပ်အား Lightning People Defence Force၊ ဗန္ဓုလနှင့် အဖွဲ့သားများ၊ Chung U Local Defence Force တို့က ဦးဆောင်ပြီး Monywa Peregrine PDF ၊ Black Wolf Defence force ၊ ချောင်းဦးမြို့နယ် တော်လှန်ရေးတပ် Chaung U Revolution Army ၊ Farmers Revolution Force CHU ၊ Black Eagle People’s Defence Force ၊ Monywa Brave Hearts MBH ၊Dragon Brother’s PDF တို့မှ အတူတကွ ပူးပေါင်းပြီး ပဒေသာမိုင်းဖြင့်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၀ ဉီး ကျဆုံးသွားကြောင်း ထုတ်ပြန် ကြေညာထားသည်။ mizzima

ပုံတောင်မှ ပခုက္ကူသို့ ထွက်လာသော ယာဉ်စီးရေ ၈ဝ ပါ စစ်တပ် ယာဉ်တန်း ၂ ကြိမ်မိုင်းဆွဲခံရပြီး စစ်ကားများ ထိခိုက်ပျက်စီး

မကွေးတိုင်း ပုံတောင်မှ ပခုက္ကူသို့ ထွက်ခွာလာသော အစီးရေ ၈ဝ ပါ စစ်တပ် ယာဉ်တန်းကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက မေလ ၂၆ ရက်နေ့တွင် ၂ ကြိမ် မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်ကားများ ထိခိုက် ပျက်စီးမှု ရှိကြောင်း၊ စစ်သားများ ထိခိုက်သေဆုံးမှု ရှိ ၊ မရှိကို အတည်မပြုနိုင်သေးကြောင်း Yaw Regional PDF’s Alliance – YRPA တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

မေလ ၂၆ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃ဝ မိနစ်တွင် ပုံတောင်မှ ပခုက္ကူသို့ ထွက်ခွာလာသည် စစ်ကား အစီး ၈ဝ ပါ ယာဉ်တန်း၏ ထိပ်ဆုံး ကား ၂ စီးကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက တိုက်မိုင်း ၂ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

မွန်းလွဲ ၂ နာရီ ၃ဝ မိနစ်ခန့်တွင်လည်း အဆိုပါ ယာဉ်တန်းမှ ၇၉ စီးမြောက်ကားအား မိုင်းအကြီး ၂ လုံးဖြင့် ထပ်မံ ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း ဖောက်ခွဲ တိုက်ခိုက်မှု ၂ ကြိမ်းကို ကျောက်ထု PDF (YRPA) နှင့် ထီးလင်း PDF (YRPA) တပ်ဖွဲ့တို့က ပူးပေါင်း ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး စစ်ကားများ ထိခိုက် ပျက်စီးမှုရှိကာ စစ်သားများ ထိခိုက်သေဆုံးမှု ရှိမရှိကို အတည်မပြုနိုင်းသေးကြောင်း YRPA တပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။ khit thit

« Older Entries Recent Entries »