လွိုင်ကော်မြို့ ဘူတာဝင်းအတွင်း ဘောလုံးကစားနေသည့် ကလေးနှင့်လူငယ်များကို ရဲတပ်ဖွဲ့က ပစ်ခတ်၊ လူငယ် ၁ ဦး သေဆုံးပြီး ကလေးနှင့်လူငယ် ၁၈ ဦး ဖမ်းဆီးခံရ

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့ မီးရထားဘူတာဝင်းအတွင်း ဘောလုံးကစားနေသည့် ကလေးငယ်များကို ရဲတပ်ဖွဲ့ဝင်က မေလ ၂၇ ရက်နေ့ ည နေ ၃ နာရီဝန်းကျင်အချိန် ပစ်ခတ်ရာ အနီးဝန်းကျင်တွင် နွားကျောင်းနေသည့် လူငယ် ၁ ဦး ကျည်ထိမှန်သေဆုံးသွားပြီး ပေါင်တွင် ကျည်ထိမှန်သည့် ကလေးငယ် ၁ ဦးအပါအဝင် ဆယ်ကျော်သက်ကလေးငယ် ၁၈ ဦးကို ဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။
“ဘူတာဝင်းထဲမှာ ဘောလုံးကန်နေတဲ့ ကလေးတွေပါ၊ ၁၂ နှစ်၊ ၁၄ နှစ် အရွယ်တွေ ပေါ့၊ ၂၀၊ ၂၅ တွေလည်း ပါမယ်။ ရဲတွေ ရောက်လာပြီးတော့ ပစ်တာ နွားကျောင်းသား ၁ ယောက်သေတယ်၊ ကလေး ၁ ယောက်ပေါင်ထိတယ်။ အသက်မပြည့်သေးတဲ့ကလေးတွေအပါအဝင် ၁၈ ယောက် ကို လွိုင်ကော်ရဲစခန်းမှာ ဖမ်းထားတယ်။ ပေါင်ထိတဲ့ ကလေးကိုလည်း လွိုင်ကော်ဆေးရုံမှာ ချုပ်ထားတယ်” ဟု ဖမ်းဆီးခံထားရသည့် ကလေးငယ် ၁ ဦး၏ မိသားစုဝင်က ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။
အဆိုပါ ကလေးငယ်များသည် ဘူတာဝန်းအတွင်း ဘောလုံးကန်နေစဉ် ခိုက်ရန်ဖြစ်ပွားခဲ့ကြောင်း၊ ဘူတာရုံပိုင်က ရဲတပ်ဖွဲ့ကို တိုင်ကြားပြီး ရဲများက လာရောက် ပစ်ခတ်ဖမ်းဆီးခြင်းဖြစ်ကြောင်း လွိုင်ကော်ဒေသခံ ၁ ဦးက ဆိုသည်။
“ဘူတာဝင်းထဲမှာ ဘောလုံးကန်နေတုန်း ကလေးတွေ ရန်ဖြစ်ကြတယ်၊ အဲဒါ ဘူတာရုံပိုင်က တိုင်လိုက်တာ ရဲတွေ ရောက်လာပြီး ပစ်တာ၊ ရဲတွေက ဘူတာထဲ တွေ့တဲ့လူ အကုန်လိုက်ပစ်တာ၊ အဲဒီနားမှာ နွားကျောင်းနေတဲ့ အငယ်ကောင် ဆိုတဲ့ ကောင်လေး ကျည်ထိပြီး သေသွားတယ်။ အဲဒီ ကောင်လေးက ဘူတာဘေးက ကြည်တာရာ ရပ်ကွက်မှာပဲ နေတယ်၊ သူ့အဖေက မြင်းလှည်းမောင်းတာ” ဟု လွိုင်ကော်ဒေသခံက ပြောဆိုသည်။
ကလေးငယ်များအပါအဝင် လူငယ်များကို ရဲတပ်ဖွဲ့က ပစ်ခတ်ဖမ်းဆီးပြီး ဆိုင်ကယ်များကိုလည်း သိမ်းယူသွားကြောင်း၊ ဖမ်းဆီးခံ ကလေးငယ်များကို မိသား စု ဝင်များနှင့် တွေ့ခွင့်မပေးသေးကြောင်း သိရှိရသည်။ khit thit