Monthly Archives: May 2022

မန္တလေးမြို့တွင် ကျပ်သိန်း ၁၀,၀၀၀ ခန့်တန်ဖိုးရှိ ကျောက်စိမ်းအချောထည်များ လုယက်ခံရ

မန္တလေးမြို့တွင် ယူနီဖောင်းဝတ်များပါဝင်သည့် ယာဉ်စစ်ဆေးရေးအဖွဲ့က အိမ်စီးကားတစ်စီးထံမှ ကျပ် သိန်း ၁၀,၀၀၀ ခန့်တန်ဖိုးရှိသော ကျောက်စိမ်းအချောထည်များ လုယက်ယူသွားသည့် ဖြစ်စဉ်တစ်ခုဖြစ် ပွားခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါဖြစ်စဉ်သည် ယမန်နေ့ မေ ၂၈ ရက်ကဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လုယက်ခံလိုက်ရသူက အခင်းဖြစ် နယ်မြေအပိုင်ရဲစခန်းတွင် သွားရောက်အမှုဖွင့်ခဲ့ကြောင်း သိရသည်။

“စစ်ဆေးရေးအဖွဲ့နဲ့တိုးလို့ ကားရပ်ပေးတော့ ကားပေါ်ကိုမွှေတယ်။ နောက်တော့ ကားပေါ်မှာပါလာတဲ့ ကျောက်စိမ်းထည်တွေ တွေ့သွားတယ်၊ အဲဒီမှာ ပြဿနာရှာပြီး လုယက်တော့တာပါပဲ။ သိန်းတစ်သောင်း ဖိုးလောက်ရှိတဲ့ ပစ္စည်းတွေလို့သိရတယ်။ ရွှေထည်တွေလည်းပါသွားတယ်” ဟု လုယက်ခံလိုက်ရသူ၏ ဆွေမျိုးအသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ အခင်းဖြစ်နယ်မြေရဲစခန်းနှင့်နီးစပ်သူထံ ဆက်သွယ်မေးမြန်းကြည့်ရာ အမှုဖွင့်ထားခြင်း မှန်ကန်ကြောင်း ၎င်းကပြောသည်။

မေလ ၂၈ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်က ချမ်းမြသာစည်မြို့နယ် မြို့သစ်(၅)ရပ်ကွက်နေ အမျိုးသား တစ်ဦးသည် အသက်(၁၀)နှစ်အရွယ်သားဖြစ်သူနှင့်အတူ ကိုယ်ပိုင်ကားဖြင့်နေအိမ်ပြန်လာစဉ် ၁၀၂ အေလမ်းနှင့် ၇၂ လမ်းထောင့်အရောက်တွင် ယူနီဖောင်းဝတ်ဆင်ထားသူနှစ်ဦးပါဝင်သည့် လူတစ်စုက ကားတား၍ ရပ်ပေးလိုက်ကြောင်း၊ ၎င်းအဖွဲ့သည် ကားပေါ်တွင်မွှေနှောက်ရှာဖွေပြီးနောက် ကျပ်သိန်း ၁၀,၀၀၀ ခန့် တန်ဖိုး ရှိသော ကျောက်စိမ်းအချောထည်များအားတွေ့ရှိသွားရာမှ လုယက်ယူသွားခြင်းဖြစ် ကြောင်း၊ အဆိုပါအဖွဲ့တွင်လူလေးဦးခန့်ပါဝင်ကာ နှစ်ဦးမှာ ယူနီဖောင်းဝတ်ထားပြီး ကျန်နှစ်ဦးက အရပ်ဝတ်ဖြင့် လက်နက်ကိုင်များကိုင်ဆောင်ထားကြောင်း သိရသည်။

လုယက်ခံခဲ့ရသော ကျောက်စိမ်းအချောထည်များမှာ ကျပ်သိန်း ၄,၀၀၀ ခန့်တန်ဖိုးရှိသည့် ကျောက်စိမ်း ဆွဲသီး ခြောက်ခု၊ ကျပ်သိန်း ၅,၀၀၀ ခန့်တန်ဖိုးရှိသည့်ကျောက်စိမ်းလက်စွပ် ရှစ်ကွင်းနှင့် ကျပ်သိန်း ၁,၀၀၀ ခန့် တန်းဖိုးရှိသည့် ကျောက်စိမ်းနားပန်းစုံ နှစ်ခုတို့ဖြစ်ကြောင်း သိရသည်။mizzima

မန္တလေးစိန်ပန်းရပ်တွင် စစ်တပ်သတင်းပေးဆိုသူနှင့် အခြားတစ်ဦး ပစ်သတ်ခံရ 

မန္တလေး မဟာအောင်မြေမြို့နယ် စိန်ပန်းရပ်ကွက်တွင် ယမန်နေ့ (မေ၂၈) က စစ်ကောင်စီသတင်းပေး (ဒလန်) ဟု ကျော်ဇောသူအမျိုးသားတစ်ဦးနှင့် အခြားအမျိုးသားတစ်ဦး ပစ်သတ်ခံရသည်။

သေနတ်ဖြင့် လုပ်ကြံခံရသူများမှ စိန်ပန်းရပ်ကွက်မှ အသက် ၄၅ နှစ်အရွယ် ရာအိမ်မှူး ဦးရန်နိုင်ကျော် (ခ) ထော့ကျိုးနှင့် ကိုအောင်ကျော်မိုးဆိုသူတို့ဖြစ်ကြောင်း၊ ၇ ချက်ခန့် ပစ်ခတ်ခံရကာ ပွဲချင်းပြီးသေဆုံးသည်ဟု မြို့ခံအချို့ထံမှ သိရသည်။​

စစ်တပ်သတင်းပေးဟု နာမည်ထွက်သည့် ရာအိမ်မှူးနှင့် အဖော်ဖြစ်သူတို့မှာ ၉၁ လမ်းရှိ ဆိုင်တစ်ဆိုင်တွင် အရက်ဝယ်ယူနေစဉ် လူတစ်စုရောက်ရှိလာကာ ပစ်သတ်ခြင်းဖြစ်ကြောင်း အမည်မဖော်လိုသူ မြို့ခံတစ်ဦးက ပြောသည်။​

“၇ ချက်လောက် ပစ်သွားတယ်။ ခေါင်းတွေ လည်ပင်းဖောက်ထွက်ဒဏ်ရာတွေနဲ့ နှစ်ယောက်လုံး ပွဲချင်းပြီးဆုံးသွားတယ်” ဟု ၎င်းက ပြော သည်။​

စိန်ပန်းရပ်ကွက်တွင် နေထိုင်သူ ထိုအမျိုးသား၏အဆိုအရ စစ်ကောင်စီခန့် ရာအိမ်မှူး ဦးရန်နိုင်ကျော်သည် လစဉ် ဘီယာဆိုင်များကို ဆက် ကြေးကောက်ခြင်း၊ ရပ်ကွက်ထဲတွင် စစ်တပ်က ဖမ်းဆီးခြင်းများ ပြုလုပ်ရာ၌ လမ်းပြပေးခြင်း၊ လူခြေတိတ်ချိန်များတွင် ဧည့်စာရင်းစစ်ဆေးခြင်းများ ပြုလုပ်လေ့ရှိသည်ဟု သိရသည်။ 

“သူက နဂိုကတည်းက ဟိုဘက်အားပေးသူပေါ့။ ကြံ့ခိုင်ရေးပါတီထောက်ခံသူ။ ရပ်ကွက်ထဲမှာ ဟိုငန်ငန် ဒီငန်ငန်ပေါ့။ ဘယ်လောက်တောင်ငန်လည်းဆို မော်တော်ပီကယ်ဖမ်းတာတောင် သူက ကူဖမ်းပေးလို့ ဆိုင်ကယ်တိုက်ပြီး ဒီထော့ကျိုးဆိုတဲ့ နာမည်တွင်သွားတာပဲ” ဟု စိန်ပန်းရပ် နေ အမျိုးသားက ပြောသည်။

“သူ့ကို ၂၀၂၁ဒီဇင်ဘာလောက်ကလည်း ဒီအလုပ်တွေဆက်မလုပ်ဖို့ အဖွဲ့တွေက စာနဲ့ ကျည်ဆံနဲ့ ပေးပို့ပြီး တားဖူးတယ်။ နည်းမျိုးစုံနဲ့ ဟန့်တားတဲ့ကြားက ဒီအလုပ်တွေကို ကြိုက်နေတော့ မနေ့က သေသွားတာပေါ့။”

ရာအိမ်မှူးနှင့်အတူ လုပ်ကြံခံရသည့် ကိုအောင်ကျော်မိုးသည် စစ်ကောင်စီနှင့် ပတ်သက်မှုမရှိဘဲ မှားယွင်းအသတ်ခံရခြင်းဖြစ်သည်ဟု မိသားစုနှင့် နီးစပ်သူတစ်ဦးက Myanmar Now ကို ပြောသည်။​

“ကျွန်မအမျိုးက ဒလန်မဟုတ်ပါဘူး။ သူ့ဘာသာသူ ဝယ်နေတာကို ဟိုဒလန်ရောက်လာလို့ရော အပစ်ခံရတာ။ အခု ဆုံးသွားပါပြီ” 

ထိုသို့ လုပ်ကြံခံရပြီးနောက် နာရီဝက်ခန့်အကြာတွင် ရဲများရောက်ရှိလာပြီး မိုးပေါ်ထောင်၍​ သေနတ်ပစ်ဖောက်ကြောင်း၊ ရပ်ကွက်အတွင်း စစ် ဆေးကြောင်းနှင့် အလောင်းနှစ်လောင်းကို လူမှုကူညီရေးအသင်း ကားနှစ်စီးဖြင့် တင်ဆောင်သွားကြောင်း အခြားမြို့ခံတစ်ဦးက ပြောသည်။​

အဆိုပါ ဒလန်ရှင်းလင်းမှုဖြစ်စဉ်သည် ၎င်းတို့လက်ချက်ဖြစ်ကြောင်း၊ ကိုအောင်ကျော်မိုးသည် ရာအိမ်မှူးဖြစ်သူကို ဝင်ရောက်ကာကွယ်မှုကြောင့် သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း မန္တလေးပြောက်ကျားတပ်ဖွဲ့ (GZP) က ယမန်နေ့ညပိုင်းတွင် ထုတ်ပြန်သည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ သက်ဆိုင်ရာ နယ်မြေရဲစခန်းနှင့် စစ်ကောင်စီတာဝန်ရှိသူများကို ဆက်သွယ်မေးမြန်းခွင့် မရပေ။ 

မန္တလေးရှိ စိန်ပန်းရပ်ကွက်ကို စစ်ကောင်စီက ပစ်မှတ်ထား ဖိနှိပ်ခြင်းများရှိသည့်နည်းတူ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးအချို့လည်း မကြာခဏ လုပ်ကြံသတ်ဖြတ်ခံရခြင်းများ ရှိသည်။  myanmar now

တန့်ဆည်၊ ပျူစောထီးစစ်သင်တန်းနေရာကို PDF ဝင်တိုက်မှု ၃၀ ဦးထိခိုက်သေနိုင်ပြီး PDF ၂ ဦးကျဆုံး

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ နားဋောင်းကျကျေးရွာရှိ ပျူစောထီးစစ် သင် တန်း နေရာကို PDF ပူးပေါင်းတပ်များက မေလ ၂၈ ရက်နေ့ နံနက် ၅ နာရီအချိန် သွားရောက်တိုက်ခိုက်ရာ စစ်သားနှင့်ပျူစောထီး ၃၀ ဦးထိခိုက်သေဆုံးနိုင်ပြီး PDF ၂ ဦးကျဆုံးကြောင်း သိရှိရသည်။

မေလ ၂၈ ရက်နေ့ နံနက် ၅ နာရီအချိန် တန့်ဆည်မြို့နယ်၊ နားဋောင်းကျကျေး ရွာ ပျူစောထီသင်တန်းကို PDF နှင့် TPC ပူးပေါင်းတပ်များက သွား ရောက် ရှင်းလင်းခဲ့ရာ စစ်ခွေး၊ပျူ ၃၀ကျော် ထိခိုက်သေဆုံးနိုင်ကြောင်း၊ တိုက်ပွဲဖြစ်နေစဥ် ကျွန်းလည်မှ တပ်ကူထွက်လာသော ပျူစောထီးများကိုလည်း TPC နှင့် SAF အဖွဲ့က ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း ၊ ဖောကားကြီးတစ်စီး မြောင်းထဲထိုးကျပြီး အပြန်အလှန်ပစ်ခတ်ရာ ပျူစောထီးများ ထိခိုက်ကျဆုံးများနိုင်ကြောင်း၊ ပြည်သူ့ရဲဘော်၂ဦး ကျဆုံးကြောင်း သိရှိရသည်။

မေလ ၂၈ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်အချိန် PLA အပါအဝင် ပူးပေါင်းတပ် ဖွဲ့များက ပျူစောထီး သင်တန်းနေရာကို ဝင်ရောက်တိုက်ခိုက်စဉ် ပျူစောထီး နှင့် စစ်ကောင်စီတပ်များ၏ စနိုက်ဘာဖြင့် ပစ်ခတ်ခံရသဖြင့် ရဲဘော်မင်းသူ ပါးစပ်ထဲ စနိုက်ဘာကျည်ဝင်ပြီး ကျဆုံးသွားကြောင်း၊ ကျဆုံးသွားသော ရဲဘော်ကို တက်ရောက်ဆွဲခေါ်စဉ် ရဲဘော် ညိုမှိုင်း၏ နှလုံးအိမ် တည့်တည့်တွင်လည်း စနိုက်ဘာကျည်သင့်ပြီး နေရာတွေ ကျဆုံးခဲ့ကြောင်း PLA ပြည်သူ့လွတ်လပ်ရေးတပ်မတော်က သတင်းထုတ်ပြန်သည်။

မေလ ၂၈ ရက်နေ့ ရေဦးနယ်မှ ထွက်လာသောစစ်ကြောင်းသည် တန့်ဆည် အထက (၁) တွင် ညအိပ်တပ်စွဲပြီး ယနေ့နံနက် အင်္ကုက္ကားကျေးရွာတွင် စစ် ကြောင်းထိုး တပ်စွဲထားကြောင်း သိရှိရသည်။ khit thit

ပုသိမ်တွင် စစ်ကောင်စီတပ်နှင့်ရဲများလုံခြုံရေးယူ၍ စစ်တပ်ထောက်ခံပွဲပြုလုပ်

ဧရာဝတီတိုင်း ပုသိမ်မြို့ ကန်သုံးဆင့်ကွင်းတွင် ယနေ့ မေလ ၂၉ ရက်နေ့ နံနက်ပိုင်းက စစ်ကောင်စီတပ် များနှင့်ရဲများက လက်နက်အပြည့်အစုံဖြင့်လုံခြုံရေးယူ၍ စစ်တပ်ထောက်ခံပွဲပြုလုပ်ခဲ့ကြောင်း ဒေသခံ များထံမှ သိရသည်။

အဆိုပါထောက်ခံပွဲတွင် ပုသိမ်မြို့နယ်အတွင်းမှ ကြံခိုင်ရေးပါတီဝင်များ၊ ပျူစောထီးအဖွဲ့ဝင်များနှင့် စစ်မှု ထမ်းဟောင်းများပါဝင်ခဲ့ကြပြီး အ မျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)များအပေါ် သွေးခွဲစကားများပြောကြား၍ အချိန်တစ်နာရီကျော်ကြာပြုလုပ်ခဲ့ကြသည်ဟု ဒေသခံ တစ်ဦးကဆိုသည်။

“စစ်တပ်ကောင်းကြောင်းတွေကို မဟုတ်မမှန်တွေပြောပြီး မင်းအောင်လှိုင်ကို အလေးပြုကြတယ်။ ပြီး တော့ NUG နဲ့ PDF တွေကို သွေးကွဲစေတဲ့စကားတွေပြောပြီး တပ်ထောက်ခံပွဲလုပ်ခဲ့ကြတာပါ။ ပုသိမ် မြို့ပေါ်က စစ်တပ်ထောက်ခံတဲ့လူတွေကိုတောင် ကွင်းထဲကိုအဝင်မခံဘူး။ သူတို့ခေါ်ထားတဲ့လူတွေနဲ့ပဲ ထောက်ခံပွဲလုပ်သွားကြတယ်” ဟု အဆိုပါဒေသခံက ပြောသည်။

တပ်ထောက်ခံပွဲပြုလုပ်နေစဉ် အချိန်တွင် စစ်ကောင်စီတပ်များနှင့် ရဲများက ကန်သုံးဆင့်ကွင်းအတွင်း လက်နက်အင်အားများဖြင့် လုံခြုံရေးယူပေးထားကြောင်း ဒေသခံများထံက သိရသည်။

မတရားအာဏာသိမ်းယူပြီးနောက်ပိုင်း စစ်အာဏာရှင်အလိုမရှိကြောင်းပြသခဲ့သည့် ဆန္ဒပြပွဲများကို မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာနှင့်ပြု လုပ် ခဲ့စဉ်က စစ်ကောင်စီတပ်နှင့်ရဲများသည် ဆန္ဒပြပြည်သူများ ကို အကြမ်းဖက်ပစ်ခတ်ဖမ်းဆီးမှုများပြုလုပ်ခဲ့သည်။

ပုသိမ်မြို့တွင် ယနေ့ ပြုလုပ်သည့် စစ်တပ်ထောက်ခံပွဲကိုမူ စစ်ကောင်စီတပ်နှင့်ရဲများက လုံခြုံရေးယူ၍ ပြုလုပ်ခဲ့သည်။ mizzima

စစ်ကောင်စီယန္တရားလည်ပတ်ရေး ကူညီနေသူများကို ပြင်းထန်စွာအရေးယူမည်ဟု ကာ ကွယ်ရေးတပ်ဖွဲ့ ထုတ်ပြန်

စစ်ကိုင်းတိုင်း ကလေးမြို့မှတဆင့် ချင်းပြည်နယ် ဖလမ်းမြို့နယ် ရိဒ်ခေါဒါရ်မြို့သို့ ပြေးဆွဲနေသော ယာဉ် များနှင့် Non CDM များသည် စစ်ကောင်စီအား အထောက်ပံ့ဖြစ်စေရန်ကူညီလုပ်ဆောင်မှုများရှိနေ၍ ပြင်းပြင်းထန်ထန်အရေးယူသွားမည်ဖြစ်ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ (ဟွားလ်ငိုးရမ်း) CDF -Hualngoram က မေလ ၂၈ ရက် ရက်စွဲဖြင့် ထုတ်ပြန်ကြေညာသည်။

“အခု ကျွန်တော်တို့အနေနဲ့ တော်လှန်ရေးအရှိန်မြှင့်ဖို့ လိုအပ်နေပါတယ်။ တော်လှန်ရေးစိတ်ဓာတ် ပြန်နိုး ထဖို့လိုအပ်နေပါတယ်။ အားလုံး ပြိုင်တူတွန်းလှန်ဖို့ အသစ်တဖန် ကြိုးစားဖို့လိုနေပါတယ်” ဟု CDF-Hualngoram ပြောရေးဆိုခွင့်ရှိသူက မဇ္ဈိမကိုပြောသည်။

က‌လေးမြို့မှမော်တော်ယာဉ်များသည် စစ်ကောင်စီတပ်ဖွဲ့အတွက် စားနပ်ရိက္ခာများ၊ စခန်းကာကွယ်ရန် သံကြိုးခွေစသဖြင့် အသုံးအဆောင်များ သယ်ယူပေးဆောင်နေသည်ကို သိရှိရကြောင်း၊ သို့ဖြစ်ပါ၍ နောက်နောင်အထောက်အပံ့ပြုခြင်း အကူအညီပေးခြင်းများ လုံးဝ(လုံးဝ) မပြုလုပ်ကြရန် ထပ်မံသတိပေး ကြောင်းဆိုသည်။

စီးပွားရေး လုပ်ကိုင်နေသူများနှင့် ပြည်သူများသည် စစ်ကောင်စီ၏ ခိုင်းစေမှုများအား ငြင်းဆန်ရဲသည့် သတ္တိများရှိရန်လိုအပ်ကြောင်း ကူညီမှုများအား လက်ပူးလက်ကြပ်ဖမ်းဆီးမိခဲ့ပါက ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

Non CDMers များသည်လည်း စစ်ကောင်စီတပ်ဖွဲ့များနှင့် ပတ်သက်ဆက်နွယ်နေသည်ကို သိရှိရကြောင်း ၊ စစ်ကောင်စီအုပ်ချုပ်ရေးယန္တရားကို အရှင်သဖွယ် ဆောင်ရွက်ပေးနေမှုများရပ်တန့်ကြရန်နှင့် မည်သည့် ပုဂ္ဂိုလ်၊ မည်သည့်အဖွဲ့အစည်းကိုမဆို ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Non CDM များသည် လစာနှင့် နေရာတည်မြဲရေးကိုသာ အလိုရှိနေကြကြောင်း၊ ၎င်းတို့အနေဖြင့် အရေးယူဆောင်ရွက်မှုများအား Public အား အသိပေးနိုင်ခြင်းမရှိသော ကိစ္စရပ်များ ပေါ်ပေါက်လာမည် ဖြစ်ကြောင်းဆိုသည်။

ရိဒ်ခေါဒါရ်မြို့သည် အိန္ဒိယ-မြန်မာ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပေါ်ရှိသော မြို့တစ်မြို့ ဖြစ်ပြီး စစ်ကောင်စီတပ်နှင့် ကာကွယ် ရေးတပ်ဖွဲ့များအကြား မကြာခဏ တိုက်ပွဲများဖြစ်ပွားလေ့ရှိပြီး ဒေသခံပြည်သူအချို့သည် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ဘက်တွင် စစ်ဘေးရှောင်အဖြစ်နှင့် ခိုလှုံလျက် ရှိနေကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များထံမှ သိရသည်။ mizzima

စစ်တပ်က ဘာသာရေးအဆောက်အအုံများ၌ အခြေချတပ်စွဲခြင်းကို ရခိုင်ဒေသခံများဝေဖန်

စစ်ရေးတင်းမာနေသည့် ရခိုင်တွင် အာဏာသိမ်းစစ်ကောင်စီက လက်နက်၊ ရိက္ခာနှင့် တပ်အင်အားတိုးချခြင်းများ ပြုလုပ်နေသလို ဘာသာရေး အဆောက်အအုံများတွင် တပ်စခန်းချနေထိုင်လျက်ရှိသည်ဟု ဒေသခံများထံမှ သိရသည်။

လက်ရှိတွင် ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြားစသည့် မြို့နယ်များ၌ စစ်တပ်က သာသနိကအ ဆောင်အအုံများနှင့် ဘုရားပုထိုးစေတီများသာမက ဗလီများတွင်ပါ ထပ်မံ တပ်စွဲနေထိုင်လာသည်ဟု ဆိုသည်။​

ဘူးသီးတောင်မြို့နယ်အတွင်း နွားရုံတောင်၊ စံဂိုးထောင်၊ သျှသျှားတောင်၊ ကြာညိုပင် စသည့်ကျေးရွာများရှိ ဘုန်းတော်ကြီးကျောင်းများနှင့် ရှေးဟောင်းသမိုင်းဝင် ဘုရားတစ်ဆူဖြစ်သည့် ၃၁ ဘုံဘုရား၌ စစ်တပ်တပ်စွဲထားသည့်နည်းတူ ဝရကျွန်း၊ ဒိုးတန်းစသော မွတ်ဆလင်ကျေးရွာများရှိ ဗလီကျောင်းတွင်လည်း တပ်စွဲထားသည်ဟု လွှတ်တော်အမတ်ဟောင်းတစ်ဦးက ပြောသည်။

ယင်းသို့ ဘာသာရေးအဆောက်အအုံများတွင် တပ်စွဲခြင်းမှာ မြန်မာနိုင်ငံက လက်မှတ်ရေးထိုးထားသည့် ဂျနီဗာသဘောတူညီချက်ကို ဖောက် ဖျက်ရာရောက်သည်ဟုလည်း ဘူးသီးတောင်မြို့နယ် လွှတ်တော်အမတ်ဟောင်းက ထောက်ပြသည်။

“ဂျနီဗာကွန်ဗန်းရှင်းကိုလည်း နားမလည်။ သူတို့လုပ်ချင်သလို လုပ်နေကြတယ်။ ဒီဟာက မလုပ်သင့်မလုပ်ထိုက်တဲ့နေရာ၊ အများနဲ့ပတ်သက်တဲ့နေရာတွေဖြစ်တယ်” ဟု ၎င်းက ပြောသည်။

”အခုက ပြည်သူလူထုတွေ၊ အများနဲ့ပတ်သက်တဲ့နေရာတွေ၊ သာသနိကအဆောက်အအုံတွေ မွတ်စလင်ဘာသာ၊ ရခိုင်ဗုဒ္ဓဘာသာနေရာတွေမှာ ဒီလိုတပ်စွဲတာက တမင်တကာ လူထုကို ခြိမ်းခြောက်တာလို့ပဲ မြင်တယ်။​ ရည်ရွယ်ချက်ရှိရှိ လုပ်နေတယ်လို့ မြင်တယ်”

ရခိုင်ပြည်နယ်မြောက်ပိုင်းမှ မွတ်စလင်ရွာသားတစ်ဦးကလည်း ကျေးရွာအတွင်း စစ်တပ်က သွားလာလှုပ်ရှားနေခြင်းနှင့် ဗလီများတွင် တပ်စွဲနေခြင်းကို သဘောမကျကြောင်း ဆိုသည်။​ 

“ကြိမ်းချောင်းကျေးရွာက ဗလီကျောင်းမှာ သူတို့ရှိနေတယ်။ သူတို့ ကြိမ်းချောင်းကို ရောက်နေတာက ၁၅ ရက်လောက် ရှိနေပြီ။ ဝတ်ပြုဖို့သွားရင်တော့ သွားလို့ရတယ်။ အနှောင့်အယှက်မပေးဘူး။ ဗလီအတွင်းထဲမှာ နေတာမဟုတ်ဘူး။ ဗလီရဲ့ ခြံစည်းရိုးအတွင်းမှာ Cover (အကာအ ကွယ်) ယူပြီးတော့ နေတာပါ” ဟု ထိုအမျိုးသားက ပြောသည်။

ဘူးသီးတောင်မြို့နှင့် ငါးမိုင်ခန့်သာ ကွာဝေးသည့် ကြိမ်ချောင်းကျေးရွာမှာ အိမ်ခြေတစ်ထောင်ခန့်ရှိကာ လက်ရှိတွင် စစ်တပ်ကသွားလာလှုပ် ရှားနေသောကြောင့် စိုးရိမ်နေရသည်ဟုလည်း ဆိုသည်။​

“သူတို့က ဗလီအဝိုင်းထဲမှာ နေတာကိုလည်း ကျွန်တော်တို့က ကြောက်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အခုက တော်လှန်‌ရေးလုပ်နေတာက သုံးဖွဲ့ရှိပါတယ်။ သုံးဖွဲ့မှာ တစ်ဖွဲ့မဟုတ်တစ်ဖွဲ့နဲ့ တိုက်နေရင် ရွာသားတွေနစ်နာမယ်၊ ဗလီဆုံးရှုံးသွားမယ်။ ပြီးတော့ နေအိမ်တွေဆုံးရှုံးသွားမယ် အဲဒါတွေကြောင့် ကျွန်တော်တို့ ကြောက်နေရတယ်” ဟု ၎င်းက ပြောသည်။

ရခိုင်မြောက်ပိုင်းမှ ထိုမွတ်စလင်အမျိုးသား ​ရည်ညွှန်းသည့် တော်လှန်ရေးအဖွဲ့သုံးဖွဲ့ဆိုသည်မှာ ရက္ခိုင့်တပ်တော် (AA)၊ စစ်ကောင်စီတပ်နှင့် ARSA ဖြစ်သည်။ 

မြောက်ဦးမြို့နယ်ရှိ ရွှေတောင်ဘုရားနှင့် ပေါက်တောပြင်ကျေးရွာ အရှေ့ဘက်တောင်ကုန်းပေါ်ရှိ သင်းကျိတ်တောင်ဘုရားတွင် စစ်တပ်က တပ်စွဲနေထိုင်လျက်ရှိရာ အခါကြီးရက်ကြီးများတွင် ဘုရားသွားရောက်လိုသော်လည်း လုံခြုံရေးအရ သွားမရဖြစ်နေကြောင်း မြောက်ဦးမြို့မှ မြတန်ဆောင်းဆရာတော်က မိန့်သည်။

“ဂုဏ်သိက္ခာရှိတဲ့စစ်တပ်၊ ဂုဏ်သိက္ခာရှိတဲ့ တိုက်ခိုက်နည်းနဲ့ဘဲ တိုက်စေချင်တယ်။ ဘာသာရေးအဆောက်အအုံတွေကို အကာအကွယ်ယူတာမျိုး၊ ရွာတွေကို အကာကွယ်ယူတာမျိုး မလုပ်စေချင်ပါ” ဟု ဆရာတော်က မိန့်သည်။

စစ်တွေ – မြောက်ဦးသွား လမ်းပေါ်ရှိ ကျောက်တော်မြို့ မဟာမုနိဘုရားရင်ပြင်ပေါ်တွင် စခန်းချနေထိုင်သည့် စစ်တပ်က ညအချိန်တွင် သေ နတ်ပစ်ဖောက်ခြင်း ပြုလုပ်နေသဖြင့် ဒေသခံများ စိုးရိမ်ကြောက်လန့်နေရသည်ဟု သိရသည်။

“ဘုရားပရိဝုဏ်အတွင်းထဲမှာလည်း နေတယ်။ သေနတ်လည်း ပစ်တယ်။ ဒီလိုလုပ်တာက လုံးဝမသင့်တော်ပါ။ ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနဲ့ လုံးဝရှုတ်ချတယ်။ ကန့်ကွက်ပါတယ်” ဟု ကျောက်တော်မြို့ခံတစ်ဦးက ပြောသည်။

မင်းပြားမြို့ရှိ ကျိန်းတောင်ဘုရားတောင်တွင် စစ်တပ်က သင်္ကြန်မတိုင်မီကတည်းက တပ်စွဲထားကြောင်း၊ ခွင့်ပြုချက်ရမှ တောင်ပေါ်တက်ပြီး ဘုရားရေသပ္ပာယ်ခွင့်ရကြောင်း မြို့ခံတစ်ဦးက ဆိုသည်။​

“ပွင့်ပွင့်လင်းလင်းပြောရရင် ဘယ်ဘာသာအဆောက်အအုံဖြစ်ဖြစ် တပ်စွဲနေတာတွေ၊ ယာယီနေတာတွေကို လုံးဝသဘောမကျချင်ပါ” ဟု မင်းပြားမြို့ခံက ပြောသည်။

လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် (AA) တို့ကြား စစ်ရေးအခြေအနေ တင်းမာနေပြီး နှစ်ဖက်အပြန်အလှန် သတိပေးမှုများနှင့်အတူ ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်တွင် တိုက်ပွဲစတင်ဖြစ်ပွားပြီး စစ်တပ်က ညမထွက်ရအမိန့်ထုတ်ပြန်ထား သည်။  myanmar now

ကလေးမြို့ တာဟန်းနေကြာတိုက် အနီးတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်တိုက်ခိုက်ခံရ၍ ၄ ဦးသေဆုံးဟုဆို

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ တာဟန်းရပ်ကွက်ရှိ နေကြာတိုက်အနီးတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ လေးဦးထက်မနည်း သေဆုံးသွားသည်ဟု Zomi PDF ကသတင်းထုတ်ပြန်သည်။

အဆိုပါတိုက်ပွဲသည် မေလ ၂၈ရက် ညနေ ၅နာရီ ၃၀ မိနစ်ခန့်မှစတင်ပြီး နှစ်နာရီကြာ တိုက်ပွဲဖြစ်ပွားပြီးနောက် ဒေသကာကွယ်ရေးတပ်ဖွဲ့များအထိခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့သည်ဟု သိရသည်။

“စစ်တပ်က wesly ဆေးရုံနားကနေ ၄၀ မမ နဲ့ လေးကြိမ်ရမ်းသန်းပစ်ခတ်ခဲ့တာဗျ။ တစ်လုံးမကွဲဘူး။ တပ်ရင်း (၂၂၈) ဘက်ကလည်း လက်နက် ကြီးနဲ့ သုံးကြိမ် ပစ်တယ် ။ နှစ်လုံးက ကလေးမြို့ပေါ်မှာကျပြီး နောက်တစ်လုံးက ပြည်တော်သာ ဘက်မှာကျပါတယ်။ သူတို့ရဲ့ ရမ်းသန်း ပစ် ခတ်မှုကြောင့် အပြစ်မဲ့ပြည်သူ သုံးဦး သေဆုံးသွားတယ်။ စစ်တပ်ဘက်က လေးဦးသေတယ်။ ရှစ်ဦးပြင်းထန်ဒဏ်ရာရတယ်” ဟု Zomi -PDF မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

စစ်ကောင်စီတပ်ဖွဲ့သည် ပြည်သူများအပေါ် တရားမဝင် မီတာကြေးကောက်ခံခြင်း၊ ပြည်သူအပေါ် မီတာကြေးမကောက်ခံရန် ပြည်သူ့ကာ ကွယ်ရေး ပူးပေါင်းတပ်များမှ မကြာခဏ သတိပေးခဲ့ခြင်းကို မသိကျိုးကျွန်ပြု ၍ ထပ်မံသတိပေးသည့်အနေဖြင့် တိုက်ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်မှုကို ဒေသကာကွယ်ရေးတပ်ဖွဲ့များဖြစ်သည့် Zomi -PDF၊ CSS ၊ CNDF ၊ PDF- Kalay ၊ GRF အဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခြင်းဖြစ် ကြောင်းဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် တာဟန်းရပ်ကွက် ဝယ်စလီဆေးရုံ အနောက်ဘက်တွင် နေထိုင်သူ ခြောက်လသားအ ရွယ်ကလေးငယ်၏ အသက် ၂၅နှစ်အရွယ် မိခင် MC Vanlalawmpuii သည် လက်နက်ကြီး ကျည်ထိမှန်၍ သေဆုံးသွားသည်ဟု သိရသည်။

ယင်းအပြင် မင်းကင်းမြို့မှ ကလေးမြို့ တာဟန်းရပ်ကွက်တွင် စစ်ဘေးရှောင်ပြီးအိမ်ငှားနေထိုင်သည့် ဒေါ်နီနီအေး (၄၇နှစ်)နှင့် ၎င်းရဲ့သား ကိုဘုန်းမြတ်ဦး (၂၆နှစ်)တို့ သားအမိလည်း စစ်ကောင်စီတပ်ပစ်ခတ်သည့် လက်နက်ကြီးကျည် ထိမှန် သေဆုံးခဲ့ကြောင်း ၊ ကလေးမြို့နယ် စက္ကန့်ရွာက အမျိုးသမီးတစ်ဦးညာဘက် လက်ပြတ်သွားကြောင်း ၊ စမ်းမြို့ရပ်ကွက်တွင်လည်း အ.ထ.က (၈ ) ကျောင်းထဲက အဆောင် နှစ်လုံးမီး လောင်ပျက်စီးသွားကြောင်း ကလေးမြို့ နေ ဒေသခံတစ်ဦးထံက သိရသည်။ mizzima

ရန်ကုန်တွင် “စစ်ခွေး ​စနစ်အောက် ဒူးမထောက် ငါတို့ကျောင်းသား သေမှာ မကြောက်” ​​ကြွေး​ကြော်သံဖြင့် စစ်အာဏာရှင် ဆန့်ကျင်​ရေး ချီတက် ဆန္ဒပြ

khit thit

စစ်ကောင်စီတပ်က မြောင်မြို့နယ် ဇရပ်ကုန်းကျေးရွာရှိ နေအိမ် ၅၀ ခန့်အား မီးရှို့

စစ်ကိုင်းတိုင်း မြောင်မြို့ပေါ်မှတဆင့် ကျေးရွာများသို့ အင်အား ၁၀၀ ခန့်ဖြင့် ထပ်မံစစ်ကြောင်းထိုးလာ သည့် စစ်ကောင်စီတပ်က ဇရပ်ကုန်းကျေးရွာရှိ နေအိမ် ၅၀ ခန့်ကို ယနေ့ မေလ ၂၉ ရက် နံနက်ပိုင်းတွင် မီးရှို့၍ ထွက်ခွာသွားကြောင်းသိရသည်။

၎င်းစစ်ကောင်စီတပ်မှာ ယနေ့ မေလ ၂၉ ရက် နံနက် ၇ နာရီမှစ၍ တစ်နာရီဝန်းကျင်ကြာအောင် မီးရှို့ပြီး နောက် တမဆေးကန်ရွာဘက်သို့ ဆက်လက်ထွက်ခွာသွားကြောင်း ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

“ရွာက မီးခိုးတလုံးလုံး မီးတောက်တဝင်းဝင်းနဲ့။ မီးရှို့ခံရတဲ့နေရာတွေက အခုဆို ပြာပုံတွေဖြစ်သွားတာ ပေါ့။ အင်အား ၁၀၀ ကျော်က ရွာအ လယ်ရဲ့အနောက်ဘက်ကို စရှို့တာ။ ပြီးတော့မှ အရှေ့ဘက်ကနေ တောင်မြောက်အစဥ်လိုက် ရှို့လာတယ်။ သူတို့တောင်ဘက်ကိုထွက်တော့မယ်ဆိုတော့ ကျန်တဲ့သုံး မျက်နှာကနေ အသင့်နေရာယူပြီး သူတို့တောင်ဖျားကိုရောက်တာနဲ့ မီးဝင်ငြှိမ်းကြတာ။ မီးနဲ့နပန်းလုံးကြ ရတာပေါ့ဗျာ။ အရမ်းပူတယ်။ ခန္ဓာကိုယ်ကို ရေဆွတ်ပြီးမှ ကြိုးစားရတယ်။ သူတို့(စစ်ကောင်စီတပ်)သာ နောက်ထပ် တစ်နာရီလောက်ထပ်နေရင် ကျွန် တော်တို့ရွာက အကုန်ကုန်မှာ။ လေတွေလည်း တိုက်နေ တယ်” ဟု မီးငြှိမ်းသတ်ပေးသည့် CDSOM မြောက်ပိုင်းတိုက်ခိုက်ရေးနှင့် ကာကွယ် ရေး ၀၁၂ အဖွဲ့ ဦးဆောင်သူက ပြောသည်။

ထိုသို့မီးငြှိမ်းသတ်ပေးရာတွင် CDSOM အဖွဲ့မှ အင်အား ၄၀ ဝန်းကျင်ခန့်အပြင် အခြား ကာကွယ်ရေး တပ်ဖွဲ့ဝင်များနှင့် အနီးဝန်းကျင်ရှိကျေး ရွာသားများပါ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြခြင်းဖြစ်သည်။

ယခု မီးရှို့ခံရ သည့် ဇရပ်ကုန်းကျေးရွာမှာ အိမ်ခြေ ၁၀၀၀ ခန့်ရှိသည့်ရွာကြီးဖြစ်ပြီး ပြည်သူများမှာလည်း နီးစပ်ရာ ဘေးလွတ်ရာနေရာများဆီ တိမ်းရှောင်နေကြရသည်။

“ပထမက ကျွန်တော်တို့ရဲ့အရှေ့နားကရွာကို သူတို့တပ်စွဲထားတာပေါ့နော်။ အဲဒီရွာမှာ ဝင်နေကတည်းက ကျွန်တော်တို့ရွာကိုဝင်နိုင်တယ်ဆိုပြီး စောင့်ကြည့်နေတာ။ စစ်ကြောင်းလည်းထိုးလာရော ကျွန်တော်တို့ ရွာဘက်ကိုဦးတည်လာပြီဆိုတာနဲ့ ရွာထဲကရှိတဲ့သူတွေက နိုင်ရာပစ္စည်းတွေသယ်ပြီး လွတ်ရာကို ပြေးကြ ရတာ။ ခုလည်း ဇရပ်ကုန်းကနေ တမဆေးကန်ကိုထပ်ဝင်ပြီး မီးရှို့နေတာ ဒီကနေ လှမ်းမြင်နေရတယ်”ဟု ၎င်းကပြောသည်။

အဆိုပါစစ်ကောင်စီတပ်မှာ မေလ ၂၇ ရက်နေ့တွင် မြောင်မြို့ပေါ်မှတဆင့် ကျေးရွာများသို့ ထွက်ခွာလာ စဉ် ကာကွယ်ရေးတပ်ဖွဲ့အချို့၏ မိုင်းဆွဲ တိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှုရှိခဲ့သဖြင့် အောင်ချမ်းသာ ရွာတွင် တစ်ညအိပ် စခန်းချခဲ့သည်။

ထို့နောက် ယမန်နေ့ မေလ ၂၈ ရက်တွင် ဇရပ်ကုန်းရွာသို့ရောက်ရှိကာ ညအိပ်တပ်စွဲပြီး ယနေ့မနက် မီးရှို့ခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် တမဆေးကန်ရွာသို့ နံနက် ၁၀ နာရီဝန်းကျင်ကတည်းက ရောက်ရှိနေပြီး ဆက်လက်မီးရှို့နေကြောင်း သိရသည်။ mizzima

တရုတ်ဝမ်ပေါင်ကြေးနီစီမံကိန်းမှ ကြေးပြားများကို တွဲကားများဖြင့် သယ်ယူပြီး နမခ ဝင်းထဲသို့ ဝင်ရောက်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ တရုတ်ဝမ်ပေါင်ကြေးနီစီမံကိန်းမှ ကြေးပြားများကို တွဲကားများဖြင့် သယ်ယူပြီး မုံရွာမြို့ပေါ်ရှိ အ နောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ) ဝင်းအတွင်းသို့ ဝင်ရောက်သွားကြောင်း ဒေသခံများက ပြောဆိုသည်။

မေလ ၂၈ ရက်နေ့ ညပိုင်းတွင် နမခ တိုင်းအားကစား ကွင်းထဲသို့ တွဲကား ၁၅ စီးခန့်ရောက်ရှိလာပြီး ယနေ့ နံနက်အစောပိုင်းတွင် ဝမ်ပေါင်ကြေးနီစီမံကိန်းစက်ရုံသို့ ထွက်ခွာကာ မိုးကာအုပ်ကြေးနီပြားများ သယ်ယူလာကြောင်း၊ ယင်းနောက် အဆိုပါ ကြေးနီပြားများကို သယ်ယူလာပြီး နမခတိုင်းအားကစားကွင်းအတွင်းသို့ ပြန်လည် ဝင်ရောက်လာ ကြောင်း ဒေသခံတချို့၏ အဆိုအရ သိရှိရသည်။

“နမခ တိုင်းအားကစား ကွင်းထဲမှာ တွဲကား ၁၅ စီးခန့်ရောက်နေတယ်။ ၁၀ စီးက ခေါင်းဖြူ အနီနဲနဲကြားထားတယ် တစ်ပုံစံတည်းပါ။ ကျန်အစီးတွေကတော့ အဝါရောင်တွေပါ အဝါဘေးပိတ်တွေပါ။ ကြေးနီတွေသွားသယ်လာတာ” ဟု‌ ဒေသသတင်းရင်းမြစ်က ပြောသည်။

ဆားလင်းကြီးရှိ တရုတ် ဝမ်ပေါင်ကြေးနီစီမံကိန်းအပါအဝင် စီမံကိန်းလုပ်ငန်းများ ရပ်ဆိုင်းထားရန် ဒေသကာ ကွယ်ရေးတပ်ဖွဲ့များက တရား ဝင် သတိပေးကြေညာချက်ထုတ်ပြန်ထားသော်လည်း ဝမ်ပေါင်ဘက်က စီမံကိန်းများကို တိတ်တဆိတ် လုပ်ကိုင်လာခြင်းဖြစ်ကြောင်း‌၊ မုံရွာမြို့ပေါ်တွင် ဖုန်းလိုင်းများ ဖြတ်တောက်ထားမှုသည်လည်း ဝမ်ပေါင်မှ ကြေးနီပြား သယ်ယူမှုနှင့်ဆက်စပ်ဖွယ်ရှိကြောင်း ဒေသခံများက သုံးသပ်ကြသည်။ khit thit

« Older Entries