ကလေးမြို့ တာဟန်းနေကြာတိုက် အနီးတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်တိုက်ခိုက်ခံရ၍ ၄ ဦးသေဆုံးဟုဆို

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ တာဟန်းရပ်ကွက်ရှိ နေကြာတိုက်အနီးတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ လေးဦးထက်မနည်း သေဆုံးသွားသည်ဟု Zomi PDF ကသတင်းထုတ်ပြန်သည်။
အဆိုပါတိုက်ပွဲသည် မေလ ၂၈ရက် ညနေ ၅နာရီ ၃၀ မိနစ်ခန့်မှစတင်ပြီး နှစ်နာရီကြာ တိုက်ပွဲဖြစ်ပွားပြီးနောက် ဒေသကာကွယ်ရေးတပ်ဖွဲ့များအထိခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့သည်ဟု သိရသည်။
“စစ်တပ်က wesly ဆေးရုံနားကနေ ၄၀ မမ နဲ့ လေးကြိမ်ရမ်းသန်းပစ်ခတ်ခဲ့တာဗျ။ တစ်လုံးမကွဲဘူး။ တပ်ရင်း (၂၂၈) ဘက်ကလည်း လက်နက် ကြီးနဲ့ သုံးကြိမ် ပစ်တယ် ။ နှစ်လုံးက ကလေးမြို့ပေါ်မှာကျပြီး နောက်တစ်လုံးက ပြည်တော်သာ ဘက်မှာကျပါတယ်။ သူတို့ရဲ့ ရမ်းသန်း ပစ် ခတ်မှုကြောင့် အပြစ်မဲ့ပြည်သူ သုံးဦး သေဆုံးသွားတယ်။ စစ်တပ်ဘက်က လေးဦးသေတယ်။ ရှစ်ဦးပြင်းထန်ဒဏ်ရာရတယ်” ဟု Zomi -PDF မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
စစ်ကောင်စီတပ်ဖွဲ့သည် ပြည်သူများအပေါ် တရားမဝင် မီတာကြေးကောက်ခံခြင်း၊ ပြည်သူအပေါ် မီတာကြေးမကောက်ခံရန် ပြည်သူ့ကာ ကွယ်ရေး ပူးပေါင်းတပ်များမှ မကြာခဏ သတိပေးခဲ့ခြင်းကို မသိကျိုးကျွန်ပြု ၍ ထပ်မံသတိပေးသည့်အနေဖြင့် တိုက်ခြင်းဖြစ်ကြောင်း သိရသည်။
တိုက်ခိုက်မှုကို ဒေသကာကွယ်ရေးတပ်ဖွဲ့များဖြစ်သည့် Zomi -PDF၊ CSS ၊ CNDF ၊ PDF- Kalay ၊ GRF အဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခြင်းဖြစ် ကြောင်းဆိုသည်။
စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် တာဟန်းရပ်ကွက် ဝယ်စလီဆေးရုံ အနောက်ဘက်တွင် နေထိုင်သူ ခြောက်လသားအ ရွယ်ကလေးငယ်၏ အသက် ၂၅နှစ်အရွယ် မိခင် MC Vanlalawmpuii သည် လက်နက်ကြီး ကျည်ထိမှန်၍ သေဆုံးသွားသည်ဟု သိရသည်။
ယင်းအပြင် မင်းကင်းမြို့မှ ကလေးမြို့ တာဟန်းရပ်ကွက်တွင် စစ်ဘေးရှောင်ပြီးအိမ်ငှားနေထိုင်သည့် ဒေါ်နီနီအေး (၄၇နှစ်)နှင့် ၎င်းရဲ့သား ကိုဘုန်းမြတ်ဦး (၂၆နှစ်)တို့ သားအမိလည်း စစ်ကောင်စီတပ်ပစ်ခတ်သည့် လက်နက်ကြီးကျည် ထိမှန် သေဆုံးခဲ့ကြောင်း ၊ ကလေးမြို့နယ် စက္ကန့်ရွာက အမျိုးသမီးတစ်ဦးညာဘက် လက်ပြတ်သွားကြောင်း ၊ စမ်းမြို့ရပ်ကွက်တွင်လည်း အ.ထ.က (၈ ) ကျောင်းထဲက အဆောင် နှစ်လုံးမီး လောင်ပျက်စီးသွားကြောင်း ကလေးမြို့ နေ ဒေသခံတစ်ဦးထံက သိရသည်။ mizzima