စစ်ကောင်စီတပ်က မြောင်မြို့နယ် ဇရပ်ကုန်းကျေးရွာရှိ နေအိမ် ၅၀ ခန့်အား မီးရှို့

စစ်ကိုင်းတိုင်း မြောင်မြို့ပေါ်မှတဆင့် ကျေးရွာများသို့ အင်အား ၁၀၀ ခန့်ဖြင့် ထပ်မံစစ်ကြောင်းထိုးလာ သည့် စစ်ကောင်စီတပ်က ဇရပ်ကုန်းကျေးရွာရှိ နေအိမ် ၅၀ ခန့်ကို ယနေ့ မေလ ၂၉ ရက် နံနက်ပိုင်းတွင် မီးရှို့၍ ထွက်ခွာသွားကြောင်းသိရသည်။

၎င်းစစ်ကောင်စီတပ်မှာ ယနေ့ မေလ ၂၉ ရက် နံနက် ၇ နာရီမှစ၍ တစ်နာရီဝန်းကျင်ကြာအောင် မီးရှို့ပြီး နောက် တမဆေးကန်ရွာဘက်သို့ ဆက်လက်ထွက်ခွာသွားကြောင်း ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

“ရွာက မီးခိုးတလုံးလုံး မီးတောက်တဝင်းဝင်းနဲ့။ မီးရှို့ခံရတဲ့နေရာတွေက အခုဆို ပြာပုံတွေဖြစ်သွားတာ ပေါ့။ အင်အား ၁၀၀ ကျော်က ရွာအ လယ်ရဲ့အနောက်ဘက်ကို စရှို့တာ။ ပြီးတော့မှ အရှေ့ဘက်ကနေ တောင်မြောက်အစဥ်လိုက် ရှို့လာတယ်။ သူတို့တောင်ဘက်ကိုထွက်တော့မယ်ဆိုတော့ ကျန်တဲ့သုံး မျက်နှာကနေ အသင့်နေရာယူပြီး သူတို့တောင်ဖျားကိုရောက်တာနဲ့ မီးဝင်ငြှိမ်းကြတာ။ မီးနဲ့နပန်းလုံးကြ ရတာပေါ့ဗျာ။ အရမ်းပူတယ်။ ခန္ဓာကိုယ်ကို ရေဆွတ်ပြီးမှ ကြိုးစားရတယ်။ သူတို့(စစ်ကောင်စီတပ်)သာ နောက်ထပ် တစ်နာရီလောက်ထပ်နေရင် ကျွန် တော်တို့ရွာက အကုန်ကုန်မှာ။ လေတွေလည်း တိုက်နေ တယ်” ဟု မီးငြှိမ်းသတ်ပေးသည့် CDSOM မြောက်ပိုင်းတိုက်ခိုက်ရေးနှင့် ကာကွယ် ရေး ၀၁၂ အဖွဲ့ ဦးဆောင်သူက ပြောသည်။

ထိုသို့မီးငြှိမ်းသတ်ပေးရာတွင် CDSOM အဖွဲ့မှ အင်အား ၄၀ ဝန်းကျင်ခန့်အပြင် အခြား ကာကွယ်ရေး တပ်ဖွဲ့ဝင်များနှင့် အနီးဝန်းကျင်ရှိကျေး ရွာသားများပါ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြခြင်းဖြစ်သည်။

ယခု မီးရှို့ခံရ သည့် ဇရပ်ကုန်းကျေးရွာမှာ အိမ်ခြေ ၁၀၀၀ ခန့်ရှိသည့်ရွာကြီးဖြစ်ပြီး ပြည်သူများမှာလည်း နီးစပ်ရာ ဘေးလွတ်ရာနေရာများဆီ တိမ်းရှောင်နေကြရသည်။

“ပထမက ကျွန်တော်တို့ရဲ့အရှေ့နားကရွာကို သူတို့တပ်စွဲထားတာပေါ့နော်။ အဲဒီရွာမှာ ဝင်နေကတည်းက ကျွန်တော်တို့ရွာကိုဝင်နိုင်တယ်ဆိုပြီး စောင့်ကြည့်နေတာ။ စစ်ကြောင်းလည်းထိုးလာရော ကျွန်တော်တို့ ရွာဘက်ကိုဦးတည်လာပြီဆိုတာနဲ့ ရွာထဲကရှိတဲ့သူတွေက နိုင်ရာပစ္စည်းတွေသယ်ပြီး လွတ်ရာကို ပြေးကြ ရတာ။ ခုလည်း ဇရပ်ကုန်းကနေ တမဆေးကန်ကိုထပ်ဝင်ပြီး မီးရှို့နေတာ ဒီကနေ လှမ်းမြင်နေရတယ်”ဟု ၎င်းကပြောသည်။

အဆိုပါစစ်ကောင်စီတပ်မှာ မေလ ၂၇ ရက်နေ့တွင် မြောင်မြို့ပေါ်မှတဆင့် ကျေးရွာများသို့ ထွက်ခွာလာ စဉ် ကာကွယ်ရေးတပ်ဖွဲ့အချို့၏ မိုင်းဆွဲ တိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှုရှိခဲ့သဖြင့် အောင်ချမ်းသာ ရွာတွင် တစ်ညအိပ် စခန်းချခဲ့သည်။

ထို့နောက် ယမန်နေ့ မေလ ၂၈ ရက်တွင် ဇရပ်ကုန်းရွာသို့ရောက်ရှိကာ ညအိပ်တပ်စွဲပြီး ယနေ့မနက် မီးရှို့ခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် တမဆေးကန်ရွာသို့ နံနက် ၁၀ နာရီဝန်းကျင်ကတည်းက ရောက်ရှိနေပြီး ဆက်လက်မီးရှို့နေကြောင်း သိရသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s