တရုတ်ဝမ်ပေါင်ကြေးနီစီမံကိန်းမှ ကြေးပြားများကို တွဲကားများဖြင့် သယ်ယူပြီး နမခ ဝင်းထဲသို့ ဝင်ရောက်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ တရုတ်ဝမ်ပေါင်ကြေးနီစီမံကိန်းမှ ကြေးပြားများကို တွဲကားများဖြင့် သယ်ယူပြီး မုံရွာမြို့ပေါ်ရှိ အ နောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ) ဝင်းအတွင်းသို့ ဝင်ရောက်သွားကြောင်း ဒေသခံများက ပြောဆိုသည်။
မေလ ၂၈ ရက်နေ့ ညပိုင်းတွင် နမခ တိုင်းအားကစား ကွင်းထဲသို့ တွဲကား ၁၅ စီးခန့်ရောက်ရှိလာပြီး ယနေ့ နံနက်အစောပိုင်းတွင် ဝမ်ပေါင်ကြေးနီစီမံကိန်းစက်ရုံသို့ ထွက်ခွာကာ မိုးကာအုပ်ကြေးနီပြားများ သယ်ယူလာကြောင်း၊ ယင်းနောက် အဆိုပါ ကြေးနီပြားများကို သယ်ယူလာပြီး နမခတိုင်းအားကစားကွင်းအတွင်းသို့ ပြန်လည် ဝင်ရောက်လာ ကြောင်း ဒေသခံတချို့၏ အဆိုအရ သိရှိရသည်။
“နမခ တိုင်းအားကစား ကွင်းထဲမှာ တွဲကား ၁၅ စီးခန့်ရောက်နေတယ်။ ၁၀ စီးက ခေါင်းဖြူ အနီနဲနဲကြားထားတယ် တစ်ပုံစံတည်းပါ။ ကျန်အစီးတွေကတော့ အဝါရောင်တွေပါ အဝါဘေးပိတ်တွေပါ။ ကြေးနီတွေသွားသယ်လာတာ” ဟု ဒေသသတင်းရင်းမြစ်က ပြောသည်။
ဆားလင်းကြီးရှိ တရုတ် ဝမ်ပေါင်ကြေးနီစီမံကိန်းအပါအဝင် စီမံကိန်းလုပ်ငန်းများ ရပ်ဆိုင်းထားရန် ဒေသကာ ကွယ်ရေးတပ်ဖွဲ့များက တရား ဝင် သတိပေးကြေညာချက်ထုတ်ပြန်ထားသော်လည်း ဝမ်ပေါင်ဘက်က စီမံကိန်းများကို တိတ်တဆိတ် လုပ်ကိုင်လာခြင်းဖြစ်ကြောင်း၊ မုံရွာမြို့ပေါ်တွင် ဖုန်းလိုင်းများ ဖြတ်တောက်ထားမှုသည်လည်း ဝမ်ပေါင်မှ ကြေးနီပြား သယ်ယူမှုနှင့်ဆက်စပ်ဖွယ်ရှိကြောင်း ဒေသခံများက သုံးသပ်ကြသည်။ khit thit