Monthly Archives: May 2022

နိုင်ငံတော်အတိုင်ပင်ခံနှင့် သမ္မတတို့ကို စွပ်စွဲထားသည့် ရဟတ်ယာဥ် အဂတိမှု တရားလိုကိုစစ်ဆေး

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကို စွပ်စွဲထားသည့် ရဟတ်ယာဥ် အဂတိ အမှုများနှင့် ပတ်သက်ပြီး တရားလိုကို ယနေ့ မေလ ၃၀ ရက် ရုံးချိန်းတွင် ဆက်လက် စစ်ဆေးခဲ့ကြောင်း တရားရုံးနှင့် နီးစပ်သည့် အသိုင်းအဝိုင်းထံက သိရသည်။

တရားလိုမှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ညွှန်မှူး ဦးအောင်ခန့် ဖြစ်ပြီး ယနေ့ ရုံးချိန်း၌ ၎င်းအား အမှုနံပါတ် (၄၈) နှင့် ပတ်သက်ပြီး စွပ်စွဲခံရသူများဘက်က ပြန်လှန်စစ်မေး ပြုလုပ်ခဲ့ကြသည်။

ထို့အပြင် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် သမ္မတတို့ကို စွပ်စွဲထားသည့် ရဟတ်ယာဉ် ဝယ်ယူမှုနှင့် ပတ်သက်ပြီး အစိုးရနှင့် ကုမ္ပဏီအကြား သဘောတူညီချက်များအပေါ် မြန်မာဘာသာ ပြန်ဆိုထားသည့် စာရွက်စာတမ်းကို တရားလိုဘက်က တရားရုံးသို့ တင်ပြရန် သတ်မှတ်ထားသော်လည်း ယနေ့ရုံးချိန်းတွင် မတင်ပြနိုင်ခဲ့ပေ။

ထို့ကြောင့် တရားသူကြီးက ယင်းကိစ္စအတွက် ဇွန်လ ၆ ရက်နေ့ကို ထပ်မံ ချိန်းဆိုထားသည်။

“နိုတြီ လုပ်တာက ဘာသာပြန်တဲ့ အခါကျတော့ မြန်တာတို့ နှေးတာတို့ ရှိတာပေါ့။ အချိန် ယူရတာ ရှိတယ်။ အဲ့ဒါကို ဒီနေ့ သူတို့ဘက်က မတင်နိုင်သေးတာ” ဟု တရားရုံးနှင့် နီးစပ်သူ တစ်ဦးကပြောသည်။

ယင်းအမှုမှာ သဘာဝဘေးအန္တရာယ် ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် အမျိုးသား သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေမှ ရဟတ်ယာဉ် ငှားရမ်းခြင်း၊ နိုင်ငံတော်ပိုင် ရဟတ်ယာဉ် တစ်စီး ဝယ်ယူခြင်းတို့နှင့် ပတ်သက်ပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးတို့ကို အဂတိအမှု ငါးမှုဖြင့် စွပ်စွဲ တရားစွဲဆို ထားခြင်း ဖြစ်သည်။

အဆိုပါ အဂတိအမှု ငါးမှုတွင် သုံးမှုမှာ ရဟတ်ယာဉ် ငှားရမ်းမှုနှင့် ပတ်သက်ပြီး နှစ်မှုမှာ ရဟတ်ယာဉ် တစ်စီး ဝယ်ယူမှုနှင့် ပတ်သက်၍ စွဲဆိုထားခြင်း ဖြစ်သည်။ mizzima

ကော့မှူး၊ ရွှေဘို၊ မြိုင်၊ အုတ်ဖိုနှင့် စဉ့်ကူးတို့တွင် စစ်တပ် သတင်းပေးဟု သတ်မှတ်ခံရသူများ၊ အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးများ ပစ်ခတ်ခံရပြီး ၆ ဦးသေဆုံး

ကော့မှူး၊ ရွှေဘို၊ မြိုင်၊ အုတ်ဖိုနှင့် စဉ့်ကူးမြို့နယ်တို့တွင် အကြမ်းဖက် စစ်တပ် သတင်းပေးဟု သတ်မှတ်ခံရသူများ၊ အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးများကို ဒေသခံ ကာကွယ်ရေး အဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ၆ ဦးသေဆုံးကာ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံပြည်သူများနှင့် ကာကွယ်ရေး အဖွဲ့များထံမှ သိရသည်။

ကော့မှူးမြို့နယ်

=========

ရန်ကုန်တိုင်း ကော့မှူးမြို့နယ် ငှက်အော်စမ်းကျေးရွာတွင် စစ်တပ်ခန့် အုပ်ချုပ်ရေးမှူး အောင်မင်းနှင့် ဇနီးဖြစ်သူ မြမြမိုးတို့ကို ယနေ့ မေလ ၃ဝ ရက်နေ့ ညနေ ၅ နာရီခန့်တွင် 5 Brothers Younger တပ်ဖွဲ့မှ ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ဇနီးဖြစ်သူ သေဆုံးကာ အောင်မင်းကို ဆေးရုံသို့ ပို့ဆောင်ထားကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။

ပစ်ခတ်ခံရသော အုပ်ချုပ်ရေးမှူး အောင်မင်းသည် ငှက်အော်စမ်းရွာတွင် စစ်တပ်နှင့် ပူးပေါင်းပြီး ပြည်သူများကို ဖမ်းဆီး နှိပ်စက်မှုများ ပြုလုပ်နေသူဖြစ်ကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။

ရွှေဘိုမြို့

=====

စစ်ကိုင်းတိုင်း ရွှေဘိုမြို့ ကော့ကျေးရွာတွင် နေထိုင်သော စစ်တပ် သတင်းပေးဟု သတ်မှတ်ခံရသူ မြဝင်းကို မေလ ၂၈ ရက်နေ့ ညနေ ၄ နာရီခန့်က အမည်မသိ သေနတ်သမားများ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။

သေဆုံးသူ မြဝင်းသည် ရွှေဘို-ကျောက်မြောင်း လမ်းပိုင်းရှိ မင်းဘေးကျေးရွာ အနီးတွင် အမည်မသိ သေနတ်သမားများက ပစ်ခတ် တိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် ဇီးတောကျေးရွာမှ စစ်တပ် သတင်းပေးဟု သတ်မှတ်ခံရသူ ဆန်းမိုးကို မေလ ၂၇ ရက်နေ့ နံနက် ၇ နာရီ ၅ဝ မိနစ်ခန့်တွင် ရွှေဘို ယမ်းဘီလူးအဖွဲ့၊ Shwe Bo Defense Force SBDF နှင့် ရွှေဘိုခရိုင် တပ်ရင်း(၂၃) တို့မှ ပူးပေါင်းကာ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး သေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသူ ဆန်းမိုးသည် PDF တွေ တကယ် မလုပ်ရဲပါဘူးဟု ကြွေးကြော်ထားသူ တစ်ဦးဖြစ်ကာ သေနတ် ကျည် ၈ ချက်ထိပြီး သေဆုံးခဲ့ကြောင်း ရွှေဘို ယမ်းဘီလူးအဖွဲ့မှ ထုတ်ပြန်ထားသည်။

မြိုင်မြို့နယ်

======

မကွေးတိုင်း မြိုင်မြို့နယ် ကင်းကျေးရွာတွင် ပျူစောထီးအဖွဲ့ဝင် သန်းစိုးကို မေလ ၂၉ ရက်နေ့ ညနေ ၅ နာရီ ၃ဝ မိနစ်ခန့်တွင် PAKOKKU-UNDERGROUND၊ MRTF-2နှင့် မဟူရာ အလင်းတန်းအဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး သေဆုံးခဲ့ကြောင်း PAKOKKU-UNDERGROUND တပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

အုတ်ဖိုမြို့နယ်

========

ပဲခူးတိုင်း အုတ်ဖိုမြို့နယ်တွင် ကိုရီးယား တုတ်ထိုးဆိုင် ဖွင့်ရောင်းချနေသော ရဲဝန်ထမ်းဟောင်း မြင့်လွင်ကို မေလ ၂၉ ရက်နေ့ ည ၇ နာရီ ၃ဝ မိနစ်ခန့်တွင် အမည်မသိ သေနတ်သမားများ တိုက်ခိုက်ခဲ့ပြီး သေဆုံးခဲ့ကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။

စဉ့်ကူးမြို့နယ်

========

မန္တလေးတိုင်း စဉ့်ကူးမြို့နယ် ရွှေပြည်ကျေးရွာတွင် နေထိုင်သော ပျူစောထီးနှင့် သွေးသောက်အဖွဲ့ကို ဦးဆောင်သူ ကိုထွန်း ဆိုသူကို စဉ့်ကူး မဟာမိတ်တပ်ပေါင်းစုမှ မေလ ၂၉ ရက်နေ့ မွန်းလွဲ ၁၁ နာရီခန့်တွင် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။

ကိုထွန်းဆိုသူသည် စဉ့်ကူး ပျူစောထီးအဖွဲ့ ခေါင်းဆောင် တစ်ဦးဖြစ်ပြီး သွေးသောက်အဖွဲ့တွင်လည်း ဒုတိယ ခေါင်းဆောင်ဖြစ်ကြောင်း စဉ့်ကူးမဟာမိတ် တပ်ပေါင်းစုမှ ထုတ်ပြန်ထားသည်။ khit thit

လွိုင်ကော်ဘူတာရုံမှ လူငယ်များကို စစ်ကောင် စီကပစ်သတ်ပြီး အကြမ်းဖက်သမားဟု သ တင်း မှားဖြန့်

ကရင်နီပြည်နယ် လွိုင်ကော်မြို့ရှိ မီးရထားဘူတာရုံ၌ တပ်ဆင်ထားသည့်မှန်များအား ရိုက်ခွဲဖျက်ဆီးခဲ့ သည့် အကြမ်းဖက်သမားများအားဖမ်း ဆီးအရေးယူပြီး တစ်ဦးအသေနှင့် ခြောက်ဦးအရှင်ဖမ်းမိသည့် သတင်းတစ်ခုကို မေလ ၂၈ ရက်နေ့က စစ်ကောင်စီ၏ ဝက်ဘ်ဆိုက်အပြင် ၎င်းတို့၏ ဝါဒဖြန့်ချန်နယ်များမှ ဖြန့်ဝေခဲ့သည်။ ထိုလူငယ်များမှာ အကြမ်းဖက်သမားများမဟုတ်ဘဲ သေဆုံးသူမှာ ဘူတာရုံအနီး လယ်ကွင်းအ တွင်း နွား ကျောင်းနေသူဖြစ်ပြီးနှင့် ဖမ်းဆီးခံရသူများမှာ သာမာန်လူငယ်များသာ ဖြစ်ကြသည်။

အခင်းဖြစ်ပွားသည့် မေလ ၂၇ ရက်နေ့မှစ၍ စစ်ကောင်စီ၏ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်များတွင် “မေလ ၂၇ ရက် မွန်းလွဲ ၂ နာရီ ၄၀ မိနစ်အချိန်ကလူငယ်၂၀ ဦးမှ တုတ်၊ ဓားများကိုင်ဆောင်ဖျက်ဆီးနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲက သွားရောက်ထိန်းသိမ်းစဉ် ပြန်လည်ခုခံသဖြင့် ပစ်ခတ်ဖမ်းဆီးရာ တစ်ဦး အသေ၊ ခြောက်ဦးအရှင်ဖမ်းမိကြောင်း” ဟု ရေးသားဖြန့်ဝေထားသည်။

ထိုသတင်းကို News of Myanmar ဟူသည့် တယ်လီဂရမ်ချန်နယ်မှ စတင်ဖြန့်ဝေထားပြီး စစ်ကောင်စီ၏ ဝါဒဖြန့်ချန်နယ်များဖြစ်သည့် Ko Khant, Kyaw Swar, Sitt Kell Gyi (စစ်ကဲကြီး), အလင်္ကာစစ်, သောင်းစိန် စသည့် ချန်နယ်များ၌လည်း ဖြန့်ဝေခဲ့ကြသည်။

ထို့နောက် စစ်ကောင်စီ၏ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးဝက်ဘ်ဆိုဒ်မှ မေလ ၂၈ ရက်နေ့တွင် “ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ မီး ရထားဘူတာရုံ၌ တပ်ဆင်ထားသည့်မှန်များအား ရိုက်ခွဲဖျက်ဆီးခဲ့ သည့် အကြမ်းဖက်သမားများအား ဖမ်းဆီးအရေးယူ” ဟု အကြမ်းဖက်သမားအဖြစ် သမုတ်ထားသည့် သတင်းခေါင်းစဉ်ဖြင့် ဖော်ပြခဲ့သည်။ ထိုသတင်းကိုပင် Np news သတင်းဌာနက မေလ ၂၈ ရက်နေ့က တစ်ဆင့် ပြန်လည်ဖော်ပြခဲ့သည်။

အဆိုပါ သတင်းဖြစ်စဉ်နှင့်ပတ်သက်၍ အချက်အလက်စစ်ဆေးခဲ့ရာ မေ ၂၇ ရက် ရက်စွဲဖြင့် “ လွိုင်ကော် တွင် ရန်ဖြစ်သည့်လူငယ်များကို ရဲကပစ်၍ တစ်ဦးသေ” ဟု Myanmar Now သတင်းဌာနက ဖော်ပြထား သည်။

၎င်းဖော်ပြချက်တွင် သေဆုံးသူမှာ လယ်ကွင်းထဲ၌ အချိန်ပြည့်နေသူဖြစ်ကြောင်း၊ နွားကျောင်းသည့်အပြင် ဂေါက်သီးလည်းကောက်ပေးကြောင်း ရေးသားထားသည်။

https://bit.ly/3zaUAue လင့်မှ ဝင်ရောက်ဖတ်ရှုနိုင်သည်။

ကရင်နီအခြေစိုက် သတင်းဌာနတစ်ခုဖြစ်သည့် ကန္တာရဝတီတိုင်း(မ်)မှလည်း မေလ ၂၈ ရက်နေ့တွင် အဆိုပါသတင်းအား ဖော်ထုတ်ရေးသားခဲ့ပြီး သေဆုံးသူမှာ နွားကျောင်းသားဖြစ်ကြောင်း ပါရှိသည်။

သတင်းဖတ်ရှုရန် လင့်ခ်မှာ https://bit.ly/3NJPJ7n ဖြစ်သည်။

မဇ္ဈိမအနေဖြင့် လွိုင်ကော်ဒေသခံတစ်ဦးကို ဆက်သွယ်မေးမြန်းခဲ့ရာတွင် “ မနက်ပိုင်းက ဘူတာရုံအောက် ထဲမှာ အရက်သမား‌တွေ ဖဲရိုက်နေကြတယ်။ အဲဒီကနေ ရုန်းရင်းဆန်ခတ်ဖြစ်ပြီးတော့ မှန်တွေဘာတွေ ရိုက်ခွဲသွားကြတယ်။ နေ့ခင်းလောက်ကျတော့ ကလေးတွေ တုတ်တွေဓားတွေနဲ့ ရန်ဖြစ်ဖို့ စုစုဖြစ်နေတာ တော့ မြင်လိုက်တယ်။ အဲ့ဒီနောက် အသက် ၂၅ နှစ်အရွယ် လူသုံးဦးလာပြီး ဖြန်ဖြေပေးတာကြောင့် ပြေ လည်သွားကြပြီးအပြန်မှာ ကားသုံးစီးရောက်လာပြီး အပစ်ခံရတာ။ သေသွားတဲ့သူက နွားကျောင်းသားပါ၊ မျက်နှာကိုမှန်ပြီးသေတာ” ဟု လွိုင်ကော်ဒေသခံမှ ပြောသည်။

ထို့အပြင် ကရင်နီပြည်နယ်တွင်း ဖြစ်ပေါ်နေသည့်သတင်းများကို ပုံမှန်တင်ဆက်နေသည့် JFK Page 3 (Job for Kayah) အမည်ရှိ ဖေ့စ်ဘုတ်စာမျက်နှာမှ “ အသက်မပြည့်သေးတဲ့ (၁၀)-(၁၆)ကြား ကလေးတွေ အချင်းချင်း အချင်းများတဲ့ကိစ္စပါ။ ခိုက်ရန်လည်း မဖြစ်ပွားခဲ့ပါဘူး။ အ ဆင်ပြေလို့ လက်ဆွဲနှုတ်ဆက်ကြ ပြီး လယ်ကွင်းမှာရပ်နေချိန် အုပ်ကြီးအပါအဝင် စခတွေကားသုံးစီးနဲ့ ရောက်လာခဲ့ပါတယ်။ ကားပေါ်က ဆင်းတာနဲ့ ကလေးတွေကိုပစ်ခဲ့တာပါ။ ကလေးတွေမှာ ဘာအလံနီလည်းမပါသလို PDF နဲ့လည်း မသက် ဆိုင်ပါဘူး။ ဘူတာရုံကမှန်ကို က လေးတွေက ရိုက်ခွဲတယ်ဆိုတာလည်း မဟုတ်ဘူး” (မူရင်းသတ်ပုံအတိုင်း) ဟု ရေးသားထား သည်။

အချက်အလက်များအားလုံးကို ပြန်လည်ခြုံငုံသုံးသပ်ရလျှင် စစ်ကောင်စီမှဝါဒဖြန့်ထားသကဲ့သို့ သေဆုံး သူသည် အကြမ်းဖက်သမားမဟုတ်ဘဲ နွားကျောင်းသားဖြစ်နေပြီး အဖမ်းခံရသည့် ကျန်လူငယ်များသည် စစ်ကောင်စီမှ ခေါ်ဝေါ်သမုတ်နေသကဲ့သို့ အကြမ်းဖက်သမားများမဟုတ်ကြောင်း သိရှိနိုင်သည်။

ကရင်နီပြည်နယ်သည် အာဏာသိမ်းစစ်ကောင်စီကို လက်နက်ကိုင်တော်လှန်ရာတွင် ရှေ့တန်းမှပါဝင်ခဲ့ သည့်ပြည်နယ်ဖြစ်ပြီး စစ်ကောင်စီတပ် ဖွဲ့ဝင်များ အများအပြားကျဆုံးခဲ့သည်။ ပြီးခဲ့သော ဇန်နဝါရီလက တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က လေကြောင်းနှင့်လက် နက်ကြီးများဖြင့် အင်အားသုံး တိုက်ခိုက်ခဲ့ခြင်းကြောင့် ကရင်နီတပ်များ တပ်ဆုတ်ခဲ့ရသည်။

ယခုအခါ တိုက်ပွဲဖြစ်ချိန်က ထွက်ပြေးတိမ်းရှောင်ခဲ့သော မြို့ခံများ ပြန်လည်နေထိုင်နေကြပြီဖြစ်ပြီး စစ်ကောင်စီတပ်က အင်အားသုံးကာ နှိမ် နင်းမှုများပြုလုပ်နေခြင်းဖြစ်သည်။ mizzima

ကျောက်တံခါးမြို့တွင် စစ်တပ်က ဖမ်းသွားသည့် ပရဟိတသမား သေဆုံ

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ ဖဒိုမြို့တွင် ပရဟိတသမားတစ်ဦးဖြစ်သော ဦးစောသဖွီးကို စစ်ကောင်စီတပ်က ရိုက်နှက်ဖမ်းဆီးသွားပြီး နှစ်ရက်အကြာတွင် သေဆုံးသွားသည်ဟု သိရကြောင်း မိသားစုနှင့် နီးစပ်သည့် မြို့ခံတစ်ဦးက ပြောသည်။ 

ပြီးခဲ့သည့် မေလ ၂၈ ညပိုင်း၌ ဖဒိုမြို့ရှိ ၎င်းရောက်ရှိနေသော နေရာသို့ စစ်ကား ၃ စီးဖြင့် လာရောက်ပြီး အကြမ်းဖက်ဖမ်းဆီးခဲ့ခြင်းဖြစ် ကြောင်း ထိုသူက ဆိုသည်။ 

အသက် ၄၀ ကျော်အရွယ် ဦးစောသဖွီး ခေါ် ဦးဘင်လာဒင်သည် ပရဟိတအလုပ် လုပ်ကိုင်သူတစ်ဦးဖြစ်ပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြရာ၌ ပါဝင်ခဲ့အပြီး စစ်ကောင်စီတပ်က လိုက်လံဖမ်းဆီးနေ၍ တိမ်းရှောင်နေသူဖြစ်ကြောင်း သိရသည်။ 

စစ်တပ်ကို သူ့အကြောင်း သတင်းပေးသည့် ဒလန်ရှိသည်ဟု ယူဆရကြောင်း ဖဒိုမြို့ခံနောက်တစ်ဦးက ပြောသည်။

“သူက ရှောင်နေတာ ကြာပြီ။ လွန်ခဲ့တဲ့ရက်ကမှ သူ့မိန်းမ အသည်းအသန်ဖြစ်လို့ တိတ်တိတ်လေးပြန်လာခဲ့တာ၊ ဒလန်တွေရဲ့ သတင်းပေးတာကြောင့်ပဲ အဲဒီည ၁၁ နာရီလောက်မှာ သူ့ကို လာဖမ်းသွားကြတာ။ စစ်အင်အား ကားသုံးစီးနဲ့“ ဟု ပြောသည်။

“စဖမ်းသွားကတည်းက သူ့ကို ခြေတုပ်လက်တုပ် ပါးစပ်ကို ပိတ်ပြီး ကြိုးချည်ပြီး ကားနဲ့ တရွတ်တိုက်ဆွဲခေါ်သွားကြတာ“ 

ဖဒိုမြို့ အမှတ် ၄ ရပ်ကွက်ရှိ ဦးစောသဖွီး၏နေအိမ်ကို ယမန်နှစ်ကတည်းက စစ်ကောင်စီက ချိပ်ပိတ်ထားသောကြောင့် နာမကျန်းဖြစ်နေသည့် ဇနီးဖြစ်သူနှင့် မိသားစုဝင်များသည် လယ်တောတစ်ခုရှိ နေအိမ်တစ်အိမ်၌ သွားရောက်နေထိုင်ကြရခြင်း ဖြစ်သည်။

ထိုအိမ်သို့ လာရောက်သည့် ဦးစောသဖွီးကို စစ်တပ်က လာရောက် ဖမ်းဆီးသွားပြီးနောက် ထိုလယ်တဲအိမ်ကိုပါ စစ်ကောင်စီက ချိပ်ပိတ်လိုက်ကြောင်း မြို့ခံများထံမှ သိရသည်။

စစ်တပ်က ဖမ်းဆီးပြီး မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို မသိရဘဲ သေဆုံးသွားကြောင်းကို ယနေ့ (မေ ၃၀) ၌ စစ်ကောင်စီက မိသားစုထံ အကြောင်းကြားလာသည်ဟု ထိုသူများနှင့် နီးစပ်သည့် မြို့ခံနှစ်ဦးလုံးက ဆိုသည်။ 

ဦးစောသဖွီး၏ ရုပ်အလောင်းကို ယနေ့ နံနက် ဖဒိုဆေးရုံသို့ လာရောက် ပို့ဆောင်သွားသည်ဟု ကြားသိရသော်လည်း မိသားစုဝင်များက အလောင်းမတွေ့ရှိရသေးကြောင်း ထိုသူများထံမှတစ်ဆင့် သိရသည်။

ဦးစောသဖွီးတွင် သားသမီး လေးဦးရှိခဲ့ကြောင်း၊ စေတနာ့ဝန်ထမ်းစိတ်ရှိကြကြောင်း သူနှင့် ပရဟိတလုပ်ငန်း အတူတူလုပ်ကိုင်သူ မိတ်ဆွေတစ်ဦးက ဆိုသည်။ 

“သူ့ရဲ့သားအကြီးဆုံးတစ်ယောက်က လမ်းခင်းဖို့ ကူညီလုပ်ကိုင်ရင်းနဲ့ပဲ ကျောက်ကားပိပြီး ဆုံးသွားတာ၊ အဲဒီစိတ်နဲ့ပဲ သူက ပရဟိတအလုပ်တွေကို ပိုပြီးလုပ်လာတာ၊ မြို့အတွက် အတော့်ကို အားထားရတဲ့သူတစ်ယောက်ပါ” ဟု ထိုမိတ်ဆွေက ပြောသည်။ 

“သွေးကအစ တစ်ခုခုလိုအပ်တယ်ဆို အချိန်မရွေးရောက်လာတဲ့သူ၊ အခုလိုသတင်းကြားရတာ အတော့်ကို စိတ်မကောင်းစရာပဲ။ စစ်တပ်က အဲဒီလောက်ထိ လုပ်ဖို့မလိုပါဘူး” 

သေဆုံးမှုနှင့် ပတ်သက်ပြီး ကျောက်တံခါးမြို့နယ်မြို့မရဲစခန်းကို မေးမြန်းရန် ကြိုးပမ်းသော်လည်း ဖုန်းအဆက်အသွယ် မရသေးပေ။

ဖဒိုမြို့လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၏ ဖခင်ကို အာဏာသိမ်းစစ်တပ် ဖမ်းဆီးသွားခဲ့ပြီး စစ်ကြောရေးစခန်းတွင် သတ်ဖြတ်ခဲ့ကာ ရုပ်အလောင်းကို ပြန်မပေးခဲ့သည့် ဖြစ်စဉ်ရှိခဲ့ကြောင်း ဖဒိုဒေသခံများထံမှ သိရသည်။

ယမန်နှစ် ဇွန်လလယ်တွင် ဖဒိုမြို့၊ အမှတ် ၅ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့ ပေါက်ကွဲမှုနှင့် ဆက်စပ်ပြီး စစ်ကောင်စီတပ်က နှစ်ရက်အတွင်း လူ ၂၀ ကျော်ကို ဖမ်းဆီးစစ်ဆေးခဲ့သည်။ 

ထိုစဉ်က အမှတ် ၅ နှင့် ၁ ရက်ကွက်တို့တွင် ၎င်းတို့အလိုရှိသူကို ဝင်ရောက်ရှာဖွေသော်လည်း နေအိမ်တွင် မရှိ၍ အခြားသူများကို ဖမ်းဆီးသွားခဲ့ကြောင်း၊ အမှတ် ၅ ရပ်ကွက် အုပ်ချုပ်ရေးမှူးဟောင်း ဦးအေးလှနှင့် ပရဟိတလုပ်ငန်းများလုပ်ကိုင်သူ အမျိုးသားတစ်ဦး အဖမ်းခံခဲ့ရသည်။

တစ်နိုင်ငံလုံးတွင် စစ်တပ်က အကြမ်းဖက်ဖြိုခွင်းခဲ့သည့် ယမန်နှစ် မတ် ၂၇ က ဖဒိုမြို့တွင်လည်း ဆန္ဒပြပွဲကို ပစ်ခတ်ဖြိုခွဲစဉ် အမှတ် ၂ ရပ် ကွက်မှ အသက် ၅၀ ကျော်အရွယ် ဦးရေဂင်ဆိုသူ သေဆုံးခဲ့ကာ ၇ ဦး ဒဏ်ရာရခဲ့သည်။

ထိုနေ့မှာပင် အနီးအနားမှ ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းမြို့၌လည်း အရုဏ်ဦးဆိုင်ကယ်သပိတ်ကို ရဲတပ်ဖွဲ့က အကြမ်းဖက်ဖြိုခွင်းခဲ့ရာ အသက် ၄၅ နှစ်အရွယ် ကိုကျော်သူရအောင် (ခ) ကိုကျော်ကျော် ခြေထောက် ကျည်ထိမှန်ကာ ဆိုင်ကယ်လဲကျခဲ့သည်။ 

ထို့နောက် ရဲများက ၎င်းကို ရိုက်နှက်ပြီး သေနတ်ဖြင့် ပစ်ခတ်ခဲ့သောကြောင့် ဝမ်းဗိုက်တွင် ကျည်ထိမှန်ခဲ့ကာ ကားပေါ်တင်၍ ခေါ်ဆောင်သွားစဉ် လမ်း၌ သေဆုံးခဲ့သည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ စာရင်းအချက်အလက်များအရ အာဏာသိမ်းစစ်တပ်က ပြည်သူ ၁၈၆၆ ဦးကို သတ်ဖြတ်ခဲ့သည်။ 

ဗိုလ်ချုပ်ကြီးများကမူ ထိုအသင်းက ကိန်းဂဏန်းချဲ့ကားထားခြင်းသာဖြစ်သည်ဟု ယမန်နှစ်က တုံ့ပြန်ခဲ့ဖူးသည်။ ယခု တုံ့ပြန်ခြင်း မရှိတော့ပေ။ myanmar now

ကလေးမြို့ ကာကွယ်ရေးတပ်ဖွဲ့စခန်းအား သိမ်းဆည်းရန်လာသည့် စစ်ကောင်စီတပ် တိုက်မိုင်းထိ၍ ၅ ဦးသေဆုံး

စစ်ကိုင်းတိုင်း ကလေးမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ စခန်းအား သိမ်းဆည်းရန် ချီတက်လာသည့် စစ်ကောင်စီတပ် တိုက်မိုင်းများထိ၍ ငါးဦးသေဆုံးကြောင်း ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (ကလေး) တပ်ရင်း (၂) အဖွဲ့မှ မေလ ၂၉ ရက်နေ့တွင် သတင်း ထုတ်ပြန်သည်။

ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့အနေဖြင့် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထား၍ ရဲဘော် များထိခိုက် ဒဏ်ရာရရှိခြင်းမရှိသလို လက်နက်ခဲယမ်း ဆုံးရှုံးမှုများလည်း မရှိကြောင်း သိရသည်။

“ ကလေးမြို့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း (၂) ၊ (၅) နဲ့ (၆) တို့ အသိမ်းခံထားရပါတယ်။ စစ်ကောင်စီက စစ်ကြောင်း တစ်ကြောင်းကို အင်အား ၂၀၀ လောက်နဲ့ စစ်ကြောင်း သုံး ကြောင်း ထိုးလာတဲ့ အတွက် လက်နက်ချင်းယှဉ်ဘို့ မလွယ်တာတွေကြောင့် စခန်းတွေကို စွန့်လွှတ်ထားရတာဖြစ်ပါတယ်” ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သည် PDF (ကလေး) တပ်ရင်း (၂) ၏ ထောက်ပို့တဲ သုံးလုံးနှင့် ထောက်ကြန့်ရွာသစ် ကျေးရွာမှ ပြည်သူနေအိမ် လေးလုံးအား မီးရှို့ခဲ့ကြောင်း သိရသည်။

မီးရှို့ခံရသည့် နေအိမ်များအား PDF-Kalay (B02) ၊ CDF -KKG ၊ ပကဖ နှင့် ရွာခံများမှ ပူးပေါင်းကာ မီးငြိမ်း ပေးခဲ့ရကြောင်းနှင့် ရဲဘော်များ ဘေးကင်းရာ ပြောင်းရွှေ့နေရသည့် အတွက် အစစအရာရာ လိုအပ်လျက်ရှိသောကြောင့် အကူအညီများပေးကြပါရန် မေတ္တာရပ်ခံထားသည်။

မြို့တွင်းတွင် စစ်ကောင်စီ၏ ဂျက်တိုက်လေယာဉ်တစ်စီးနှင့် တိုက်ခိုက်ရေး ရဟတ်ယာဉ် သုံးစင်း အဆင်သင့်ရှိနေပြီး မိုင်းကို အဓိက အားထားတိုက်နေရသည့် ကာကွယ်ရေးတပ်ဖွဲ့ အနေဖြင့် ရာသီဥတုအခြေအနေအရ အားနည်းချက်ဖြစ်နိုင်မှုအပေါ် စစ်ကောင်စီကအခွင့်ကောင်းယူခဲ့ ခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။

လက်ရှိတွင်မူ ကလေးမြို့တွင်သာမကာ ယင်းမာပင် ၊ ဆားလင်းကြီး ၊ ရေဦး ၊ ခင်ဦး ၊ ရွှေဘို ၊ ဖောင်းပြင် အစရှိသဖြင့် စစ်ကိုင်းတိုင်း အတွင်းရှိ ကာကွယ်ရေးတပ်ဖွဲ့စခန်းများပါ စစ်ကောင်စီတပ်၏ သိမ်းပိုက်ဖျက်ဆီးမှုများခံနေရသည်။

စစ်ကောင်စီတပ်၏ အကျပ်အတည်းမှ လွတ်မြောက်နိုင်ရန်အတွက် ကာကွယ်ရေးတပ်ဖွဲ့ များအနေဖြင့် တကွဲတပြားစီ ရှိမနေသင့်ဘဲ စစ်တပ်တစ်ခုအောက်တွင်သာ အားလုံးစုစည်းရန်လိုကြောင်း နှင့် အမိန့်တစ်ခုအောက်တွင် ခြုံငုံကွပ်ကဲသည့် အမိန့်ပေး စနစ်မျိုးရှိရန် လိုအပ်ကြောင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်က သုံးသပ်ပြောကြားသည်။

ထို့ပြင် ကာကွယ်ရေးတပ်ဖွဲ့များ၏ အဓိကဖြစ်သည့် လက်နက်မှာ အရေးကြီးပြီး မောင်းပြန် သာမကဘဲ လက်နက်ကြီးများပါလိုအပ်လျက်ရှိကြောင်း ၊ ပြည်သူများထံမှ အလှူခံ၍ စစ်တိုက်နေရသည်မှာ ရေရှည်တွင် အခက်အခဲများ ပိုလာနိုင်သည်ဟု ကလေးမြို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်က ဆိုသည်။mizzima

ရခိုင်မြောက်ပိုင်းတွင် စစ်ကောင်စီတပ် အင် အားဖြည့်နေ

စစ်ရေးတင်းမာနေသော ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ရသေ့တောင်မြို့နယ်သို့ ရောက်လာသည့် စစ်ရေယာဉ်တစ်စီးသည် ယနေ့ (မေ ၃၀) နံနက်ပိုင်းက အငူမော်ဆိပ်ကမ်းတွင် ကုန်ချနေသည်ကို တွေ့ရပြီး ရိက္ခာနှင့် လက်နက်ခဲယမ်းများ ဖြစ်သည်ဟု ယူဆရကြောင်း ဒေသခံများက ပြောသည်။ 

Myanmar Now က ရရှိထားသည့် ဓာတ်ပုံအရ အငူမော်ဆိပ်ကမ်း၌ ရေယာဉ်ပေါ်မှ ပစ္စည်းများကို စစ်ထရပ်ကားများပေါ် တင်ဆောင်နေကြသည်ကို တွေ့ရသည်။ 

အလားတူ (မေ ၂၈) တွင် စစ်တွေလေဆိပ်သို့ ရောက်ရှိလာသော လေယာဉ်နှစ်စီးပေါ်မှ ပစ္စည်းများကို စစ်ကားများဖြင့် တင်ဆောင်သွားသည်ကို တွေ့ရကြောင်း ခရီးသွားတစ်ဦးက ပြောသည်။

“စစ်တပ်က ကုန်တင်လေယာဉ် အဲဒီနေ့က နှစ်ကြိမ်ရောက်တယ်။ ပထမတစ်စီးက နံနက်ပိုင်း ၉ နာရီက ရောက်တယ်၊ ရိက္ခာတွေလည်း အပြည့်ပါတယ်လို့ သိရတယ်။ နောက်တစ်စီးက ၁၁ နာရီလောက်မှာ ရောက်တယ်။ ကုန်တင်လေယာဉ်အကြီးကြီးပါ။ တစ်ခါတည်း လေယာဉ်နားကို ကားထိုးပြီးတော့ ပစ္စည်းတွေတင်သွားတာပါ” ဟု ဆိုသည်။

“စစ်တပ်က ကားကြီးတွေနဲ့ တစ်ခါတည်းတင်ကြတာ။ ကားက နှစ်စီး၊ သုံးစီးလောက် ရှိမယ်။ အင်အား ၂၀၊ ၃၀ လောက်ရှိတဲ့ စစ်သားတွေက လုံခြုံရေးယူထားတာ တွေ့တယ်” 

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ရေးတင်းမာမှုအရှိန် မြင့်မားနေချိန် စစ်ကောင်စီတပ်က ရိက္ခာနှင့် လက်နက် ပိုမိုဖြည့်တင်းလာပြီး ပြည်သူများလည်း ယခင်ကထက် ပိုမိုစစ်ဆေးခံနေရသည်ဟု ဒေသခံများထံမှ သိရသည်။

ယခုရက်ပိုင်းအတွင်း ဘူးသီးတောင်မြို့နယ် စိုင်းဒင်တံတားဂိတ်၊ မောင်တောမြို့နယ် ကျီးကန်းပြင်ဌာနချုပ်ဂိတ်၊ စစ်တွေမြို့နယ် ကျောက်တန်းစစ်ဆေးရေးဂိတ်အပြင် အမ်းစစ်ဆေးရေးဂိတ်၊ ကျောက်တော်မြို့နယ်ရှိ ကံစောက်စစ်ဆေးရေးဂိတ်နှင့် ရန်ကုန်-စစ်တွေကားတစ်လျှောက်ရှိ ဂိတ်အားလုံးနီးပါးတွင် စစ်ဆေးမှုများ ပိုမိုတင်းကြပ်လာနေခြင်း ဖြစ်သည်။

ဘူးသီးတောင်မြို့နယ်မှ ရသေ့တောင်မြို့နယ်ဘက်သို့ ဆက်သွယ်ထားသည့် စိုင်းဒင်တံတားပေါ်တွင် စစ်ကောင်စီက နေရာယူထားပြီး ယခင် ရခိုင်မြောက်ပိုင်း တိုက်ပွဲပြင်းထန်ခဲ့စဉ်ကတည်းက စစ်ဆေးရေးဂိတ်အဖြစ် ရှိခဲ့ခြင်းဖြစ်သည်။

ယခုအခါ ထိုတံတားကို နံနက် ၇ နာရီမှ ညနေ ၅ နာရီဝန်းကျင်ထိသာ ဖြတ်သန်းခွင့်ပေးသဖြင့် ဒေသတွင်း သုံးဘီး (တုတ်တုတ်)၊ ကား၊ ဆိုင်ကယ် စသည့် ယာဉ်များ အသုံးပြုရသည့်လုပ်ငန်း လုပ်ကိုင်သူတို့ အလုပ်အကိုင်ထိခိုက်နေကြသည်ဟု တံတားအနီး ဖုံညိုလိပ်ကျေးရွာမှ ဒေသခံတစ်ဦးက ပြောသည်။

“အဲဒီတံတားကနေဖြတ်ရင် ဆိုင်ကယ်ဘောက်တွေကို စစ်ဆေးတယ်။ မှတ်ပုံတင်တွေကို စစ်ဆေးတယ်။ အရင်တုန်းကတော့ အဲဒီလောက်မစစ်ဘူး။ အခုက အစစ်အဆေးတွေကြမ်းလာတယ်။ အရင်တုန်းကတော့ အဲဒီမှာ အင်အား ၄၀ ကျော်လောက်ရှိတာ။ အခု ၇၀ ဝန်းကျင်လောက်ရှိတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ထိုဒေသခံက ဆိုသည်။

ဘူးသီးတောင်မြို့နယ်ရှိ ဖုံညိုလိပ်၊ ဆင်သီပြင်၊ သျှသျှားတောင်၊ သရက်ပြင်၊ ကြာညိုပင်၊ ထိပ်ထူးပေါက်၊ သုံးဆယ့် တစ်ဘုံ၊ ဥယျာဉ်သာ စသည့် အဆိုပါကျေးရွာ ၈ ရွာခန့်က ထိုစိုင်းဒင်တံတားကို အသုံးပြုကာ သွားလာနေကြရသည်။

“လတ်တလောစစ်ရေးအခြေအနေကတော့ အေးဆေးလို့တော့ မြင်တယ်။ ဒါပေမဲ့ သူတို့ (စစ်တပ်) ရိက္ခာတွေ ဖြည့်နေကြတာကို‌တော့ မြင်ရတယ်။ အခုက တစ်ဖက်နဲ့တစ်ဖက် တင်းမာနေကြတယ်ဆိုတော့ လုပ်စားဖို့အတွက် အရမ်းခက်ခဲနေကြတယ်။ လုပ်ရကိုင်ရတာတွေလည်းအဆင်မပြေဖြစ်နေတယ်” ဟု အထက်ပါ ဖုံညိုလိပ်ကျေးရွာသားက ဆိုသည်။

“ကျွန်တော်တို့သွားရတာလာရတာ အရမ်းအခက်အခဲဖြစ်တယ်။ လူနာတွေရှိရင် သိပ်အရေးကြီးနေရင် အုပ်ချုပ်ရေးမှူးတွေ၊ တပ်မမှူးတွေကို ဖုန်းဆက်လို့ ပြောပြီးမှ ဖွင့်ပေးပါတယ်။ မဟုတ်ရင် ဖွင့်မပေးဘူး”

မောင်တောမြောက်ပိုင်းရှိ စစ်ဆေးရေးဂိတ်များတွင်လည်း ခရီးသည်တင်လိုင်းကားများဖြတ်ပါက ထိုဂိတ်မှပေးသော အထက်လူကြီးဖုန်းနံပါတ်ဆိုသည်ကို ကိုယ်တိုင်ဆက်၍ အသွားအပြန် သတင်းပို့ရကြောင်း မောင်တောမြောက်ပိုင်းမှ ယာဉ်မောင်းတစ်ဦးက ပြောသည်။

“သာယာကုန်းဂိတ်၊ ကြိမ်ချောင်း၊ ဌာနချုပ်ဂိတ်တွေမှာ ကားတစ်စီးဖြတ်သွားမယ်ဆိုရင် ဗျူဟာကို သတင်းပို့ရမယ်ဆိုပြီး ပြောတယ်။ ကျွန်တော်တို့ ဘယ်လိုဖြတ်ရလဲဆိုရင် သူတို့ဂိတ်က ဖုန်းနံပါတ်ပေးတယ်။ အဲဒီကို ဆက်ပြီးတော့ သတင်းပို့ရတယ်။ မောင်တောကနေ တောင်ပြိုသွားတယ် ဒီလိုဒီလိုဆိုပြီး သတင်းပို့ရတယ်” ဟု ဆိုသည်။ 

မေ ၂၅ ပလက်ဝမြို့အနီး တိုက်ပွဲအပြီး ဒေသတွင်း စစ်ရေးအခြေအနေ ပိုမိုတင်းမာနေချိန်၌ စစ်ကောင်စီတပ်က လက်နက်၊ ရိက္ခာ ဖြည့်တင်းနေသောကြောင့် တိုက်ပွဲများ ပြန်ဖြစ်လာနိုင်သည်ဟု ဒေသခံများက ယူဆကြသည်။

၂၀၁၈ နှစ်ကုန်မှစ၍ စစ်တပ်နှင့် AA တို့ တိုက်ပွဲများဖြစ်ခဲ့ပြီး ၂၀၂၀ နိုဝင်ဘာလဆန်းတွင် နှစ်ဖက်နားလည်မှုဖြင့် အပစ်ရပ်ခဲ့ကာ ၂၀၂၁ ဒီဇင်ဘာမှစ၍ ထိတွေ့တိုက်ပွဲများ ပြန်ဖြစ်လာသည်။ myanmar now

ပလက်ဝတွင် မိုင်းနင်းမိပြီး ခြေထောက်ဖြတ်လိုက်ရသည့် ခူမီးလူငယ် ၁ ဦး အကူအညီလို အပ်နေ

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ငချားကျေးရွာမှ ခူမီးတိုင်းရင်းသား လူငယ်တယောက် မြေမြှုပ်မိုင်းနင်းမိလို့ ခြေထောက်တဖက် ဖြတ်လိုက်ရပြီး  စစ်တွေဆေးရုံမှာ ဆေးကုသမှုခံယူနေရာမှာ အကူအညီလိုအပ်နေတယ်လို့ မိသားစုထံက  သိရပါတယ်။

လူနာနဲ့အတူ စစ်တွေဆေးရုံကြီးမှာ ရောက်ရှိနေတဲ့ အဒေါ်ဖြစ်သူ ဒေါ်ပေကိုက”လူနာရဲ့ ညာဘက်ခြေထောက်ဖြတ်လိုက်ရတယ်။ ဘယ်ဘက်ခြေချင်းဝတ်က ဒဏ်ရာတွေကလည်း စိုးရိမ်စရာပါ။ ခါးအောက်ပိုင်းတခုလုံး ဒဏ်ရာတွေကလည်း အများကြီးပါ။ လက်ရှိအချိန်အထိ ဘယ်အဖွဲ့အစည်းကမှ လာရောက်ကူညီတာမရှိသေးဘူး။ အကူအညီက လိုအပ်နေပါတယ်”လို့ ပြောပါတယ်။

အသက်၂၀ အရွယ် ခူမီးလူမျိုး  ကိုအောင်အောင်ဦးဟာ မေလ ၂၉ ရက် ညနေပိုင်း ၃ နာရီလောက်က  မီးကျောင်းတောင်မှာ တောင်ယာခုတ်ပြီး နေအိမ်သို့ ပြန်လာရာမှာ မြေမြှုပ်မိုင်း နင်းမိလို့ ညာဘက်ခြေချင်းဝတ်အောက် ပြတ်ဒဏ်ရာရရှိကာ ခြေထောက်ဖြတ်လိုက်ရတာပါ။

ဒဏ်ရာပြင်းထန်ရလာတဲ့ သူ့ကို မြန်မာနိုင်ငံကြက်ခြေနီအသင်း စက်လှေနဲ့ ကျောက်တော်သို့ သယ်ဆောင်လာပြီး ကျောက်တော်ကတဆင့်  စစ်တွေသို့ ဖြူစင်မေတ္တာ အရေးပေါ်ကယ်ဆယ်ရေးယာဉ်နဲ့ သယ်ဆောင်လာခဲ့တာဖြစ်ပါတယ်။

ရခိုင်တိုက်ပွဲတွေမှာ ဒဏ်ရာရသူတွေကို ကူညီပေးနေတဲ့ စစ်တွေ ဒေသခံတယောက်က “ဒီလိုကျည်ထိ၊ မိုင်းထိသူတွေကို အများအားဖြင့် နိုင်ငံ တကာကြက်ခြေနီအဖွဲ့ ICRCက ကူညီထောက်ပံ့ရတာ။ မောင်တောမှာ ဒီနေ့ ဓားပြတိုက်ခံရသူကို ICRC က တာဝန်ရှိတွေ လာတွေ့တယ်။ ဆေး ကုသလို့ ကုန်ကျမှုအပြင် စားသောက်ရေးပါ။ အားလုံးသူတို့ တာဝန်ယူတယ်လို့ သိရတယ်။ အခုလို ခြေထောက်ဖြတ်လိုက်ရတဲ့ လူနာကျတော့ လာရောက်စာရင်း ရယူဖို့ လာကြည့်တာတောင် မရှိတာကတော့ နည်းနည်းလိုအပ်ချက်တွေရှိနေတယ်”လို့ ပြောပါတယ်။

လက်ရှိ စစ်တွေဆေးရုံသို့ လူနာစောင့်တွေအဖြစ်   ကိုအောင်အောင်ဦးရဲ့ မိခင်အပါအဝင်လူနာစောင့် ၃ ယောက် လိုက်ပါလာကြပြီး စားသောက် ရေးနဲ့ ဆေးကုသရေးအတွက် အကူအညီလိုအပ်နေကြတယ်လို့ သိရပါတယ်။ DVB

သေ့ဘောဘိုးစခန်းကို သိမ်းယူနိုင်ခဲ့သည့် မ ဟာမိတ်ပူးပေါင်းတပ်ဖွဲ့ထံ NUG ဂုဏ်ပြုသဝဏ်လွှာပေးပို့

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီတောင်ပိုင်း လေးကေ့ကော်ဒေသ ဝေါလေ-မြဝတီလမ်းမပေါ်ရှိ စစ်ကောင်စီအခြေစိုက် သေ့ဘောဘိုးစခန်းကို KNLA,KNDO,PDFပူးပေါင်းတပ်ဖွဲ့က မေလ၁၈ ရက်နေ့တွင် တိုက်ခိုက်သိမ်းယူနိုင်သည့်အတွက် ဂုဏ်ပြုသဝဏ်လွှာပေးပို့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန အမျိုးသားညီညွတ်ရေးအစိုးရမှ ထုတ်ပြန်ထားသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၆) တည်ရှိရာ ဒူးပလာယာခရိုင်၊ တောင်ပိုင်းစစ်ဒေသတွင် KNU၊ KNLA၊ KNDO၊ PDF နှင့် အခြားမဟာမိတ်အင်အားစုများပါဝင်သော တော်လှန်ရေးပူးပေါင်းအဖွဲ့သည် ၂၀၂၁ခုနှစ်၊ ဒီဇင်ဘာလ ၁၅ရက်၊ လေးကေ့ကော်တိုက်ပွဲမှ စ တင်၍ ခုခံတွန်းလှန်စစ်ကို ဆင်နွှဲလာရာ ယနေ့အထိ ရန်သူ့စခန်း သုံးခုနှင့်ရန်သူ့လက်နက် အမြောက်အမြားကို လက်ရသိမ်းပိုက်နိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။

ထိုတိုက်ပွဲအတွင်း ၂၀၂၂ခုနှစ်၊ မေလ ၁၈ ရက်တွင် ရန်သူက အနှစ် ၃၀ ကျော် သိမ်းပိုက်ထားခဲ့သော သေ့ဘောဘိုးစခန်းကို ပြန်လည်သိမ်းယူနိုင်ခဲ့သည်မက ရန်သူလက်နက်မျိုးစုံ ၁၅ လက်၊ ကျည်မျိုးစုံ ၇,၀၀၀ ကျော်ကိုပါ လက်ရသိမ်းဆည်းနိုင်ခဲ့ကြောင်း စစ်အာဏာရှင်ဆန့်ကျင်တိုက်ဖျက်ရေး ပြည်သူ့ခုခံတွန်းလှန်စစ်ကို ရွပ်ရွပ်ချွံချွံ ဆင်နွှဲလျက်ရှိသော KNU၊ KNLA၊ KNDO၊ PDF နှင့် အခြားမဟာမိတ်အင်အားစုများပါဝင်သော ပူးပေါင်းအဖွဲ့၏ ထူးချွန်ပြောင်မြောက်သည့် စစ်ရေးစွမ်းဆောင်မှုကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် အထူး ဂုဏ်ပြုအပ်ပါသည်ဟု ဖော်ပြထားသည်။ mizzima

အာဆီယံ၏ မြန်မာနိုင်ငံအပေါ် လူသားချင်းစာနာထောက်ထားမှု အကူအညီများကို စစ်ကောင်စီမှတဆင့် ပံ့ပိုးသွားမည်ဟု ဆုံးဖြတ်သည့်အပေါ် လက်ခံနိုင်ဖွယ်မရှိကြောင်းနှင့် UN၊ အာဆီယံနှင့် အလှူရှင်များကို NUGနှင့် ERO သုံးဖွဲ့က အချက် ၇ ချက် ထုတ်ပြန်တောင်းဆို

ကမ္ဘောဒီးယားနိုင်ငံတွင်ပြုလုပ်ခဲ့သော အာဆီယံ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်း အစည်းအဝေးတွင် စစ်ကောင်စီမှတဆင့် အကီူအညီများကို ပံ့ပိုသွားမည်ဟု ဆုံးဖြတ်ခဲ့သည့်အပေါ် လက်ခံနိုင်ဖွယ်မရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG နှင့် က ရင်နီ KNPP၊ ကရင် KNU၊ ချင်း CNF တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များက ယနေ့ မေလ ၃၀ ရက်နေ့တွင် ပူးတွဲထုတ်ပြန်လိုက်သည်။

အဆိုပါ ဆုံးဖြတ်ချက်သည် အကြမ်းဖက်စစ်တပ်က စစ်ဘေးရှောင်စခန်းများကို ဗုံးကြဲတိုက်ခိုက်ခြင်း၊ မြို့ရွာများအား မီးရှို့ဖျက်ဆီးခြင်းများကို ကန့်ကွက်တားဆီးခြင်းပြုပြီး စစ်ကောင်စီက လက်ရှိ ကျူးလွန်နေသော အကြမ်းဖက်မှုများကို ဖုံးကွယ်ရန်ကြိုးစားမှုနှင့်အတူ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို စစ်ကောင်စီက လက်နက်သဖွယ် အသုံးပြုရန် ဖြစ်လာစေသည်ဟု ဖော်ပြထားသည်။

ဤလုပ်ဆောင်မှုသည် အာဆီယံ သဘောတူညီချက် ၅ ချက်မှ အချက်တစ်ချက်ကို ဆောင်ရွက်ရေးအတွက် အားပေးမြှင့်တင်မှု မဟုတ်ဘဲ လွဲမှားစွာ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ရက်စက်ကြမ်းကြုတ်သည့် ရာဇဝတ်မှုများကို ကျူးလွန်နေသည့် စစ်ကောင်စီ၏ လုပ်ရပ်များအား လက်ရဲဇက်ရဲ ထပ်မံကျူးလွန်လာစေရန် အားပေးပြီး အာဆီယံ သဘောတူညီချက်အားလုံးကို အဖတ်ဆယ်မရအောင် အကျိုးသက်ရောက်မည်ဖြစ်ကြောင်း NUG နှင့် တိုင်းရင်းသားတော်လှန်ရေး ၃ ဖွဲ့က ပူးတွဲထုတ်ပြန်သည်။

ပူးတွဲထုတ်ပြန်ချက်တွင် နိုင်ငံတကာ ကြက်ခြေနီကော်မတီ ICRC ကို ချန်လှပ်ထားပြီး မြန်မာ့ကြက်ခြေနီအသင်း MRCS ကို ထည့်သွင်းလာခြင်းမှာ NUG နှင့် တိုင်းရင်းသားတော်လှန်ရေး အဖွဲ့များကို များစွာ မပြောလည်မှုနှင့် စိတ်အနှောင့်အယှက်ဖြစ်စေကြောင်း ဆိုထားသည်။

NUG နှင့် တိုင်းရင်းသားတော်လှန်ရေး အဖွဲ့ ၃ ဖွဲ့၏ ထုတ်ပြန်ချက်တွင် အချက် ၇ ချက်ကို တောင်းဆိုထားပြီး စစ်ကောင်စီမှ သတ်မှတ်ထားသည့် ဒေသများအတွက်သာ အကျိုးရှိစေရန် ဒီဇိုင်းဆွဲထားသည့် လုပ်ငန်းစဉ်ကို ဆက်လက်ဆော်ရွက်ခြင်းမပြုရန်နှင့် လုပ်ငန်းအစီအစဉ်ကို ချက်ချင်း ပြန်လည်ရေးဆွဲရန်၊ ဖြစ်စဉ်တွင် ပါဝင်နေသည့် သက်ဆိုင်သူအားလုံးကို ထည့်သွင်းရန်၊ ကုလသမဂ္ဂနှင့် အာဆီယံ အထူးသံကိုယ် စားလှယ်အပါအဝင် အာဆီယံအပြင် (ASEAN Plus) ချဉ်းကပ်သည့် နည်းလမ်းကို ထည့်သွင်းစဉ်းစားရန် တောင်းဆိုထားသည်။

ယင်းအပြင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို နယ်စပ်ဖြတ်ကျော် ပံ့ပိုးနိုင်သည့် သဘောတူညီချက်မှတဆင့် လုပ် ဆောင်ရန် UNOCHA နှင့် နိုင်ငံတကာကြက်ခြေနီကော်မတီ ICRC တို့ကို တိုင်းရင်းသားအဖွဲ့ ၃ ဖွဲ့နှင့် NUG က တိုက်တွန်းထားသည်။

အလွန်အမင်းအကူအညီလိုအပ်နေသော နေရာများကို အရေးပေါ်အကူအညီ ရောက်ရှိရန် ကာလတို လူသားချင်းစာနာထောက်ထားမှု စင်္ကြံ ထူထောင်ခြင်းခွင့်ပြုရန် အာဆီယံ၊ အန္ဒိယ၊ ထိုင်းနိုင်ငံများနှင့် ဆွေးနွေးရာတွင် UN နှင့် ICRC တို့က ကြားဝင် ဆောင်ရွက်ပေးရန်၊ လူသားချင်းစာနာထောက်ထားမှု အကူအညီများကို စစ်ကောင်စီက ဝင်ရောက်စွက်ဖက်မှု မရှိစေရေး အထူးအလေးထားလုပ်ဆော်ငရန်၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ဆွေးနွေးရန်နှင့် လေ့လာစောင့်ကြည့်ရန်အတွက် တတိယအစုအဖွဲ့မှ ပါ ဝင် လုပ်ဆောင်ပေးရန် NUG၊ KNPP၊ KNU၊ CNF တို့က ပူးတွဲထုတ်ပြန် တောင်းဆိုထားသည်။ khit thit

ဘူးသီးတောင်မြို့နယ် ညောင်ချောင်းစျေးမီးလောင်၊ ကျပ်သိန်းထောင်ချီဖိုး ပျက်စီး ဆုံးရှုံး

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ ညောင်ချောင်းစျေး မေ ၃၀ ရက် မနက် ၂ နာရီ လောက်မှာ မီးလောင်မှုဖြစ်ခဲ့ပြီး စျေးဆိုင်ခန်း ၂၆ လောက်နဲ့ ကုန်တန်ဖိုး ကျပ် သိန်း ၁၀၀၀ ကျော်ဖိုးလောက် ဆုံးရှုံးသွားတယ်လို့ စျေးတာဝန်ရှိသူတွေနဲ့ ဈေးသည်တွေထံက သိရပါတယ်။

ညောင်ချောင်းကျေးရွာဒေသခံစျေးဆိုင်ပိုင်ရှင်တဦးက “မီးလောင်တဲ့ဆိုင်တွေက ဆန်ဆိုင်တွေ၊ ကုန်စုံဆိုင်တွေ ၂၀ လောင်ပါသွားတယ်။ ပန်းပဲဆိုင်က ၆ ဆိုင်၊ ဆုံးရှုံးမှု တန်ဖိုးက အားလုံးသိန်း တစ်ထောင်ကျော်နိုင်တယ်။ ကုန်စုံဆိုင်နဲ့ ဆန်ဆိုင်တွေက ဆုံးရှုံးမှု များမယ်”လို့ ပြောပါတယ်။

စျေးမီးလောင်မှုမှာ ဒီမနက် ၂ နာရီကျော်လောက်မှာ စတင် မီးလောင်တာဖြစ်ပြီး ခရီးဝေးတဲ့ အတွက် မီးသတ်ကားအချိန်မီ မရောက်နိုင်တာကြောင့် အနီးအနားရှိ ကျေးရွာတွေက ကိုယ်ထူကိုယ်ထ ဝိုင်းဝန်း မီးငြှိမ်းသတ်လိုက်ကြတာကြောင့်  မနက်အာရုံ ၃ နာရီကျော်မှာ မီးငြိမ်းသွားပါတယ်။

“ဘူးသီးတောင်က မီးသတ်ကားတွေ ရောက်လာဖို့ နာရီဝက်လောက် ကြာနိုင်တယ်။ အားလုံး ရွာသူ ရွာသားတွေ ဝိုင်းဝန်းပြီး မီးငြှိမ်းနိုင်ခဲ့တာ။ မဟုတ်ရင် တဈေးလုံး ပါသွားမှm” လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

ဘူးသီးတောင်မြို့နဲ့ ညောင်ချောင်းကျေးရွာဟာ ၁၂ မိုင်ကွာဝေးတာကြောင့် မီးသတ်ကားတွေ အချိန်မီ ရောက်မလာနိုင်ခဲ့ဘူးလို့ ဒေသခံတွေထံက ပြောပါတယ်။

လက်ရှိမီးလောင်မှုဖြစ်ရသည့်အကြောင်းအရင်းကို ညောင်ချောင်း နယ်ခြားစောင့် ရဲတပ်ဖွဲ့တွေက စုံစမ်းစစ်ဆေးနေ​တယ်လို့  မောင်တောခရိုင် မီးသတ်ဦးစီးဌာနကနေ သိရပါတယ်။

ညောင်ချောင်းဈေးမှာ ဆိုင်ခန်းပေါင်း ၃၀၀ ကျော်ရှိပြီး ကျေးရွာပေါင်း ၁၀ လောက်က ဒေသခံတွေ မှီခို စျေးရောင်းချနေကြရတဲ့ စံပြဈေးတဈေးလည်း ဖြစ်ပါတယ်။ DVB

« Older Entries