Monthly Archives: May 2022

စစ်ကောင်စီကိုငွေကြေးထောက်ပံ့သည့် ကျိုက်ထိုမြို့က လုပ်ငန်းရှင် ၄ ဦး သတိပေးခံရ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ စစ်ကောင်စီထံ ငွေကြေး ထောက်ပံ့နေတဲ့ လုပ်ငန်းရှင် ၄ ဦးကို ကျိုက်ထိုတော်လှန်ရေး အင်အားစု KRF က မေ ၃၀ ရက်မှာ စာပေးပို့ သတိပေးလိုက်ပါတယ်။

သတိပေးခံထားရတဲ့သူ‌တွေထဲမှာ ကျိုက်ထီးရိုး တောင်တက်မော်တော်ယာဉ် လုပ်ငန်းရှင် ၂ ဦးနဲ့ စားသောက်ဆိုင် လုပ်ငန်းရှင် ၂ ဦးပါဝင်ပြီး ဘယ်သူဘယ်ဝါဆိုတာတော့ ထုတ်ပြန်ထားတာ မရှိပါဘူး။

သတိပေးထားတဲ့ လုပ်ငန်းရှင်တွေဟာ စစ်ကောင်စီကို ငွေကြေးထောက်ပံ့တာ၊ ပူးပေါင်းဆောင်ရွက်တာ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ သတင်းတွေကို စစ်ကောင်စီထံ ပေးပို့ တာတွေ လုပ်ဆောင်နေတယ်လို့ ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF တာဝန်ခံက ပြောပါတယ်။

သတိပေးထားတဲ့ လုပ်ငန်းရှင်တွေအနေနဲ့အာဏာသိမ်း စစ်ကောင်စီနဲ့ ဆက်လက် ပူးပေါင်း ဆောင်ရွက်နေမယ်ဆိုရင် စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်သွားမှာဖြစ်ကြောင်းနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေကို လုံးဝ ရပ်တန်ဖို့ သတိပေးထားပါတယ်။

ဒေသခံတွေအဆိုအရ ကျိုက်ထိုမြို့နယ်အတွင်းက စီးပွားရေးလုပ်ငန်းတချို့ဟာ စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်နေသလို တချို့လုပ်ငန်းရှင်တွေက စစ်ကောင်စီနဲ့ လုံခြုံရေး ကင်းလှည့် လုပ်ငန်းစဉ်တွေမှာပါ ပါဝင်လာကြတယ်လို့ ဆိုကြပါတယ်။

ကျိုက်ထိုမြို့နယ်မှာတော့ စစ်တပ်အာဏာသိမ်းတဲ့ကာလအတွင်း စီးပွားရေးလုပ်ငန်းရှင် အယောက် ၂၀ ထက်မနည်း ဖမ်းဆီးခံရထားရပြီး အ များစုကတော့ ပြန်မလွတ်သေးပါဘူး။ DVB

အကြမ်းဖက်စစ်တပ်က ထန်တလန်ကို ၂၈ ကြိမ်မြောက် မီးတင်ရှို့၊ ၉ လအတွင်း အများပြည်သူနေအိမ် ၁,၂၀၀ ကျော် မီးလောင်ပြာကျ

ချင်းပြည်နယ်၊ ထန်တလန်မြို့တွင် ကျူးကျော်တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီက ၂၀၂၁ ခုနှစ် စက်တင်ဘာလမှစ၍ ထန်တလန်မြို့ကို ၂၈ ကြိမ် မီးရှို့ဖျက်ဆီးခဲ့ကာ ၉ လအတွင်း အများပြည်သူနေအိမ် စုစုပေါင်း ၁,၂၀၈ အိမ် မီးလောင်ပြာကျခဲ့ကြောင်း ထန်တလန်မြို့ ပြန် လည်နေရာချထားရေး ဒေသခံကော်မတီ TPAC က သတင်းထုတ်ပြန်သည်။

မေလ ၂၄ ရက်နှင့် ၂၆ ရက်နေ့တွင် အကြမ်းဖက်စစ်တပ်က ၂၈ ကြိမ်မြောက် မီးရှို့ဖျက်ဆီးရာတွင် နေအိမ် ၁၃၅ လုံး မီးလောင်ပျက်စီးခဲ့ခြင်းဖြစ်သည်။

မေလ ၂၇ ရက် ညနေပိုင်းတွင် ထန်တလန်မြို့ရှိ စစ်ကောင်စီတပ်စခန်းနှင့် ရဲစခန်းများကို ချင်းပူးပေါင်းတပ်ဖွဲ့က ၄ နာရီကြာ ဝင်ရောက်တိုက် ခိုက်ခဲ့ပြီး စစ်သား ၆ ဦးသေဆုံးကာ အများအပြား ဒဏ်ရာရသွားကြောင်း CDF-ထန်တလန်က သတင်းထုတ်ပြန်ထားသည်။

ထန်တလန်မြို့တွင် လူဦးရေ ၁၀,၀၀၀ ဝန်းကျင်နေထိုင်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်၏ ရမ်းသန်းပစ်ခတ်မှု၊ မီးရှို့ဖျက်ဆီးမှုများကြောင့် မြို့လုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေကြရသည်။ khit thit

မြောင်မြို့နယ် မီးတောက်တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၂ ဦး သေ၊ ကာကွယ်တပ်ဖွဲ့ဝင် ၁ ဦးကျဆုံး

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ရှိ ကျေးရွာများကိုမီးရှို့ကာ တမဆေးကန်ကျေးရွာတွင် တပ်စွဲနေသော အင်အား ၁၀၀ ကျော်ရှိသည့် စစ်ကောင်စီတပ်အား ဒေသခံကာကွယ်ရေးမဟာမိတ်အဖွဲ့များမှ တိုက်ခိုက် ခဲ့ရာ စစ်ကောင်စီတပ်သား အနည်းဆုံး ၁၂ ဦးသေဆုံးကာ ငါးဦးမှာ ပြင်းထန်ဒဏ်ရာရရှိသွားကြောင်း MSPDFက ထုတ်ပြန်သည်။

တိုက်ခိုက်မှုတွင် စစ်ကိုင်းခရိုင်အမှတ်(၄)တပ်ရင်း-MSPDF မှ ရဲဘော်တစ်ဦးကျဆုံးကာ ထိခိုက်ဒဏ်ရာ ရသူ ရှစ်ဦးရှိကြောင်း MSPDF ၏ ယမန်နေ့ညကထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့မှာ မေလ ၂၉ ရက်နေ့တွင် မကျည်းကန်ရွာ(ဒေသအခေါ်-တမဆေးကန် အနောက်ရွာ)အား မီးတင်ရှို့ကာ တမဆေးကန်ကျေးရွာ(အရှေ့ရွာ)သို့ ဆက်လက်ထွက်ခွာချိန် ကာကွယ်ရေးတပ်ဖွဲ့များမှ ရွာ၏အရှေ့ဘက်၊ တောင်ဘက်နှင့် မြောက်ဘက်တို့တွင် နေရာယူ၍ အချိန် နှစ်နာရီခန့်ကြာအောင် တိုက်ခိုက်ခဲ့ကြသည်။ ယင်းတိုက်ပွဲကို ကာကွယ်ရေးတပ်ဖွဲ့များက “မီးတောက်တိုက်ပွဲ” ဟု အမည်ပေးထားသည်။

“သူတို့ကမီးရှို့ပြီး အရှေ့ရွာကို တစ်ခါထဲကူးတာ။ အရှေ့ရွာနဲ့အနောက်ရွာက ပြောရမယ်ဆိုရင် လယ်ကွက် သုံးကွက်ပဲခြားတာ။ သူတို့ အ နောက်ရွာကိုရှို့ပြီးလို့ အရှေ့ရွာကိုကူးနေတဲ့အချိန်မှာ ကျနော်တို့က တစ်ခါထဲလူစုပြီးသွားပြီ။ အရှေ့ရွာနဲ့ အနောက်ရွာကြားမှာ စာသင် ကျောင်းနဲ့ ဘုရားကြီးရှိတယ်။ ကျနော်တို့လူတွေ ဘုရာဝင်းထဲမှာက အယောက် ၄၀ တစ်ဖွဲ့၊ စာသင်ကျောင်းထဲမှာက ကျနော် ဦးဆောင်တဲ့အယောက် ၂၀ တစ်ဖွဲ့။ နှစ်ဖွဲ့လုံးမှာ လက်နက်ကြီးကိုယ်စီပါတယ်။ ၄၀ မမ တစ်လက်၊ RPG တစ်လက်၊ စနိုက်ပါနဲ့ တာဝေးပစ်တွေပါတယ်” ဟု MSPDF အဖွဲ့ တာဝန်ခံ ရဲဘော်မုန်တိုင်းက ပြောသည်။

တမဆေးကန်အရှေ့ရွာ၏ မြောက်ဘက်တွင် MSPDF အဖွဲ့ဦးဆောင်ကာ နေရာနှစ်ခုခွဲ၍ တိုက်ခိုက်ခဲ့ပြီး တောင်ဘက်တွင် Burmese Guerrilla Force- BGF နှင့် အရှေ့ဘက်တွင် Myaung Revolution Army- MRA တို့မှ အသီးသီးနေရာယူကာ တိုက်ခိုက်ခဲ့ကြောင်း ၎င်းထံမှ သိရသည်။

“အရင်ဆုံး တောင်ဘက်ခြမ်းကနေ လက်နက်ကြီး သုံးလုံးပစ်ခိုင်းလိုက်တယ်။ ကျွန်တော်တို့ရှိတဲ့ မြောက် ဘက်ကို ထွက်လာစေချင်လို့။ အဲဒီမှာ ၁၅ မိနစ်လောက်နေတော့ ထင်တဲ့အတိုင်း တကယ်ထွက်လာတယ်။ အကိုတို့က နေရာယူထားပြီးသား။ သူတို့ထွက်လာတော့ ရှေ့ပြေး ၁၅ ယောက် အရင်ထွက်လာတယ်။ အဲဒီကောင်တွေ ကျွန်တော်တို့နဲ့ ပေ ၂၀၊ ၃၀ လောက်ပဲခြားတဲ့အထိကပ်လာတော့မှ ကျွန်တော်တို့ ထပစ်တာ အယောက် ၆၀ လောက်အားနဲ့။ အဲ့မှာ အဲ့ကောင်တွေအကုန်မှောက်သွားတယ်ဗျာ။ ဒါပေမယ့် အဲ့ထဲက တစ်ယောက်ကတော့ သေချင်ယောင်ဆောင်ပြီး ပြီးမှထပြေးလို့ လွတ်သွားတယ်။ အဲဒီတုန်းက ကျွန်တော်တို့ အသာရနေတာ။ သူတို့ဘက်ကပစ်တဲ့ လက်နက်ကြီးတွေကလည်း အစက ကျွန်တော်တို့ကို မထိဘူးချော်ချော်ကျတယ်” ဟု ၎င်းက ဆက်ပြောသည်။

သို့သော် တိုက်ပွဲကြာချိန်တစ်နာရီကျော်လာသည့်အခါ ကာကွယ်ရေးတပ်ဘက်မှ ခဲယမ်းအင်အား လျော့ နည်းလာချိန် စစ်ကောင်စီဘက်မှ လက်နက်ကြီးများဖြင့်တရစပ်ပစ်ခတ်ရာ စာသင်ကျောင်းထဲသို့ လက်နက်ကြီးကျရောက်ပြီး စစ်ကိုင်းခရိုင်အမှတ်(၄) တပ်ရင်းမှ ရဲဘော်တစ်ဦးကျဆုံးခဲ့ရပြီး ခြောက်ဦး ဒဏ်ရာရခဲ့သည်။ ထို့အပြင် မဟာမိတ်အဖွဲ့ဖြစ်သည့် ချောင်းဦးမြို့နယ်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့-CHUPDFမှ တစ်ဦးနှင့် မြင်းခြံအဖွဲ့မှ တစ်ဦးလည်း ထိခိုက်ဒဏ်ရာရသွားသည်။

“တိုက်ပွဲမှာ ဒါပထမဆုံး။ ဒဏ်ရာလည်းရတယ်။ အကိုတို့ရဲဘော်တစ်ယောက်လည်း ကျဆုံးသွားတယ်။ သူတို့လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်တော့ ဘယ်လိုမှတောင့်ခံလို့မရတော့လို့ ထိသွားတဲ့ကလေးတွေ ထမ်းပြီး အကိုတို့ပြန်ဆုတ်ခဲ့ရတယ်။ နာရီဝက်လောက်နေတော့ လေယာဥ်လာတယ်” ဟု အဖွဲ့တာဝန်ခံ ရဲဘော်မုန်တိုင်းက ပြောသည်။

အဆိုပါ “မီးတောက်တိုက်ပွဲ”မှာ မေလ ၂၉ ရက် မွန်းလွဲ ၃ နာရီမှ ၅ နာရီ ခန့်အထိ ကြာမြင့်ခဲ့သည်။ ထို့နောက် ညနေ ၅ နာရီခွဲအချိန်ခန့်တွင် စစ်ကောင်စီလေယာဥ်တစ်စီး ရောက်လာကာ တမဆေးကန် ကျေးရွာနှင့် အနီးဝန်းကျင်အား လေကြောင်းမှပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်းသိရသည်။

မြေပြင်ရှိ စစ်ကောင်စီတပ်မှာ ကျေးရွာတွင်း ၎င်းတို့၏ကျဆုံးစစ်ကောင်စီတပ်သားများ၏ ရုပ်အလောင်း ကို မီးရှို့ထားခဲ့ရာ မီးလောက်ကျွမ်းနေသည့် ရုပ်အလောင်း ၁၂ လောင်းအား ကာကွယ်ရေးတပ်ဖွဲ့များက တွေ့ရှိခဲ့ကြောင်းလည်း ရဲဘော်မုန်တိုင်းက ပြောပြသည်။

ယင်းနောက် ကျန်စစ်ကောင်စီတပ်သားများမှာ ကျားအိုကျေးရွာသို့ ဆုတ်ခွာကာ ဆေးကုသမှုခံယူလျှက် ရှိရာ ဒဏ်ရာပြင်းထန်သည့် နောက် ထပ်ငါးဦးထပ်မံကျဆုံးကြောင်း ကြားသိရသော်လည်း သီးခြားအတည် ပြု နိုင်ခြင်းမရှိပေ။

ယနေ့ မေလ ၃၁ ရက်တွင်မူ အဆိုပါစစ်ကောင်စီတပ်မှာ ပရိမ္မကျေးရွာသို့ ရောက်ရှိနေပြီဖြစ်သည်ဟု သိရ သည်။

အဆိုပါ “မီးတောက်တိုက်ပွဲ”အား စစ်ကိုင်းခရိုင် အမှတ်(၄) တပ်ရင်း-MSPDF ၊ ချောင်းဦးမြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့- CHUPDF၊ Natogyi Regional Defense Force(NRDF)၊ N-YSO ပြောက်ကျားတပ်ဖွဲ့၊ Burmese Guerrilla Force(မြင်းခြံ)၊ မြင်းခြံခရိုင်တပ်ရင်း(၁)-27 Revolution Forces၊ မြင်းခြံခရိုင်တပ်ရင်း (၃)၊ Myaung Revolution Army(MRA) နှင့် Myaung T.G.R People Defense Force တို့မှ ပူး ပေါင်း လုပ်ဆောင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။ mizzima

လွိုင်ကော်နှင့် ပတ်ဝန်းကျင်ရှိ စစ်ဘေးရှောင်များအတွက် WFP က စားနပ်ရိက္ခာဖြန့်ဝေ

ကရင်နီ (ကယား) ပြည်နယ်၊ လွိုင်ကော်မြို့နဲ့ အနီးတဝိုက်က စစ်ဘေးပဋိပက္ခဒဏ်သင့်ပြည်သူ ၈၀,၀၀၀ အတွက် စားနပ်ရိက္ခာနဲ့ အာဟာရ အထောက်အပံ့တွေကို ဖြန့်ဝေပေးနေပြီလို့ ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဥ် (WFP) ရဲ့ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်က ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းတွေကပဲ ရှမ်းပြည်တောင်ပိုင်းကို ရောက်နေတဲ့ ကရင်နီ စစ်ဘေးရှောင် ပြည်သူတွေကို စာနပ်ရိက္ခာ ကူညီပြီးနောက်မှာ အခုတော့ လွိုင်ကော်မှာလည်း ထောက်ပံ့ကူညီနေတာပါ။

WFP ရဲ့ ဌာနေကိုယ်စားလှယ်က Mr. Stephen Anderson က “လက်ရှိအချိန် အခုမေလအထိ ရှမ်းပြည်နယ်တောင်ပိုင်းမှာရှိတဲ့ နေရပ်စွန့်ခွာလာရတဲ့သူ ၇,၀၀၀ လောက်ကို စားနပ်ရိက္ခာနဲ့ အာဟာရအထောက်အပံ့တွေ ဖြန့်ဝေပြီးသွားပါပြီ။ မကြာသေးမီ ရက်သတ္တပတ်တွေနဲ့ လပိုင်းတွေ အတွင်းမှာ WFP ဟာ ချင်းပြည်နယ်၊ မင်းတပ်၊ မကွေးတိုင်း ကျောက်ထုနဲ့ မကြာသေးမီကဆိုရင် ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေ၊ ပင်းတယ၊ တောင်ကြီးမြို့နယ်တွေ၊  ကယားပြည်နယ် လွိုင်ကော် စတဲ့ ပဋိပက္ခထိခိုက်မှု ပြင်းထန်တဲ့ ‌နေရာဒေသတွေဆီ သွားရောက်ကူညီခွင့် ရရှိခဲ့ပါတယ်။ အခုဆိုရင် ကယားပြည်နယ် လွိုင်ကော်မြို့နဲ့ အနီးတဝိုက်က ပဋိပက္ခဒဏ်သင့် ပြည်သူ ၈၀,၀၀၀ အတွက် စားနပ်ရိက္ခာနဲ့ အာ ဟာရအထောက်အပံ့တွေကို  ဖြန့်ဝေပေးနေပါပြီ” လို့ ဒီဗွီဘီကို ပြောပါတယ်။

လတ်တလောဖြစ်နေတဲ့ ပဋိပက္ခဒဏ်ကြောင့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသူတွေ၊ ကာလကြာရှည် နေရပ်စွန့်ခွာ နေထိုင်နေကြရသူတွေ၊ နိုင်ငံရေးနဲ့ စီးပွားရေး အကျပ်အတည်းတွေကြောင့် အသက်မွေးဝမ်းကျောင်းနဲ့ စားဝတ်နေရေး အခြေအနေ ထိခိုက်ခဲ့ရတဲ့ မြို့ပြနေ ဆင်းရဲနွမ်းပါးသူတွေကို အဓိကကူညီထောက်ပံ့တာဖြစ်ပြီး အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ အများစု ပါဝင်တယ်လို့ ဆိုပါတယ်။

ဒီလို ကူညီခွင့်ရဖို့ စစ်ကောင်စီနဲ့ တလခွဲလောက် ညှိနှိုင်းခဲ့ရပြီးမှ ခွင့်ပြုချက်ရခဲ့တာလို့လည်း သူက ဆိုပါတယ်။

“ကျနော်တို့ ရှမ်းပြည်နယ်တောင်ပိုင်းမှာ စားနပ်ရိက္ခာ ဖြန့်ဝေမှုစတင်ဖို့ကို ရက်သတ္တပတ် ၆ ပတ်လောက် အကျေအလည် ညှိနှိုင်းပြီးတဲ့နောက် ဒီနှစ် မတ်လကပဲ ခွင့်ပြုချက်ရရှိခဲ့ပါတယ်။ အခုရရှိထားတဲ့ သွားရောက်ကူညီခွင့်ကို ရေရှည်ရရှိမယ်လို့ ကျနော်တို့အနေနဲ့ မျှော်လင့်ပါတယ်။ ပဋိပက္ခဖြစ်ပွားနေတဲ့ တခြားနေရာတွေက ထိခိုက်လွယ်သူတွေနဲ့ စားနပ်ရိက္ခာ လိုအပ်ချက်ရှိနေတဲ့ သူတွေဆီကိုလည်း အခုလိုမျိုး ထောက်ပံ့တာတွေကို ပေးအပ်နိုင်ခွင့်ရဖို့ ကျနော်တို့ မျှော်လင့်ပါတယ်။”

လူတယောက်ရဲ့ နေ့စဉ် ကယ်လိုရီ လိုအပ်ချက်နဲ့ ကိုက်ညီအောင် တွက်ချက်ထားတဲ့ ဆန်၊ ပဲမျိုးစုံ၊ ဆီနဲ့ ဆား ပါဝင်တဲ့ အခြေခံရိက္ခာ တလစာစီ ထောက်ပံ့တာဖြစ်ပြီး အသက် ၅ နှစ်အောက် ကလေးငယ်တွေ၊ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေအတွက်ကတော့အာဟာရချို့တဲ့မှု အန္တရာယ် ကနေ ကာကွယ်နိုင်ဖို့ အာဟာရမှုန့်တွေကိုလည်း ပံ့ပိုးပေးတယ်လို့ သူက ပြောပါတယ်။

“WFP အနေနဲ့ နေရပ်စွန့်ခွာလာရသူတွေဟာ ကယားပြည်နယ်မှာရှိတဲ့ သူတို့နေရပ်မှာ ပြန်လည် အခြေချနိုင်အောင် ပံ့ပိုးကူညီပေးနိုင်ဖို့နဲ့ သူတို့အနေနဲ့ ဘေးကင်းတယ်လို့ခံစားရတဲ့အချိန်ကျရင် ကိုယ့်ခြေထောက်ပေါ် ကိုယ် ရပ်တည်နိုင်အောင် ကူညီပေးဖို့ ကတိကဝတ်ပြုပါတယ်။ တချိန်တည်းမှာပဲ နိုင်ငံအနှံ့ နေရာဒေသအသီးသီးမှာ နေရပ်စွန့်ခွာတိမ်းရှောင်နေရသူတွေ တိုးပွားလာပြီး လူသားချင်းစာနာမှု အကျပ်အတည်းဟာ ကြီးထွားလာနေပါတယ်။ နေရပ်စွန့်ခွာ တိမ်းရှောင်နေရသူတွေနဲ့ ထိခိုက်ခံစားခဲ့ရသူ အများစုဆီကို လူသားချင်းစာနာမှု အကူအညီတွေ ရောက်ရှိနိုင်ခြင်းမရှိသေးပါဘူး” လို့လည်း သူက ဆက်ပြောပါတယ်။

WFP ဟာ ၂၀၂၀ ခုနှစ်က မြန်မာနိုင်ငံမှာ လူပေါင်း ၁ သန်းကို ကူညီထောက်ပံ့ပေးအပ်ခဲ့ရာကနေ မနှစ်က လူ ၃ သန်းနီးပါးအထိ တိုးမြှင့်ပံ့ပိုးကူ ညီ နိုင်ခဲ့ပါတယ်။

ဒီနှစ်အကုန်မှာ အနည်းဆုံးမြန်မာနိုင်ငံသား ၄ သန်းကို ကူညီဖို့ လျာထားပြီး အခု ၂၀၂၂ ခုနှစ် ပထမ သုံးလပတ်အတွင်း လူပေါင်း ၂ သန်းကျော်ကို ကူညီပေးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ DVB

မကွေးတိုင်း၊ ပေါက်မြို့နယ်တွင် ပြည်သူကို ထိုးစစ်ဆင်ရန် စစ်တပ်က အဓိက အသုံးပြုလျက်ရှိသော အုန်းတောတံတား အမှတ် ၁ ကို ဖောက်ခွဲရှင်းလင်း

မကွေးတိုင်း၊ ပေါက်မြို့နယ်တွင် စစ်ကောင်စီတပ်များက ပြည်သူများကို ထိုးစစ်ဆင်ရာတွင် အသုံးပြုလျက်ရှိ‌သော အုန်းတောတံတားအမှတ် ၁ ကို ဖောက်ခွဲရှင်းလင်းလိုက်ကြောင်း မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

မေလ ၃၀ ရက်နေ့ ည ၁၁ နာရီ ၅၅ မိနစ်အချိန်တွင် အကြမ်းဖက်စစ်ကောင်စီက အဓိကထားအသုံးပြုလျက်ရှိသော ပေါက်မြို့နယ်၊ အုန်းတောတံတား အမှတ် (၁) ကို မကွေးပြည်သူ့ကာကွယ်ရေး တပ်မတော် (People Defense Force Of Magway) ကဖောက်ခွဲ၍ ဖြတ်တောက်ရေးပြုလုပ်ခဲ့ကြောင်း၊ အဆိုပါတံတားသည် ပေါက်နှင့် ရေပြာ အဓိကလမ်း၊ ပေါက်နှင့် ကပစ (၂၄) ဆက်သွယ်နေသော လမ်း၊ မြေပြန့်မှ ထီးလင်း၊ ဂန့်ဂေါ၊ ကျောက်ထု၊ စော၊ကန်ပက်လက် ၊မင်းတပ်၊မတူပီ၊ လောင်းရှည် ဒေသများအထိ စစ်တပ်က စစ် ဆင်ရေးဆောင်ရွက်ရာတွင် အသုံးပြုနေခြင်း ဖြစ်ကြောင်း သိရှိရသည်။

စစ်ကောင်စီတပ်သည် ယင်းတံတားကို အသုံးပြု၍ အရပ်သားပြည်သူများအပေါ် ဖိနှိပ်သတ်ဖြတ်ခြင်း၊ ကျေးရွာများကို မီးရှို့ခြင်း၊ အကြမ်း ဖက်ခြင်း၊ လူ့အခွင့်အရေးချိုးဖောက် အသက်အန္တရာယ် ခြိမ်းခြောက်ခြင်းများပြုလုပ်လျက်ရှိသောကြောင့် မကွေးပြည်သူ့ကာကွယ်ရေးတပ် မတော် (People Defense Force Of Magway) က အဆိုပါ ဆက်သွယ်ရေးတံတားကို ဖောက်ခွဲ ဖြတ်တောက်ခဲ့ခြင်းဖြစ်သည်ဟု မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော်မှ တာဝန်ရှိသူတစ်ဦးက ရှင်းလင်းပြောဆိုသည်။

စစ်တပ်က အဓိက အသုံးပြုလျက်ရှိသော အုန်းတောတံတားအမှတ် ၁ ကို ဖောက်ခွဲလိုက်ခြင်းဖြင့် အလွယ်တကူ စစ်တပ်များ ဝင်ထွက်သွား လာမှု မလုပ်နိုင်တော့ဟု မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော်ထံမှ သိရှိရသည်။khit thit

မြင်းမူမြို့နယ် ဂရုကျေးရွာသား ၂ ဦးကို စစ်ကောင်စီတပ်က သတ်သွား

စစ်ကောင်စီတပ်သည် မြင်းမူမြို့နယ် ဂရုကျေးရွာရှိ နေအိမ်နှစ်လုံး မီးရှို့ပြီး အသက် ၅၀ ကျော် အရွယ် အမျိုးသား နှစ်ဦးကို ယနေ့ မေလ ၃၁ ရက်နေ့ နံနက်ပိုင်းတွင် သတ်လိုက်ကြောင်း ဒေသခံ ပြည်သူများက ပြောသည်။

“ မနေ့က ညနေက ကျေးရွာအတွင်းကို ဝင်လာပြီး ရွာအတွင်းက ဘုန်းကြီးကျောင်းအတွင်းမှာ တပ်ဆွဲနေတာ။ မနက်က နေအိမ်နှစ်လုံးကို အ ကြောင်းမဲ့ မီးရှို့တယ်။ အသက် ၅၀ ၊ ၆၀ အရွယ် အမျိုးသား နှစ်ဦးကို သတ်လိုက် ကြတယ်။ အခုက ရွာထဲကို ဝင်လို့ မရသေးဘူး။ ကျေးရွာထဲမှာ ရှိနေတာ “ ဟု ဒေသခံများက ပြောသည်။

အင်အား အယောက် ၁၀၀ ဝန်းကျင်ခန့် ပါဝင်သည့် စစ်ကောင်စီ စစ်ကြောင်းသည် ယမန်နေ့ မေလ ၃၀ ရက်နေ့ ညနေ ၅ နာရီတွင် ဂရုကျေးရွာသို့ ရောက်ရှိလာပြီး တပ်ဆွဲနေခြင်း ဖြစ်သည်။

ချောင်းဦးမြို့နယ် ပန်းပင်ကန် ကျေးရွာ အတွင်းရှိ အမျိုးသား နှစ်ဦးကိုလည်း ပြီးခဲ့သည့် ရက်ပိုင်းအတွင်း အဆိုပါ စစ်ကြောင်းက သတ်ဖြတ်ပြီး မီးရှို့မှုများ လုပ်ဆောင်လာခဲ့သည်ဟု ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ် မဟုတ်မခံ အဖွဲ့ တာဝန်ရှိသူ ကို KP က ပြောသည်။

“သူတို့က ချောင်းဦးမြို့နယ် ပန်းပင်ကန် ရွာသားနှ စ်ဦးကိုလည်း သတ်ဖြတ်ပြီး မီးရှို့ သွားသေးတယ်။ ပန်းပင်ကန်ကျေးရွာ ကနေ ပဲတောင်းကျေးရွာကို သွားတယ်။ အဲကနေ မြင်းမူမြို့နယ် ကနေ လက်ပံကျေးရွာနောက် တောင်ချောင်းကျေးရွာ ကနေမှ အခု ဂရုကျေးရွာ ကို ဝင်နေတာပါ” ဟု ကို KP က ပြောသည်။

ယနေ့ မေလ ၃၁ ရက်နေ့ မွန်းလွဲ ၁၂ နာရီထိ ရရှိသည့် ဒေသခံများ၏ ပြောဆိုချက်အရ ဂရုကျေးရွာ အတွင်းရှိ ဒေသခံ အယောက် ၂၀ ကို စစ်ကောင်စီတပ်က ဖမ်းဆီးထားပြီး ကျေးရွာ အတွင်းရှိ ဒေသခံ ပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင် နေရသည်။ mizzima

ပြည်တွင်း စက်သုံးဆီဈေး ထပ်တက် ဆိုင်အ များစု ဆီပြတ်

ရန်ကုန်မြို့က စက်သုံးဆီဈေးဆိုင်တွေမှာ တစ်လီတာကို ကျပ် ၅၀ လောက် တစ်ရက်အတွင်း ထပ်မံမြင့်တက်လာပြီး ဆိုင်အများစုမှာ ဆီပြတ်လပ်နေပါတယ်။

အခုလို စက်သုံးဆီ  ဈေးနှုန်းကြီးမြင့်ပြီး ဝယ်ယူရခက်တဲ့ပြဿနာကြောင့် ယာယီပိတ်ထားတဲ့ အရောင်းဆိုင်တွေလည်း များလာတယ်လို့ စက်သုံးဆီ ဈေးကွက်ကနေ သိရပါတယ်။

အငှားယာဉ်မောင်းတစ်ဦးက “ကျနော် သွားထည့်ခဲ့တဲ့ ဆိုင်တွေဆိုရင်  ဒီနေ့ မနက်  ရိုးရိုးဒီဇယ် တမျိုးပဲ အရောင်းဖွင့်တယ်။ ကျန်တဲ့ဆီတွေကို အရောင်းပိတ်ထားတယ်ဗျ။ တချို့ဆိုင်တွေကျလည်း လုံးဝ အရောင်းရပ်ထားကြတယ်။ ရတဲ့ဆိုင်လေးတွေမှာတော့ တန်းစီ ဝယ်နေကြတာပေါ့” ပြောပါတယ်။

ဒီနေ့ မေ ၃၁ ရက်မှာ စက်သုံးဆီ အရောင်းဆိုင်တွေက ထုတ်ပြန်တဲ့ ဈေးနှုန်းအရ ရန်ကုန်ဈေးကွက်မှာ ၉၂ တစ်လီတာကို လက်လီဈေး ၂၂၂၅ ကျပ်၊ ၉၅ တစ်လီတာကို  ၂၃၄၀ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာကို ၂၃၅၅ ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာကို  ၂၃၃၀ ကျပ်ထိ ရောက်ရှိနေပြီး တစ်ရက်အတွင်း တစ်လီတာကို ကျပ် ၅၀ ဈေးမြင့်တက်လာတာပါ။

ပြည်တွင်းမှာ စက်သုံးဆီ ပြတ်လပ်မှုမရှိစေရေးနဲ့ ဈေးနှုန်းတည်ငြိမ်မှန်ကန်စေရေး ဆောင်ရွက်နေတယ်လို့ စက်သုံးဆီ တင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ဆိုထားပေမယ့် လတ်တလော ဈေးကွက်အတွင်းမှာတော့ စက်သုံးဆီတွေ ၀ယ်ရခက်ပြီး ဈေးထပ်မံ မြင့်တက်နေပါတယ်။

ပြီးခဲ့တဲ့ သင်္ကြန်နောက်ပိုင်းကာလကလည်း နိုင်ငံတဝန်း စက်သုံးဆီဆိုင်တွေမှာ  ပမာဏအကန့်အသတ်နဲ့ တန်းစီစောင့်ဆိုင်း ၀ယ်ယူရတဲ့ ဖြစ် စဉ်တွေရှိခဲ့ပါတယ်။

ကမ္ဘာနိုင်ငံရေး အခြေအနေတွေအရလည်း နိုင်ငံတကာ ရေနံစိမ်းဈေးနှုန်းက နှစ်လအတွင်း အမြင့်ဆုံးကို ရောက်ရှိနေပါတယ်။

မြန်မာနိုင်ငံမှာ အာဏာသိမ်းခံရပြီးနောက် မြန်မာကျပ်ငွေ တန်ဖိုးထိုးကျပြီး  ကုန်ဈေးနှုန်း ကြီးမြင့်တဲ့ဒဏ်ကို အများပြည်သူက ရင်စည်းခံနေရချိန် တရိပ်ရိပ် မြင့်တက်နေဆဲဖြစ်တဲ့ လောင်စာဆီဈေးနဲ့ အထွေထွေကုန်ဈေးနှုန်းတွေကြောင့် အများပြည်သူရဲ့ စိုးရိမ်မှုဟာလည်း မြင့်တက်နေဆဲ ဖြစ်ပါတယ်။ DVB

ဖလမ်းတွင် အရပ်သား Za Hum Mang ကို စစ်တပ်က သတ်ဖြတ်ပြီး စစ်ဝတ်စုံဝတ်ပေးကာ CNDF ဟု သတင်းဖော်ပြ မီးသဂြိုလ် အလောင်းဖျောက်၊ အသတ်ခံရသူတွင် ဇနီးနှင့်သားသမီးများကျန်ရစ်ခဲ့

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်တွင် အရပ်သား Za Hum Mang ကို စစ်တပ်က ဖမ်းဆီးသတ်ဖြတ်ပြီး စစ်ဝတ်စုံဝတ်ပေးပြီး CNDF ရဲဘော်တစ်ဦး အသေဖမ်းမိသည်ဟု သတင်းဖော်ပြကာ မီးသဂြိုလ် အလောင်းဖျောက်ဖျက်လိုက်ကြောင်း ကျန်ရစ်သူမိသားစုဝင်များက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုကြသည်။

မေလ ၂၉ ရက်နေ့တွင် အရပ်သား Za Hum Mang ကို စစ်တပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့ခြင်းဖြစ်ပြီး စစ်တပ်ဝင်လာ၍ ကြောက်လန့်တကြား ပြေးလွှားရင်း ဖမ်းဆီးသတ်ဖြတ်ခံရခြင်းဖြစ်ကြောင်း သိရှိရသည်။

“ကျနော့်အကို Za hum mang ကို PDF၊ CNDF လို့ စွပ်စွဲပြီး ပစ်သတ်တယ်။ စစ်တပ်ကအလောင်း​မီးရှို့သဂြိုလ်တာမှာ CNDF Uniform ကို ဝတ်ပြီး စစ်တပ်သတင်း CNDF ရဲဘော်ကို အသေဖမ်းမိတယ်လို့ ဖော်ပြတယ်။ ကျနော့်အကိုက သာမန်အရပ်သားပါ။ ရွာထဲက သူ့အိမ်မှာ နေတုန်း စစ်ကောင်စီတပ်တွေရွာထဲဝင်တော့ အထုပ်အပိုးတွေယူပြီးပြေးဖို့လုပ်နေတယ်။ ပြီးတော့ ပြေးကြတယ်။ သူပြေးတာနဲ့စစ်တပ်က ဖမ်းပြီး Za hum mang ကိုပစ်သတ်တယ်။ အလောင်းဖျောက် မီးသဂြိုလ်တယ်။ ကျနော့်အကိုက PDF လည်းမဟုတ် CNDF လည်းမဟုတ်ဘူး။ တကယ်ကိုစိတ်နာတယ်။ ဝမ်းလည်းနည်းတယ်။ တော်တော်ကိုဝမ်း နည်းတယ်။ သားသမီးနဲ့မိန်းမကိုကျန်ခဲ့တယ်။ သူ့အသက်က ၃၇ ပါ” ဟု စစ်တပ်၏ ပစ်သတ်ခံရသူ Za Hum Mang ၏ ညီဖြစ်သူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

CNO၏ ထုတ်ပြန်ချက်တွင် မေလ ၂၉ ရက်နေ့ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ဇော်လ်ပီးကျေးရွာဘက်တွင် CNDF ရဲဘော်တစ်ဦးနှင့် ဇောလ်ပီးကျေးရွာသားတစ်ဦးကို စစ်တပ်က ဖမ်းဆီးသတ်ဖြတ်ပြီး အလောင်းကို မီးရှို့ ဖျောက်ဖျက်ကြောင်း သတင်းဖော်ပြထားသည်။ khit thit

ကျိုက်ထီးရိုး တောင်တက်မော်တော်ယာဉ်အ သင်း နှင့် စားသောက်ဆိုင်လုပ်ငန်းရှင် တို့ကို ကျိုက်ထိုတော်လှန်ရေးအင်အားစု သတိပေး

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၊ ကျိုက်ထီးရိုးတောင်တက် မော်တော်ယာဉ်အသင်းမှ လုပ်ငန်းရှင် နှစ် ဦးနှင့် စားသောက်ဆိုင်လုပ်ငန်းရှင် နှစ် ဦးတို့ကို စစ်ကောင်စီအလိုကျ ပူးပေါင်းဆောင်ရွက်နေမှုများ ရပ်တန့်ရန် ကျိုက်ထို တော်လှန်ရေး အင်အားစု(KRF) က မေလ ၃၀ရက် ရက်စွဲဖြင့် သတိပေးစာ ထုတ်ပြန်ခဲ့သည်။

အဆိုပါ သတိပေးစာထုတ်ပြန်ချက်သည် နောက်ဆုံးသတိပေးခြင်းဖြစ်ပြီး ပူးပေါင်း ဆောင်ရွက်မှုမရှိပါက ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

“တိကျခိုင်မာတဲ့အချက်အလက်တွေရှိနေပါတယ်။ အဲ့ဒီအတွက် အရေးယူမှု တစ်ခုခု လုပ်ပြီးရင် ချပြရှင်းလင်းပေးသွားမှာပါ။ Pageမှာ သတိ ပေးစာ တင်လိုက်ပြီဆိုကတည်း က သူတို့ကိုယ် သူတို့သိပါတယ်” ဟု ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF) မှ တာဝန်ရှိသူက မဇ္ဈိမကိုပြောသည်။

လူကြီးမင်းတို့၏ စီးပွားရေးလုပ်ငန်းများကြောင့်ဖြစ်စေ၊ ကိုယ်ပိုင်ပုဂ္ဂလိက ရပ်တည်ချက် ကြောင့်ဖြစ်စေ အကြမ်းဖက် စစ်ကောင်စီနှင့် ပတ် သက်လှုပ်ရှား ဆောင်ရွက်နေသည်များ ကို စုံစမ်းထောက်လှမ်း သိရှိထားပြီးဖြစ်သည်ဟု သတိပေးစာတွင် ရေးသားဖော်ပြ ထားသည်။

ပြည်သူလူထုအပေါ် မတရားအကြမ်းဖက် အုပ်ချုပ်နေသည့် စစ်ကောင်စီ၏ စီးပွားရေး ဒေါက်တိုင်အဖြစ် ဆက်လက်ဆောင်ရွက်နေပါက စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်သွား မည်ဖြစ်ကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစုက ဆိုထားသည်။ mizzima

« Older Entries