Monthly Archives: Jun 2022

လေးကေ့ကော်မြို့သစ်အနီးရှိ KNU စိုးမိုးနေရာများအား စစ်ကောင်စီတပ် လက်နက် ကြီးဖြင့်ပစ်ခတ်

ကရင်ပြည်နယ် ၊ မြဝတီခရိုင် KNUထိန်းချုပ်နယ်မြေ တပ်မဟာ(၆) လေးကေ့ကော် မြို့သစ်ကို စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်လျက်ရှိကြောင်း မြေပြင်သတင်းများ အရသိရသည်။

စစ်ကောင်စီတပ်သည် မေလ၃၁ရက် ညနေ၇နာရီဝန်းကျင်မှစတင်ပြီး ၆၀ မမ ၊ ၁၂၀ မမတို့ဖြင့် စစ်ကောင်စီတပ်အခြေစိုက် စွယ်တော်ကုန်း၊ လက်ခပ်တောင်၊ ကြက်တင်ကုန်း၊ ထီးမယ်ဝါးခီးတို့မှ လက်နက်ကြီးများဖြင့် ပစ်ခတ်နေခြင်းဖြစ်သည်။

“စကစနဲ့က ပစ်ခတ်မှုက နေ့စဉ်လိုဖြစ်နေတာ။ ကျွန်တော်တို့ သေ့ဘောဘိုးစခန်းကို သိမ်းပြီးနောက်ပိုင်း သူတို့ဘက်က ကျွန်တော်တို့ စိုးမိုးထားတဲ့ ကုန်းတွေကို လက်နက်ကြီးနဲ့ နေ့စဉ်လိုလိုကိုပစ်နေတာ။ ကျွန်တော်တို့ဘက်ကလည်း စနိုက်ဘာ၊ လက်နက်ကြီးတွေနဲ့ပြန်ပစ်တယ်။ ဒါကတော့ နေ့စဉ်လိုဖြစ်နေတာပါ။ ညကတော့ သူတို့ဘက်က ၁၂၀မမတွေနဲ့ အချက်ရေ ၁၄ကြိမ်လောက်ကိုပစ်နေတာဗျ”ဟု KNLA တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

လေးကေ့ကော်ဒေသတွင် ၂၀၂၁ခုနှစ် ဒီဇင်ဘာ၁၅ရက်နေ့မှစတင်ပြီး စစ်ကောင်စီ တပ်များ ကျူးကျော်လာသည့် စစ်ပွဲကြောင့် တိုက်ပွဲများပြင်းထန်လျက်ရှိသည်။

စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ် BGF သည် မေလ ၂၆ ရက်နေ့မှ စတင်၍ လေးကေ့ကော်ဒေသတွင်းသို့ အင်အား၃၀၀ကျော်ဖြင့် ဝင်ရောက်လျက်ရှိပြီး KNUမှ သိမ်းယူထားသည့် သေ့ဘောဘိုစခန်းကို ပြန်လည်သိမ်းယူရန် စစ်အင်အား ဖြည့်ဆီးနေကြောင်း KNLA သတင်းရင်းမြစ်များထံက သိရသည်။

အဆိုပါ တိုက်ပွဲကြောင့် ဖလူးလေးစစ်ရှောင်စခန်းသည် လက်နက်ကြီး ကျရောက်ရာ နေရာနှင့် နီးစပ်နေခြင်းကြောင့် ဘေးလွတ်ရာသို့ ရှောင်ပြေးရန်လုပ်ဆောင် နေရကြောင်း သိရသည်။ mizzima

ကျောက်တော်မှစစ်ရှောင်စခန်း ၂ ခုကို စစ်တပ်က ဘုရားပေါ်မှ ပစ်ခတ်ဟုဆို

ရခိုင်ပြည်နယ်၊ ‌ကျောက်တော်မြို့မှ ၈ မိုင်ခန့်အကွာ မဟာမုနိဘုရားပေါ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်က ယမန်နေ့ (မေ ၃၀) ညပိုင်းက ထိုအနီးဝန်းကျင်ရှိ ညောင်ချောင်းနှင့် မဟာမုနိဒုက္ခသည်စခန်းများဘက်ကို ပစ်ခတ်ခဲ့သည်ဟု  ဒေသခံများထံမှ  သိရသည်။

ည ၈ နာရီခန့်က လက်နက်ကြီးပစ်ခတ်သံ တစ်ချက်နှင့် လက်နက်ငယ်ပစ်ခတ်သံများကို ဆက်တိုက်ကြားလိုက်ရသောကြောင့် ထွက်ပြေးခဲ့ကြရသည်ဟု စစ်ဘေးရှောင်တချို့က ဆိုသည်။

“မနေ့ညက တိုက်ပွဲဖြစ်တာ မဟုတ်ပါ။ လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်နေတာပါ။ ဘုရားကုန်းကနေ ပစ်တာပါ။ ပထမအလုံးကြီးပစ်သံ ကြားပါတယ်။ ပြီးမှ လက်နက်ငယ်တွေ ပစ်တာပါ။ အချက် ၃၀ လောက် ကျမယ် ထင်ပါတယ်၊ ပစ်တာ” ဟု ကျောက်တော်မြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ထိုဘုရားအနီးတွင်ရှိသော စစ်ရှောင်စခန်းမှ ဒုက္ခသည်တချို့မှာ အနီးမှ ကျေးရွာများသို့ ညတွင်းချင်း ရှောင်တိမ်းခဲ့ကြရသည်ဟု ထိုအမျိုးသမီးက ဆက်ပြောသည်။

“အသံကြားခါစကတော့ လူတွေလန့်သွားကြတယ်။ တိုက်ပွဲဖြစ်တာမဟုတ်ဘူးဆိုမှ ငြိမ်သွားကြတာ။ မဟာမုနိဘုရားက လူတွေတော့ အိပ်ရဲကြမှာမဟုတ်ဘူး ထင်ပါတယ်။ စစ်ရှောင်စခန်းက လူတွေတောင်မှ ဒီဘက်ရွာထဲကို လာအိပ်ကြပါတယ်” ဟု ဆိုသည်။

မဟာမုနိစစ်ဘေးရှောင်စခန်းက ဒုက္ခသည့်အမျိုးသားတစ်ဦးကလည်း ယမန်နေ့ည ပစ်ခတ်မှုနှင့် ပတ်သက်ပြီး စစ်ရှောင်များ ထိတ်လန့်နေကြကြောင်း ယနေ့ (မေ ၃၁) နေ့လယ်တွင် ပြောသည်။

“သေနတ်ပစ်တာနဲ့ စိုးရိမ်စိတ်ကြောင့် မနေ့ကည ဒုက္ခသည်တွေ ရှုပ်ယှက်ခတ်သွားကြတယ်။ ပစ်သံစဲသွားတာနဲ့ နည်းနည်းငြိမ်သွားတယ်” ဟု ထိုအမျိုးသားက ဆိုသည်။

မဟာမုနိဘုရားနှင့် မလှမ်းမကမ်းရှိ ညောင်ချောင်း၊ မဟာမုနိစစ်ဘေးရှောင်စခန်းတို့တွင် ယခင်နှစ်များအတွင်း တိုက်ပွဲများဖြစ်ကတည်းက ခိုလှုံနေကြသည့် စစ်‌ရှောင်ဦးရေ ၆၀၀၀ နီးပါးခန့် ရှိသည်။

စစ်တွေ – မြောက်ဦးသွား လမ်းပေါ်ရှိ ကျောက်တော်မြို့ မဟာမုနိဘုရားရင်ပြင်ပေါ်တွင် စခန်းချနေထိုင်သည့် စစ်တပ်က ပြီးခဲ့သည့်ရက်များအတွင်းကတည်းက ညအချိန် သေနတ်ပစ်ဖောက်ခဲ့သည်။

“ဒုက္ခသည်စခန်းမှာ ကျည်ဆန်တွေကျတယ်ဆိုတာ ဒီလ ၂၆ ရက်၊ ၂၇ ရက်နေ့လောက် ကျမယ်။ အဲဒီတုန်းက ပစ်တဲ့အချိန်မှာ အဲဒီလို နည်းနည်းကျည်ဆန်တွေ လာထိတာတွေ ရှိခဲ့တယ်။ မဟာမုနိစစ်ဘေးရှောင်စခန်းက တဲအိမ်ကို လာထိတာ ဆိုတော့ စိုးရိမ်နေကြတာပေါ့။ အဲဒီတုန်းကလည်း စစ်ဘေးရှောင်တွေ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး တုန်လှုပ်သွားကြတယ်” ဟု အထက်ပါအမျိုးသားက ဆက်ပြောသည်။

ထိုတဲအိမ်အလုံး ၄၀၀ ကျော်ရှိသော မဟာမုနိစစ်ရှောင်စခန်းသည် မေ ၉ တွင်လည်း မီးဘေးနှင့် ရင်ဆိုင်ရသဖြင့် တဲအိမ်အလုံး ၂၆၀ ကျော် လောင်ကျွမ်းထားသည်။

ယမန်နေ့ည ၈ နာရီခန့်က ကျောက်တော်တပ်မ စကခ ၉ က လက်နက်ကြီး နှင့် ၃ ချက်ပစ်ခတ်ခဲ့သည်ကို ကြားလိုက်ရပြီး မဟာမုနိဘုရားတောင်ဘက်ခြမ်းရှိ ဓမ္မာရုံ၊ ဘုရားရှေ့ဘက်က လေယာဉ်အနီးရှိ အဆောက်အအုံတို့တွင် တပ်စွဲထားသည့် စစ်တပ်က ပစ်ခတ်သည်ဟု သိရကြောင်း ကျောက်တော်မြို့ခံနောက်တစ်ဦးက ပြောသည်။

“မနေ့ည ၈ နာရီကျော်က တပ်မက လက်နက်ကြီး ၃ ချက်ပစ်တာကို အိမ်ကနေ ကြားလိုက်ရတယ်။ သိရတာက မဟာမုနိကယ်ဆယ်ရေးစခန်းကို ပစ်တယ်လို့ သိရတယ်။ မနက်မိုးလင်းတာနဲ့ ထပ်ပြီးကြားရတာက ညောင်ချောင်းစစ်ဘေးရှောင်စခန်းကိုလည်း ပစ်လို့ ပြေးရတဲ့အထဲမှာ သူတို့ (စစ်ရှောင်တွေ) လည်း ပါတယ်လို့ သိရတယ်” ဟု ထိုသူ က ဆက်ပြောသည်။

မဟာမုနိဘုရားပေါ်တွင် တပ်စွဲထားသည့် စစ်ကောင်စီစစ်တပ်၌ ယခုရက်ပိုင်းအတွင်း အင်အားများ ထပ်မံတိုးချထားကြောင်း ဘုရားအနီးရှိ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

“အင်အားက ထပ်တိုးတယ်။ အရင်တုန်းက ၆၀ လောက် ရှိတာ။ နောက်ထပ် ၁၃၀ လောက် ထပ်ရောက်လာတယ်လို့ ပြောကြတယ်” ဟု ဆိုသည်။

မဟာမုနိဘုရားအနီး တပ်စွဲထားသော အင်အား ၂၀၀ ဝန်းကျင်စစ်ကြောင်းမှ စစ်သားတစ်ဦး ပြီးခဲ့သည့် မေ ၂၂ ၊ နံနက် ၁၀ နာရီခန့်က လက်နက်ထားခဲ့ကာ ထွက်ပြေးသွားသည်။ 

နှစ်ဖက် အပစ်ရပ်သော်လည်း အင်အားတချို့သာ စစ်ကောင်စီတပ်က တပ်ရုပ်သွားခဲ့ပြီး ယမန်နှစ် နှစ်လယ်တည်းက စစ်ရေးအင်အားတိုးခဲ့ပြီး လက်ရှိတွင် ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား စသည့် မြို့နယ်များ၌ စစ်တပ်က သာသနိကအဆောက်အအုံများနှင့် ဘုရားပုထိုးစေတီများသာမက ဗလီများတွင်ပါ တပ်စွဲထားသည်။ 

စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA)တို့ ကြား နှစ်ဖက် စစ်ရေးတင်းမာနေချိန်၌ ရခိုင်တောင်ပိုင်း ကျောက်ဖြူမြို့နယ်၌ ယနေ့ (မေ ၃၁) တွင် စစ်ကောင်စီတပ်၏ ရေငုပ်သင်္ဘောတစ်စီး ရောက်ရှိနေသည်ကို တွေ့မြင်ရသည်ဟု ဒေသခံများက ပြောသည်။

ယင်းရေငုပ်သင်္ဘောမှာ ကျောက်ဖြူမြို့နယ် သစ်ပုတ်တောင်ရေတပ်စခန်းသို့ သံဇစ်မြစ်မှ ဝင်ရောက်လာခြင်းဖြစ်ကြောင်း ဖေ့စ်ဘွတ်လူမှုကွန်ရက်ပေါ်တွင် သတင်းများပျံ့နှံ့နေသော်လည်း သီးခြားအတည်မပြုနိုင်သေးပေ။ 

ရခိုင်ဒေသ ပစ်ခတ်မှုများနှင့် ပတ်သက်ပြီး စစ်တပ်က သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

ယမန်နေ့ကလည်း ရသေ့တောင်မြို့နယ် အငူမော်ဆိပ်ကမ်းမှ ရိက္ခာနှင့် လက်နက်ဟု ယူဆရသည့်အရာများကို စစ်ရေယာဉ်က လာရောက်ချထားခဲ့ပြီး ရခိုင်မြောက်ပိုင်းတွင်လည်း ခရီးသွားများကို အစစ်အဆေးတင်းကျပ်နေသည်။ 

ပြီးခဲ့သည့် မေ ၂၆ က ရခိုင်နှင့် နယ်နိမိတ်ထိစပ်နေသည့် ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်တွင် စစ်တပ်နှင့် AA တို့ တိုက်ပွဲဖြစ်ရာ ပလက်ဝမြို့မှ အရှေ့ဘက် တစ်မိုင်ကျော်ခန့်အကွာရှိ အမှတ် ၂၈၉ ခြေလျင်တပ်ရင်းက တိုက်ပွဲဖြစ်ရာနေရာသို့ လက်နက်ကြီးများ ညနေအထိ ပစ်ကူပေးခဲ့၍ ဒေသခံများ ထိတ်လန့်ခဲ့ရသည်။ myanmar now

စစ်မဲ့ဇုန် ထူထောင်ပြီး စစ်ဘေးသင့်ပြည်သူ များကို ကူညီနိုင်ရေး NUG ဆောင်ရွက်နေ

ကာလတို စစ်ကင်းမဲ့ဇုန်တွေ ထူထောင်ပြီး စစ်ဘေးသင့်ပြည်သူတွေကို အကူအညီပေးနိုင်ဖို့ တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG တာဝန်ရှိသူတွေက ပြောပါတယ်။

မြန်မာနိုင်ငံတဝန်းမှာ စစ်ကောင်စီရဲ့ အကြမ်းဖက်မှုကြောင့် တနေ့တခြား များပြားလာတဲ့ သန်းနဲ့ချီတဲ့ စစ်ဘေးသင့်ပြည်သူတွေကို ထိထိရောက်ရောက် အကူအညီပေးနိုင်ဖို့ ကာလတို စစ်ကင်းမဲ့ဇုန်တွေ ထူထောင်နိုင်ရေးအတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ၊ တော် လှန်ရေးအဖွဲ့တွေ၊ အရပ်ဘက်အဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။ 

NUG က တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းတွေ၊ တိုင်းရင်းသားအဖွဲ့အစည်း ကိုယ်စားလှယ်တွေ၊ အရပ်ဘက် လူမှုအဖွဲ့အစည်း ကိုယ်စားလှယ်တွေ ပါဝင်တဲ့ လူသားချင်း စာနာကူညီရေးနဲ့ ဘေးအန္တရာယ် တုံ့ပြန်ရေးဆိုင်ရာ ပူးပေါင်းညှိနှိုင်းရေး ကော်မတီကို ဖွဲ့စည်းပြီး ဒုက္ခသည်အရေးအတွက် လက်တွဲဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
NUG က မဟာမိတ်ဆက်ဆံရေး ကော်မတီကိုလည်း ဖွဲ့စည်းထားပြီး သက်ဆိုင်ရာ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်း အသီးသီးနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေး ရရှိဖို့အတွက် ဆွေးနွေးညှိနှိုင်းတာတွေ ပြုလုပ်နေပါတယ်။

NUG လူသားချင်းစာနာရေးနဲ့ ဘေးအန္တရာယ်စီမံခန့်ခွဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက “NUG နဲ့ အဓိကပူးပေါင်းဆောင်ရွက်ဖို့ လိုပါတယ်။ စစ်ကောင်စီနဲ့ပဲ တဖက်သတ် ဆောင်ရွက်နေမယ်ဆိုရင် တကယ် ဘေးဒုက္ခရောက်နေတဲ့ ပြည်သူတွေဆီ ရောက်မှာမဟုတ်ဘဲ သူတို့စိုးမိုးတဲ့ မြို့ပေါ်နေရာလောက်ပဲ ဟန်ရေးပြ လုပ်ဆောင်မှာ ဖြစ်ပါတယ်။ တကယ်ဒုက္ခရောက်နေတဲ့ ပြည်သူတွေဆီ မရောက်ရင် ပြည်သူတွေ ဆက်ပြီး ဒုက္ခခံစားနေရမယ်။ အကူအညီတွေ လမ်းလွဲရောက်သွားမယ်ဆိုရင် အခြေအနေတွေက ပိုဆိုးလာနိုင်တယ်။ စစ်ဘေးဒဏ်အပြင် လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ ထိထိရောက်ရောက် မရတဲ့အတွက် ငတ်မွတ်ခေါင်းပါးတဲ့ဒဏ်ကိုပါ ထပ်ဆောင်းခံစားရမှာဖြစ်တယ်။ မတရား အာဏာယူထားပြီး ပြည်သူတွေကို အကွက်ကျကျ နှိမ်နင်းနေတဲ့ အာဏာရှင်စစ်တပ်နဲ့ ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် အခုထက်ပိုဆိုးတဲ့ အခြေအနေကို ရောက်မှာဖြစ်တယ်လို့ ယူဆတယ်။ နိုင်ငံတကာကပေးတဲ့ အကူအညီတွေကို သူတို့ရဲ့ စစ်ရေး၊ နိုင်ငံရေးအတွက် တဖက်လှည့်နဲ့ အသုံးချသွားနိုင်တယ်။ အနည်းဆုံး အာဆီယံအတွင်းမှာ နိုင်ငံရေးအရ တရားဝင်မှုရရှိအောင် လုပ်ပြကြမယ့်ပုံစံမျိုး ဖြစ်နေပါတယ်။ အာဆီယံနဲ့ ကုလသမဂ္ဂကပေးမယ့် လူသားချင်း စာနာထောက်ထားမှု အကူအညီတွေနဲ့ ပတ်သက်ပြီး တိုင်း ရင်းသား ကိုယ်စားလှယ်တွေနဲ့ ဘုံသဘောတူညီချက် ရရှိပြီးတော့ လက်တွဲဆောင်ရွက်နေပါတယ်။ တူညီတဲ့ သဘောထားတွေကို ပူးတွဲထုတ်ပြန် ဆောင်ရွက်ထားပြီး ဖြစ်ပါတယ်။ အလွန်အမင်း အကူအညီလိုအပ်နေတဲ့ နေရာတွေအတွက်ကိုတော့ အရေးပေါ်အကူအညီတွေကို အန္တရာယ်ကင်းကင်းနဲ့ ပေးနိုင်ဖို့အတွက် ကာလတို စစ်ကင်းမဲ့ဇုန် ထူထောင်ပြီး အကူအညီပေးနိုင်ဖို့ လူသားချင်း စာနာထောက်ထားမှုစင်္ကြံထူထောင်ပြီး ဆောင်ရွက်ခွင့်ရနိုင်ဖို့ အာဆီယံ၊ အိန္ဒိယ၊ ထိုင်းနိုင်ငံတို့နဲ့ ညှိနှိုင်းဆောင်ရွက်တဲ့နေရာမှာ ကုလနဲ့ နိုင်ငံတကာ ကြက်ခြေနီကော်မတီတို့က ဝင်ရောက်ကူညီပေးဖို့ကိုလည်း ကျနော်တို့ မေတ္တာရပ်ခံထားပါတယ်” လို့ ‌ပြောပါတယ်။

စစ်ဘေးသင့်ပြည်သူတွေကို လတ်တလောမှာ ပြည်တွင်းပြည်ပ မြန်မာနိုင်ငံသား အလှူရှင်တွေရဲ့ အကူအညီနဲ့ပဲ ပံ့ပိုးပေးနေရတဲ့အတွက် ငွေ ကြေးနဲ့ ပစ္စည်းရေးရာ လိုအပ်ချက်တွေ မြင့်တက်နေပါတယ်။ နိုင်ငံတကာက အကူအညီပေးမယ့် အထောက်အပံ့တွေကိုလည်း စစ်ကောင်စီက နည်းမျိုးစုံနဲ့ ကန့်သတ်နေတာကြောင့် ကူညီချင်သလို မကူညီနိုင်တဲ့ အနေအထား ဖြစ်နေတယ်လို့ NUG သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူက ဉီးကျော်ဇောက ပြောပါတယ်။

“ဒုက္ခသည်အရေးဟာ မြန်မာနိုင်ငံသမိုင်းမှာ အဆိုးဆုံးအနေအထားကို ရောက်ရှိနေပါတယ်။ ဖြစ်လာတဲ့ အခြေအနေ အားလုံးဟာ စစ်တပ်၊ စစ်အာဏာရှင်ကြောင့် ဖြစ်လာတာပေါ့။ သူတို့ရဲ့ အကြမ်းဖက်မှုတွေကြောင့် ဒုက္ခသည် စစ်ရှောင်အများကြီး ဖြစ်လာတယ်။ လူသန်းပေါင်း ၁၄ သန်း ကျော်ကျော်ဟာ လူသားချင်း စာနာထောက်ထားမှု အကူအညီတွေကို မှီခိုနေရတဲ့ အနေအထား ရောက်လာတယ်။ မြန်မာနိုင်ငံမှာ လူသန်းပေါင်း ၂၅ သန်းကျော်ဟာ ဆင်းရဲမှု အတန်းအစား အောက်ဆုံးကို ရောက်နေတယ်လို့ UN က ပြောထားတယ်။ မြန်မာနိုင်ငံ လူဦးရေရဲ့ တဝက်နီးပါး ရှိနေပြီ။ ဆိုတော့ အကုန်လုံးက စစ်ကောင်စီရဲ့လက်ချက်ပဲ။ NUG အနေနဲ့ကတော့ အတတ်နိုင်ဆုံး ကြိုးစားပြီးတော့ CSO တွေ တိုင်း ရင်းသား လက်နက်ကိုင်အုပ်စုတွေ တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ တွဲပြီးတော့ အတတ်နိုင်ဆုံး ဒုက္ခရောက်နေတဲ့ ပြည်သူတွေအတွက် ကြိုး စားဆောင်ရွက်နေပါတယ်။ အခက်အခဲက ဘာလဲဆိုတော့ ငွေရေးကြေးရေးနဲ့ ပစ္စည်းရေးရာအရရော ထောက်ပံ့နိုင်မှုက အတိုင်းအတာတခုအထိပဲ ရှိနေတယ်။ ပြည်တွင်း ပြည်ပက မြန်မာပြည်သူတွေရဲ့ အကူအညီပေးမှုနဲ့ပဲ ကျနော်တို့က ဆောင်ရွက်နေရတယ်။ နိုင်ငံတကာက အ ကူအညီပေးမယ် ဆိုတဲ့ ဟာတွေကလည်း စစ်ကောင်စီရဲ့ နှောင့်ယှက်မှုတွေနဲ့ ကြုံတွေ့နေရတော့ ဒုက္ခရောက်နေတဲ့ ပြည်သူလူထုတွေဆီကို မရောက်နိုင် ဖြစ်နေရတော့ အင်မတန်မှ ဝမ်းနည်းရပါတယ်။ အခက်အခဲတွေ အများကြီး ရှိတဲ့အတွက်ကြောင့် ကူညီချင်သလို မကူညီနိုင်တဲ့ အနေအထားမှာ ရှိနေတယ် ဆိုတာလည်း ပြောကြားချင်ပါတယ်။ မကြာခင်မှာ မိတ်ဆွေတွေရဲ့ အကူအညီနဲ့ ထိထိရောက်ရောက် ဆောင်ရွက်ပေးနိုင်မယ်လို့ ယူဆပါတယ်။”

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်း တနှစ်ကျော်အတွင်း ဒုက္ခသည် ၆ သိန်းနီးပါး တိုးလာပြီး အရင်ရှိပြီးသား စာရင်းနဲ့ဆိုရင် ဒုက္ခသည် ၁ သန်းကျော်လာပြီလို့ UNOCHA က မေ ၃၁ ရက်မှာ ထုတ်ပြန်ပါတယ်။

မေ ၃၀ ရက်က ထုတ်ပြန်ခဲ့တဲ့ NUG နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ သဘောထား ထုတ်ပြန်ချက်မှာ ကုလနဲ့ အာဆီယံကို အဓိက မေတ္တာ ရပ်ခံထားတဲ့အချက် ၇ ချက်ပါဝင်ပြီး မြေပြင်မှာ အကူအညီပေးနေတဲ့ အရပ်ဘက်အဖွဲ့တွေကို အကူအညီပေးရေး လုပ်ငန်းတွေမှာ တတိယအစုအဖွဲ့အနေနဲ့ ပါဝင်ခွင့်ပေးဖို့၊ အာဆီယံအပြင် ASEAN Plus နည်းလမ်းကို အသုံးပြုဖို့၊ စစ်ကောင်စီက ဝင်ရောက်စွက်ဖက်မှုမရှိအောင် အလေးထား လုပ်ဆောင်ပေးဖို့ စတဲ့အချက်တွေ ပါဝင်ခဲ့ပါတယ်။ DVB

မြောင်မြို့နယ် မီးတောက်တိုက်ပွဲတွင် MSPDF မှ ရဲဘော် ရဲလင်းအောင် ကျဆုံး

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ရှိ တမဆေးကန် အရှေ့ရွာနှင့် အနောက်ရွာကြား မေလ ၂၉ ရက်နေ့က စစ်ကောင်စီတပ်နှင့် ကာကွယ်ရေးတပ်ဖွဲ့တို့ ဖြစ်ပွါးခဲ့သည့် “မီးတောက်တိုက်ပွဲ”အတွင်း စစ်ကိုင်းခရိုင် အမှတ် (၄) တပ်ရင်း – MSPDFမှ ရဲဘော် ရဲလင်းအောင် ကျဆုံးကာ အခြားရဲ ဘော် ခုနစ်ဦး ထိခိုက်ဒဏ်ရာရခဲ့သည်။

“ဒီတိုက်ပွဲမတိုင်ခင်တုန်းက ကျွန်တော်တို့ လူစုခွဲပြီး လှုပ်ရှားတော့မှာမလို့ ဓာတ်ပုံအမှတ်တရ ရိုက်လိုက်သေးတယ်။ အဲ့တုန်းက ကျွန်တော်တို့ထဲက တစ်ယောက်ကတောင် စလိုက်သေးတယ်။ ဓာတ်ပုံရိုက်ပြီး ငါတို့ထဲက တစ်ယောက်ကျသွားရင် ဒီပုံကိုအားလုံးဝိုင်းပြီးတင်ရဦးမှာဆိုပြီး။ ခုတော့ တကယ်ကြီးဖြစ်သွားတယ်။ အကုန်လုံးက တော်တော်လေးကို စိတ်မကောင်းဖြစ်နေကြတယ်”ဟု စစ်ကိုင်းခရိုင် အမှတ် (၄) တပ်ရင်း – MSPDF အဖွဲ့တာဝန်ခံ ကိုမုန်တိုင်းက ပြန်ပြောပြသည်။

တိုက်ပွဲအတွင်းကျဆုံးခဲ့သည့် သူရဲကောင်း ရဲဘော် ရဲလင်းအောင်မှာ အသက် ၂၃ နှစ်အရွယ် တက္ကသိုလ်ကျောင်းသားဖြစ်ပြီး ညီအကိုလေးဦးအနက် တတိယမြောက်ဖြစ်သည်။ ကိုရဲလင်းအောင်နှင့် ၎င်း၏ ညီဖြစ်သူမှာ ကာကွယ်ရေးတပ်သားအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြသည်။

“သူက အဖွဲ့စစချင်း တူမီးတွေခိုးပြီးထုတ်တော့လည်း ပါတာပဲ။ မိုင်းတွေစမ်းပြီးထုတ်တဲ့အချိန်မှာလည်း ပါတာပဲ။ စစ်ပညာတွေ ခိုးသင်တော့လည်း ပါလာတယ်”ဟု အဖွဲ့တာဝန်ခံက ပြောပြသည်။

ထို့အပြင်၎င်းမှာ မိုင်းအဖွဲ့မှတဆင့် တိုက်ခိုက်ရေးတပ်ခွဲသို့ ကူးပြောင်းလာသူဖြစ်ကြောင်းလည်း သိရသည်။

အဆိုပါ မီးတောက်တိုက်ပွဲအတွင်း ၎င်းမှာ ကင်းထောက်နှင့် ထောက်ပို့ပိုင်းတာဝန်ထမ်းဆောင်နေစဥ် စစ်ကောင်စီမှ ပစ်လွှတ်သည့် လက်နက် ကြီးထိမှန်ကာ ကျဆုံးခဲ့ရသည်။

ရဲဘော် ရဲလင်းအောင်အား “အာဇာနည်သူရဲကောင်း” တစ်ဦးအဖြစ် MSPDFအဖွဲ့က မှတ်တမ်းတင်ထားသည်။

“ လက်နက်ကြီးကျတဲ့အခါမှာ ထိသွားပြီးတော့ ဖြစ်ဖြစ်ချင်းမှာ ၁၀ ပေလောက်အထိ ပြေးလာသေးတယ်။ ကျွန်တော်တို့ ထပ်ပစ်ခံရမှာစိုးလို့ နေရာရှောင်ကြတာပေါ့။ ထိတာကတော့ ကျွန်တော်တို့အကုန်လုံးကိုထိတာပဲ။ ဒါပေမဲ့ အဲ့ကလေးလေးကကျွန်တော့်အနားကြမှ ပစ်လဲသွားတာ။ သူမကျခင် ဘာမှကို မပြောလိုက်နိုင်ဘူး။ ကျွန်တော်ကိုယ်တိုင်လည်း သေနတ်ကတဖက်နဲ့ ပုခုံးကလည်းထိထားတော့ သူ့ကို မ မနိုင်ဘူးဖြစ်နေလို့ အကုန်လုံးကိုအော်ခေါ်ပြီးတော့မှ ပြန်ထုတ်လာရတယ်” ဟု အဖွဲ့တာဝန်ခံက ပြောသည်။

အဆိုပါတိုက်ပွဲမှာ နှစ်နာရီခန့်ကြာမြင့်ခဲ့ပြီး ကနဦးတွင် စစ်ကောင်စီတပ်သား ၁၂ ယောက်ကျဆုံးကာ ကာကွယ်ရေးတပ်ဘက်မှ အသာစီးရနေသော်လည်း တိုက်ပွဲအချိန်ကြာမြင့်လာသည်နှင့်အမျှ ခဲယမ်းမလုံလောက်မှုကြောင့် ပြန်လည်ပစ်ခတ်နိုင်မှုလျော့နည်းလာချိန် စစ်ကောင်စီဘက်မှ လက်နက်ကြီးနှင့် အဆက်မပြတ်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ထို့နောက် ရဲဘော် ရဲလင်းအောင် ကျဆုံးကာ အခြားရဲဘော် ခုနစ်ဦးလည်း ထိခိုက်ဒဏ်ရာရသဖြင့် ဆက်လက်တောင့်မခံနိုင်တော့သည့်အဆုံး ပြန်လည်ဆုတ်ခွါခဲ့ကြရသည်ဟု အဖွဲ့တာဝန်ခံက ပြောသည်။

MSPDF အဖွဲ့တွင် ယခုကဲ့သို့ တိုက်ပွဲအတွင်းကျဆုံးသည်မှာ ပထမဆုံးအကြိမ်ဖြစ်ပြီး ကျဆုံးအာဇာနည်သူရဲကောင်း ရဲလင်းအောင်အား မေလ ၃၀ ရက်နေ့တွင် ၎င်း၏ဇာတိ၌ပင် ဈာပနအခမ်းအနားပြုလုပ်ကာ မြေချခဲ့ကြောင်း သိရသည်။

စျာပနာကို မဟာမိတ်ကာကွယ်ရေးတပ်ဖွဲ့ ကိုးဖွဲ့ခန့်အပါအဝင် ဒေသခံပြည်သူ ဦးရေ စုစုပေါင်း ၂, ၀၀၀ ဝန်းကျင်တက်ရောက်ကာ အလေးနီပြုခဲ့ကြသည်ဟု သိရသည်။

“ကျဆုံးသွားသော ရဲဘော်ရဲလင်းအောင် ဆောင်ရွက်လက်စဖြစ်သော စစ်အာဏာရှင်စနစ် အမြစ်ဖျတ်ချေမှုန်းရေးတာဝန်ကို ကျန်ရစ်သူ ကျွန်ုပ်တို့ရဲဘော်များမှ ဆက်လက်ဆောင်ရွက်သွားပါမည်ဟု ကတိသစ္စာပြုပါသည်။ ရဲဘော်ရဲလင်းအောင်အား စစ်ကိုင်းခရိုင်အမှတ်(၄)တပ်ရင်းအဖွဲ့သားများအားလုံးမှ အလေးနီပြုပါသည်” ဟု MSPDF အဖွဲ့မှ ယမန်နေ့ မေလ ၃၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ mizzima

မကွေးတိုင်း ပေါက်မြို့ရှိ စစ်တပ်ပိုင် မြဝတီသတင်းစာတာဝန်ခံကို PDF က သုတ်သင်

စစ်တပ်ပိုင် မြဝတီသတင်းစာ၏ မကွေးတိုင်း၊ ပေါက်မြို့နယ် ပြန်ကြားရေးနှင့် ဆက်ဆံရေးရုံးတာဝန်ခံကို သုတ်သင်ရှင်းလင်းခဲ့ကြောင်း မကွေးမြို့ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) က ယနေ့ထုတ်ပြန်သည်။

မြဝတီသတင်းစာတာဝန်ခံအဖြစ် လုပ်ကိုင်နေသူ အသက် ၅၀ ဝန်းကျင် ဦးဉာဏ်တိုးဆိုသူကို မေ ၂၈ ရက်က ပေါက်မြို့မြောက်ဘက်တစ်နေရာတွင် ရှင်းလင်းခဲ့သည်ဟု မကွေး PDF မှ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ကျောက်ရိုင်းဆိုသူက ပြောသည်။ 

စစ်ဆေးမေးမြန်းရန် ခေါ်ဆောင်လာစဉ် ပြန်လည်ခုခံသောကြောင့် သုတ်သင်လိုက်ခြင်းဖြစ်သည်ဟု ဆိုသော်လည်း အတိအကျမသိရပေ။ 

“သူ့ကို ပေါက်မြို့နယ်မြောက်ဘက် မလှမ်းမကမ်းအကွာမှာ တွေ့တာ။ သူနဲ့ ဆုံတဲ့နေရာမှာပဲ စီရင်လိုက်ရတာ။ သူ့ကို မေးဖို့ မြန်းဖို့ ဆွဲနေတုန်းရှိသေးတယ်။ ပြန်ပြီးခုခံတာ။ သူ့မှာပါတဲ့ ဓားနဲ့ပဲ ရန်မူတာပေါ့” ဟု ဗိုလ်ကျောက်ရိုင်းက ပြောသည်။ 

ပေါက်မြို့နယ်အတွင်း စစ်တပ်က ကျေးရွာများကို လိုက်လံမီးရှို့ရာ မြဝတီသတင်းစာတာဝန်ခံဖြစ်သူ ဦးဉာဏ်တိုးက လမ်းပြပေးခြင်း၊ သတင်း ပေးခြင်းများ ပြုလုပ်နေသဖြင့် ရှင်းလင်းရခြင်းဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။

လုပ်ကြံခံရသူမှာ ပေါက်မြို့နယ်အတွင်း စစ်တပ်နှင့် လိုက်ပါလေ့ရှိ အရပ်ဝတ်လက်နက်ကိုင်အဖွဲ့ဖြစ်သော ပျူစောထီးခေါင်းဆောင်တစ်ဦးဖြစ် သည်ဟုလည်း နာမည်ထွက်သည်ဟု တပ်တွင်းသတင်းပေးများကို ကိုးကား၍ ဗိုလ်ကျောက်ရိုင်းက ပြောသည်။

“သူက စစ်ကြောင်းနဲ့ အတူတူပါပြီးတော့ မီးရှို့တဲ့နေရာတွေမှာ ပါတာ။ သူက တစ်ယောက်တည်းလှုပ်ရှားတဲ့ အနေအထားမျိုးမရှိသေးဘူး။ PDF တွေ အင်အားကြီးတဲ့နေရာတွေမှာ ထောက်လှမ်းတယ်။ ပျူစောထီးမှာ ခေါင်းဆောင်ဆိုတာ သေချာတယ်။

ဦးဉာဏ်တိုးသေဆုံးမှုနှင့် ပတ်သက်၍ စစ်ကောင်စီတပ်နှင့် ဆက်သွယ်မေးမြန်းနိုင်ခြင်း ပေါက်မြို့ခံများနှင့် သက်ဆိုင်ရာ မိသားစုဝင်များကို ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိပေ။ 

ပြီးခဲ့သည့် ဧပြီလအတွင်း ပေါက်မြို့နယ်တောင်ပိုင်းရှိ ကျေးရွာများကို စစ်တပ်က တစ်ရွာဝင်တစ်ရွာထွက် လိုက်လံစီးနင်းစဉ် စုစုပေါင်း ၁၆ ရွာထက်မနည်း မီးရှို့ဖျက်ဆီးခံရသည်။

ရွာ ၇ ရွာမှာ ရွာလုံးကျွတ် မီးလောင်ပျက်စီးခဲ့ပြီး ဒေသခံ ၁၂ ဦးလည်း သတ်ဖြတ်ခံရသည်။​ myanmar now

မြစ်သာတမံဆည်အနီးတွင် စစ်ကောင်စီတပ် သားများ မိုင်းဆွဲတိုက်ခိုက်ခံရ၍ သေဆုံးမှုများရှိဟုဆို

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မြစ်သာတမံ ဆည်ပေါ်သို့ ရောက်ရှိလာသော စစ်ကောင်စီတပ်သားများအား မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဘက်မှ ထိခိုက်ကျဆုံးမှုရှိကြောင်း PDF-GANGAW(တောင်ပိုင်း)အဖွဲ့က ထုတ်ပြန်ထားသည်။

မေလ ၂၉ ရက် နံနက်ခင်းအချိန်တွင် မြစ်သာတမံဆည်အနီးရှိ ယင်းမာနှင့် စင်ပုံကျေးရွာများသို့ စစ်ကြောင်းထိုးပြီး ပြန်ထွက်လာသည့် စစ်ကောင်စီတပ်သားများအား မိုင်းဆွဲတိုက်ခိုက်ကြခြင်းဖြစ်သည်။

“၂၆ ရက်နေ့က ရဟတ်ယာဉ်တွေနဲ့လာပစ်ရင်း စခန်းချနေတာသူတို့က ၊ ပြီးတော့ဘေးအနီးအနားကရွာတွေကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ပစ်ရင်း ဝင်မွှေနေကြတာ ။ သူတို့အဲ့လိုထွက်သွားတုန်း ကျွန်တော်တို့ဘက်က မိုင်းတွေဆင်ထားပြီး ၂၉ ရက်နေ့က ပြန်ဝင်လာတော့ မိုင်းဆွဲလိုက်ကြတာပါ သူတို့မိုင်းတော့ထိကြတယ် ဘယ်လောက်သေလဲတော့ သေချာ မသိရသေးဘူး” ဟု စစ်ကောင်စီတပ်သားများ အားတိုက် ခိုက်ပုံကို PDF-GANGAW(တောင်ပိုင်း)တာဝန်ရှိသူကပြောသည်။

မေလ ၂၆ ရက် တွင် မြစ်သာတမံဆည်ပေါ်ရှိ ရိပ်သာတွင် တပ်စွဲထားသော ပြည်သူ့ကာကွယ်ရေးတပ်အား စစ်ကောင်စီတပ်မှ လေကြောင်းဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြည်သူ့ကာကွယ်ရေးတပ်သားလေးဦးနှင့် ရိပ်သာအစောင့်အရပ်သားတစ်ဦး ကျဆုံးကာ မေလ ၂၈ ရက်နေ့မှ ထိုရုပ်အလောင်းများအား ပြန်လည်ကောက်ယူနိုင်ခဲ့ကြသည်ဟု သိရသည်။

မေလ ၂၈ ရက်တွင် ထိုရဲဘော်များ၏ ရုပ်အလောင်းများအား PDF-GANGAW(တောင်ပိုင်း)အဖွဲ့က မီးသင်္ဂြိုဟ်ပေးကြောင်းသိရသည်။

စစ်ကောင်စီစစ်တပ်အား ရွပ်ရွပ်ချွံချွံတော်လှန်တိုက်ခိုက်ရင်း အနာဂတ် ဖယ်ဒရယ် ဒီမိုကရေစီနိုင်ငံတော်ကြီးအတွက် အသက်ပေးလှူသွားခဲ့ကြသော သူရဲကောင်း ရဲဘော်များအတွက် စိတ်မကောင်းဖြစ်ရကြောင်းလည်း PDF-GANGAW (တောင်ပိုင်း)က ထုတ်ပြန်ထားသည်။

“ပျောက်နေတဲ့ရဲဘော်တွေလည်း ပြန်တွေ့ပါပြီ ။ ကျဆုံးသွားတဲ့ သူရဲကောင်းရဲဘော်တွေအတွက် သွေးကြွေးထပ်ယူပါမယ် ။ လက်နက်အင် အား မမျှတပေမယ့် ဒီကောင်တွေကိုကျွန်တော်တို့ဆက်လက်ပြီး တိုက်ခိုက်သွားပါမယ်” ဟု PDF-GANGAW(တောင်ပိုင်း)တာဝန်ရှိသူကပြောသည်။

ယနေ့ ဇွန်လ ၁ ရက်တွင် ထိုစစ်ကောင်စီတပ်သားများသည် မြစ်သာတမံဆည်ပေါ်တွင် တပ်စွဲကာနေရာယူထားကြောင်း သိရသည်။ mizzima

စစ်တပ်ထိုးစစ်ဆင် မီးရှို့မှု စစ်ကိုင်းတိုင်းမြို့ နယ်တချို့တွင် ဆက်လက်ဖြစ်ပွား

မြန်မာနိုင်ငံအလယ်ပိုင်း၊ စစ်ကိုင်းတိုင်းရှိ လက်နက်ကိုင်ခုခံမှုအားကောင်းသည့် မြို့နယ်အချို့ကို စစ်ကောင်စီက မေလနောက်ဆုံးပတ်တွင် အင်အား ၅၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးနေပြီး ကျေးရွာ ၇ ရွာထက်မနည်းကို ဆက်တိုက် မီးရှို့နေသည်။

မေလနောက်ဆုံးပတ်တွင် ကလေး၊ တန့်ဆည်၊ မြောင်မြို့နယ်တို့ကို ထိုသို့ စစ်ကြောင်းထိုးစဉ် ဒေသခံကာကွယ်ရေးအဖွဲ့များက ကြားဖြတ်တိုက်ခိုက်နေသောကြောင့် တိုက်ပွဲများလည်း နေ့စဉ် ဖြစ်ပွားနေသည်။

ထိုကာလအတွင်း ကလေးမြို့ အနောက်တောင်ပိုင်းဒေသကို အင်အား ၃၀၀ ခန့်ဖြင့် စစ်ကြောင်း ၃ ခု၊ တန့်ဆည်တွင် အင်အား ၁၀၀ ခန့်ဖြင့် စစ်ကြောင်းတစ်ခု၊ မြောင်မြို့နယ်တွင် အင်အား ၁၀၀ ခန့်ဖြင့် စစ်ကြောင်းတစ်ခု ရောက်နေသည်ဟု ဒေသခံများက ဆိုသည်။

ကလေးအနောက်တောင်ပိုင်း

ကလေးမြို့နည်းပညာတက္ကသိုလ်ဘက်မှ စစ်ကောင်စီတပ်က လက်နက်ကြီးနှင့် ပစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“ချင်းတောင်ပေါ်ကနေ သာလွန်အင်အားနဲ့ ဆင်းလာပြီး စစ်ကြောင်းတွေ ခွဲလာတာ။ မြစ်သာမြစ်၊ အရှေ့ဘက်ခြမ်း ငါးဖားရွာဘက်မှာလည်း နည်းပညာတက္ကသိုလ်ကနေ လက်နက်ကြီးပစ်ကူနဲ့ စစ်ကြောင်းထိုးနေတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသော ထိုဒေသခံက ယမန်နေ့ (မေ ၃၀) တွင် Myanmar Now ကို ပြောသည်။ 

မေ ၃၀ နံနက်တွင် သုံးအိမ်စု (ကျွန်းတောရွာ) မီးရှို့ခဲ့ရပြီး အနည်းဆုံး အိမ် ၃ လုံး မီးလောင်ခဲ့သည်ဟု ဆိုသည်။

မေ ၂၈ ညပိုင်းကလည်း ကလေးမြို့ပေါ် တာဟန်းရပ်ကွက် (နေကြာတိုက်) အနီး တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် ကလေးမြို့နယ်ဒေသကာကွယ်ရေးအဖွဲ့များ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။ 

ပစ်ခတ်မှုအတွင်း မေတ္တာဆေးရုံအနီးရှိ နေအိမ်တစ်လုံးပေါ် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး နို့တိုက်ကလေးမိခင်တစ်ဦးနှင့် မင်းကင်းမြို့နယ်မှ စစ်ရှောင်ရောက်နေသည့် သားအမိနှစ်ဦး သေဆုံးခဲ့သည်။

သေဆုံးသူတို့မှာ ကလေးမိခင် အသက် ၂၅ နှစ်အရွယ် Vanlalawmupi, စစ်ရှောင် အသက် ၄၇ နှစ်အရွယ် ဒေါ်နီနီအေးနှင့် သားဖြစ်သူ အ သက် ၂၆ နှစ်အရွယ် ကိုဘုန်းမြတ်ဦးတို့ဖြစ်ပြီး နောက်တစ်နေ့တွင် သင်္ဂြိုဟ်ခဲ့ကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။

လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ အားကောင်းသည့် ကလေးမြို့နယ်တောင်ပိုင်းကျေးရွာများတွင် မေလဆန်းကတည်းက တိုက်ပွဲများပြင်းထန်ခဲ့ပြီး ထိုနေရာရှိ ရေရှင်ရွာ၊ အရှေ့စည်းရွာတို့ကို စစ်တပ်က မီးရှို့ခဲ့ရာ အိမ်ခြေ ရာနှင့်ချီ ပျက်စီးခဲ့ရသည်။

ထိုဒေသများမှ မီးဘေးသင့်ပြည်သူများ နီးစပ်ရာ တောတောင်များတွင် ခိုလှုံနေရာအနီး မေဒုတိယပတ်၌ စစ်တပ်က တိုက်ခိုက်ရေးရဟတ် ယာဉ် MI 35 များ၊ တိုက်လေယာဉ်များဖြင့် ၆ ကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့သည်။ 

ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒလက် အရှည် ၁ ပေခန့်အပါအဝင် အရှည် ၄ ပေခန့် ရှိသည့် လက်နက်အစိတ်အပိုင်းများကို ဒေသခံများက တွေ့ရှိခဲ့ရသည်။ 

တန့်ဆည်မြို့နယ်

စစ်ကိုင်းအလယ်ပိုင်း၊ တန့်ဆည်မြို့နယ်တွင် မေ ၂၉ ၌ အင်အား ၁၀၀ ခန့်ဖြင့် စစ်ကောင်စီက စစ်ကြောင်းထိုးနေပြီး ကျေးရွာ ၂ ရွာထက်မနည်း မီးရှို့ခံထားရသည်ဟု ဒေသခံကာကွယ်ရေးအဖွဲ့များထံမှ သိရသည်။ 

တန့်ဆည်မြို့အထက်တန်းကျောင်း၌ တပ်စွဲထားသည့်နေရာမှ ထွက်လာသည့် ထိုစစ်ကြောင်းသည် တန့်ဆည်မြောက်ပိုင်းကို ဦးတည်လာပြီး မေ ၂၉ ညနေတွင် ကျွန်းတောကုန်းရွာကို မီးရှို့ကာ အနီးနားရှိ အင်ကုက္ကားရွာတွင် ညအိပ်စခန်းချခဲ့သည်။ 

ထိုရွာသည် စစ်ကောင်စီက လက်နက်တပ်ဆင့် လေ့ကျင့်ပေးထားသည့် ပျူစောထီး ခေါ် အရပ်သား ပြည်သူ့စစ်အဖွဲ့အခြေပြုထားသည့်ရွာဖြစ်သည်။

မေ ၃၀ နံနက်တွင် စစ်သားများ ထိုရွာမှ ထွက်လာရာ အောင်ချမ်းသာရွာအနီး မိုင်းဆွဲခံရသဖြင့် နံနက် ၉ နာရီခန့်တွင် စစ်သားများ အောင်ချမ်းသာရွာကို လက်နက်ကြီးဖြင့် ပစ်ခတ်ဝင်ရောက်ပြီး မီးရှို့ခဲ့သည်ဟု ဒေသခံများက ပြောသည်။ 

“မိုင်းဆွဲခံရပြီးမှ ဝင်တာ။ ရွာထဲကို လက်နက်ကြီးတွေနဲ့ ထုပြီး ဝင်လာတာ။ မနက် ၉ နာရီခွဲလောက်တည်းက စရှို့တာ ၁၂ နာရီလောက်ထိ ရှို့တာ” ဟု ဒေသခံကာကွယ်ရေးအဖွဲ့များနှင့် နီးစပ်သည့် ဒေသခံတစ်ဦးကလည်း ဆိုသည်။

တန့်ဆည်မြို့မှ မိုင် ၁၀၀ ခန့်အကွာရှိ စစ်ကိုင်းတိုင်းတောင်ဘက်စွန်းရှိ မြောင်မြို့နယ်တွင်လည်း အင်အား ၁၀၀ နီးပါးရှိ စစ်ကြောင်းတစ်ခု ရွာစဉ်လှည့် စီးနင်းခဲ့ကြောင်း၊ လေကြောင်းမှလည်း ပစ်ကူခဲ့ကြောင်း ဒေသခံကာကွယ်ရေးအဖွဲ့များထံမှ သိရသည်။ 

မြောင်မြို့နယ်

မေ ၂၉ ရက်၊ ညနေ ၅ နာရီဝန်းကျင်တွင် အဆိုပါစစ်ကြောင်းသည် တမဆေးရွာကို မီးရှို့နေစဉ် လေကြောင်းမှလည်း ၆ ကြိမ်ခန့် ပစ်ခတ်မှုများပြုလုပ်ခဲ့ကြောင်း မြောင်မြို့ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးတပ်ဖွဲ့ (CDSOM) အဖွဲ့ထံမှ သိရသည်။ 

“မနေ့က တိုက်ပွဲဖြစ်ပြီးတော့ သူတို့ (စစ်တပ်) ဘက်က အကျအဆုံးတွေရှိထားတယ်။ အဲဒါကြောင့် ဒါက စစ်ကူလာတာပဲဖြစ်မယ်ဆိုပြီး အဖွဲ့တွေကို ပြန်ဆုတ်ခိုင်းလိုက်တယ်။ အဖွဲ့တွေက အားလုံးပြန်ဆုတ်လာကြတယ်” ဟု CDSOM အဖွဲ့ တာဝန်ခံ ကိုနွေဦးက ပြောသည်။ 

“လေကြောင်းက ပထမတစ်ပတ်၊ ဒုတိယတစ်ပတ် ပတ်တယ်။ ၃ ပတ်မြောက်မှာ စပစ်တယ်။ ၄ ပတ်မြောက်မှာ ထပ်ပစ်တယ်။ နောက်ထပ် ဘေးဘက်တွေလည်း အကုန်လျှောက်ပတ်ပြီးတော့ ၆ ပတ်မြောက်မှာ ထပ်ပစ်တယ်”

အဆိုပါ လေကြောင်းပစ်ခတ်ချိန်တွင် ဒေသခံများ ထွက်ပြေးတိမ်းရှောင်ကြရပြီး လတ်တလော၌ ထိုနေရာများကို ဒေသခံကာကွယ်ရေးအဖွဲ့များ သွားရောက်ကြည့်ရှုနိုင်ခြင်း မရှိသေးသဖြင့် အရပ်သားထိခိုက်မှု ရှိမရှိ မသိရသေးကြောင်း ဆက်ပြောသည်။ 

မြောင်မြို့နယ်တောင်ပိုင်းကျေးရွာများမှာ မေ ၁၈ ကတည်းက စစ်ကြောင်းထိုးခံနေရခြင်းဖြစ်ပြီး ယမန်နေ့အထိ ကျေးရွာပေါင်း ၂၀ မှ အိမ်ခြေ ၅၈၀ ကျော် မီးရှို့ခံရပြီး အိမ်ထောင်စု ၄၀၀ ခန့် မီးဘေးသင့်ခဲ့ရကြောင်း CDSOM က ပြုစုထားသည့်စာရင်းအရသိရသည်။ 

“စစ်ကြောင်းတစ်ကြောင်း တစ်ရွာရောက်ပြီဆိုရင်ဘေးက ၄၊ ၅ ရွာလောက်က အကုန်ရှောင်ကြရတာလေ။ ဒီနေ့ ဒီရွာဝင်ရင် အဲဒီရွာတွေနဲ့ အနီးဆုံးရွာတွေက ရှောင်ရတယ်။ မနက်ဖြန် နောက်တစ်ရွာဝင်ရင် အဲဒီနားကရွာတွေ ရှောင်ရတယ်။ အဲဒီတော့ ဘယ်ရွာတွေဆိုတာ အတိအကျပြောလို့မရဘူး။ အကုန်လုံးက ရှောင်ဖို့အတွက် အသင့်အနေထား အထုပ်ပြင်ထားရတဲ့ရွာတွေချည်းပဲ” ဟု CDSOM မှ ကိုနွေဦးက ပြောသည်။ 

စစ်ကိုင်းတိုင်းတောင်ဘက်အစွန်ဆုံးရှိ မြောင်မြို့နယ်သည် မန္တလေးတိုင်း၊ မကွေးတိုင်းတို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေပြီး ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်တို့ ပေါင်းဆုံရာအနီးတွင် ရှိသည့်အတွက် သွားလာရေးလွယ်ကူ၍ ထိုဒေသ၌ လက်နက်ကိုင်တော်လှန်ရေးအင်အားစုများ ခိုလှုံနေသည်ဟု ယူဆချက်ဖြင့် စစ်တပ်က စစ်ကြောင်းထိုးခြင်းဖြစ်နိုင်ကြောင်း ဒေသခံကာကွယ်ရေးအဖွဲ့များက သုံးသပ်သည်။ 

စစ်ကိုင်းတိုင်းအတွင်း လက်နက်ကိုင်ခုခံမှုအားကောင်းရာ မြို့နယ်များဖြစ်သည့် ဆားလင်းကြီး၊ ယင်းမာပင်၊ ပုလဲ၊ ကနီမြို့နယ်တို့တွင် မေ ၂၉ မှစ၍ ဖုန်းလိုင်းများဖြတ်တောက်ထားသော်လည်း တချို့နေရာများတွင် ယနေ့ ဖုန်းလိုင်း၊ အင်တာနက်လိုင်းများ ရရှိနေသည်ဟု ဆိုသည်။ 

လက်နက်၊ လူအင်အား အပြည့်အစုံနှင့် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ကို မိုင်း၊ လက်လုပ်သေနတ်များနှင့် တိုက်ခိုက်နေသည့် စစ်ကိုင်းတိုင်းအတွင်းမှ ဒေသခံကာကွယ်ရေးအဖွဲ့များက လက်နက်ခဲယမ်းများ လိုအပ်နေသည်ဟု ဆိုသည်။ 

“စစ်အာဏာရှင်မကျမချင်း တိုက်မှာ။ ပုံမှန်အနေအထားမှာတောင်မှ လက်နက်ချင်းက မမျှလို့ ကိုယ့်ဘက်က တချို့ဟာတွေဆိုရင် လုပ်ချင်ရက်နဲ့ မလုပ်လိုက်ရဘဲနဲ့ နောက်ဆုတ်နေလိုက်ရတဲ့အခြေအနေမျိုးမှာရှိတယ်” ဟု ကိုနွေဦးက ဆိုသည်။  

“အခုလိုမျိုး လေကြောင်းတွေပါလာတဲ့အတွက် ကိုယ့်ဘက်က အထိခိုက်လည်း များနိုင်တယ်။ အကျဆုံးလည်း များနိုင်တယ်။ လုပ်ဖို့အခွင့်အ ရေးတွေ ပိုနည်းသွားနိုင်မယ်။ ဒါပေမဲ့ နောက်ဆုတ်သွားမှာမဟုတ်ဘူး။ ကိုယ်လုပ်နိုင်သလောက် လုပ်သွားမယ်” 

တိုင်းရင်းသားလက်နက်ကိုင်နယ်မြေများတွင် ထိုးစစ်ဆင်မှု သိသိသာသာလျော့နည်းသွားပြီးနောက် မေလ ၂၀ မှစ၍ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အချို့နှင့် အာဏာသိမ်းစစ်ကောင်စီက နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးနေစဉ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ မရှိသော စစ်ကိုင်းတိုင်းကို စစ်တပ်က အင်အားအလုံးအရင်းနှင့် ထိုးစစ်ဆင်နေသည်။  

စစ်ကောင်စီတပ် ရွာထဲ ဝင်လာလျှင် နေအိမ်များ မီးရှို့ခံရသည်ဟူသော ပြောဆိုချက်နှင့် ပတ်သက်ပြီး စစ်ကောင်စီက မီးရှို့မှုမှာ ၎င်းတို့၏ လက်ချက်မဟုတ်ဟု မကြာခဏ တုံ့ပြန်နေသည်။ myanmar now

လေးကေ့ကော်တွင်တိုက်ပွဲထပ်ဖြစ် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ကျော်သေပြီး ၈ ဦးဒဏ်ရာရရှိ

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်၊ လေးကေ့ကော်ကျေးရွာမှာ မေ ၃၁ ရက်က စစ်ကောင်စီပူးပေါင်းတပ်တွေနဲ့ KNLAပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာမှာ စစ်ကောင်စီဘက်က  ၃၂ ဦးသေပြီး ၈ ဦးဒဏ်ရာရရှိခဲ့တယ်လို့ KNU သတင်းရင်းမြစ်ဆီက သိရပါတယ်။

ဖလူးကျေးရွာဘက်ကနေ စစ်ကောင်စီတပ်နဲ့ နယ်ခြားစောင့်တပ် (BGF)တွေဟာ နယ်မြေကျော်ဝင်ရောက်လာပြီး စစ်ကောင်စီက ရွှေညောင် ပင်အမြောက်ကုန်းကနေ လက်နက်ကြီး ပစ်ကူပေးပြီး နယ်မြေထိုးဖောက်ဝင်ရောက်ဖို့ကြိုးစားလာတဲ့အတွက် တိုက်ပွဲတွေဖြစ်ပွားနေတာပါ။

အဆိုပါတိုက်ပွဲဟာ မေ ၃၁ ရက်  နေ့လယ်ကစတင်ပြီး  ည ၈ နာရီအထိ စစ်ကောင်စီတပ်က ၂၉ ဦး၊ BGF ၃ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာ ရရှိထားတယ်လို့ ဆိုပါတယ်။

“အရင်ရက်တွေတည်းက စကစနဲ့ BGF အင်အား ၃၀၀ လောက်က ဖလူးဘက်ကနေ လက်နက်ကြီးပစ်ကူနဲ့အတူ  တိုးလာဖို့ ကြိုးစားနေတာ။ စကစနဲ့ပေါင်းပြီး ဗိုလ်မုတ်သုန်ရဲ့ ၁၀၂၂ တပ်ရင်းနဲ့ ဖြစ်တာ။ တိုက်ပွဲကတော့ သူတို့ဘက်က အထိနာနေတယ်”လို့ KNU သတင်းရင်းမြစ်က ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက ဖလူးလေးကျေးရွာဘက်ကနေ စစ်ကောင်စီရဲ့ လူအင်အား ၃၀၀ လောက်ဟာ လေးကေ့ကော်ဒေသကို ပြန်လည်ထိန်းချုပ်ဖို့ ကြိုးစားနေသလို့ ကျဆုံးသွားတဲ့ တပ်စခန်းတွေကို ပြန်လည်သိမ်းယူဖို့ လုပ်ဆောင်နေတယ်လို့ KNU တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

မနေ့ည ၈ နာရီလောက်က ဖြစ်ပွားတဲ့တိုက်ပွဲအတွင်း လက်နက်ကြီး ပစ်ခတ်သံတွေကို သောင်ရင်းမြစ်တစ်ဖက်ကမ်း မဲဆောက်မြို့ပေါ်အထိ ကြားရတယ်လို့ မဲဆောက်မြို့မှာ နေထိုင်သူတွေက ပြောပါတယ်။

လေးကေ့ကော်ဒေသအတွင်း ဝင်ရောက်လှုပ်ရှားနေတဲ့ အမှတ် ၁၀၂၂ နယ်ခြားစောင့်တပ်(BGF) တပ်ရင်းက တပ်ဖွဲ့ဝင်တချို့ဟာ  ခွဲထွက်ဒီကေဘီအေနဲ့ သွားရောက်ပူးပေါင်းတာတွေ ရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မေ ၁၈ ရက်က ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီ-ဝေါ်လေ ကားလမ်းနံဘေး၊ သေ့ဘော့ဘိုးကျေးရွာအနီးက စစ်ကောင်စီရဲ့ သေ့ဘော့ဘိုးစ ခန်းကို ကော်ဘရာစစ်ကြောင်းနဲ့ ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ လက်နက်မျိုးစုံ ၁၂ လက်နဲ့အတူ လက်နက်ခဲယမ်းအမြောက်အများ သိမ်းဆည်းရမိခဲ့ပါတယ်။

အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် တပ်သား  ၆ ဦး အရှင်ဖမ်းဆီးရမိပြီး စစ်ကောင်စီတပ်ဘက်က ဒုတပ်ရင်းမှူးအပါအဝင် သေဆုံးသူများပြားခဲ့ပြီး ကော်ဘရာစစ်ကြောင်းနဲ့ ပူးပေါင်းတပ်ဖွဲ့ဘက်က တော်လှန်ရေးရဲဘော် ၃ ဦး သေဆုံးပြီး ၄ ဦး မစိုးရိမ်ရဒဏ်ရာ ရရှိခဲ့ပါတယ်။

စစ်ကောင်စီတပ်တွေရဲ့ နယ်မြေကျော်စစ်ပွဲတွေကြောင့် သောင်းနဲ့ချီတဲ့ ဒေသခံအရပ်သားပြည်သူဟာ သောင်းရင်းမြစ်အနီးမှာ ယာယီခိုလှုံနေ ထိုင်ရပြီး မိုးရာသီ လေပြင်းတိုက်ခိုက်မှုတွေကြောင့် ယာယီတဲတွေဟာ ပျက်စီးခဲ့သလို့  ကလေးသူငယ်နဲ့ သက်ကြီးရွယ်အိုတွေဟာ မိုးမိတဲ့ဒဏ်တွေနဲ့ မသန့်ရှင်းတဲ့ရေတွေကို သောက်သုံးနေရတာတွေကြောင့် နေထိုင်မကောင်းတဲ့သူတွေ ရှိနေပါတယ်။ DVB

ကလေးမြို့နတ်ချောင်းကျေးရွာကို စစ်ကောင် စီတပ် ၅ ကြိမ်မြောက် မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ ကလေးမြို့ တောင်ဘက် ၁၅ မိုင်ခန့်အကွာ မြစ်သာမြစ်နှင့် ချင်းတောင်တန်းကြား အိမ်ခြေ ၃,ဝဝဝ ခန့်ရှိနတ်ချောင်းကျေးရွာကို စစ်ကောင်စီ တပ်က မေလ ၃၁ ရက် ညနေ ၅ နာရီခန့်တွင် စတင်မီးရှို့ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်က နတ်ချောင်းကျေးရွာကို ယခုအကြိမ် မီးရှို့ခြင်းသည် ငါး ကြိမ်မြောက် မီးရှို့ခဲ့ခြင်း ဖြစ်သည်။

စစ်ကောင်စီ၏ မီးရှို့မှုကြောင့် ပထမ အကြိမ်တွင် ပြည်သူပိုင်နေအိမ် ၄၃ လုံး ၊ ဒုတိယအကြိမ်တွင် နေအိမ် ၇၈ လုံး ၊ တတိယအကြိမ်တွင် ၉၈ လုံး ၊စတုတ္ထအကြိမ်တွင် နေအိမ် ၁ဝ လုံး မီးလောင်ပြာကျခဲ့ပြီး ယခုအကြိမ်မြောက်မီး ရှို့ခံရမှု ဖြစ်စဉ် အသေးစိတ်ကိုမူ မသိရှိရသေးပေ။

“စစ်ကောင်စီတပ်က နတ်ချောင်းကျေးရွာကို အင်အား ၂ဝဝ စီလောက်နဲ့ တောင်ဘက် မြောက်ဘက်ညှပ်ပြီး တက်လာတယ်။ လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်ပြီး ရွာထဲကို ဝင်လာတယ်။ ရွာကိုတော့ ညနေ ၅ နာရီ မှာ မီးစရှို့တယ်။ ရွာကလူတွေ ရှောင်နေရတာ သုံးလ ကျော်နေပြီ။ စားဝတ်နေရေးနဲ့ကျန်းမာရေး အခက်အခဲတွေ ရှိနေတယ် ” ဟု နတ်ချောင်းဒေသခံက ပြောသည်။

ထို့ပြင် စစ်ကောင်စီတပ် ၏ ရမ်းသန်း ပစ်ခတ်မှုကြောင့် စစ်ဘေးရှောင်များရှိသည့် နတ်မြောင်းဘုန်းကြီး ကျောင်းသို့ လက်နက်ကြီး ကျည် ကျရောက်ပေါက်ကွဲ၍ စစ်ရှောင် နှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး အသက်အန္တရာယ် စိုးရိမ်ရကြောင်း နတ်ချောင်း ဒေသခံထံက သိရသည်။ mizzima

ကနီမြို့နယ်အတွင်း ချင်းတွင်းမြစ်ကမ်းဘေး စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအဖွဲ့များ တိုက်ပွဲဖြစ်

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ချင်းတွင်းမြစ်ကမ်းဘေးက ညောင်ပင်ဝန်းကျေးရွာအနီးမှာ မေ ၃၁ ရက် မနက် ၇ နာရီက စတင်ပြီး စစ်ကောင်စီတပ်နဲ့ ဒေသခံ တော်လှန်ရေးအဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်တွေက ချင်းတွင်းမြစ်အတွင်းကနေ ဖလပ်မော်တော်တွေနဲ့ စုန်ဆင်းရင်း ဒေသခံတွေရဲ့ ကျေးရွာတွေကို မီးရှို့တာတွေ လုပ် ဆောင်တာကြောင့် အခုလို ဒေသခံ ကာကွယ်ရေးတပ်နဲ့ တိုက်ပွဲဖြစ်ရတာလို့ ဆိုပါတယ်။

ဒေသခံရွာသားတဦးက “ဖြစ်ကြတာတော့ မနက်ခင်း ၇ နာရီလောက်ကတည်းက ဖြစ်နေကြတယ်။ သူတို့ဘက်က မော်တော်ပေါ်ကနေ စုန်လာတာတဖွဲ့၊ မြစ်ကမ်းနဖူးပေါ် မြေပြင်ကနေလာတာတဖွဲ့ အားလုံးပေါင်း နှစ်‌ဖွဲ့ ကနီမြို့ကနေ အောက်ကိုစုန်လာတယ်။ ဘေးတွေလည်း သေနတ်တွေနဲ့ ရမ်းပစ်တာတွေလည်း လုပ်တယ်” လို့  ပြောပါတယ်။

စစ်ကောင်စီက အခုလို ကျေးရွာတွေဆီကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တာကြောင့် ချင်းတွင်းမြစ်ဘေးက ကျေးရွာအများစုဟာ ဘေးလွတ်ရာကို စစ်ဘေးရှောင်နေကြရပါတယ်။

ကနီမြောက်ဘက်နယ် စစ်အာဏာရှင်တော်လှန်ရေး ခေါင်းဆောင်တဦးက “ကျနော်တို့က ဒီစ(–)တွေနဲ့ အခုလို တိုက်ပွဲမဖြစ်ချင်ပါဘူးဗျာ။ သူတို့က သူတို့သွားတဲ့ လမ်းကြောင်းပေါ်က ကျနော်တို့ ဒေသခံတွေရဲ့ ကျေးရွာတွေကို မီးရှို့တာတွေ လုပ်နေတော့ ကျနော်တို့ လက်ပိုက်ကြည့်‌မနေနိုင်တော့လို့ အခုလို တိုက်ပွဲဖြစ်ရတာပါ။ ပစ်တာကတော့ ကျနော်တို့ဘက်က လက်လုပ် ၈ လက်မ လက်နက်ကြီးရယ် ၁၀ လက်မ လက် နက်ကြီးရယ် ပစ်လိုက်တာ၊ ဒီကောင်တွေ အတော်အထိနာသွားတယ်။ မော်တော် ၂ စီးကတော့ ပျက်စီးသွားတယ်။ အဲလို သူတို့ဘက်က ရှုံးတော့မယ်လို့ထင်တော့ နေ့လယ် ၂ နာရီလောက်ရောက်တော့ ကျနော်တို့အဖွဲ့တွေကို လေယာဉ်နဲ့ လာပစ်တယ်။ လာပစ်တဲ့သူတွေကလည်း ကျနော်တို့အဖွဲ့တွေကို မပစ်ဘဲ သူ့လူတွေကို ပစ်သွားတာ။ သေလိုက်ကြတာ အတော်များတယ်ဗျ။ ခန့်မှန်းခြေကတော့ ၂၀ ကျော်မယ်။ အခုအထိ အလောင်းတွေ လာမကောက်သေးဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်တွေ သေဆုံးမှုနဲ့ ပတ်သက်လို့တော့ သီးခြားအတည်ပြိုင်နိုင်ခြင်းမရှိသေးသလို အဆိုပါတိုက်ပွဲနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။ 

အခုလို ဒေသခံတွေဘက်က ပစ်ခတ်တာရော၊ စစ်ကောင်စီဘက်က မှားယွင်းပစ်ခတ်တာ ခံရတာရောကြောင့် ချင်းတွင်းမြစ် အောက်ပိုင်းကို စုန်ဆင်းမယ့် စစ်ကောင်စီတပ်တွေဟာ ကနီမြို့ဘက်ကို ပြန်လည်ဆန်တက်သွားကြတယ်လို့လည်း ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ DVB

« Older Entries