Monthly Archives: Jun 2022

ကော့မှူးရှိ ရွာပေါင်း ၆၀ ကျော်ကို ရက်အကန့်အသတ်မရှိ ဆိုင်ကယ်စီးခွင့်ပိတ်

ရန်ကုန်တိုင်းတောင်ပိုင်းရှိ ကော့မှူးမြို့နယ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဇနီးဖြစ်သူ ပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီက ငှက်အော်စမ်းရွာအပါအဝင် ရွာပေါင်း ၆၀ ကျော်ကို ဆိုင်ကယ်စီးခွင့် ရက်အကန့်အသတ်မရှိ ပိတ်လိုက်ကြောင်း ဒေသခံများထံမှ သိရသည်။

ငှက်အော်စမ်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်မင်း၊ ဇနီး ဒေါ်မြမြမိုးတို့ မေ ၃၀ တွင် သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခံရခြင်းဖြစ်ကာ ယမန်နေ့ (ဇွန် ၁) မှစ၍ ထိုသို့ ပိတ်လိုက်ခြင်းဖြစ်သည်။

“ကော့မှူးမြို့နယ်အနောက်ခြမ်း တောရွာတွေပေါ့ဗျာ၊ အဲဒီကို မသွားဖို့နဲ့ ဆိုင်ကယ်တွေလည်း ပေးမစီးတော့ဘူး။ စစ်ကောင်စီရဲ့ ညွှန်ကြားချက်နဲ့ အုပ်ချုပ်ရေးမှူးတွေက ကြေညာတယ်” ဟု ဒေသခံတစ်ဦးက ယနေ့ Myanmar Now ကို ပြောသည်။

ဇနီးဖြစ်သူမှာ နေရာတွင် ပွဲချင်းပြီးသေဆုံးခဲ့ပြီး အုပ်ချုပ်ရေးမှူးသည် မင်္ဂလာဒုံစစ်ဆေးရုံ၌ ဆေးကုသမှု ခံယူနေရသည်ဟု ဒေသခံက ဆိုသည်။

ဒေသအခြေစိုက် 5 Brothers Younger ဆိုသောအဖွဲ့က ထိုပစ်ခတ်မှုမှာ ၎င်းတို့လက်ချက်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။

ပစ်ခတ်သူများက ဆိုင်ကယ်အသုံးပြုခဲ့သဖြင့် ထိုဖြစ်ရပ်အပြီး ဆိုင်ကယ်စီးနင်းခွင့် ပိတ်ပင်ခြင်းဖြစ်နိုင်သည်ဟု ဒေသခံများက ယူဆသည်။

ခရီးသွားလာရေးအတွက် ဆိုင်ကယ်ကို အဓိကထားအသုံးပြုနေရပြီး စိုက်ပျိုးရေးနှင့် မွေးမြူရေး အဓိကလုပ်ကိုင်သော မြို့နယ်လည်းဖြစ်ရာ ဆိုင်ကယ်စီးခွင့် ပိတ်လိုက်သဖြင့် အခက်ကြုံရသည်ဟု ကော့မှူးဒေသခံ အခြားသူတစ်ဦးက ပြောသည်။

“တောသူတောင်သားတွေဗျာ။ ဆိုင်ကယ်စီးခွင့်ပိတ်တော့ အသီးအနှံတွေ ဘယ်လိုသွားရောင်းမလဲ၊ နောက် တစ်ရွာနဲ့ တစ်ရွာ သွားပြီး ပန်းရန်လုပ်ကြတဲ့သူတွေလည်း ရှိတယ်။ သူတို့တွေ ဆိုင်ကယ်မစီးရဘူးဆိုတော့ အကုန်ခက်ခဲကုန်တာပေါ့” ဟု ၎င်းက ပြောသည်။

မေလဆန်းပိုင်းကလည်း ကော့မှူးမြို့နယ် ငှက်အော်စမ်းရွာအနီး ကင်းလှည့်နေသော စစ်တပ်ယာဉ်တန်း တိုက်ခိုက်ခံရသည်။ 

အဆိုပါ တိုက်ခိုက်မှုအပြီး ဒေသခံရာချီ ဖမ်းဆီးစစ်ဆေးခံရကာ ငှက်အော်စမ်းအပါအဝင် ကျေးရွာအချို့တွင် စစ်ကောင်စီက ရက်အတန်ကြာ ဆိုင်ကယ်စီးခွင့် ပိတ်ပင်ခဲ့သည်။

တနင်္သာရီတိုင်း ထားဝယ်မြို့၊ စစ်ကိုင်းတိုင်း မုံရွာ၊ မန္တလေးတိုင်းအတွင်း တောင်သာ၊ ကျောက်ပန်းတောင်းနှင့် မိတ္ထီလာမြို့နယ်များတွင် ဆိုင်ကယ်တစ်စီးကို အမျိုးသားနှစ်ဦး စီးခွင့်မပြု၊ တစ်ဦးသာ စီးရမည်၊ အမျိုးသားနှင့် အမျိုးသမီး ပူးတွဲစီးပါက အမျိုးသားက မောင်းနှင်ရမည်၊ မလိုက်နာလျှင် သေနတ်ဖြင့် ပစ်မည်ဟူ၍ နိုဝင်ဘာလအတွင်း စစ်ကောင်စီက စည်းကမ်းထုတ်ဖူးသည်။​ myanmar now

စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးမှုကြောင့် တန့်ဆည်မြို့နယ် ကျေးရွာများမှ ဒေသခံ ၂၀၀၀ နီးပါးစစ်ဘေးရှောင်နေရ

စစ်ကောင်စီတပ်သည် စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်မြောက်ပိုင်းရှိ ကျေးရွာ လေးရွာကို မေလနောက်ဆုံးပတ်မှစတင် မီးရှို့ဖျက်ဆီးခဲ့၍ တစ်ပတ်အတွင်း ဒေသခံ ဦးရေ ၂,၀၀၀ခန့် စစ်ဘေးရှောင်နေရကြောင်း သိရသည်။

ရွာရှည်၊ သဲစား၊ သစ်စေးကုန်း ၊အောင်ချမ်းသာ၊ နဘက်ငယ်၊ ဂွေးကုန်း နှင့် ရေလယ်ကျွန်း ကျေးရွာများမှ ဒေသခံများသည် စစ်ကောင်စီတပ်နှင့် လွတ်ကင်းသည့် ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းများတွင် သာမက ကြက်ခြံများတွင်ပါ နေထိုင်နေရကြောင်း သိရသည်။

“ဒီနေ့ဆိုရင် စစ်ရှောင် ၂,၀၀၀လောက်ရှိနေပြီ။ ပြီးခဲ့တဲ့ ရှေ့တစ်ပတ်တည်းက ဒီဘက်ကို ပြေးလာကြတာ။ ဘုန်းကြီးကျောင်းတွေနဲ့ ဘုရားတွေ၊ စာသင်ကျောင်းတွေ ၊ ကြက်ခြံတွေမှာ နေနေကြရတယ်” ဟုစစ်ရှောင်များကို ကူညီပေးနေသူဒေသခံတစ်ဦးက မဇ္ဈိမကို ပြောသည်။

စစ်ကောင်စီတပ်များသည် မေလတတိယပတ်မှစတင်ကာ တန့်ဆည်မြို့နယ် တောင်ပိုင်း ရေဦး-တန့်ဆည် လမ်းပေါ်ရှိ ကျေးရွာများကို စတင်မီးရှို့ခဲ့ပြီး လက်ရှိအချိန်ထိ လက်နက်ကြီးဖြင့် ပစ်ခတ်လျက်ရှိသည်။

စစ်ကောင်စီတပ်သည် ယခုအခါ တန့်ဆည်မြို့နယ် မြောက်ပိုင်းရှိ ကျေးရွာများကိုပါ မီးရှို့မှုများ ဆက်လက် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီသည် တန့်ဆည်မြို့နယ်အတွင်းရှိ ဆက်သွယ်ရေးလိုင်းများကိုပါ ဖြတ်တောက်လျက်ရှိပြီး ဖုန်းလိုင်းများ ကောင်းမွန်စွာ ပြောဆိုနိုင်သည့် အခြေအနေများ မရှိဘဲ အင်တာနက်လိုင်းများလည်း ဖြတ်တောက်ခံထားရ ကြောင်းသိရသည်။

“ရိုးရိုးဖုန်းပြောတာတောင် ပြတ်တောင်းပြတ်တောင်းနဲ့ အင်တာနက်ကတော့ လုံးဝမရဘူး” ဟု စစ်ရှောင် ဒေသခံ တစ်ဦးကပြောသည်။

ကျေးရွာများကို မီးရှို့ဖျက်ဆီးရာတွင် စစ်ကောင်စီတပ်များ သာမက ပျူစောထီး စစ်ကြောင်းများပါဝင်ကြောင်းသိရသည်။ လက်ရှိအချိန်တွင် တန့်ဆည် မြို့နယ် တောင်ပိုင်းရှိ ရွာများကိုပါ ဆက်လက် ဝင်ရောက်ဖျက်ဆီးနေပြီး ပစ္စည်းဆုံးရှုံးမှု အခြေအနေကိုမူ သိရှိရခြင်းမရှိပေ။

လက်ရှိအချိန်တွင် စစ်ဘေးရှောင်နေရသော ဒေသခံများအတွက် အစားအသောက် ဆေးဝါးနှင့် ရိက္ခာပစ္စည်း အထောက်ပံ့များ လိုအပ်လျက်ရှိကြောင်း သိရသည်။

“မီးရှို့တာက သဲလွန်စဖျောက်တဲ့ ဗျူဟာပေါ့နော်။ စစ်ဗျူဟာတွေမှာ မီးရှို့တယ်ဆို တာက ရန်သူစခန်းကိုမိလို့ ကျွန်တော်တို့ အခြေမပြုဘူး ဆိုတဲ့ အခါမျိုး၊ ကိုယ့်စခန်းကိုယ် ခွာစစ်ဆင်ရတဲ့အခါမျိုးမှာ မီးရှို့ဖျက်ဆီးတယ်။ ပြီးတော့နောက်တစ်ခုက ၂၀၀၈ နာဂစ် နောက်ပိုင်းဝင်လာတဲ့ စစ်သားအရာရှိတွေက အထက်အမိန့်ပေးလိုက်ရင် သူတို့က လုပ်တယ်” ဟု စစ်တပ်၏ မီးရှို့ဖျက်ဆီးမှုနေများနှင့်ပတ်သက်ပြီး CDMဗိုလ်ကြီး ဇင်ယော် ကပြောသည်။

စစ်ကိုင်းတိုင်းသည် စစ်အာဏာသိမ်းမှုကို လက်နက်ကိုင် ခုခံတော်လှန်ခဲ့ရာတွင် အင်အား အကောင်းဆုံးဖြစ်ခြင်းကြောင့် လူနေအိမ်များနှင့် ကျေးရွာများကို ယခုကဲ့သို့ မီးရှို့ဖျက်ဆီးမှုများ ခပ်စိပ်စိပ်ပြုလုပ်လာခြင်းဖြစ်သည်။

“နာဂစ်မုန်တိုင်းအပြီး စစ်ထဲ ဝင်လာတဲ့သူတွေက ဥတစ်လုံး တစ်ကောင်ကြွက် တွေများတယ်။ မိသားစုလိုက်မြင်ရင်ကို သူတို့က မနာလိုဖြစ်နေတာ။ သူတို့တွေကို တပ်ထဲမှာထဲက ထိန်းခဲ့ရတယ်။ သူတို့ကပိုပြီးတော့ လုပ်တတ်တာပေါ့။ ရွာထဲကို အကြောင်းရင်းမဲ့ ပစ်တာမျိုးတွေ ဘာတွေလည်းလုပ်တတ်တယ်။ တပ်ထဲမှာ သူတို့က သာမန် စစ်သားထက် ထိန်းရခက်တယ်” ဟု မီးရှို့ဖျက်ဆီးနေမှုများနှင့် ပတ်သက်၍ CDM ဗိုလ်ကြီး ဇင်ယော်က ပြောသည်။

၂၀၂၁ခုနှစ် မေလမှ ၂၀၂၂ဧပြီလအထိ Data For Myanmar ပြုစုထားသော စာရင်းများအရ စစ်ကိုင်းတိုင်းတစ်ခုတည်းတွင်ပင် စစ်တပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် ပျက်စီးသွားသည့် နေအိမ် ၆,၀၀၀ကျော်ရှိနေသည်။ စစ်ကောင်စီသည် ၂၀၂၂ ခုနှစ် ဧပြီလနောက်ပိုင်းတွင် မီးရှို့ဖျက်ဆီးမှုများ ပိုမိုလုပ်ဆောင်လာသည်ကို တွေ့ရသည်။ mizzima

ပူတာအိုမှ ရိက္ခာပို့ပြန်လာသည့် စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲခံရ

ကချင်ပြည်နယ်၊ ပူတာအိုမြို့ဘက်သို့ စစ်ရိက္ခာပို့ပြီး ပြန်ဆင်းလာသည့် စစ်ကောင်စီယာဉ်တန်းကို ဇွန်လ ၁ ရက်နေ့ ညနေ ၅နာရီ ကျော်ဝန် းကျင်က KIA ဦးဆောင်သော ပြည်သူ့ ကာကွယ်ရေးတပ်ပေါင်းစုက မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီယာဉ်တန်းကို ဆွမ်ပရာဘွမ်မြို့နယ်အဝင် ဖုန်ကျမ်းနှင့် ခင်ဒူယန်ကျေးရွာ နှစ်ခုကြားတွင် မိုင်းခွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင် စီဘက်က ထိခိုက်မှု ရှိနိုင်ကြောင်း သိရသည်။

ယခုတိုက်ခိုက်မှုကို ကချင်လွတ်လပ်ရေးတပ် မဟာ( ၁ )လက်အောက်ခံ တပ်ရင်း ( ၇ )မှ စစ်သည်များကဦးဆောင်၍ ပြည်သူ့ကာကွယ်ရေးအ ဖွဲ့များက စောင့်ကြို မိုင်းခွဲတိုက်ခိုက်ခဲ့ကြခြင်းဖြစ်ကြောင်း KIA ရှေ့တန်းတပ်များနှင့် နီးစပ်မှုရှိသည့် ကချင်သတင်းရင်းမြစ်ထံက သိရသည်။

“ကြားဖြတ်ဝင်ရောက်တိုက်ခိုက်တဲ့သဘောပါ။ အခုတလောပူတာအိုဘက်ကို ရိက္ခာပို့ပြီး ပြန်ဆင်းလာတဲ့အဖွဲ့ပါ။ ကားယာဉ်တန်း နောက်မှ ာလိုက်တဲ့ ခြေလျင်တပ်အဖွဲ့ကို မိုင်းခွဲတိုက်ခိုက်လိုက်တာမှန်တယ်။ ထိခိုက်မှုရှိနိုင်တယ် ”ဟု KIA နှင့် နီးစပ်သည့် သတင်းရင်းမြစ်က မဇ္ဈိမကို ပြောသည်။

စစ်ကောင်စီ၏ စစ်ရိက္ခာသယ်ယာဉ်တန်းတွင် အစီးရေ ၆၀ ခန့်ပါရှိပြီး ဇွန်လ ၁ ရက်နေ့ မွန်းလွဲ ၃ နာရီဝန်းကျင်တွင် ပထမအကြိမ်တစ်ဖွဲ့ ညနေ ၄ နာရီဝန်းကျင်တွင် ဒုတိယအကြိမ် တစ်ဖွဲ့ နှစ်ဖွဲ့ ခွဲ၍ ပြန်လည်ဆင်းသက်လာစဉ် ယခုကဲ့သို့ ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည် ဟုသိရသည်။

အဆိုပါစစ်ရိက္ခာပို့ဆောင်သည့် စစ်ကောင်စီယာဉ်တန်းသည် ပြီးခဲ့သည့် မေလ ၁၁ရက်နေ့တွင် မြစ်ကြီးနားမြို့အခြေစိုက် မြောက်ပိုင်းတိုင်းစစ် ဌာနချုပ်မှ အရံတပ်ရင်းနှစ်ရင်းခန့် အပြင် အထူးလုံခြုံရေးများခြံရံလျက် ရိက္ခာယာဉ်တန်း အစီး ၈၀ စီးခန့်ဖြင့် ပူတာအိုသို့ တက်လာခဲ့ခြင်းဖြစ် သည်။ ထိုသို့ တက်ရောက်လာသည့် အတက်လမ်းတစ်လျှောက် ဆွမ်ပရာဘွမ်မြို့နယ်နှင့် ပူတာအိုမြို့နယ်ကြားတွင်လည်း ငါးကြိမ်ထက်မနည်း တိုက်ခိုက်ခံခဲ့ရကြောင်း ရှေ့တန်းစစ်မြေပြင်မှတ်တမ်းများအရ သိရသည်။ mizzima

ဟင်္သာတမြို့ ယုံသလင်းကျေးရွာ အထက် တန်းကျောင်း ဗုံးပေါက်ကွဲ

ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်၊ ယုံသလင်းကျေးရွာ အထက်တန်းကျောင်းတွင် ဇွန်လ ၁ ရက်နေ့ ည ၉ နာရီဝန်းကျင်အချိန်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံက သိရသည်။

ဗုံးပေါက်ကွဲမှု ဖြစ်ပေါ်ချိန်တွင် ကျောင်းတံခါးများသော့ခတ်ထားသည် ဟု သိရပြီး လက်နက်ကိုင် စစ်ကောင်စီတပ်များနှင့် ကျောင်းစောင့်များလည်း ရှိနေသည်ဟု ဒေသခံများထံက သိရသည်။

“ကျောင်းဝင်းထဲမှာရှိတဲ့ ၁၀ တန်းစာသင်ခန်းနားက လှေခါးမှာ ညဘက်ကြီး ပေါက်ကွဲခဲ့တာပါ။ ပေါက်တဲ့အချိန် ကျောင်းထဲကိုဝင်တဲ့ ဂိတ်တွေမှာ စစ်သား တွေ ရှိနေပါတယ်။ သူတို့ဘက်က မဟုတ်ဘဲ ကျောင်းထဲကိုဝင်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ပါဘူး။ ညဘက်ပေါက်တာဆိုတော့ ဒဏ်ရာရတဲ့သူ မရှိဘူးလို့သိရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ ပေါက်ကွဲမှုနှင့် ပတ်သတ်၍ ဟင်္သာတမြို့နယ် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ (ပ.က.ဖ.)ကို မဇ္ဈိမကဆက်သွယ်မေးမြန်းခဲ့ရာ ၎င်းတို့လုပ်ဆောင်ခြင်း မဟုတ်ကြောင်း ပြောကြားသည်။

“ဒီလိုပြည်သူတွေကို ထိခိုက်စေနိုင်တဲ့ ဖောက်ခွဲမှုမျိုးကို ကျွန်တော်တို့အဖွဲ့က လုံးဝ လုပ်မှာမဟုတ်ပါဘူး။ ကျွန်တော်တို့နဲ့ မဟာမိတ်လုပ်ထားတဲ့ အဖွဲ့တွေရဲ့ လုပ်ဆောင် တာလည်း မဟုတ်ဘူးလို့အတည် ပြုလို့ရပါတယ်။ ပြည်သူ့ကာကွယ်ရေး အဖွဲ့တွေနဲ့ ပြည်သူတွေကြားမှာ သွေးကွဲအောင်ရည်ရွယ်ပြီး စစ်ကောင်စီနဲ့ လက်အောက်ခံ အဖွဲ့တွေက လုပ်တာပဲဖြစ်နိုင်ပါတယ်” ဟု မြို့နယ်(ပ.က.ဖ) တာဝန်ခံက ပြောသည်။

ဗုံးပေါက်ကွဲမှုဖြစ်ပေါ်ပြီးနောက်ပိုင်း စစ်ကောင်စီတပ်များနှင့် ရဲများက ပိတ်ဆို့ စစ်ဆေးမှုများကို လုပ်ဆောင်ခဲ့ခြင်းမရှိကြောင်း ဒေသခံများ၏ ပြောကြားချက် အရ သိရသည်။ mizzima

တော်လှန်ရေးအားကောင်းရာ မြောင်မြို့နယ်ကို စီးနင်းမီးရှို့ခြင်း

တဖြည်းဖြည်းညဉ့်နက်လာသည့်တိုင် မီးရှို့ခံရသည့် မင်းတန်းရွာအတွင်း မီးရောင် ပိုများလာသည်။ ကျားသစ်မ ရွာနားမကပ်နိုင်သလို မီးငြှိမ်းဖို့အရေး ဘာတစ်ခုမျှလည်း မလုပ်နိုင်။ ရင်ကွဲဝမ်းနည်းစွာ စောင့်ကြည့်ရုံသာ တတ်နိုင်သည်။

တော်လှန်ရေးရဲဘော် ၂၁ နှစ်အရွယ် ကျားသစ်မ၏ရွာသည် စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ် တောင်ဘက်အစွန်ဆုံး ဧရာဝတီမြစ်ကမ်းဘေးမှ အိမ်ခြေ ၄၀၀ ကျော်ရှိသည့် ရွာကြီးဖြစ်သည်။ 

မေ ၂၁ နေ့လယ်ပိုင်းတွင် စစ်တပ်က လက်နက်အပြည့်အစုံနှင့် ရောက်လာပြီး နာရီပိုင်းအကြာတွင် ရွာဘက်ဆီမှ မီးခိုးလုံးများ တက်လာသည်။  

“ရွာကို မီးရှို့နေပြီဆိုတော့ သွားပြီးတော့ ငြှိမ်းချင်လိုက်တာပေါ့။ သူတို့က ဘယ်နေရာရှိတာမှန်းလည်း ခန့်မှန်းလို့မရဘူး။ ဝင်စီးလို့ကလည်း မရတဲ့အခါမျိုးဆိုတော့ စောင့်ကြည့်နေရတယ်။ ရင်ထဲမှာတော့ လှပ်လှပ်လှပ်လှပ်နဲ့ပေါ့” ဟု အာဏာ သိမ်းစစ်ကောင်စီကို လက်နက်စွဲကိုင်တော်လှန်နေသော မြောင်အမျိုးသမီးစစ်သည်တော်များအဖွဲ့မှ ကျားသစ်မက ဖွင့်ဟသည်။ 

နောက်နေ့ နံနက်တွင် မီးကျွမ်းနေသည့် အိမ်တိုင် ထိုးထိုးထောင်ထောင်များ၊ မီးခိုးငွေ့ငွေ့ထွက်နေဆဲ ပြာပုံများက ရွာအတွင်း ပြန်လည်ဝင်ရောက်လာသော ဒေသခံတို့ကို ဆီးကြိုနေသည်။ 

ရွာ၏အိမ်ခြေ ၄၀၀ ကျော်အနက် လေးပုံတစ်ပုံမှာ ပြာပုံဘဝရောက်သွားရာ ထိုအထဲတွင် ရွာလယ်ပိုင်းရှိ ကျားသစ်မတို့ အိမ်နှင့် ဆီစက်လည်း ပါဝင်သည်။

စစ်ကိုင်းတိုင်းအတွင်း ရင်ဆိုင်ရလေ့ရှိသည့် ပြောက်ကျားတိုက်ခိုက်မှုကို တန်ပြန်ဖျက်ဆီးနိုင်ရန် ပြင်ဆင်လာသည့် ထိုစစ်ကြောင်းသည် မြောင်မြို့နယ်တောင်ပိုင်းကို မေ ၁၈ ရက်နေ့မှစ၍ လှည့်လည်မီးရှို့ခဲ့ရာ ရက်သတ္တပတ် တစ်ပတ်အတွင်း မင်းတန်းရွာအပါအဝင် ကျေးရွာပေါင်း ၁၈ ရွာမှာ အိမ်ခြေ ၃၉၀ ကျော် ပျက်စီးခဲ့သည်။

တော်လှန်ရေးအားကောင်းသည့် ကြက်လျှာစွန်းဒေသ

မြောင်မြို့သည် မန္တလေးမှ မိုင် ၆၀ ခန့်အကွာတွင် တည်ရှိပြီး အနောက်မြောက်တိုင်းစစ်ဌာနချုပ်အခြေစိုက်ရာ စစ်ကိုင်းတိုင်းမြို့တော် မုံရွာမှ မိုင် ၃၀ ခန့်သာ ကွာဝေးသည်။

ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်တို့ ပေါင်းဆုံရာနေရာတွင် တည်ရှိသည့် မြောင်မြို့နယ်တွင် ဒေသခံတို့သည် စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးဆန္ဒပြပွဲများမှသည် လက်နက်ကိုင်တော်လှန်ရေးအထိ အင်တိုက်အားတိုက် ပါဝင်နေသည်။ 

အနီးတစ်ဝိုက်ရှိ မြင်းမူ၊ ချောင်းဦး၊ ရေစကြို၊ မြင်းခြံတို့မှာလည်း လက်နက်ကိုင်တော်လှန်ရေးအားကောင်းရာ မြို့နယ်များဖြစ်သည်။ ကုန်းကြောင်း၊ ရေကြောင်းနှင့် သွားလာရေးလွယ်ကူသည့် မြောင်ဒေသတွင် အနီးပတ်ဝန်းကျင်မြို့များမှ လက်နက်ကိုင်ခုခံသူတို့ အခြေစိုက်လှုပ်ရှားနေသည်ဟု စစ်ကောင်စီဘက်က ယူဆကာ စစ်ကြောင်းထိုးနေခြင်းဖြစ်သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) က သုံးသပ်သည်။

မြောင်မြို့တောင်ပိုင်းကျေးရွာများကို ဦးတည်သည့် အင်အား ၁၀၀ နီးပါး ပါဝင်သည့် စစ်ကြောင်းသည် ဧပြီလကုန်ပိုင်းတွင် ချောင်းဦးမြို့နယ်ဘက်မှ ဆင်းလာခြင်းဖြစ်သည်။ ထိုစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာ မေလပထမပတ်အတွင်း ၆ ရက်နီးပါး တိုက်ပွဲပြင်းထန်ခဲ့သည်ဟု PDF အဖွဲ့များက ဆိုသည်။

တိုက်ခိုက်မှုကို နေ့စဉ်ရက်ဆက်ကြုံရပြီးနောက် ထိုစစ်ကြောင်းသည် မြောင်မြို့တောင်ပိုင်းနှင့် နယ်နိမိတ်ချင်းဆက်စပ်နေသည့် ​ရေလယ်ကျွန်းဒေသကို ကူးပြီး စစ်ကြောင်းထိုးပြန်သည်။

မကွေးတိုင်းနယ်နိမိတ်အတွင်း ပါဝင်သည့် ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသမှာလည်း ကျေးရွာပေါင်း ၄၀ ကျော်ရှိပြီး စစ်တပ်အုပ်ချုပ်မှုယန္တရား လည်ပတ်နိုင်ခြင်းမရှိဘဲ PDF များ နယ်မြေစိုးမိုးမှုအားကောင်းရာ နယ်မြေလည်းဖြစ်သည်။

ရေလယ်ကျွန်းဒေသကို မေလ ၇ ရက်နေ့မှစ၍ ၁၁ ရက်ကြာ ရွာစဉ်လှည့်စစ်ကြောင်းထိုးရာ ကျေးရွာ ၁၆ ရွာမှ အိမ်ခြေ ၁၆၀ ကျော် ပျက်စီးခဲ့ရသည်။ ရေလယ်ကျွန်းကို မွှေပြီးနောက် ထိုစစ်ကြောင်းသည် အင်အားထပ်မံဖြည့်တင်းကာ မြောင်မြို့နယ်တောင်ပိုင်းသို့ မေ ၁၈ ရက်မှစ၍ တစ်ကျော့ပြန် စစ်ကြောင်းထိုးပြန်သည်။

တစ်စိတ်တစ်ပိုင်းလွတ်မြောက်နယ်မြေဖြစ်နေသော၊ မြစ်နှစ်ခုဆုံရာ မြောင်နှင့် ရေစကြိုတို့ နယ်နိမိတ်ထိစပ်နေသော ကြက်လျှာစွန်းဒေသကို PDF အဖွဲ့များ၏ ထောက်ပို့လုပ်ငန်းများနှင့် စစ်ရေးပြင်ဆင်မှု လျော့နည်းစေရန် ရည်ရွယ်ပြီး ရွာစဉ်လှည့်မီးရှို့နေခြင်းဖြစ်ကြောင်း ရေလယ်ကျွန်းတပ်ပေါင်းစုတပ်ရင်းက မေလတတိယပတ်တွင် ထုတ်ပြန်သည့် စစ်ရေးဆိုင်ရာအစီရင်ခံစာတွင် ဖော်ပြထားသည်။ 

PDF များ လှုပ်ရှားနေသဖြင့် ရွာမီးရှို့ရသည်ဟု စစ်တပ်က ပြည်သူများကို အသိပေးခြင်းဖြစ်သည်ဟု မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ (CDSOM) တာဝန်ခံ ကိုနွေဦးကလည်း

“PDF တွေနဲ့ ပြည်သူတွေ တစ်သားတည်းဖြစ်နေချိန်မှ ပြည်သူတွေကို ဒုက္ခပေးလိုက်ရင် ပြည်သူတွေ ကိုယ့်ဒုက္ခနဲ့ကိုယ်ဆိုတော့ တော်လှန်ရေးဘက်ကို လှည့်မလာနိုင်အောင် ကိုယ့်ဒုက္ခကိုယ်ပေးလိုက်တဲ့ သဘောမျိုးပါပဲ” ဟု သူက ပြောသည်။

စစ်ကောင်စီကမူ အရပ်သားနေအိမ်များကို ၎င်းတို့ မီးမရှို့ကြောင်း ပြောဆိုသည်ဟု RFA သတင်းဌာန၏ မေ ၂၅ သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။  

“ရွာတွေကို ဝင်ရောက်ခြင်းမရှိဘူး၊ အဓိကကတော့ ရွာတွေနားမှာ ရှိနေတဲ့ သူတို့စခန်းချထားတဲ့ နေရာတွေ၊ သူတို့လက်နက်ထုတ်လုပ်နေတဲ့နေရာတွေကို လုံခြုံရေးအရ အဓိကဆောင်ရွက်တာ ဖြစ်တယ်။ အဲဒီနေရာမှာ PDF တွေအနေနဲ့ သူတို့ ရဲ့ အကျင့်အတိုင်းပါပဲ အချို့ ပြည်သူ့စစ်ဖွဲ့စည်းတယ်ဆိုတဲ့ ရွာတွေ သတင်းရတာနဲ့ လူအင်အားစုပြီးတော့ တိုက်ခိုက်တာတွေရှိတယ်။ ဆုတ်သွားရင် မီးရှို့တာတွေရှိတယ်။ သူတို့မီးရှို့ပြီး ဆုတ်သွားတဲ့နောက်ပိုင်းဆိုရင် တပ်က မီးရှို့သယောင် သတင်းလွှင့်တာမျိုးတွေရှိတယ်” ဟု စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

ဒေသခံများကမူ ရွာစဉ်လှည့်စစ်ကြောင်းထိုးနေသည့် ထိုစစ်ကြောင်းသည် အိမ်ကြီးအိမ်ကောင်းများကို ပစ်မှတ်ထားကြောင်း၊ မီးရှို့ခံရသည့် နေအိမ်များအနက် စစ်တပ်အသိုင်းအဝိုင်းနှင့် နီးစပ်သည့် အိမ်ခြေအချို့ပါဝင်ကြောင်း ပြောကြသည်။

ရောက်လာသည့် စစ်တပ်က PDF တို့ကို ထောက်ပံ့နိုင်မည့် ဓနအင်အားရှိသည်ဟု ၎င်းတို့ယူဆသော အိမ်တို့ကို ဖျက်ဆီးခြင်းဖြစ်မည်ဟု မယ်မသော်ရွာ ဒေသခံ အသက် ၄၀ ကျော်အရွယ် အမျိုးသားက ယူဆသည်။

“ကြွက်မနိုင်လို့ ကျီ မီးနဲ့ရှို့သလိုမျိုး။ ဒီအိမ်တွေက တကယ်ပြီးပြည့်စုံတယ်၊ ချမ်းသာလောက်တယ်၊ ဒီအိမ်တွေကို ရှို့လိုက်ရင် ဒီရွာကလူတွေ ငြိမ်မယ်ပေါ့။ အဲဒီလိုမျိုး စိတ်မျိုးနဲ့ ရှို့တာဖြစ်မယ်လို့ ယူဆရတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသော ထိုအမျိုးသားက ပြောသည်။

“ရွာချင်းဆက် မိန်းလမ်းဘေးဝဲယာ တကယ့်ချမ်းသာတဲ့နေရာတွေကို ရှို့သွားတယ်။ ပြောရရင်သစ်ပင် တစ်ပင်ရဲ့ အလယ်ကောင်အနှစ်ကို ရှို့သွားတော့ အလယ်မှာ အခွံတွေပဲ ကျန်ခဲ့တယ်။ တခြားသောရွာတွေထက် ရက်ရက်စက်စက်ရှို့သွားတယ်”  

ထိုအမျိုးသား၏ ရွာကို စစ်တပ်က ၅ ကြိမ်မြောက် ဝင်ရောက်အပြီးတွင် ရွာရှိ အိမ်ခြေ ၂၆၀ ကျော်အနက် အိမ်ခြေထက်ဝက်နီးပါး ပျက်စီးခဲ့ရသည်။

လက်နက်ကွာခြားမှု

မီးရှို့ခဲ့သည့် စစ်ကြောင်းထွက်သွားပြီးအထင်နှင့် မီးငြှိမ်းရန် ရွာအတွင်း ပြန်လည်ဝင်ရောက်လာသည့် ဒေသခံများသည် နောက်ချန်အင်အားအချို့က လက်နက်ကြီးနှင့် ပစ်ခတ်သည့်အတွက် ဆုတ်ခွာရပြန်သည်။

မီးမသတ်နိုင်ရေး ဟန့်တားခဲ့ရုံသာမက နေအိမ်အများအပြားမီးလောင်ရန် စနစ်တကျ မီးရှို့ခဲ့ကြောင်း ဒေသခံများက ဆိုသည်။ 

“တုတ်ချောင်းမှာ အဝတ်စပတ်ထားတဲ့ မီးတုတ်လိုဟာတွေကို ပဲမှော်စင်တွေမှာ တွေ့ရတယ်။ တစ်နေရာတည်းကို ရှို့ရင်တော့ ဒီလောက် မြန်မြန်ဆန်ဆန်မကူးပါဘူး။ အချိန်ကလည်း နေတအားပူနေတဲ့ အချိန်ကောင်း။ အဲဒီအချိန်မှာ လေကလည်း အလိုက်သင့်ဝေ့ပြီး တိုက်နေတော့ ဘေးဝဲယာမှာလည်း မီးတုတ်တွေနဲ့ ပစ်တာတွေ၊ ရှို့တာတွေလည်း ရှိတယ်။ အဲဒီလိုလက်စလက်နတွေ တွေ့ရတယ်။” ဟု မယ်မသော်ရွာဒေသခံ အမျိုးသားက ပြောသည်။

ကျားသစ်မတို့၏ မင်းတန်းရွာတွင်လည်း ဂျပန်ခေတ်ကပင် မီးဘေးလွတ်ခဲ့သည့် ရွာအရှေ့ပိုင်း ဓမ္မာရုံမှာ စစ်ကောင်စီတပ် ဝင်ပြီးချိန်တွင် အသွင်ပြောင်းသွားသည်။ ထိုဘုရားဝင်းအတွင်းမှ အာရုံခံတန်ဆောင်း ပျက်စီးသွားပြီး ရုပ်ပွားတော်များလည်း မီးဘေးသင့်ခဲ့သည်။

မြောင်မြို့နယ်တောင်ပိုင်းကို တစ်ကျော့ပြန်ဝင်လာသည့် စစ်ကြောင်းက ရွာစဉ်လှည့်နေသော်လည်း လက်နက်ကိုင်ဒေသခံတို့မှာ မီးဘေးသင့်ပြည်သူများ နေထိုင်စားသောက်ရေး ဝင်ကူနေရသဖြင့် တိုက်ခိုက်ရေးကို ဦးစားမပေးနိုင်တော့ကြောင်း  မြောင်မြို့နယ်မှ PDF အဖွဲ့ဝင်တစ်ဦးက ပြောသည်။

“အခု ကျွန်တော်တို့က တိုက်ဖို့ထက် မီးငြှိမ်းဖို့ကို အဓိကလုပ်နေရတာ” ဟု သူက ပြောသည်။

တိုက်ပွဲဝင်မောင်းပြန်သေနတ်များစွာမရှိသော PDF တို့သည် စစ်ကောင်စီတပ်ကို ရင်ဆိုင်ရာတွင် မိုင်းခွဲတိုက်ခိုက်မှုကို အများဆုံးအသုံးပြုနေသည်။ အပေါစားလက်ကိုင်ဖုန်းကို ထောင်ထားသည့်မိုင်းတွင် ကပ်ထားပြီး အဝေးမှ ထိုဖုန်းကို ခေါ်ယူသည့်နည်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခြင်းဖြင့် လုံခြုံစွာ ဆုတ်ခွာနိုင်မည်ဖြစ်သည်။

ရေလယ်ကျွန်းဒေသမှတစ်ဆင့် တစ်ကျော့ပြန်ဝင်လာသည့် စစ်ကြောင်းတွင် မိုင်းခွဲတိုက်ခိုက်ခံရမှုကို ကျော်လွှားနိုင်ရန် နည်းပညာမြင့် ဂျန်မာများ အသုံးပြုလာသည့်အတွက် တယ်လီဖုန်းဆက်သွယ်ရေး ပြတ်တောက်သဖြင့် ထောင်ထားသည့် မိုင်းကို မခွဲနိုင်ခဲ့ကြောင်း CDSOM မှ ကိုနွေဦးက ပြောသည်။ 

“အခုကတော့ မိုင်းခွဲမရတဲ့ ဂျန်မာတင်မဟုတ်ဘူး။ သူတို့စစ်ကြောင်းရောက်ရင် ဖုန်းလိုင်းတွေပါ ပြတ်ထွက်သွားတယ်။ စကားပြောစက်တွေ ဝေါ်ကီတော်ကီလည်း ပြောလို့မရဘူး။ ဒရုန်းတွေပျံပြီး သုံးရတဲ့နေရာမျိုးတွေဆိုရင် သူတို့နားနီးပြီဆိုရင် ဆစ်ဂနယ်တွေ အကုန်ပြတ်ထွက်သွားတယ်” ဟု ကိုနွေဦးက ပြောသည်။

“သူတို့က လက်နက်ကြီးတွေသုံးတယ်။ လက်နက်ကြီးတွေယှဉ်နိုင်ဖို့ အဆင်မပြေဘူး။ သူတို့သုံးတဲ့လက်နက်တွေ သုံးနိုင်ဖို့ဆိုရင် ကောင်း ကောင်းချေမှုန်းနိုင်တာပေါ့”  

ထို့ပြင် ရေစကြိုနှင့် မြောင်တို့ ထိစပ်နေသည့် ကြက်လျှာစွန်းဒေသတွင် PDF အဖွဲ့များ အားကောင်းသော်လည်း ဦးဆောင်အမိန့်ပေးနိုင်မည့် အတွေ့အကြုံရှိ စစ်ရေးဆိုင်ရာခေါင်းဆောင်တစ်ဦး လိုအပ်သည်ဟု ရေလယ်ကျွန်းတပ်ပေါင်းစုအစီရင်ခံစာတွင် အကြံပြုထားသည်။

တော်လှန်ရေးစိတ်ဓာတ်ကို ပြာမချနိုင်သည့် မီးရှို့မှုများ

စစ်ကောင်စီကို လက်နက်ကိုင်ပြီး အပြင်းထန်ခုခံတော်လှန်နေသည့် စစ်ကိုင်းတိုင်းမှ မြို့နယ်များတွင် စစ်တပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးပြီး ကျေးရွာများကို ရွာလုံးကျွတ်နီးပါးအထိ မီးရှို့သည့်နည်းလမ်းကို ယခုနှစ်ဆန်းပိုင်းမှာစ၍ ပိုမိုတွင်ကျယ်စွာ အသုံးပြုလာသည်ဟု PDF တို့က ပြောသည်။

အချက်အလက်စုဆောင်းသည့် အရပ်ဘက်အဖွဲ့ Data for Myanmar ၏ မေ ၁ ထုတ်ပြန်ချက်တွင် စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်စဉ် နိုင်ငံအနှံ့အပြား မီးရှို့ခံရသည့် နေအိမ် ၁၀,၀၀၀ ကျော် ရှိလာပြီး ထက်ဝက်မှာ စစ်ကိုင်းတိုင်းမှဖြစ်ကြောင်း ဖော်ပြထားသည်။ 

စစ်တပ်ကို ဆန့်ကျင်မှုအားကောင်းသည့် ဒေသများတွင် ရာနှင့်ချီသည့် နေအိမ်များကို မီးရှို့နေခြင်းမှာ စစ်တပ်၏ လုပ်နည်းလုပ်ဟန်တစ်ခုဖြစ်သည်ဟု အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်ထားသည့် ဒုတပ်ကြပ် သူရဇွဲမာန်က မှတ်ချက်ပြုသည်။

“ဆန့်ကျင်တာ၊ တွန်းလှန်တာမျိုးကို သူတို့က လက်သင့်မခံဘူးဆိုတော့ မီးရှို့တယ်၊ ရိုက်နှက်တယ်၊ ဖမ်းဆီးတယ်။ ဒါတွေက သူတို့ရဲ့ ထုံးစံတောင် ဖြစ်နေပြီ။ သူတို့လိုချင်တဲ့ ပုံစံခွက်ထဲ မရောက်မချင်း သူတို့က ဆွဲသွင်းနေတာ” ဟု သူကပြောသည်။

စစ်တပ်တွင် ၆ နှစ်ကြာ တာဝန်ထမ်းဆောင်စဉ်က ရခိုင်ပြည်နယ် စစ်မြေပြင်တွင် အရပ်သားတို့၏ နေအိမ်များ မီးရှို့ရန် အမိန့်ပေးခံခဲ့ရသော် လည်း သူက မီးရှို့ရန် အတတ်နိုင်ဆုံးရှောင်ရှားခဲ့သည်ဟု သူရဇွဲမာန်က ဆိုသည်။

ရိက္ခာ၊ သတင်း၊ ရန်ပုံငွေ၊ လူအင်အားတို့ တစ်ဖက်အဖွဲ့အစည်းထံ မရောက်ရှိအောင် ရည်ရွယ်ပြီး စနစ်တကျ ပိတ်ဆို့၊ ဖြတ်တောက်တားဆီးသည့် ဖြတ်လေးဖြတ်နည်းလမ်းကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ လှုပ်ရှားရာနယ်မြေများတွင် ပြီးခဲ့သည့်ဆယ်စုနှစ်များကတည်းက စစ်တပ်က အကြီးအကျယ်အသုံးပြုခဲ့သည်။

ဒေသတွင်းနေထိုင်သူများ ရှင်သန်ရပ်တည်ရ ခက်ခဲစေရန် လုပ်ဆောင်ပြီး ထိုဒေသတွင် ပြန်လည်အခြေချနေထိုင်၍ မရသည်အထိ လုပ်ဆောင်ခြင်းဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက စစ်တပ်၏ ဖြတ်လေးဖြတ်စစ်ဆင်ရေးနှင့် ပတ်သက်ပြီး ဖွင့်ဆိုသည်။

“ဒီလိုမျိုး နေအိမ်တွေဖျက်လိုက်ခြင်းအားဖြင့် ပြည်သူလူထုက တခြားတနေရာကို မဖြစ်မနေ ထွက်ပြေးသွားရတယ်။ ထွက်ပြေးသွားရတဲ့အ ချိန်မှာ ဒီဒေသအတွင်းမှာ သူတို့အနေနဲ့ လုံခြုံရေး၊ စစ်ဆင်ရေးဆိုင်ရာ လက်ဦးမှုယူလိုက်တဲ့သဘောဖြစ်တယ်” ဟု ဦးအောင်မျိုးမင်းက ဆို သည်။ 

နေအိမ် ရာဂဏန်းမီးရှို့ခံခဲ့ရသည့် မင်းတန်းနှင့် မယ်မသော်ရွာတို့တွင် မီးငြှိမ်းသတ်ပြီးနောက် သုံးလေးရက်ခန့် ကြာသည့်တိုင် တချို့နေရာများတွင် မီးခိုးငွေ့များ ဟိုတစ်သည်တစ်စ် ကျန်နေဆဲဖြစ်သည်။

မင်းတန်းရွာမှ တော်လှန်ရေးရဲမေ ကျားသစ်မတို့ မိသားစုအပါအဝင် မြောင်မြို့နယ်ရှိ မီးဘေးသင့်ပြည်သူအများစု နေရပ်မပြန်နိုင်သေးဘဲ ဘုန်းကြီးကျောင်းများ၊ အနီးဝန်းကျင်ရှိ ကျေးရွာများ၊ အသိမိတ်ဆွေများထံတွင် ခိုလှုံနေရသည်။

စိုက်ပျိုးရေးအားထားရာ မြောင်မြို့နယ်တွင် မကြာခဏ စစ်ကြောင်းထိုးနေသည့်အတွက် လုပ်ငန်းခွင်မဝင်နိုင်သေးသော ဒေသခံများသည် ပြိုလဲသွားသည့် လူမှုစီးပွားရေးအခြေအနေနှင့် မြင့်တက်နေဆဲ ကုန်စျေးနှုန်းကြားတွင် ရှင်သန်ရန် ဆက်လက် ရုန်းကန်ရဦးမည် ဖြစ်သည်။

အိမ်ပြန်ဆောက်ရေးမှာ အလှမ်းဝေးသေးသည်ဟု မယ်မသော်ရွာ ဒေသခံ အမျိုးသားက ဆိုသည်။ 

“နွားတဲတို့၊ ပဲမှော်စင်လေးဆောက်ဖို့တောင် သစ်ဝါးက ကျွန်တော်တို့ဒေသက ထွက်တာ မဟုတ်ဘူး။ အရမ်း စျေးလည်းကြီးတယ်” ဟု သူက ပြောသည်။

“အဘက်ဘက်က ကုန်စျေးနှုန်းကလည်း တက်နေတာဆိုတော့ ဒီလိုအိမ်ကြီးရခိုင်မျိုးနေရဖို့၊ အိမ်တစ်လုံးဆောက်ဖို့ဆိုတာ စိတ်ကူးတောင် မယဉ်ရဲဘူး”

အိုးအိမ်မဲ့ကာ ဒုက္ခရောက်သည့်ပြည်သူလူထုက တော်လှန်ရေးအပေါ် အားလျှော့သွားစေရန် စစ်တပ်က ရည်ရွယ်ပုံရသော်လည်း ဆန့်ကျင် ဘက်အကျိုးရလဒ်သာ ဖြစ်ထွန်းလာသည်ဟု ဒေသခံများက ဆိုသည်။

“အခုလိုမီးရှို့တော့ မကြောက်ဘူး။ ပိုပြီးတော့တောင် စိတ်ဓာတ်တွေ ရင့်မာပြီးတော့ စစ်တပ်ကို စော်ချင်နေသေးတာနော့” ဟု စစ်တပ်မီးရှို့မှုကြောင့် နေအိမ်ပျက်စီးခဲ့ရသည့် မြစ်ဆုံရွာမှ အသက် ၅၀ ကျော်အရွယ် ဦးမင်း (အမည်လွှဲ) ကဆိုသည်။

ကျောင်းဆရာမဖြစ်ရန် ရည်မှန်းထားခဲ့သည့် တတိယနှစ်ကျောင်းသူ ကျားသစ်မကလည်း အလားတူ ပြောကြားသည်။

စစ်တပ်၏ မီးရှို့မှုနည်းလမ်းက နေအိမ်များကို ပြာကျစေပြီး အငတ်ဘေးတွေ့၊ စားဝတ်နေရေး ခက်ခဲစေသော်လည်း ဒေသခံများ၏ စစ်အာ ဏာရှင်တော်လှန်ရေးစိတ်ဓာတ်ကို ချိုးဖျက်နိုင်မည် မဟုတ်ဟု ပြတ်ပြတ်သားသားဆိုသည်။

“ရိက္ခာပြတ်ရင် သူတို့ဘက်ကို ပါလာမယ်ဆိုတဲ့ သူတို့က ဖြုတ်ဦးနှောက်နဲ့ တွေးထားတာ။ ကျွန်မတို့ကတော့ ထမင်းမစားရလည်း ရေသောက်ပြီးတော့ တော်လှန်မှာပဲ” ဟု တော်လှန်ရေးရဲဘော် ကျားသစ်မက ပြောလိုက်သည်။ myanmar now

ယခုပညာသင်နှစ်အတွက် ကျောင်းအပ်နှံသူ ၅ ဒသမ ၆သန်းကျော်ရှိဟု စစ်ကောင်စီထုတ်ပြန်၊ NLD အစိုးရလက်ထက်ကထက် ၄၀ ရာခိုင်နှုန်းနီးပါး လျော့ကျ

ယခုပညာသင်နှစ်အတွက် ကျောင်းသား၊ ကျောင်းသူ ၅ ဒသမ ၆သန်းကျော် ကျောင်းအပ်နှံထားကြောင်း စစ်ကောင်စီလက်အောက်ခံ အခြေ ခံပညာဦးစီးဌာနစာရင်းများအရသိရပြီး အရပ်သားအစိုးရဖြစ်သည့် NLD အစိုးရလက်ထက်က ကျောင်းအပ်နှံမှုနှင့် နှိုင်းယှဉ်လျှင် ၄၀ ရာခိုင်နှုန်းနီးပါ လျော့ကျသွားသည်ကို တွေ့ရသည်။

၂၀၂၂-၂၃ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများ၏ ကျောင်းအပ်နှံမှုသီတင်းပတ်ကို မေလ ၂၆ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့အထိ စစ်ကောင်စီက သတ်မှတ်ဆောင်ရွက်ခဲ့သည်။

“ဒီပညာသင်နှစ်မှာတော့ အစိုးရ၊ ကျောင်းသားမိဘနဲ့ ကျောင်းသားကျောင်းသူတွေက များစွာမျှော်လင့်မှုတွေရှိပါတယ်။ အစိုးရပိုင်းအနေနဲ့ ပညာသင်နှစ်အစပိုင်းမှာ ကျောင်းများဥပဓိရုပ်ကောင်းမွန်စေရေး မြို့နယ်အဆင့်အထိ ဌာနဆိုင်ရာတွေနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်” ဟု စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းမှ ယမန်နေ့က နေပြည်တော်တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။

အဆိုပါကာလအတွင်း တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာ ရေးကျောင်းများ၌ ကျောင်းအပ်နှံသည့် ကျောင်းသား၊ ကျောင်းသူ ၅ ဒသမ ၆ သန်းကျော်ရှိကြောင်း ယနေ့ ဇွန်လ ၂ ရက်နေ့ထုတ် စစ်ကောင်စီဝါဒဖြန့် ကြေးမုံသတင်းစာ တွင်ဖော်ပြသည်။

စစ်ကောင်စီကထုတ်ပြန်သည့်စာရင်းအရ ဧရာဝတီတိုင်းဒေသကြီးတွင် ကို သိန်း တစ်သောင်းကျော်ဖြင့် အများဆုံးအပ်နှံခဲ့ပြီး ချင်းပြည်နယ်တွင်မူ ၂၀,၀၀၀ ကျော်ဖြင့် အနည်းဆုံး အပ်နှံခဲ့ကြောင်း သိရသည်။

စစ်တပ်အာဏာသိမ်းပြီးသည့်နောက် ကျောင်းသား၊ ကျောင်းသူများက ကျောင်းမတက်ဘဲ CDM လှုပ်ရှားမှုတွင်ပါဝင်ခဲ့ကြရာ စစ်ကောင်စီလက်ထက် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် ကျောင်းအပ်နှံသူ ၅ ဒသမ ၃ သန်းသာရှိခဲ့ပြီး ယခုပညာသင်နှစ်တွင် ကျောင်းအပ်နှံသူ ပမာဏ ၀ ဒသမ ၃ သန်းကျော် တိုးပွားလာခဲ့ခြင်း ဖြစ်သည်။

သို့သော် အဆိုပါစာရင်းမှာ စစ်တပ်အာဏာမသိမ်းခင် NLD အစိုးရလက်ထက် အခြေခံပညာကျောင်း တက်ရောက်သူစာရင်းနှင့်နှိုင်းယှဉ်ပါက များစွာလျော့နည်းသွားသည်ကို တွေ့ရသည်။

အာဏာမသိမ်းခင် NLD အစိုးရလက်ထက်က အခြေခံပညာကျောင်းများတွင် ကျောင်းတက်ရောက်သူ အရေအတွက်မှာ ၂၀၁၇-၂၀၁၈ ပညာ သင်နှစ်ကစပြီး နှစ်စဉ် ကျောင်းသား၊ ကျောင်းသူ ကိုးသန်းကျော်ရှိခဲ့ ကြောင်း ပညာရေးဝန်ကြီးဌာန စာရင်းများအရ သိရသည်။

ယခင် ၂၀၁၃-၂၀၁၄ ပညာသင်နှစ်တွင် အခြေခံပညာကျောင်းများ၌တက်ရောက်နေသော ကျောင်းသား၊ ကျောင်းသူအရေအတွက်မှာ ရှစ်သန်း လေး သိန်းကျော်ရှိခဲ့ရာမှ နှစ်စဉ်တိုးတက်လာခဲ့ပြီး စစ်တပ်ကအာဏာ သိမ်းပြီးသည့်နောက်ပိုင်းတွင် ယခုကဲ့သို့ လျော့ကျသွားခဲ့ခြင်းဖြစ်သည်။ mizzima

ကျောင်းသားမိဘများ ဝေခွဲမရဖြစ်နေသော ကျောင်းဖွင့်ချိန်

ရန်ကုန်တစ်ဖက်ကမ်း ထန်းတစ်ပင်မြို့နယ် ရေတွင်းကုန်းကျေးရွာမှ ဦးလှဖေ*တစ်ယောက် သမီးငယ် ပညာရေးအတွက် ဆုံးဖြတ်ချက်တစ်ခု ချလိုက်ရသည်။ အာဏာသိမ်းစစ်တပ်ကို တစ်နှစ်ကျော် ဆန့်ကျင် လာခဲ့ပြီးမှ သမီးငယ်၏အနာဂတ်ကို ထည့်စဉ်းစားရင်း စိတ်ကူးပြောင်းလိုက်ရခြင်းဖြစ်သည်။ 

၁၁ နှစ်အရွယ် သမီးငယ်ကို ကျောင်းအပ်လိုက်သည်။ စတုတ္ထတန်းတက်မည်ဖြစ်သည်။ ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါနှင့် အာဏာ သိမ်းစစ်တပ်ကို အာခံလိုသော ဖခင်ကြောင့် နှစ်နှစ်ဆက်တိုက် စာသင်ကျောင်းနှင့် ဝေးခဲ့သူ သမီးငယ်ကလည်း ကျောင်းပြန်တက်လိုကြောင်း ပူဆာသည်။  

“အရင်ကတော့ ထားချင်စိတ်လည်း လုံးဝမရှိဘူး။ ဟိုမရှင်းဒီမရှင်းနဲ့ ဆိုတော့။ အခုတော့ သွားအပ်ထားတယ်” ဟု ဦးလှဖေက သမီးငယ်ကို ကျောင်းအပ်လိုက်သည့်အကြောင်း ပြောသည်။

ယနေ့ (ဇွန် ၂) တွင် စစ်ကောင်စီအစီအမံဖြင့် အခြေခံပညာကျောင်းများ ပြန်ဖွင့်သည်။ မေလ ၂၆ ရက်မှစ၍ ကျောင်းအပ်လက်ခံစေခဲ့ခြင်းဖြစ် သည်။ ရန်ကုန်တစ်ဖက်ကမ်း ရေတွင်းကုန်းရွာတွင် သမီးနှင့် ရွယ်တူကလေး သုံးပုံနှစ်ပုံခန့် ကျောင်းအပ်ကြသည်ဟု ဦးလှဖေက ဆိုသည်။

စစ်ကောင်စီလက်အောက် တာဝန်မထမ်းလို၍ ကျောင်းဆရာ၊ဆရာမများစွာ နုတ်ထွက်ထားသည့် အခြေအနေတွင် အစိုးရစာသင်ကျောင်းက သိပ်အကျိုးမဖြစ်ထွန်းနိုင်မည်ကိုတော့ ကိုလှဖေနားလည်သည်။ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်သော သိန်းနှင့်ချီသော ဆရာဆရာမများနေရာတွင် အစားထိုးခန့်အပ်ထားသူများနှင့် ပညာသင်ရမည်ဖြစ်သည်။

အချို့သော မိဘများက အင်တာနက်မှတစ်ဆင့် သာသမီးများကို ပညာသင်ပေးနေသည်ဟု ကြားမိသော်လည်း အသက် ၆၀ အရွယ် ဦးလှဖေ ထိုအကြောင်းကို နားမလည်ပေ။ 

အင်းစိန်မြို့နယ်မှ ကျောင်းသားမိဘတစ်ဦးဖြစ်သူ ဦးအောင်မင်း*ကမူ သမီးဖြစ်သူ အိမ်တွင်ထား၍ ကိုယ့်အစီအစဉ်ဖြင့်ကိုယ် ပညာသင်ပေးရန် စိတ်ကူးသည်။ အသက် ၈ နှစ်ရှိပြီဖြစ်သော သမီးငယ်မှာ ဒုတိယတန်းစာ သင်ရမည်ဖြစ်သည်။

ရပ်ကွက်ထဲရှိ ရွယ်တူကလေးအချို့ကို မိဘများက စစ်ကောင်စီဖွင့် ကျောင်းပို့ရန် ပြင်ဆင်နေသော်လည်း ဦးအောင်မင်းက စစ်တပ်အစီအမံကို ဆက်လက်သပိတ်မှောက်လိုသည်။ စစ်တပ်က စီစဉ်ဖွင့်လှစ်သော ကျောင်းမှာ လုံခြုံမှုမရှိသည့်အကြောင်းကိုပင် ရှင်းပြသည်ဟု ဆိုသည်။ 

“ဒီကောင် (စစ်သား) တွေက လူသားဒိုင်းအဖြစ် သုံးသွားမှာတွေ၊ ကျောင်းတွေမှာ တပ်စွဲထားတာတွေက ကိုယ့်သားသမီးအတွက် မလုံခြုံဘူးဆိုတာ ပြောပြတယ်” ဟု အင်းစိန်ဈေးတွင် ဝက်သားရောင်းသည့် ဦးအောင်မင်းက ဆိုသည်။

ကျောင်းတက်နေသော ကလေးသူငယ်များ ဘေးမကင်းသည့်ဖြစ်စဉ်အချို့လည်း ရှိသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်တွင် စစ်တပ် ဝင်ရောက်စီးနင်းစဉ် မူကြိုကျောင်းမှ အသက်ငါးနှစ်အောက် ကလေးများပါ အဖမ်းခံရသည်။

ယင်းမာပင်မြို့နယ် ချင်းပုံးရွာမှ မူကြိုကျောင်းဖြစ်သည်။ ငါးနှစ်အောက် ကလေး ၈၀ ဦးအထိ အဖမ်းခံရသည်။ ၁၂ နှစ်အောက် ကလေးများနှင့် မိဘများလည်း ပါဝင်သည်။

အာဏာရှင်ဟောင်း ဦးသန်းရွှေ အုပ်စိုးစဉ် ၁၉၉၀ ပြည့်နှစ်ကျော်က ဆယ်တန်းအောင်မြင်ခဲ့သူ အသက် ၄၀ အရွယ် ဦးအောင်မင်းက သမီးငယ်ကို သူ့လို မကြုံစေလိုဟု ဆိုသည်။

“လွတ်လပ်ပြီးခေတ်မီတဲ့ ပညာရေးစနစ်ပဲ လိုချင်တာပေါ့နော်။ စစ်ကျွန်ပညာရေးအောက်မှာတော့ ကိုယ့်မျိုးဆက်ကို မထားချင်ဘူး၊ ကိုယ်ကိုတိုင်လည်း နေလာခဲ့တော့ ဆိုးကျိုးတွေသိတယ်”

သူကိုယ်တိုင်လည်း စစ်အစိုးရခေတ်တွင် တက္ကသိုလ်ပညာဆက်မသင်ခဲ့ဟု ဦးအောင်မင်းက ပြောသည်။ နှစ်နှစ်ဆက်တိုက် ကျောင်းမတက်ခဲ့ရသူ သမီးငယ်ကို နေအိမ်၌ပင် စာသင်စေသည်။ 

စစ်ကောင်စီကို အန်တုနေသည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကြားကာလအစီအစဉ်အားဖြင့် သမီးငယ်ကို ပညာသင်ကြားပေးနိုင်ရန်လည်း ဦးအောင်မင်း ပြင်ဆင်နေသည်။ 

“သူက ငယ်လည်းငယ်သေးတော့ ထားလို့ရလား စုံစမ်းကြည့်တော့၊ ထားလို့ရတယ်ဆိုတော့ NUG ကျောင်းကို ထားမလို့။ ဒီနေ့ (မေ၂၉) ဆို ဖောင်ဖြည့်မလို့” ဟု သူက ပြောသည်။ 

NUG ၏ ပညာသင်ကြားရေးအစီအစဉ်ကို လက်ခံသူများထဲတွင် ရန်ကုန်၊ တောင်ဒဂုံမြို့နယ်နေ အသက် ၃၀ ကျော်အရွယ် အဌားယာဉ်မောင်း ကိုမိုးသူ*လည်း ပါဝင်သည်။

ကိုဗစ်ကပ်ဘေးကြုံသည့် ၂၀၂၀ တွင် ကျောင်းမတက်ရသည့် သားဖြစ်သူကို NUG အစီအစဉ်ဖြင့် အွန်လိုင်းမှတစ်ဆင့် ပညာသင်စေသည်။ သတ္တမတန်းရောက်ပြီဖြစ်သော ၁၃ နှစ်အရွယ်သားကို ဂိမ်းဆော့လိုက် စားလိုက်သောက်လိုက်ချည်းပဲ မဖြစ်စေလိုဟု ဆိုသည်။ 

စစ်ကောင်စီ၏ ပညာရေးကို ဆက်သပိတ်မှောက်ရန် ဆုံးဖြတ်ထားသည့် ကိုမိုးသူက သားဖြစ်သူကို NUG အစီအစဉ်ဖြင့်သာ ပညာခရီးဆက်စေသည်။ 

“Perfect (ပြည်စုံမှု) တော့ မဖြစ်ဘူးပေါ့ဗျာ။ ဒါပေမဲ့ ဒီလိုတက်နေရတာကိုပဲ ကျေးဇူးတင်ရမှာပဲ” ဟု ကိုမိုးသူက ပြောသည်။

အင်တာနက်သုံးစွဲခ ဈေးကြီးခြင်းနှင့် လျှပ်စစ်မီး မကြာခဏပြတ်တောက်ခြင်းတို့ကြောင့် အွန်လိုင်းအခြေပြုပညာသင်ကြားရေးက စင်းလုံးချော အဆင်မပြေနိုင်သည်ကိုတော့ သူနားလည်ထားသည်။​

“အခုတော့ Zoom က သင်တန်းတွေသင်တယ်။ ကိုယ်လည်း နိုင်သလောက်ပြန်သင်ပေးတယ် အာဏာသိမ်းကာလ ပြီးသွားရင်တော့ ဒီထပ်ပိုကောင်းတဲ့ဟာ မျှော်လင့်တာပေါ့လေ” 

စင်ပြိုင်ဖြစ်နေသာ ပညာရေးလမ်းကြောင်းနှစ်ခု 

ကိုဗစ်ကပ်ရောဂါနှင့် အာဏာသိမ်းမှုဖြစ်စဉ်ကြောင့် ကျောင်းနှင့် ဝေးကွာနေသော သားသမီးများအတွက် ကျောင်းသားမိဘများ ရတက်မအေးဖြစ်နေသည့်နည်းတူ စစ်ကောင်စီနှင့် NUG အတွက်လည်း မဖြစ်မနေ ပြိုင်ဆိုင်နေရသည်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်သူ နိုင်ငံဝန်ထမ်းများထဲတွင် ဆရာဆရာမများ ထိပ်ဆုံးမှ ပါဝင်သည်။ CDM ပါဝင်သည့် ဆရာဆရာမ နှစ်သိန်းခွဲခန့်ရှိသည်ဟု NUG ၏ ပညာရေးဝန်ကြီးဌာနက ဆိုသည်။ ထို CDM ဆရာဆရာမများနှင့် ပူးပေါင်းကာ NUG က ကြားကာလပညာရေးအစီအမံ ဖော်ဆောင်နေသည်။ 

အာဏာသိမ်းစစ်တပ်ကို တော်လှန်ရင်း ထွက်ပြေးတိမ်းရှောင်နေရသူများက အင်တာနက်မှတစ်ဆင့် ပညာသင်ကြားရေးအစီအစဉ်ကို အကောင်အထည်ဖော်နေခြင်းဖြစ်သည်။

ယနေ့ ဇွန် ၂ ရက်တွင် အခြေခံပညာကျောင်းများ ပြန်ဖွင့်နိုင်ရေး စစ်ကောင်စီကလည်း အသည်းအသန်ကြိုးပမ်းခဲ့သည်။ မေလအလယ်ပိုင်းကတည်းက ကျောင်းအပ်လက်ခံကြောင်း ကြေညာသည်။ ပြည်နယ်နှင့် တိုင်းအလိုက် ကျောင်းအပ်နှံရေးအခမ်းအနားများ ကျင်းပကြောင်း နိုင်ငံပိုင်သတင်းစာများမှတစ်ဆင့်လည်း ဝေဝေဆာဆာဖော်ပြသည်။

တာဝန်မှ ကင်းကွာနေသော ပညာရေးဝန်ထမ်းများ အလုပ်ပြန်ဝင်ရန်လည်း တရားဝင်ဖိတ်ခေါ်သည်။ CDM ဟု တရားဝင်ဖော်ပြပြောဆိုခြင်းတော့ မရှိပေ။ လုပ်ငန်းခွင်ပြန်ဝင်ရေး ဆက်သွယ်လာသည့် ဆရာဆရာမ ၂၄၈၂ ဦးရှိသည်ဟု စစ်ကောင်စီက ယမန်နေ့တွင် ထုတ်ပြန်သည်။ 

သို့သော် CDM ဆရာဆရာမများ လုပ်ငန်းခွင့်ပြန်ဝင်ရေး နောက်ဆုံးထားသတင်းပို့ရမည့်ရက်ကို မူလက မေ ၃၁ ဟု သတ်မှတ်ခဲ့သော်လည်း ဇွန် ၇ အထိ တိုးမြှင့်ကြောင်းလည်း တစ်ဆက်တည်းကြေညာသည်။ 

ယမန်နေ့က နေပြည်တော်၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် စစ်ကောင်စီတာဝန်ရှိသူများ ထုတ်ဖော်ပြောဆိုချက်အရ အလုပ်ပြန်ဝင်သည့် CDM ဆရာဆရာမ ၅၀ ကျော်ရှိသည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျောင်းအပ်နှံသူ ၅ သန်းကျော်ရှိသည်ဟုလည်း စစ်ကောင်စီပြောခွင့်ရပုဂ္ဂိုလ်က ယမန်နေ့ သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောဆိုသည်။

ပြီးခဲ့သည့်နှစ်တွင်လည်း စာသင်ကျောင်းများဖွင့်နိုင်ရေး စစ်ကောင်စီက အပြင်းအထန်ကြိုးပမ်းခဲ့သည်။ သို့သော် အောင်မြင်မှု မရခဲ့ပေ။ 

ကျောင်းသားကျောင်းသူ ၁၀ သန်းနီးပါး ကျောင်းတက်နိုင်သည်ဟု ခန့်မှန်းသော်လည်း စာရင်ကောက်ယူချိန်တွင် လေးသန်းကျော် ပျက်ကွက်နေကြောင်း ယခုနှစ် ဖေဖော်ဝါရီလအတွင်း အစည်းအဝေးတစ်ခုတွင် အာဏာသိမ်းခေါင်းဆောင်က ထုတ်ဖော်ပြောဆိုဖူးသည်။ 

အခြားတစ်ဖက်တွင်လည်း NUG က ကြားကာလပညာရေး အရှိန်မြှင့်တင်ရန် ပြင်ဆင်နေသည်။ Open University အမည်ရ ဝက်ဆိုက်တစ်ခု လွှင့်တင်ရန်ရှိပြီး ရပ်ရွာအခြေပြုအခြေခံပညာသင်ခန်းစာများ၊ တက္ကသိုလ်နှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ သင်ခန်းစာများကို ဖော်ပြထားမည်ဟု ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာစိုင်းခိုင်မျိုးထွန်းက ပြောသည်။

“Register (စာရင်းသွင်း) လုပ်ပြီး လာတက်လို့ရပါတယ်။ တက်လို့ရှိရင် ဝင်ရောက်လေ့လာနိုင်မဲ့ Access (ဝင်ရောက်ခွင့်) တစ်ခုရလာပါလိမ့်မယ်။ ပြီးရင် သူ့စာရင်းက သက်ဆိုင်ရာ ကျောင်းကောင်စီကို ပြန်ရောက်သွားမှာပေါ့”

NUG ပညာရေးဝန်ကြီးဌာနအောက်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မြို့နယ်ပညာရေးဘုတ်အဖွဲ့ ၃၀၀ ကျော်၊ တက္ကသိုလ်နှင့် ကောလိပ်သိပ္ပံကျောင်းကောင်စီ ၂၄၁ ကျောင်းဖွဲ့ထားပြီး ဖက်ဒရယ်ပညာရေးပုံစံအတိုင်း လွတ်လပ်စွာ စီမံခန့်ခွဲရှိသည်ဟု ဒေါက်တာစိုင်းခိုင်မျိုးထွန်းက ဆိုသည်။

NUG လက်အောက်ခံ ရန်ကုန်အခြေစိုက် Yangon Federal School က ကျောင်းလျှောက်လွှာများ ဇွန် ၁ ရက်မှစ၍ စတင်လက်ခံခဲ့ရာ တစ်ရက်တည်းတွင် ကျောင်းအပ်သူ ၄၀၀၀ ကျော်ရှိပြီဖြစ်ကြောင်း တာဝန်ခံက ပြောသည်။

ထို့အတူ စစ်ကောင်စီကို ခုခံနေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များ အားကောင်းရာ ဒေသများတွင် စာသင်ကျောင်းများဖွင့်လှစ်ထားပြီး ယင်းမှာ NUG ပညာရေးအစီအမံ၏ တစ်စိတ်တစ်ပိုင်းလည်းဖြစ်သည်။

စစ်ကိုင်းတိုင်းအတွင်း မြောင်မြို့နယ် တစ်ခုတည်း၌ပင် PDF များအစီအစဉ်ဖြင့် ကျောင်း ၇၂ ကျောင်းဖွင့် လှစ်ထားသည်ဟု မြောင်ပညာရေးကွန်ရက်ထံမှ သိရသည်။ ဆရာ၊ဆရာမ ၄၀၀ ကျော်ဖြင့် ကျောင်းသူ၊ ကျောင်းသား ၄၀၀၀ ကျော် သင်ကြားပေးနေသည်ဟု ထိုကွန်ရက်က ပြောသည်။

သို့သော် အွန်လိုင်းစနစ် ပညာသင်ကြားရေးဖြစ်ရာ ရန်ကုန်တစ်ဖက်ကမ်း ရေတွင်းကုန်းကျေးရွာမှ ဦးလှဖေကဲ့သို့ နည်းပညာနှင့် အကျွမ်းမဝင်သူများ အလှမ်းဝေးနေဦးမည်ဖြစ်သည်။ အုပ်ထိန်းသူက အချိန်ပေးကာ အနီးကပ် ထပ်ဆင့်သင်ပေးရဦးမည်ဖြစ်ရာ အခြေခံလူတန်းစား မိဘများအတွက် လွယ်ကူမည် မဟုတ်ပေ။ 

အာဏာသိမ်းစစ်ကောင်စီ စီမံသော စာသင်ခန်းသို့လည်း မသွားစေလို NUG အစီအမံဖြင့်လည်း မတင်းတိမ်နိုင်သူ မိဘများကမူ ပုဂ္ဂလိကကျောင်းများကို ရွေးချယ်ကြမည်ဖြစ်သည်။ စီးပွားရေးပြေလည်သူများသာ ရွေးချယ်နိုင်မည့် လမ်းကြောင်းဖြစ်သည်။

အင်းစိန်မြို့နယ်တွင် စားသောက်ဆိုင်ဖွင့်ထားသည့် အသက် ၃၆ နှစ်အရွယ် မသူဇာ*က သားဖြစ်သူကို ပုဂ္ဂလိကကျောင်းပို့မည်ဖြစ်သည်။ 

“သူတို့(စစ်ကောင်စီ)ကို ထောက်ခံလို့တော့ မဟုတ်ဘူး” ဟု ၇ တန်းတက်ရမည့် သားဖြစ်သူကို ကိုယ်ပိုင်ကျောင်းပို့မည့် မသူဇာက ပြောသည်။ 

ပုဂ္ဂလိကစနစ်ကိုယ်ပိုင်ကျောင်းများသည်လည်း လွတ်လွတ်ကင်းကင်း ဘေးရန်ရှင်းသည်တော့ မဟုတ်ပေ။ နေပြည်တော်ရှိ ပုဂ္ဂလိကကျောင်းအများစုကို စစ်ကောင်စီက ပိတ်သိမ်းခဲ့သည်။ အကြောင်းပြချက်ကား နိုင်ငံရေးအရ မလွတ်မကင်း ဆောင်ရွက်ချက်များ ရှိသည်ဟူ၍ပင်။ 

(*လုံခြုံရေးအရ သတင်းရင်းမြစ်များ၏ အမည်များကို လွှဲထားပါသည်။) myanmar now

စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်ကို စစ်ကောင်စီက ထောင်ဒဏ် ထပ်မံချမှတ် စုစု ပေါင်း ၂၄နှစ်ကျခံဖွယ်ရှိ

စစ်ကိုင်းတိုင်း မုံရွာအကျဉ်းထောင်တွင် ထိန်းသိမ်းခံနေရသော စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်ကို ယမန်နေ့ ဇွန်လ ၁ ရက်နေ့ ၌ ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၁၇၁ (စ) စွဲချက်ဖြင့် ထောင်ဒဏ် တစ်နှစ် ထပ်မံ ချမှတ်လိုက်ကြောင်းသိရသည်။

“မင်းတို့လည်း မင်းတို့ ဝတ္တရားရှိသလို ချရမှာကို ချကြပေါ့ကွာ၊ ငါတို့ကလည်း အရင်တုန်းက ထောင်ထဲမှာ ၁၅နှစ်နေခဲ့ပြီးသား၊ ငါတို့အတွက်တော့ မဆန်းပါဘူး လုပ်ကြပေါ့ကွာ” ဟု ဒေါက်တာမြင့်နိုင်မှ တရားခွင်တွင် ပြန်လည်ပြောဆိုခဲ့ကြောင်း ဝန်ကြီးချုပ်၏ဇနီးက မဇ္စျိမကိုပြေ ာသည်။

ဒေါက်တာမြင့်နိုင်အား ရွေးကောက်ပွဲဥပဒေပုဒ်မ ၁၇၁ (စ) ဖြင့် အမြင့်ဆုံးထောင်ဒဏ်အဖြစ် မုံရွာခရိုင်တရားရုံးမှ ချမှတ်လိုက်ခြင်းဖြစ်ကြောင်းနှင့် ဆက်လက်ပြီး ရွှေဘိုခရိုင်ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူးမှ တရားလိုလုပ်၍ ပုဒ်မ ၁၇၁(ခ) ဖြင့် ထပ်မံ တရားစွဲဆိုထားကြောင်းသိရသည်။

စစ်ကိုင်းတိုင်းဝန်ကြီးချုပ်သည် ဖေဖော်ဝါရီလ ၂၈ရက်နေ့က အဂတိလိုက်စားမှု ခုနစ်မှုဖြင့် တစ်မှု သုံးနှစ်ဖြင့် ၂၁ နှစ် ချမှခံရပြီး၊ ယခင်က ပုဒ်မ ၅၀၅(ခ)ဖြင့် နှစ်နှစ် ချမှတ်ခံထားရကာ၊ ယခုအမှု တစ်နှစ်နှင့်ဆိုလျင် စုစုပေါင်း ထောင်ဒဏ် ၂၄နှစ် ကျခံရန် ရှိနေခြင်းဖြစ်ကြောင်း သိရှိရသည်။

“အရင်တုန်းကပြောခဲ့ဖူးသလိုပဲ ပရမ်းပတာ ဥပဒေတွေဆိုတော့ ဘာမှကို မပြောချင်တော့တာ သူတို့လုပ်ချင်သလိုလုပ်နေကြတာ အခုဆို ၂၄ နှစ်ချပြီးပြီ၊ နောက်အမှုကလည်း တစ်နှစ်ကျနိုင်သေးတယ်၊ အဲဒီတော့ ကျမပြောချင်တာက တော်ပါတော့၊ သူလည်းထောင်ထဲမှာနေ နေရတာ အသက်ကလည်း ၇၀ကျော်နေပြီ တော်သင့်ကြပြီ လို့ပဲ ပြောချင်ပါတယ်” ဟု ဝန်ကြီးချုပ်၏ ဇနီး ဒေါ်ချူးချူး က ထပ်မံပြောဆိုသည်။

ဆက်လက်ရင်ဆိုင်ရမည့်အမှုသည် ရွှေဘိုခရိုင် ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူးမှ တရားလိုဖြစ်သည့်အတွက် ရွှေဘိုထောင်သို့ပြောင်း ရွှေ့ပြီး ရွှေဘိုတရားရုံးတွင် အမှုရင်ဆိုင်ရမည်ဖြစ်သော်လည်း လုံခြုံရေးအကြောင်းပြချက်ဖြင့် မုံရွာတရားရုံးတွင်သာ ဆက်လက် စစ်ဆေးရန် စီစဉ်ဆောင်ရွက်လျက်ရှိပြီး မည်သည့်အချိန်တွင် ပြန်လည်စစ်ဆေးမည်ကို မသိရှိရသေးကြောင်း ပြောသည်။

ဒေါက်တာမြင့်နိုင်သည် ကျန်းမာရေးကောင်းမွန်ပြီး စိတ်ဓာတ်မာကျောဆဲဖြစ်ကာ ယခု ချမှထားသော အပြစ်ဒဏ်များနှင့်ပါတ်သက်ပြီး အယူခံဝင်မည်မဟုတ်ကြောင်း ဆိုသည်။

ဝန်ကြီးချုပ်သည် ထောင်ထဲတွင် ပုံမှန်အားဖြင့် နံနက် ၄နာရီ အိပ်ယာမှ ထလေ့ရှိပြီး သန့်ရှင်းမှုများပြုလုပ်ကာ ဘုရားရှိခိုး တရားထိုင်လေ့ရှိကြောင်း အားလပ်ချိန်များတွင် စာဖတ်ရှုကြောင်း သိရသည်။

အသက် ၇၁ အရွယ် ဝန်ကြီးချုပ်သည် နှလုံးအဆို့ရှင် လဲထားရသူဖြစ်ပြီး သွေးကြဲဆေး အမြဲသောက်နေရသည့်အပြင် သွေးတိုးအတွက်လည်း ဆေးသောက်နေရကာ အစားအသောက်နှင့် အနေအထိုင် ဆင်ခြင်နေရကြောင်း သိရသည်။

ဒေါက်တာမြင့်နိုင်သည် ၁၉၉၀ ရွေးကောက်ပွဲတွင် ဝင်ရောက် အရွေးခံရာ အနိုင်ရရှိပြီး ယင်းနှစ် စက်တင်ဘာလတွင် ပုဒ်မ ၁၂၂ ဖြင့် ထောင် ဒဏ် ၂၅ နှစ် ချမှတ် ခံခဲ့ရသည်။

၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲ၊ ၂၀၁၅ နှင့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲများတွင် ဝင်ရောက် ယှဉ်ပြိုင် အနိုင်ရခဲ့ပြီး ၂၀၁၆ တွင် စစ်ကိုင်း တိုင်း ဝန်ကြီးချုပ်အဖြစ် တာဝန် ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ mizzima

« Older Entries