တီးတိန်တွင် CDM ကျောင်းဆရာ၂ ဦးကို စစ်ကောင်စီတပ်ဖမ်းဆီး

ချင်းပြည်နယ်မြောက်ပိုင်း ၊ တီးတိန်မြို့ပေါ်တွင် ယနေ့ ဇွန်လ ၃ရက် မွန်းလွဲ၂နာရီဝန်းကျင်က အကြမ်းမဖက်အာဏာဖီဆန်ရေး (CDM ) လှုပ် ရှားမှုတွင် ပါဝင်သည့် ကျောင်းဆရာနှစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ်သည် စစ်ကားနှစ်စီးဖြင့် CDM ကျောင်းဆရာ၊ ဆရာမများကို လိုက်လံ ဖမ်းဆီးနေခြင်းဖြစ်ပြီး တီးတိန်မြို့၊ စကော့လမ်းရပ်ကွက်နေ အလယ်တန်းပြ ကျောင်းဆရာ နှစ်ဦး ကိုဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်သည်ဟု ရပ်ကွက်နေ ပြည်သူတစ်ဦးထံက သိရသည်။
“နေအိမ်အထိလာတာ။ မေးစရာရှိလို့ဆိုပြီး ခေါ်သွားတာဗျ။ ရပ်ကွက်ထဲမှာ စစ်ကားနှစ်စီး နဲ့ လိုက်ဖမ်းနေတာ။ စစ်သားတွေထဲမှာ တချို့က ဝတ်စုံဝတ်ပြီးတော့ တချို့က အရပ်ဝတ်နဲ့သွားနေတာကိုတွေ့တယ်။ ဖမ်းဆီးခံရတဲ့ ဆရာနှစ်ဦးကို ဘယ်နေရာ ခေါ်သွားလဲတော့မသိဘူး” ဟု စကော့လမ်းရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ပြောသည်။
စစ်ကောင်စီ တပ်များ လိုက်လံ ဖမ်းဆီးချိန်တွင် အချိန်မီပုန်းအောင်းနိုင်သည့် CDM ဆရာ၊ဆရာမများမှာ ဖမ်းဆီးခံရခြင်း မရှိကြောင်းသိရသည်။
ပြီးခဲ့သည့် မေလ ၃၀ ရက်က တီးတိန်မြို့ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ဒေါ်မန်းတူးလ်ကျိန် နှင့် အခြေခံ ပညာ အထက်တန်းကျောင်း (ခွဲ) တီးတိန် မှ ဒုကျောင်းအုပ်ကြီး ဦးကျင့်မွမ်းထန် တို့နှစ်ဦးကို စစ်ကောင်စီ လက်အောက်ခံကျောင်းများ မဖွင့်ရန် စစ်ကျွန်မခံလိုသည့် လက်နက်ကိုင် လူငယ်အဖွဲ့တစ်ဖွဲ့က လက်မှတ်ရေးထိုးခိုင်းခဲ့သည်။ mizzima