Monthly Archives: Jun 2022

ချမ်းမြသာစည်မြို့နယ်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရ၍ သေဆုံး

မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်တွင် ယနေ့ ဇွန်လ ၄ ရက်နေ့ မွန်းလွဲပိုင်းအချိန်က ရပ်ကွက်အုပ်ချုပ်ရေးမှူး သေနတ်ဖြင့် ပစ်ခတ်ခံရ၍ သေဆုံးသွားကြောင်း သိရသည်။

ပစ်ခတ်ခံရသူသည် ချမ်းမြသာစည်မြို့နယ်၊ တမ္ပ၀တီရပ်ကွက် ၊ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်မိုးဆိုသူဖြစ်ပြီး မွန်းလွဲ ၃ နာရီခွဲခန့်အချိန်က နေအိမ်ရှေ့တွင် လမ်းလျှောက်နေစဉ် အမည်မသိလူတစ်စုရောက်ရှိလာ၍ သေနတ်ဖြင့် ပစ်ခတ်သွားခြင်းဖြစ်ကြောင်း ဒေသခံသတင်း အရင်း အမြစ်များက ပြောသည်။

“သူ့အိမ်ရှေ့လမ်းလျှောက်နေတုန်း လူတစ်စုရောက်လာပြီး ခုနစ်ချက်လောက်ပစ်သွားတာ။ အဲဒီနေရာမှာတင် သေတာပဲ” ဟု သတင်းအရင်း အမြစ်တစ်ဦးက ဆိုသည်။

ဦးအောင်မိုးသည် ပြီးခဲ့သည့်နှစ် မေလ ၆ ရက်နေ့ကလည်း ဓားထိုးခံခဲ့ရဖူးပြီး ထိုစဉ်က အသက်ဘေးမှ လွတ်မြောက်ခဲ့သူ ဖြစ်သည်ဟု ဒေသခံထံက သိရသည်။

ပစ်ခတ်မှုနှင့် ပတ်သက်၍ မည်သည့်အဖွဲ့အစည်းက လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်းမသိရသေးပေ။ အခင်းဖြစ်ပွါးမှုအပြီး တမ္ပ၀တီ တစ်ရပ်ကွက် လုံးအား စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့က ပိတ်ဆို့ထားကြောင်း သိရသည်။ mizzima

KNU က ထိန်းသိမ်းထားသော ရုရှားပြန် ဗိုလ် ကြီး ကျော်ဇင်ထက်နှင့် တပ်ကြပ် ကြီး နိုင်ဦးတို့ကို ပြန်မလွှတ်ပေးလျှင် ကျေးရွာများကို လက် နက်ကြီးဖြင့်ပစ်ခတ် မည်ဟု စစ်တပ်က ခြိမ်း ခြောက် ၊ ပြည်သူများတိမ်းရှောင်ရ

KNU က ထိန်းသိမ်းထားသော ရုရှားပြန် ဗိုလ်ကြီး ကျော်ဇင်ထက်နှင့် တပ်ကြပ် ကြီး နိုင်ဦးတို့ကို ပြန်မလွှတ်ပေးလျှင် ကျေးရွာများကို ဖျက်ဆီးမည်ဟု စစ်တပ်က ခြိမ်းခြောက်လာပြီး ပြည်သူများတိမ်းရှောင်ရကြောင်း KNU က တရားဝင် သတင်းထုတ်ပြန်သည်။

KNU မှထိန်းသိမ်းထားသော အာဏာသိမ်း စစ်ကောင်စီ ခမရ အမှတ် ၉ စခန်းမှ တပ်ဖွဲ့ဝင် ၂ ဦးကို ပြန်မလွှတ်ပေးပါက ကေအဲန်ယူ-သထုံမြို့ နယ် အတွင်းရှိ ထုံးဘိုကြီးနှင့် ထုံးဘိုလေးကျေးရွာ ၂ ရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ်ဖျက်ဆီးပစ်မည်ဟု ခမရ အမှတ် ၉ တပ်ရင်းမှူးက ရွာလူကြီးမှတစ်ဆင့် ခြိမ်း ခြောက်ပြောဆိုကြောင်း၊ ဇွန်လ ၁ ရက်နေ့ ညနေ ၅ နာရီခွဲခန့်တွင် အာဏာ သိမ်းစစ်ကောင်စီ လက်အောက်ခံ ခမရ အမှတ် (၉) ဝီယော်စခန်းမှ ဗိုလ်ကြီးကျော်ဇင်ထက်နှင့် တပ်ကြပ်ကြီး နိုင်ဦးတို့ ၂ ဦးတို့သည် ထုံးဘိုကြီးကျေးရွာအတွင်းသို့ ဆိုင်ကယ်ဖြင့် လာရောက် သတင်း ထောက်လှမ်းနေစဥ် ကရင့်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA)နှင့်ပူးပေါင်းတပ်ဖွဲ့များက ဖမ်းဆီးထိန်းသိမ်းထားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ဇွန် ၂ ရက် နံနက် (၅)နာရီခွဲခန့်က ပိန္နဲတော၊ လေးကေ၊ ဝင်းတာပန်တို့ရှိ စစ်ကောင်စီ စခန်းများသို့ ရိက္ခာပို့ရန်လာသောစစ်ကောင်စီ တပ်ဖွဲ့များနှင့် နယ်မြေခံ KNLA တပ်ဖွဲ့တို့ ဝီယော်ကျေးရွာအနီးတိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဖက်မှ (၆)ဦးသေကာ (၅)ဦး ဒဏ်ရာရ၍ စစ်ကောင်စီတပ်များ အမှတ် ၉ စခန်းသို့ပြန်လည်ဆုတ်ခွာ သွားခဲ့ကြောင်း၊ ထို့နောက် စစ်ကောင်စီ ခမရ အမှတ် ၉ စခန်းက ထုံးဘိုလေးနှင့် ထုံးဘိုကြီးကျေးရွာဖက်သို့ လက်နက်ကြီးအချက် ၅၀ ကျော် ဆက်တိုက်ပစ်ခတ်မှုကြောင့် ထုံးဘိုလေးကျေးရွာမှ အသက် (၇၀) အရွယ်အမျိုးသား (၁) ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး လူနေအိမ် (၂) လုံးပျက်စီး၍ အိမ်မွေးဝက် (၁) ကောင်သေဆုံးခဲ့ကြောင်း KNU ထုတ်ပြန်ချက်က ဆုသိည်။

အာဏာသိမ်းစစ်ကောင်စီ ခမရ အမှတ်(၉)စခန်းမှ လက်နက်ကြီးများဖြင့် ထုံးဘိုလေးကျေးရွာနှင့် ထုံးဘိုကြီးကျေးရွာဘက်သို့ အဆက်မပြက်ပစ်ခတ်နေမှုများကြောင့် ဒေသခံ ရွာသူရွာသားများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည်။ khit thit

ရန်ကုန်၊ မန္တလေး၊ နေပြည်တော် မြို့ကြီးများတွင် စက်သုံးဆီ လိုသလောက်ဝယ်ယူနိုင်ရန် ခက်ခဲနေ

ရန်ကုန်၊ မန္တလေး၊ နေပြည်တော် မြို့ကြီး သုံးမြို့တွင် ယခု ၂၀၂၂ခုနှစ် ဇွန်လ ပထမပတ်မှစတင်ကာ စက်သုံးဆီ လိုသလောက် ဝယ်ယူ၍မရသည့် အခက်အခဲများဖြစ်ပေါ်နေကြကြောင်း ဒေသခံများထံက သိရသည်။

“ ကျွန်တော်ဆို မြောက်ဒဂုံမှာနေတာ၊ ကျွန်တော်တို့မြို့နယ်ထဲမှာတင် ဆီဆိုင်တွေအများကြီး။ ကိုယ့်ရပ်ကွက်နဲ့နီးတဲ့ ဆီဆိုင်သွားထည့်လည်း လက်ခါပြ၊ တခြားဆိုင်ပတ်ထည့်လည်းမရှိ။ ကျွန်တော်အရှင်းဆုံးပြောမယ်ဗျာ ပိုက်ဆံရှိရင်တောင် ဆီကဖြည့်ချင်တိုင်း ဖြည့်လို့မရဘူး အဲ့ဒီလိုတွေဖြစ်ကုန်ပြီ” ဟု ရန်ကုန်မြို့ခံ ကားပိုင်ရှင်တစ်ဦးက ပြောသည်။

ရန်ကုန်ရှိ ဓာတ်ဆီဆိုင်တစ်ခုတွင်လုပ်ကိုင်နေသော ဝန်ထမ်းတစ်ဦးကလည်း လက်ရှိဖြစ်ပေါ်နေသည့် စက်သုံးဆီ အခက်အခဲနှင့်ပတ်သက်ပြီး ရှင်းပြသည်။

“ တကယ်က စက်သုံးဆီတွေကို ပြည်သူတွေအလွယ်တကူ ဝယ်လို့မရတော့တာက ဆိုင်ဘက်က စက်သုံးဆီဝယ်စျေးက ၁၀၀ ဆိုရင် စစ်ကောင်စီက ၁၀၁ ကျပ်နဲ့ပဲပြန်ရောင်းဖို့သတ်မှတ်ထားတော့ ကယ်ရီခတောင်မရှိဘူး။ ဒီအချိန်မှာ ဒေါ်လာစျေးတွေကတက်တော့ ကုန်သည်တွေက ဆီများများဝယ်ရင် ရှုံးတယ်။ ရှုံးတဲ့အတွက်ကြောင်းမလို့ နဂိုက သိုလှောင်ထားတဲ့ဆီကိုပဲ ရေရှည်အထိရောင်းနိုင်ဖို့အတွက် မျှပြီးရောင်းနေတာဖြစ်လို့ တစ်ယောက်ကို တစ်သောင်းနှုန်း၊ နှစ်သောင်းနှုန်းပဲ ရောင်းပေးနိုင်ရတဲ့အကြောင်းတွေဖြစ်လာတာ။ လက်ရှိကျွန်တော်တို့ဆိုင်မှာတောင် 95 တစ်မျိုးပဲ ရတော့တယ် 92 မရတော့ဘူး။ တစ်ရက် နှစ်ရက်နေမှရမယ် ” ဟု ပြောသည်။

နေပြည်တော်တွင်လည်း ဇွန်လ ၁ ရက်နေ့က စတင်ပြီး ဆီပြတ်လပ်မှုများဖြစ်ပေါ်နေကြောင်း သိရသည်။

“အရင်ကဆို အိမ်နားက ဆီဆိုင်တင်ထည့်လို့ရတယ်။ အခုတော့ လိုက်ပတ်ရှာရတာနဲ့တင် ဆိုင်ကယ်ဆီကုန်သွားမှာတောင်ကြောက်နေရတယ်။ နေပြည်တော်မှာ ဆီပြတ်သလိုဖြစ်နေတာ အစ်မ သိရသလောက်တော့ ၁ ရက်နေ့လောက်ထဲက။ အဲ့တော့ ၃ ရက်နေ့ မနက်ကလိုက်ပတ်ရှာတော့လည်း ဖြည့်မရဘူး။ တချို့ဆိုင်တွေက တန်းစီရတော့ ကိုယ်ကလည်းတန်းမစီနိုင်ပဲ ညနေမှတခြားဆိုင်တွေပတ်ရှာပြီး ပြန်သွားကြည့်တော့ နောက် လေး၊ ငါးရက် နေမှရမယ်လို့ ဆိုင်ကပြန်ပြောတယ်။ 92 ၊ 95 ၊ ဒီဇယ် အကုန်ပြတ်နေတာ၊ တစ်မျိုးတလေ ရသေးတဲ့ဆိုင်ဆိုလို့ တစ်ဆိုင် နှစ်ဆိုင်ပဲရှိတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

မန္တလေးမြို့တွင်လည်း ဓာတ်ဆီလိုသလောက်ရရှိနိုင်ရန် နံနက်စောစောထပြီး တန်းစီ၀ယ်ယူနေကြရကြောင်း သိရသည်။

“ နေမြင့်လေ ဆီပြတ်လေ အခြေအနေဆိုတော့ မနက် ၈ နာရီထက်နောက်မကျဘဲ တန်းစီမှပဲ အဆင်ပြေတယ်။ အဲဒီထက် နောက်ကျရင်တော့ မလွယ်တော့ဘူး။ ဒီလိုဖြစ်နေတာနှစ်ရက်သုံးရက်လောက်ရှိနေပြီ” ဟု မန္တလေးမြို့ခံ ကားပိုင်ရှင် တစ်ဦးကပြောသည်။

စက်သုံးဆီ (ဓာတ်ဆီ) ရရှိရန် နံနက်စောစောထ တန်းစီးရသည့်အခြေအနေသည် ဇွန်လ ၂ ရက်နေ့မှ စတင်၍ ဖြစ်ပေါ်နေခြင်း ဖြစ်ဟုလည်း သိရသည်။

“ ဒီဇယ်က အဆင်ပြေတယ်ဗျ။ ဓာတ်ဆီပဲပြဿနာဖြစ်နေတာ။ ဆိုင်ကြီးတွေမှာ စောစောထတန်းစီရင် လိုသလောက်ရနိုင်တယ်။ ဒါတောင် တချို့ ဆိုင်ကြီးတွေက Limit နဲ့ပဲရောင်းပေးတယ်။ နှစ်သောင်းဖိုးတို့ သုံးသောင်းဖိုးတို့ပေ့ါ။ တချို့ဆိုင်တွေ 95 မရောင်းနိုင်ကြတော့ဘူး ” ဟု တက္ကစီယာဉ်မောင်း တစ်ဦးကလည်းဆိုသည်။

သင်္ကြန်အပြီး ဧပြီလ တတိယပတ်မှစ၍ ပြည်တွင်းစက်သုံးဆီပြတ်လပ်မှုများ ဖြစ်ပေါ်ခဲ့ပြီး မေလကုန်ပိုင်းမှ ယနေ့ ဇွန် ၄ ရက် အထိ ရက် သတ္တပတ်အတွင်း၊ စက်သုံးဆီရောင်းရန်မရှိသဖြင့် လုံး၀ပိတ်ထားရသည့်ဆိုင်များ တစ်နေ့ထက်တစ်နေ့ ပိုများပြားလာသည်ဟုလည်း သိရသည်။

စစ်ကောင်စီကတော့ စက်သုံးဆီပြတ်လပ်မည်မဟုတ်ကြောင်း မကြာခဏသတင်းထုတ်ပြန်နေကာ ဆီသိုလှောင်ကန်များထဲတွင် စက်သုံးဆီရှိကြောင်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဇွန် ၁ ရက် နေပြည်တော်တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ ၌ပြောဆိုခဲ့သည်။mizzima

သေဒဏ်ကျသူကို ကွပ်မျက်မည်ဟူသော ပြော ဆိုချက် ပြင်းပြင်းထန်ထန် ဝေဖန်ခံနေရ

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဂျင်မီ၊ လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်တို့အပါအဝင် သေဒဏ်စီရင်ချက် ချခံထားရသူများကို ကွပ်မျက်ပါက စစ်ကောင်စီအနေဖြင့် အကန့်အသတ်မဲ့ဆိုးကျိုး၊ ပိုမိုပြင်းထန်သည့် ခုခံတော်လှန်မှုများနှင့် ကြုံရမည်ဟု နိုင်ငံရေးနယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များက တုံ့ပြန်ပြောဆိုလိုက်သည်။

အသက်မပြည့်သေးသူ ၂ ဦးအပါအဝင် သေဒဏ်ချခံထားရသူ ၁၁၄ ဦးရှိသည်ဟု စစ်ကောင်စီဖမ်းဆီးခံရသူများနှင့် ပတ်သက်ပြီး စာရင်းပြုစုနေသည့် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ အချက်အလက်များအရ သိရသည်။

သေဒဏ်စီရင်ခံထားရသူများအနက် ဦးဂျင်မီနှင့် ဦးဖြိုးဇေယျာသော်တို့၏ အယူခံကို ပလပ်လိုက်ပြီး သေဒဏ်အမိန့်ကို အထမြောက်အောင် ဆက်လက်အကောင်အထည်ဖော်နေကြောင်း၊ အမှန်တကယ်သေဒဏ်ချမည့်အကြောင်း စစ်ကောင်စီ၏ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဇွန် ၂ သတင်းစာရှင်းလင်းပွဲ၌ ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် နယ်ပယ်အသီးသီးမှ ပြင်းထန်သည့် တုံ့ပြန်မှု ပေါ်ထွက်လာခြင်းဖြစ်သည်။

“သက်ရောက်မှုကတော့ အတိုင်းအဆ မှန်းလို့မရလောက်အောင်ကို ပြင်းထန်မယ်။ လက်စားချေမှုတွေ၊ မြေပြင်တိုက်ပွဲတွေ၊ သံတမန်တိုက်ပွဲတွေကတော့ အကြီးအကျယ်ဖြစ်မယ်။ ပြည်သူလူထုက အကြီးအကျယ်မုန်းတီးမယ်” ဟု နိုင်ငံရေးလေ့လာသူလည်းဖြစ်၊ ဥပဒေပညာရှင်လည်း ဖြစ်သူ ဦးကြီးမြင့်က ပြောသည်။

အာဏာသိမ်းစစ်ခေါင်းဆောင်သည် ယင်းတို့အလိုကျ နှစ်ရှည်လများ ရေးဆွဲထားသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖောက်ဖျက်ကာ အာဏာသိမ်းထားခြင်းဖြစ်ရာ နိုင်ငံတော်ပုန်ကန်မှု၊ နိုင်ငံတော်သစ္စာဖောက်မှုများကို ကျူးလွန်ခဲ့သူများဖြစ်နေကြောင်း ဦးကြီးမြင့်က ထောက်ပြသည်။

“သစ္စာဖောက်မှုတွေကို ကျူးလွန်ထားတဲ့သူတွေတွေ လုပ်တယ်ဆိုတော့ ပိုပြီးတော့ နာကြည်းစရာတွေဖြစ်လာမယ်၊ အဲဒီတော့ တကယ်လုပ်မယ် ဆိုရင် သူပေးဆပ်ရမှာက အတိုင်းအတာအကြီးကြီးပဲ၊ ငါလုပ်ရဲတယ်ဆိုပြီး လုပ်မယ်ဆိုရင်တော့ အဆိုးဆုံးတွေ၊ တော်လှန်မှုတွေ အ ကန့်အသတ်မရှိဖြစ်မယ်” ဟု ပြောသည်။

တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတစ်ခုဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး KNU ၏ တွဲဖက်အထွေထွေအတွင်းရေးမှူးဟောင်း ပဒိုမန်းမန်းကလည်း သေဒဏ်ကျ နိုင်ငံရေးအကျဉ်းသားများကို ကွပ်မျက်မည်ဆိုခြင်းသည် အကြမ်းဖက်စစ်အုပ်စု၏ ဥပဒေမဲ့လုပ်ရပ်ဟု ဆိုသည်။

“စစ်ကောင်စီကတော့ အကြမ်းဖက်အုပ်စုပဲ၊ သူသတ်ချင်သတ်မယ် လွှတ်ချင်လွှတ်မယ်၊ ဖမ်းချင်ဖမ်းမယ်၊ ဘာဥပဒေမှလည်း မရှိဘူး၊ သူတို့ထုတ်ချင်တိုင်း ထုတ်နေတာ၊ ဒါ အကြမ်းဖက်အုပ်စုတွေရဲ့ လုပ်ရပ်ပဲ” ဟု ပြောသည်။

နိုင်ငံတွင်း ဥပဒေမဲ့သတ်ဖြတ်မှုများ၊ အလွန်ဆိုးရွားသည့် လူ့အခွင့်အရေးချိုးဖောက်မှုများ ထပ်မံကျူးလွန်နေခြင်းကို တုံ့ပြန်ရမည်ဟု ပဒိုမန်းမန်းက ပြောသည်။

“အကြမ်းဖက်စစ်အုပ်စုရဲ့ လုပ်ရပ်တွေကိုတော့ ကျွန်တော်တို့ ကာကွယ်သွားရမှာပဲ အခုဆို ခိုင်ခိုင်မာမာ ဆုံးဖြတ်ချက်ချပြီးသားဖြစ်တယ်။ အဆိုးဆုံးအခြေအနေကိုလည်း ကျော်ဖြတ်ဖို့ ဆုံးဖြတ်ထားတော့ တော်လှန်ရေးကတော့ ဆက်ပြီးတော့ အရှိန်မြှင့်သွားရမယ်ဆိုတာတော့ သေချာပါတယ်” ဟု ပြောသည်။

စစ်ကောင်စီသည် ၂၀၂၁ အာဏာသိမ်းပြီးချိန်မှစ၍ ပြည်သူ ၁၈၈၇ ဦးကို သတ်ဖြတ်ခဲ့သည်ဟု သိရကြောင်း ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခံရမှုများကို လေ့လာစောင့်ကြည့်နေသည့် ထိုင်းနိုင်ငံ မဲဆောက်မြို့အခြေစိုက် AAPP က ဇွန် ၃ တွင် ထုတ်ပြန် ကြေညာထားသည်။  

စစ်ကောင်စီကမူ ထိုကိန်းဂဏန်းမှာ ချဲ့ကားထားခြင်းသာဖြစ်သည်ဟု တုံ့ပြန်သော်လည်း AAPP ကမူ အရေအတွက်အမှန်မှာ ထို့ထက် ပိုဖွယ်ရာသာရှိသည်ဟု ပြောသည်။

စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေသည့် စစ်ကိုင်း၊ မကွေး၊ ချင်း၊ ကယား စသည့် ဒေသများတွင် ပြည်သူတို့၏ အိုးအိမ်သောင်းချီ မီးရှို့ဖျက်ဆီးကာ ထောင်ပေါင်းများစွာသော ပြည်သူများကို အိုးမဲ့အိမ်မဲ့ဖြစ်၊ စစ်ဘေးဒုက္ခသည်များ ဖြစ်စေခဲ့သည်။

ဤအခြေအနေတွင် သေဒဏ်စီရင်ချက် ချခံထားရသူများကို ကွပ်မျက်ပါက လူထု၏ မုန်တီးနာကြည်းမှု၊ ပိုမိုအားကောင်းသည့် ဆန့်ကျင်တော်လှန်မှုများ မလွဲမသွေပေါ်ပေါက်လာမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ပြောသည်။

“တကယ်တမ်း ကြိုးပေးပြီး သတ်ဖြတ်မယ်ဆိုရင် မလိုလားအပ်တဲ့ တုံ့ပြန်မှုတွေ၊ နာကြည်းမှုကြောင့် ပိုပြီးတော့ ပြင်းထန်တဲ့ ဆန့်ကျင်မှုတွေဖြစ်လာမှာ မလွဲမသွေပါပဲ၊ အကြောက်တရားနဲ့ ခြိမ်းခြောက်ပေမဲ့ စစ်ကောင်စီကို စိန်ခေါ်ရင်ဆိုင်မဲ့ လူထုရဲ့ လှုပ်ရှားမှုတွေ အားကောင်းမယ်ဆိုတာ ကောင်းကောင်းနားလည်သဘောပေါက်ဖို့ လိုပါတယ်” ဟု သူက ဆိုသည်။

စစ်ကောင်စီ အာဏာသိမ်းပြီးနောက် ရာနှင့်ချီသည့် PDF ခေါ် လူငယ်အများစုနှင့် ဖွဲ့စည်းထားသည့် ဒေသကာကွယ်ရေးတပ်ဖွဲ့များလည်း ရာနှင့်ချီ ပေါ်ပေါက်လာခဲ့ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ စစ်ကောင်စီကို ခုခံတော်လှန်နေကြသည်။  

သေဒဏ်ချခံထားရသူများကို ကွပ်မျက်မှုနှင့် ပတ်သက်၍ ကုလသမဂ္ဂ၏ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း အပိုဒ် (၃) ပါ “လူတိုင်း အသက်ရှင်ခွင့်ရှိသည်” ဟူသည့် ပြဋ္ဌာန်းချက်နှင့် ဆန့်ကျင်နေသည်ဟု NUG ဝန်ကြီး ဦးအောင်မျိုးမင်းက ဆိုသည်။

အလားတူ အာဏာသိမ်းပြီးနောက် တရားစီရင်မှုများတွင် စစ်ခေါင်းဆောင်၏ စီမံခန့်ခွဲမှု အပြည့်အဝရရှိထားသည့် စစ်ခုံရုံးများက စစ်ဆေးပြီး တရားစီရင်ခြင်းကြောင့် မှန်ကန်သည့် တရားစီရင်မှု မဖြစ်ဟုလည်း ဦးအောင်မျိုးမင်းက ပြောသည်။

“သေဒဏ်ပေးမှုအတွက် စွပ်စွဲခံရသူကို စစ်ဆေးတဲ့အခါမှာလည်း ခုခံခွင့်၊ ကာကွယ်ပိုင်ခွင့်၊ တရားဥပဒေအရ လျောက်လဲပိုင်ခွင့် ဒါတွေအားလုံး လိုအပ်တယ်။ လက်ရှိအခြေအနေမှာတော့ မှန်ကန်တဲ့ တရားစီရင်မှုအခွင့်အရေး ဘာမှမရကြတာတွေ့ရတယ်” ဟု ပြောသည်။

မြန်မာနိုင်ငံ၌ သေဒဏ်ပေးကွပ်မျက်မှုအတွက် နိုင်ငံတော်သမ္မတ၏ အတည်ပြုချက်လိုအပ်ပြီး ၁၉၈၈ ခုနှစ် အာဏာသိမ်းစစ်အစိုးရလက်ထက်မှစ၍ ယနေ့အထိ တရားရုံးများက သေဒဏ်အမိန့်ချမှတ်တတ်သော်လည်း အကျဉ်းထောင်တွင် ကွပ်မျက်စီရင်ခြင်း မရှိသေးဟု သိရသည်။

ယခု စစ်ခေါင်းဆောင်က ကွပ်မျက်မည်ဟူသည့် သတင်းကြောင့် အလွန်အမင်းစိုးရိမ်ကြောင်း ဇွန် ၃ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ကုလ သမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ပြောခွင့်ရက ပြောဆိုထားသည်။

အကျဉ်းသားကို ကွပ်မျက်ပါက တော်လှန်ရေးအဖွဲ့အစည်းများကလည်း အလားတူ လက်တုံ့ပြန်မည်ဟု စစ်ကိုင်းတိုင်းအခြေစိုက် Myanmar Defence Force – MDF က ဇွန် ၄ ရက်စွဲဖြင့် ၎င်းတို့၏ Facebook စာမျက်နှာတွင် ကြေညာထားသည်။ 

စစ်ကောင်စီကမူ ဦးဂျင်မီနှင့် ဦးဖြိုးဇေယျာသော်တို့သည် လက်နက်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခြင်း၊ အကြမ်းဖက်တိုက်ခိုက်မှုများပြုလုပ်ခြင်း၊ ပြုလုပ်ရန် ညွှန်ကြားခြင်းတို့ကြောင့် အမှုဖွင့်ခဲ့သည်ဟု ကြေညာခဲ့သည်။ ထို့နောက် စစ်ခုံရုံးက ၎င်းတို့ကို အကြမ်းဖက်မှုဥပဒေ ပုဒ်မ ၄၉ (က)၊ ၅၀ (စျ)၊ ၅၀ (ည)ပုဒ်မ တို့ဖြင့် ဇန်နဝါရီ ၂၁ ရက်တွင် သေဒဏ်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

သေဒဏ်ပေးခံထားရသူတို့ကို ကွပ်မျက်ရေးအတွက် အကောင်အထည်‌ဖော်ရန် ကြိုးပမ်းနေခြင်းသည် အာဏာသိမ်းစစ်ခေါင်းဆောင်အပါအ ဝင် ယင်း၏ အပေါင်းပါများ နောက်ကျောမလုံခြင်းကို ပြသနေခြင်းဖြစ်သည်ဟု ဦးကြီးမြင့်က ပြောသည်။

“ကြောက်လို့ လုပ်နေတာပါဗျာ၊ ကြောက်ပြီး လုပ်နေတာ၊ သင်္ချိုင်းကုန်းတွေ ကျွန်တော်တို့ ငယ်ငယ်တုန်းကဖြတ်ရင် သူရဲ မကြောက်ဘူးကွဆိုပြီး သီချင်းဆိုပြီး ဖြတ်ပြေးသလိုပေါ့၊ အမှန်ကတော့ ကြောက်နေတာ” ဟု ဦးကြီးမြင့်က ပြောလိုက်သည်။ myanmar now

မဲဆောက်တွင် မြန်မာအမျိုးသမီး ၂ ဦးကို စိတ်ကြွမူးယစ်ဆေးအချို့နှင့်အတူ ဖမ်းမိ

ထိုင်းနိုင်ငံမှာ တရားမဝင်နေထိုင်တဲ့ မြန်မာအမျိုးသမီး ၂ ယောက်ထံက စိတ်ကြွမူးယစ်ဆေး ၉၈ လုံးကို ဇွန်လ ၄ ရက်က မဲဆောက်မြို့ မယ်တောင်တိုက်နယ်ရှိ အိမ်တအိမ်မှာ  ဖမ်းဆီးရမိကြောင်း မဲဆောက်အခြေစိုက် ထိုင်းသတင်းဌာနမှာ ဖော်ပြပါတယ်။

မြန်မာရွှေ့ပြောင်းအလုပ်သမား အမျိုးသမီးတွေနေထိုင်တဲ့ အိမ်နံပတ်မရှိတဲ့  မဲဆောက်မြို့က အိမ်တလုံးကို  ထိုင်းမူးယစ်နိုမ်နင်းစစ်ဆေးရေးအဖွဲ့က  ဝင်ရောက်ဖမ်းဆီးရာမှာ အသက် ၂၂ နှစ် နဲ့ အသက် ၂၅ နှစ်အရွယ် မြန်မာအမျိုးသမီး ၂ ဦးကိုတွေ့ရှိခဲ့သလို အခန်းထဲကနေ စိတ်ကြွ ဆေး (မြင်းဆေး) ၉၈ လုံးတွေ့ရှိလို့  ဖမ်းဆီးလိုက်တာပါ။ 

ဖမ်းမိတဲ့ အမျိုးသမီး ၂ ယောက်ကို  မူးယစ်ဆေးဝါးအမှုနဲ့ရော တရားမဝင်နေထိုင်မှုနဲ့ပါ အမှုနှစ်ခုစလုံးနဲ့ ထိုင်းရဲတပ်ဖွဲ့က ထိုင်းဥပဒေအတိုင်းအရေးယူသွားမှာဖြစ်တယ်လို့ မဲဆောက်ထိုင်းသတင်းဌာနက ဖော်ပြပါတယ်။ DVB

ခရမ်းမြို့နယ်တွင် လေဖြတ်ထားသည့် ကာကွယ် ရေးတပ်ဖွဲ့ဝင်၏ဖခင် နေအိမ်တွင် ဝင်ရောက်ပစ်ခတ်ခံရ၍ သေဆုံး

ရန်ကုန်တိုင်း၊ တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်တွင် လေဖြတ်ထား၍ လမ်းမလျှောက်နိုင်သည့် ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး၏ ဖခင် နေအိမ်အတွင်း ဝင်ရောက်ပစ်ခတ်ခံရခြင်းကြောင့် သေဆုံးသွားကြောင်း သိရသည်။

ခရမ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တော်လှန်ရေးရဲဘော်တစ်ဦး၏ ဖခင်ဖြစ်သူကို ဇွန်လ ၃ ရက်နေ့ နံနက်ပိုင်းက ခရမ်းမြို့နယ် အမှတ် (၆) ရပ်ကွက်အတွင်းရှိ နေအိမ်အတွင်း စစ်ကောင်စီလက်အောက်ခံ အဖွဲ့တစ်ဖွဲ့က ဝင်ရောက်ကာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

“PDF တပ်ဖွဲ့၀င်ရဲ့အဖေ လေဖြတ်ပြီး နာမကျန်းဖြစ်နေတဲ့သူကို သွေးသောက်အဖွဲ့ဆိုတာထက် စစ်ကောင်စီရဲ့ အစေအပါးအဖွဲ့က သတ်ဖြတ်တာပါ။ ဘာမှမလုပ်နိုင်တဲ့သူ လေဖြတ်ထားပြီး မကျန်းမာတဲ့ သူကို လုပ်ကြံတာပါ။ သူ့သားကတော့ PDF အဖွဲ့ဝင်ပါ။ ခရမ်းမှာ အခုလို ဖြစ်စဉ်က ပထမဆုံးဖြစ်ရပ်ပါ။ အလှည့်ကျရင်တော့ မနွဲ့ကြစတမ်းပေါ့ဗျာ ” ဟု ခရမ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင် ကိုမီးပွားက ပြော သည်။

နေအိမ်အတွင်း အခြားအိမ်သားများ မရှိသည့် အချိန် လက်နက်ကိုင်ဆောင်ထားသည့် လူနှစ်ဦး ဝင်ရောက်ကာ ပစ်ခတ်မှုကြောင့် အိပ်ယာထဲ လဲနေသည့် တော်လှန်ရေးရဲဘော်၏ ဖခင် သေဆုံးခဲ့ရခြင်း ဖြစ်သည်။

“အများကြီးတော့ ပြောစရာမရှိပါဘူး။ ကျွန်တော်တို့အနေနဲ့ လုပ်ရမယ့်အလုပ်တွေကို ဆက်လုပ်သွားမှာပါ တော်လှန်ရေးမှာ ပေးဆပ်မှုတွေ နာကြည်းမှုတွေကတော့ရှိစမြဲပါပဲ။ ကြောက်ခေတ်ကို မှောက်ပစ်မှ ခေတ်သစ် စနစ်သစ်မှာ လွတ်လပ်ငြိမ်းချမ်း သာယာကြရမှာပါ။ ဘယ်လိုပဲဖြစ်နေပါစေ။ စိတ်မပျက်နဲ့ ရှေ့ဆက်မယ်။ သွေးမပျက်နဲ့ ရှေ့ဆက်မယ်။ မီးပွါးတွေစုပြီးသားပါ မီးဟုန်းဟုန်းတောက်မှာပါ။ အရှုံးမပေးမခြင်း ကျွန်တော်တို့နိုင်တယ်” ဟု ကိုမီးပွားက ဆက်ပြောသည်။

ကာကွယ်ရေးတပ်ဖွဲ့များအနေဖြင့် ပြည်သူများ၏ သတင်းပေးတိုင်တန်းမှုကြောင့် စစ်ကောင်စီထောက်တိုင် သတင်းပေး ဒလန်များနှင့် ပျူစောထီးဆိုသူများကို ရှင်းလင်းမှုပြုလုပ်သည့်အချိန်တွင် မိသားစုဝင်များနှင့် ကလေးများ ရှိနေပါက ထိခိုက်မှုဖြစ်အောင် မလုပ်ဆောင်သော်လည်း စစ်ကောင်စီလက်ပါးစေများ၏ ယခုလုပ်ရပ်သည် အောက်တန်းကျသည့် လုပ်ရပ်ဖြစ်ကြောင်းလည်း ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်မှု အားကောင်းသည့် ခရမ်းမြို့နယ်တွင် သွေးသောက်အဖွဲ့ အမည်ခံထားကာ အဖွဲ့ဝင် စုစုပေါင်း ၂၀ ဦးခန့် ပါ ဝင်သည့် စစ်ကောင်စီ လက်ပါးစေ အဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းထားသည်မှာ နှစ်ပတ်နီးပါး ရှိနေပြီ ဖြစ်ကြောင်း ဒေသတွင်းသတင်းများကိုဖော်ပြနေသည့် ခရမ်းမီဒီယာတွင် ဇွန်လ ၃ ရက်နေ့က ရေးသားထားသည်။

ခရမ်းမြို့နယ်အတွင်းတွင် စစ်ကောင်စီလက်ပါးစေအဖွဲ့အစည်းများနှင့် သတင်းပေးဒလန်များကို ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်သွားမည် ဖြစ်သည့်အတွက် မြို့နယ်အတွင်းနေထိုင်သူ ပြည်သူများအနေဖြင့် သတိထား သွားလာနေထ်ိုင်ခြင်းဖြင့် ကူညီကြရန်လည်း ခရမ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးထုတ်ပြန်ထားသည်။ mizzima

သထုံမြို့နယ်ရှိ ဝီယော်တပ်စခန်းကို KNLA ပူးပေါင်းတပ်များ တိုက်ခိုက်

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဝီယော်ကျေးရွာရှိ စစ်ကောင်စီရဲ့ ဝီယော်တပ်စခန်းကို ဇွန် ၃ ရက် ညနေပိုင်းမှာ KNLA ပူးပေါင်းအဖွဲ့က သွားရောက် တိုက်ခိုက်ခဲ့တယ်လို့ ကေအန်ယူ တပ်မဟာ(၁) တာဝန်ရှိသူတွေက ပြောပါတယ်။

ဝီယော်တပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ(၁) တပ်ရင်း(၂) ၊ သထုံမြို့နယ် ပြည်သူ့ကာကွယ်ရေးအင် အားစု(TPDF)၊ ဘီးလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ) ပူးပေါင်းအဖွဲ့က လက်နက်ကြီး ၊လက်နက်ငယ်နဲ့ သွားရောက် ပစ်ခတ်တိုက် ခိုက်ခဲ့တာပါ။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က အနည်းဆုံး ၅ ဦးထက်မနည်း ထိခိုက်သေဆုံးနိုင်ပြီး KNLA ပူးပေါင်းအဖွဲ့က အထိအခိုက် တစ်စုံ တစ်ရာ မရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ကေအန်ယူ တပ်မဟာ(၁) ဗဟိုအလုပ်မှုဆောင်အဖွဲ့ တယောက်က ပြောပါတယ်။

ဝီယော်တပ်စခန်းဟာ တပ်အင်အား ၃၀ လောက်နဲ့ အထိုင်ချထားတဲ့ ရှေ့တန်း တပ်စခန်း တစ်ခုဖြစ်ပါတယ်။ စစ်ကောင်စီတပ်စခန်း တိုက်ခိုက်ခံရပြီးနောက် ဇွန် ၄ ရက်မှာ စစ်ကောင်စီဘက်က တပ်အင်အားတွေ ထပ်မံဖြည့်းတင်းလာတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၂ ရက်ကလည်း သထုံမြို့နယ် ထုံးဘိုလေးကျေးရွာထဲကို တပ်အင်အား ၁၀၀ လောက်နဲ့ စစ်ကြောင်းထိုးတဲ့ စစ်ကောင်စီတပ်နဲ့ KNL A ပူးပေါင်းအဖွဲ့တို့ကြား တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ(၉) က ဒုတပ်ရင်းမှူး တယောက်  စနိုက်ပါထိ သေဆုံးခဲ့ပြီးစစ်ကောင်စီ ဗိုလ်ကြီး တယောက် နဲ့ ဆေးတပ်ကြပ်ကြီး တယောက်ကို  KNLA ပူးပေါင်းအဖွဲ့က အရှင်ဖမ်းမိထားပါတယ်။ DVB

စစ်တပ်ဘက်က သေဒဏ်အမိန့် အကောင် အထည်ဖော်လာပါက ကိုဓဥပဒေအတိုင်း တုံ့ပြန်မည်ဟု MDF သတိပေး

အာဏာသိမ်းစစ်ကောင်စီက သေဒဏ်အမိန့်အား လက်တွေ့ကောင်အထည်ဖော်လာမည်ဆိုပါက ကိုဓဥပဒေအတိုင်း ပြန်လည်ကျင့်သုံးသွားမည်ဟု စစ်ကိုင်းအခြေစိုက် Myanmar Defense Force – MDF က သတိပေးချက် ထုတ်ပြန်လိုက်သည်။

“ အပြောမဟုတ်ဘူးဆိုတာ စစ်ကိုင်းဘက်ကအရင်ဆုံး လက်တွေ့ပြစေချင်ရင်လည်း ဖြစ်ပါတယ်။ သိပ်မခက်ခဲလှဘူး ” ဟု MDF အဖွဲ့ ၏စာ မျက်နှာတွင် ရေးသားထားသည်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဂျင်မီနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်တို့အပေါ်ချမှတ်ထားသည့် သေဒဏ်အမိန့်ကို အကောင်အထည်ဖော်တော့မည်ဟု စစ်တပ်ဘက်မှ ဇွန်လ ၃ ရက်နေ့တွင် ပြောဆိုအပြီး MDF တပ် ဖွဲ့ဘက်မှ ယခုကဲ့သို့ တုံ့ပြန်လာခြင်းဖြစ်သည်။

“ ဒါကစစ်ကောင်စီလက်ထက်မှာပြန်ပြီးပေါ်လာတဲ့ မတရားသဖြင့် တရားစီရင်မှုဖြစ်တယ်။ ကိုဂျင်မီတို့ ကိုဇေယျာသော်တို့ဆိုတာက အကိုတို့ရဲ့ တော်လှန်ရေးတပ်ဦး သူရဲကောင်းတွေ ဖြစ်တယ်။ ဒီလိုမျိုးမတရားသဖြင့် အမိန့်ချတာကို အကိုတို့အနေနဲ့ ရှုတ်ချတယ်။ တကယ်လို့မှ သူတို့ဘက်ကနေပြီးတော့ လက်တွေ့ အကောင်အထည်ဖော်လာမယ်ဆိုရင် အကိုတို့ စစ်ကိုင်းဘက်ကတော့ ကိုဓဥပဒေအတိုင်းလုပ်သွားမယ်။ တူရာတန်ရာပြန်လုပ်မှာပဲ”ဟု MDF တပ်ရင်း (၁) ပြန်ကြားရေးတာဝန်ခံ ဗိုလ်တော်ဝင်ကပြောသည်။

သို့သော် မည်ကဲ့သို့ ပြန်လည်တုံ့ပြန်သွားမည်ဆိုသည့် အသေးစိတ်ကိုတော့ ပြောဆိုခြင်းမရှိပေ။ ကိုဓဥပဒေဆိုသည်မှာ ပြစ်မှုကျူးလွန်သူအ တွက် ၎င်းတို့ကျူးလွန်သည့်ပြစ်မှုနှင့် အလားတူ ပြစ်ဒဏ်ကို ပြန်ပေးခြင်း ဖြစ်သည်။

စစ်ကိုင်းတိုင်းအတွင်းရှိ တန့်ဆည်၊ ရေဦး၊ မင်းကင်း၊ ကနီ စသည့်မြို့နယ်များမှ မဟာမိတ်တပ်ဖွဲ့များမှနေ၍ ကိုဓဥပဒေအတိုင်း ပြန်လည်တုံ့ပြန် အရေးယူသွားမည်ဖြစ်ကြောင်းကိုလည်း ၎င်းကထပ်လောင်းပြောဆိုသည်။

စစ်ကောင်စီဘက်က ဦးဂျင်မီနှင့် ဦးဖြိုးဇေယျာသော်တို့အား အကြမ်းဖက် ဥပဒေပုဒ်မ ၄၉ (က)၊ ၅၀ (စျ)၊ ၅၀ (ည) ပုဒ်မများ တပ်ကာ စစ်ခုံရုံးတင်စစ်ဆေး၍ ဇန်နဝါရီလ ၂၁ ရက်နေ့တွင် သေဒဏ်အမိန့် ချမှတ်ခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ရန်ကုန်၊ လှိုင်သာယာမြို့နယ်ရှိ စစ်ကောင်စီသတင်းပေးဟုဆိုသည့် ကျောင်းဆရာမတစ်ဦးကို သတ်ဖြတ်မှုဖြင့် စွပ်စွဲခံရသည့် ကိုလှမျိုးအောင်နှင့် ကိုအောင်သူဇော်တို့ကိုလည်း နောက်ဆုံးအဆင့် အယူခံများအား ပလပ်ကာ သေဒဏ်ချမှတ်ထားခြင်းအပေါ် အတည်ပြုလိုက်ကြောင်း ဇွန်လ ၃ ရက်နေ့တွင် စစ်ကောင်စီဘက်ကထုတ်ပြန်ခဲ့သည်။ mizzima

ဖာပွန်တိုက်ပွဲများ၌ မေလအတွင်း တပ်ရင်းမှူး ၂ ဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၄၃ ဦးသေ

ကေအန်ယူ တပ်မဟာ ၅ နယ်မြေ ဖာပွန်(မူတြော်)ခရိုင်မှာ မေလအတွင်း စစ်ကောင်စီတပ်နဲ့ KNLA တပ်တို့ တိုက်ပွဲပေါင်း ၃၄၀ ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၄၃ ဦးသေဆုံးပြီး ၁၀၈ ဦးဒဏ်ရာရရှိခဲ့တယ်လို့  ကေအန်ယူက ဇွန် ၂ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်၊ BGF ပူးပေါင်းတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့ဝင်တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ရာမှာ စစ်ကောင်စီ တပ်ရင်းမှူး ၂ ဦးအပါအဝင် ၁၄၃ ဦးသေဆုံးပြီး တပ်ခွဲမှူးအပါအဝင် ၁၀၈ ဦးဒဏ်ရာရရှိခဲ့သလို KNLA ဘက်က စစ်သည် ၁ ဦးကျဆုံး  ၇ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ထောက်ပို့မြင်းလား ၂၉ ကောင်ကို သတ်ဖြတ်နိုင်ခဲ့သလို ၄ ကောင် ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အပြင် စစ်ကောင်စီရဲ့ ရုံးအဆောက်အအုံ ၁ လုံးကို ဖျက်ဆီးနိုင်ခဲ့ပါတယ်။

စစ်ကောင်စီတပ်နဲ့ BGF ပူးပေါင်းတပ်တွေဟာ အမြောက်လက်နက်ကြီးကျည် ၁၀၆ လုံးကို  KNLA တပ်ဖွဲ့တွေရှိရာ ရမ်ပစ်ခတ်ခဲ့တဲ့အပြင် အရပ်သားပြည်သူတွေနေထိုင်ရာ ကျေးရွာတွေနဲ့ ဥယာဉ်ခြံမြေတွေအတွင်းကို တမင်ရည်ရွယ်ကာပစ်ခတ်ခဲ့တဲ့အတွက် အပြစ်မဲ့အရပ်သားပြည်သူ ၂ ဦးသေဆုံးပြီး ၁၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကေအန်ယူက ထုတ်ပြန်ထားပါတယ်။

ကေအန်ယူ ထိန်းချုပ်နယ်မြအတွင်း စစ်ကောင်စီတပ်နဲ့ BGF ပူးပေါင်းတပ်တွေဟာ နယ်မြေကျော်ဝင်ရောက်လာတဲ့အတွက် KNLA ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲတွေဖြစ်ပွားနေသလို ကျေးရွာတွေအတွင်းကို လက်နက်ကြီးပစ်ခတ်တာတွေအပြင် လေယာဉ်ကြောင်းကပါ ဗုံးကြဲတိုက် ခိုက်တာတွေကြောင့် ဒေသခံအရပ်သားပြည်သူတွေ ၇၀,၀၀၀ ကျော် တော၊ တောင်၊ လျှိုမြောင်တွေနဲ့ နယ်စပ်သောင်းရင်းမြစ်တလျှောက်မှာ စစ်ဘေးရှောင်နေရပါတယ်။

မိုးကာလရောက်ရှိလာပြီးဖြစ်တဲ့အတွက် ကေအန်ယူ ထိန်းချုပ်နယ်မြေတွင်းက စစ်ဘေးရှောင်တွေဟာ စားရိက္ခာ၊ သောက်ရေသန့်၊ လုံခြုံတဲ့ အဆောက်အအုံလိုအပ်ချက်တွေ ရှိနေတဲ့အပြင် ရောဂါဖြစ်ပွားနေသူတွေကို လတ်တလော ဆေးဝါးကုသမှုပေးနိုင်ဖို့ အရေးပေါ်ဆေးဝါးတွေ လိုအပ်နေတယ်လို့ ကော်သူးလေ ကျန်းမာရေးနှင့် ကယ်ဆယ်ရေးအဖွဲ့ (KDHW) အတွင်းရေးမှူး စောလာစဲက ပြောပါတယ်။

အထူးသဖြင့် သထုံခရိုင် တပ်မဟာ (၁)၊ တောင်ငူခရိုင် တပ်မဟာ(၂)၊ ညောင်လေးပင်ခရိုင် တပ်မဟာ (၃)၊ မြိတ်ထားဝယ်ခရိုင် တပ်မဟာ (၄)၊ ဖာပွန်(မူတြော်)ခရိုင်တပ်မဟာ (၅) နယ်မြေတွေဟာ သွားရေးလာရေးခက်ခဲတွေကြောင့် စစ်ဘေးရှောင်ပြည်သူတွေအတွက် စားရိက္ခာနဲ့ အ ရေးပေါ်ဆေးဝါးတွေ လိုအပ်နေတာပါ။ DVB

« Older Entries