Monthly Archives: Jun 2022

လှိုင်မြို့နယ်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး ၁ ဦး ပစ်သတ်ခံရ

ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်မှာ  ဇွန်လ ၅ ရက် မနက်အစောပိုင်းက  အမှတ်(၁)ရပ်ကွက် အုပ်ချုပ်ရေးမှူး တယောက်  သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

အုပ်ချုပ်ရေးမှူး ဦးဖိုးကျော်ဟာ  ဒီမနက် ၆ နာရီလောက် လက်ဖက်ရည်သောက်ဖို့ သွားချိန်မှာ အောင်မေတ္တာ ၅ လမ်းထဲမှာ သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတာလို့ ဒေသခံတွေက ပြောပါတယ်။

လှိုင်မြို့နယ် အမှတ် ၁ ရပ်ကွက်အတွင်းနေထိုင်သူတစ်ဦးက “အရင်အုပ်ချုပ်ရေးမှူးက မလုပ်တော့တာနဲ့ ကိုဖိုးကျော်ကို စစ်တပ်က ယာယီအုပ် ချုပ်ရေးမှူးခန့်ထားတာ။ မနက် ၆နာရီလောက်  အောင်မေတ္တာ ၅ လမ်းထဲမှာ လမ်းလျှောက်နေတုန်း  သေနတ်နဲ့ ၄ ချက်လောက်ရှိတယ် ပစ်သွားတာ အဲ့နေရာမှာပဲ သေသွားတယ်”လို့ ပြောပါတယ်။

တခြားဒေသခံတဦးကလည်း   “မနက်အစောပိုင်းဆိုတော့ မသိလိုက်ဘူး။ သေသွားတာတော့ ဟုတ်တယ်။ ဆေးရုံကားနဲ့လာခေါ်သွားပြီ၊ စစ် တပ်က နေ့လယ်အထိ ပိတ်ဆို့ရှာဖွေတာတွေ လုပ်သွားတယ်။ ခုတော့ ပြန်သွားပြီ”လို့ ပြောပါတယ်။

အမှတ် ၁ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဖိုးကျော်ကို အမည်မသိသေနတ်သမားက  သေနတ်နဲ့ ၄ ချက် အနီးကပ်ပစ်ခတ်သွားတာကြောင့် နား ထင်၊ လည်ပင်း၊ ဝမ်းဗိုက် ဒဏ်ရာတွေနဲ့ နေရာမှာပဲ သေဆုံးခဲ့တာပါ။

သေဆုံးသွားတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးကို ဘယ်အဖွဲ့အစည်းက ပစ်တယ်ဆိုတာတော့ ဒီနေ့ နေ့လယ်အထိ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

အုပ်ချုပ်ရေးမှူးသေနတ်နဲ့ အပစ်ခံရအပြီးမှာ စစ်ကောင်စီတပ်က အခင်းဖြစ်ပွားရာအနီး ယာဉ်တွေနဲ့ လမ်းသွားလမ်းလာ ပြည်သူတွေကို စစ် ဆေးမေးမြန်းနေပါတယ်။

လှိုင်မြို့နယ်မှာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၁၀ ရက်ကလည်း အရပ်ဝတ်နဲ့ ဈေးဝယ်နေတဲ့ စစ်သားသုံးယောက် သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရလို့ နှစ်ယောက် သေဆုံးပြီး တယောက် ဒဏ်ရာရခဲ့ ပါတယ်။ DVB

ပြည်မြို့က ဖမ်းဆီးခံ ကျောင်းသူအချို့ကို ကျောင်းတက်ရန် လက်မှတ်ထိုးခိုင်းပြီး ပြန်လွှတ်ပေး

ပဲခူးတိုင်း ပြည်မြို့မှာ လူမှုကွန်ရက်အသုံးပြုမှုနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ ဖမ်းဆီးတာခံခဲ့ရတဲ့ ကျောင်းသူတွေထဲက တချို့အခုရက်ပိုင်းအတွင်း ပြန်လည်လွတ်လာကြပြီး  အများစုက ကျောင်းပြန်တက်ဖို့အတွက် လက်မှတ်ထိုးခဲ့ရတယ်လို့ မြို့ခံတွေထံက သိရပါတယ်။

ပြီးခဲ့တဲ့မေလထဲမှာ အဖမ်းခံခဲ့ရပြီး ပြန်လွတ်လာတဲ့ ကျောင်းသူ တယောက်ရဲ့မိခင်က  “ ကျမသမီးလေးကို လာဖမ်းတုန်းက နောက်ဖေးက ထွက်ပြေးတာလွတ်သွားတယ်။ ဒါပေမဲ့ သမီးကိုမတွေ့တော့ ကျမလိုက်သွားရတာ။ အိမ်မှာက အငယ်လေးတယောက်ကျန်နေခဲ့တာ၊။ နောက်တော့ သူ့ဦးလေးကို အကူအညီတောင်းပြီးသမီးကို လာအပ်တော့မှ ကျမပြန်လွတ်လာတာ။ သမီးကစစ်ကြောရေးမှာ တပတ်လောက်ကြာသွားတယ်။ ပထမတော့ ပိုက်ဆံနဲ့ညှိရမယ်လို့  ကြားလူတယောက်ကပြောသေးတယ်။ နောက်တော့ နိုင်ငံခြားအရက် ဈေးကြီးကြီး ၂ လုံးသွားကန်တော့လိုက်တာ အဆင်ပြေသွားတယ်။ ဒါပေမဲ့ သမီးက တတိယနှစ်ကျောင်းသူ ဖြစ်တော့ ကျောင်းပြန်တက်ပါမယ်ဆိုပြီး လက်မှတ်ထိုးခဲ့လိုက်ရတယ်။ အခုတော့ကျောင်းအပ်ပြီးသွားပါပြီ” လို့ပြောပါတယ်။

ပြည်မြို့နယ်မှာ NUG၊ PDF တွေနဲ့ ပတ်သက်လို့    ဖေ့စ်ဘွတ်ခ်ပေါ် ပို့စ်တင်တာ Like လုပ်တာ၊ Share တာ  comment ပေးတာတွေနဲ့ ပတ် သက်ပြီး ဒေသခံ ပြည်သူတွေကို စစ်ကောင်စီတပ်တွေ လိုက်လံဖမ်းဆီးနေတာဖြစ်ပါတယ်။

ပြည်စစ်ကြောရေးမှာ ကျောင်းသူ ၅ ယောက်ကိုတွေ့ခဲ့ပြီး   ၄ ယောက်ပြန်လွတ်လာကြောင်း တယောက်က ၁၀ တန်းကျောင်းသူ ကျန် ၃ ယောက်က တက္ကသိုလ်ကျောင်းသူတွေဖြစ်ပြီး၊ သူတို့တတွေအားလုံး ကျောင်းပြန်တက်ဖို့လက်မှတ်ထိုးခဲ့ရတယ်လို့ ပြန်လွတ်လာသူတဲ့ ကျောင်းသူရဲ့ မိခင်ကပြောပါတယ်။

ပြီးခဲ့တဲ့မေလကပဲ ပြည်မြို့ မြို့ပေါ်ရပ်ကွက်နေ ကျောင်းသူတယောက်  ဖေ့ဘွတ်ခ်ပေါ် ပို့စ်တခု Share ရှယ်မိတာကြောင့်အဖမ်းခံရပြီး တပတ်လောက်  စစ်ဆေးမေးမြန်းခံခဲ့ရကာ ပြန်လွတ်လာ လို့ ကျောင်းပြန်တက်တာတွေ့ရကြောင်းနဲ့ တခြားမိန်းကလေး ၄ ယောက်လည်း ကျောင်းပြန်တက်လာတာကိုတွေ့ရတယ်လို့ ပြည်တက္ကသိုလ်ကျောင်းသားသမဂ္ဂအဖွဲ့ဝင်ဟောင်း တယောက်က ပြောပါတယ်။

ပြီးခဲ့တဲ့ မေ ၁၄  ရက်နဲ့  ၁၅ ရက်ကလည်း  ကံမမြို့က ကျောင်းသူ ၂ ယောက် PDF တပ်ဖွဲ့ဝင် ၂ ယောက်နဲ့ အွန်းလိုင်းကနေ သမီးရည်းစားဖြစ်ခဲ့မှုနဲ့ ဖမ်းဆီးခံရပါတယ်။

မေလ ၂၈ ရက်ကလည်း ပေါင်းတလည်မြို့နေ ၈ တန်းကျောင်းသူတယောက်ကို ဖေ့စ်ဘွတ်ခ် ပို့စ် Share မှုနဲ့ စစ်ကောင်စီက ဖမ်းဆီးထားပြီး သူတို့တတွေကတော့ ခုအချိန်အထိ ပြန် လွတ်မြောက်မလာသေးဘူးလို့ ဒေသခံတွေထံက သိရပါတယ်။

ပြီးခဲ့တဲ့ ၁ လ အတွင်းမှာပဲ ပြည်မြို့နယ်ထဲကနေ အမျိုးသမီးငယ် ၁၀ ယောက်ထက်မနည်း  အဖမ်းခံထားရပြီး တချို့ပြန်လွတ်လာကာ တချို့ပြန်မလွတ်သေးဘူးလို့ ပြည်မြို့ခံတွေက ပြောပါတယ်။ DVB

AA နှင့် ဆက်စပ်သူများကို လိုက်ရှာနေသည့် စစ်တပ်က ပလက်ဝမြိုခံတစ်ဦးကိုဖမ်း

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့တွင် စစ်တပ်က ရက္ခိုင့်တပ်တော် (AA) နှင့် ဆက်စပ်သူများကို လိုက်လံရှာဖွေရင်း ယမန်နေ့ (ဇွန် ၄) ညပိုင်းတွင် မြို့ခံတစ်ဦးကို ဖမ်းဆီးသွားသည်ဟု သိရသည်။

ပလက်ဝမြို့၊ ပလုပ်တောင်ရပ်ကွက်မှ အသက် ၅၀ အရွယ် ဦးမောင်မဲကျော့ဆိုသူကို ယမန်နေ့ည ၉ နာရီ ခန့်၌ စစ်သား ၉ ဦးက နေအိမ်သို့ လာရောက်ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု အမည်အဖော်လိုသူ မြို့ခံတစ်ဦးက ပြောသည်။ 

ဦးမောင်မဲကျော့ကို လာရောက်ဖမ်းဆီးသည့် စစ်သားများမှာ ပလက်ဝမြို့ မီးသတ်ဌာနတောင်ကုန်းပေါ်တွင် တပ်စွဲထားသော တပ်မ(၁၁) မှဖြစ် ကြောင်း၊ AA နှင့် ဆက်စပ်သူများကို လိုက်လံရှာဖွေနေသောကြောင့် ထွက်ပြေးတိမ်းရှောင်ရသူများရှိကြောင်း ၎င်းက ဆိုသည်။

“စစ်တပ်က ဖမ်းသွားတာပါ။ ဘာကြောင့်ဖမ်းသွားတယ်ဆိုတာကို တစ်ခုမှ မသိရဘူး။ အခု မြို့ပေါ်မှာလည်း ရှုပ်ထွေးနေပါတယ်။ မြို့ပေါ်က တချို့လူတွေဆိုရင် ရှောင်နေကြတာ တွေ့တယ်” ဟု ထိုမြို့ခံက ပြောသည်။

“AA နဲ့ ဆက်စပ်သူတွေကို လိုက်ရှာတယ်လို့ ကြားတယ်။ အားလုံးရှောင်နေရတာ မဟုတ်ပါ။ နာမည်စာရင်းပါတဲ့ လူတွေ ရှောင်နေကြရတယ်လို့ သိရပါတယ်” ဟု အထက်ပါ ပလက်ဝမြို့ခံက ပြောသည်။

ဦးမောင်မဲကျော့ကို ပလက်ဝအခြေစိုက် ခလလ ၂၈၉ သို့ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု ၎င်းနှင့် ရင်းနှီးသူတစ်ဦးက ထပ်မံအတည်ပြုသည်။

“ဟုတ်ပါတယ်။ မနေ့က ည ၉ နာရီကျော်ကျော်လောက်မှာ ဖမ်းယူသွားတယ်။ မြို့ပေါ် လက်ရှိအခြေအနေက မနေ့က ညအဖမ်းခံရတာ သူတစ်ယောက်တည်းပါ။ မြို့ပေါ်မှာက ဟိုရပ်ကွက်မှာ ဒီရပ်ကွက်တွေမှာ စစ်သားတွေရှိနေတယ်” ဟု သူက ပြောသည်။

မေလ ၂၆ ရက်တွင် ပလက်ဝမြို့နယ် အဘောင်သားကျေးရွာအနီးတွင် AA နှင့် တိုက်ပွဲဖြစ်ပြီးနောက် စစ်တပ်က ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဆယ်အိမ်မှူးနှစ်ဦးကို ဖမ်းသွားပြီး နှစ်ရက်အကြာတွင် ဆယ်အိမ်မှူးများကို ပြန်လွှတ်သော်လည်း အုပ်ချုပ်ရေးမှူးမှာ ယနေ့အထိ လွတ်မြောက်လာခြင်း မရှိသေးဟု သိရသည်။ 

အလားတူ မေ ၃၀ ရက်ကလည်း အဘောင်သားကျေးရွာကို အင်အား ၆၀ ခန့်ရှိ စစ်တပ်ရောက်လာပြီး ရွာသူရွာသားများကို ရိုက်နှက်စစ်ဆေးကာ ရွာသားလေးဦးကို ဖမ်းသွားကြောင်း ပလက်ဝမြို့ခံထံမှ သိရသည်။

ရခိုင်ပြည်နယ်နှင့် ထိစပ်နေသော ပလက်ဝမြို့နယ်တွင် AA နှင့် တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီက မေ ၂၆ ရက်မှစ၍ ညမထွက်ရအမိန့် ထုတ် ပြန်ထားသည်။

စစ်ရေးတင်းမာနေသော ရခိုင်ပြည်နယ်သို့ စစ်ကောင်စီက ကုန်တင်လေယာဉ်များဖြင့် အင်အားဖြည့်တင်းလျက်ရှိသည့်ပြင် စစ်ရေယာဉ်များဖြင့်လည်း ပြည်နယ်မြောက်ပိုင်းသို့ ရိက္ခာနှင့် လက်နက်ခဲယမ်းများ ပို့ဆောင်နေသည်။

ရခိုင်ပြည်နယ်အတွင်း စစ်တပ်က အစစ်အဆေးကြမ်းလာသည့်နည်းတူ မသင်္ကာသူများကိုလည်း မကြာခဏ ဖမ်းဆီးစစ်ဆေးလျက်ရှိသည်။

လွန်ခဲ့သော မေ ၂၆ ရက်ကပင် ပြည်နယ်တောင်ပိုင်း ကျောက်ဖြူမြို့နယ်၌ AA ကို ထောက်ပံ့သည်ဆိုကာ ဒေသခံနှစ်ဦးကို စစ်တပ်က ဖမ်းဆီးခဲ့သည်။​ myanmar now

ကရင်နီဒေသအတွက် “မမများနဲ့ပွဲကမယ်” ကမ်ပိန်းမှ ကျပ်သိန်း ၁၈၀၀ ကျော်ရရှိထား

ကရင်နီဒေသတိုက်ပွဲကြားက လိုအပ်ချက်တွေကို ဖြည့်ပေးနိုင်ဖို့အတွက် “မမများနဲ့ပွဲကမယ်”ကမ်ပိန်းကနေ ၉ ရက်အတွင်း ကျပ်သိန်း ၁၈၀၀ ကျော်ရရှိထားတယ်လို့ ထုတ်ပြန်ပါတယ်။

မြန်မာ့နွေဦးတော်လှန်ရေးကာလဟာ ၁၅ လကြာ ရှိပြီဖြစ်ကာ ဒီကာလအတွင်းမှာ နိုင်ငံအတွက် အသက်ပေးခဲ့ကြတဲ့ သူရဲကောင်းရဲဘော်တွေ၊ မတရားဖမ်းဆီးနှိပ်စက်ခံထားရတဲ့ ပြည်သူတွေနဲ့ မီးရှို့ဖျက်ဆီးခံလိုက်ရတဲ့ အိမ်တွေနဲ့ ရွာတွေ အများကြီး ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

နွေဦးတော်လှန်ရေးတိုက်ပွဲများစွာဟာ နိုင်ငံအနှံ့ဒေသအသီးသီးမှာ ဖြစ်ပွားနေပြီး ဒီဒေသတွေထဲက ကရင်နီဒေသဟာ စစ်ကောင်စီရဲ့ အင်အားအလွန်အကျွံသုံးကာ ဖျက်စီးတိုက်ခိုက်မှုတွေကို ခံစားနေရပြီး နေ့စဉ်နဲ့အမျှ ဒီဖျက်စီးမှုတွေကြောင့် စစ်ဘေးရှောင် ပြည်သူတွေနဲ့ ထိခိုက်ပျက် စီးမှုတွေက များပြားလာနေခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့်မို့ ကရင်နီဒေသအတွက် “မမများနဲ့ပွဲကမယ်”ကမ်ပိန်းကို ပြီးခဲ့တဲ့ မေ ၂၆ မှာ စတင်လိုက်ပြီး လာမယ့် ဇွန် ၁၅ ရက်အထိ ၂၁ ရက်တာအတွင်းမှာ သိန်း ၅၀၀၀ ရရှိနိုင်ဖို့ မျှော်မှန်းထားတာဖြစ်ကာ လတ်တလောမှာတော့ ပြည်သူတွေရဲ့ထည့်ဝင်ငွေ ၃၆ ရာခိုင်နှုန်းနဲ့ သိန်း ၁၈၀၀ ရရှိလာခဲ့ပြီ ဖြစ်ပါတယ်။

ဒီကမ်ပိန်းမှာ ပါဝင်ပြီးတော့ အလှူငွေထည့်ဝင်ကူညီချင်တယ်ဆိုရင်တော့ စင်ကာပူ၊ မြန်မာ၊ မလေးရှား၊ အမေရိကန်၊ တောင်ကိုရီးယား၊ ယူအေအီး၊ ဂျာမနီ၊ ဩစတေးလျ၊ ထိုင်း၊ ဂျပန်၊ နယူးဇီလန်၊ ပြင်သစ်၊ ကနေဒါ၊ ဆွစ်ဇာလန်၊ ယူကေ၊ ထိုင်ဝမ်စတဲ့ နိုင်ငံအသီးသီးက ရန်ပုံငွေရှာဖွေ ရေး အဖွဲ့တွေ အသီးသီးနဲ့ ဆက်သွယ်နိုင်မှာဖြစ်ကာ ရရှိလာတဲ့ ရန်ပုံငွေတွေကိုတော့ NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနကနေတဆင့် ပေးပို့ကူညီသွားမယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်အုပ်စုက မတရားအာဏာသိမ်းယူထားတဲ့ ကာလဟာ ၁ နှစ်ကျော် ကြာမြင့်လာခဲ့ပြီဖြစ်ကာ ဒီကာလတွေအ တွင်း နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့အတူ စစ်ကောင်စီတပ်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ၊ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ကြား တိုက်ပွဲတွေလည်း တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့ ပြင်းထန်နေတာ ဖြစ်ပါတယ်။ DVB

သပိတ်မှောက်ခံထားရသည့် မြန်မာပလာဇာသို့ လာရောက်လည်ပတ်သူများ ရှိလာ

ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ မြန်မာပလာဇာကို စျေးဝယ်ထွက်ခြင်း၊ သွားရောက်လည်ပတ်ခြင်း မပြုရန် လူထုက သပိတ်မှောက်ထားရာ၊ ယခုလ ဇွန် ၁ ရက်နေ့မှ စတင်၍ လာရောက်လည်ပတ်သူများ ရှိလာကြောင်း ယင်းပလာဇာအတွင်းရှိ ဆိုင်ပိုင်ရှင်တစ်ဦးက ဆိုသည်။

ယနေ့ ဇွန် ၅ ရက် တွေ့ရှိချက်အရ မြန်မာပလာဇာအတွင်း စျေးဆိုင်ခန်းအချို့ ပြန်လည်ဖွင့်လှစ်ရောင်းချနေသည်များရှိသလို အချို့ဆိုင်များ ဆက်လက်ပိတ်ထားသည်ကိုလည်း တွေ့ရသည်။

“ အရင်လတွေထက်စာရင် လူအဝင်အထွက်တွေ ပြန်ရှိလာတယ်။ အာဏာမသိမ်းမီတုန်းကလို နေ့ရောညရော များလာတယ်ဆိုတာမျိုးတော့ မရှိသေးပါဘူး။ လာတဲ့သူတွေကလည်း ပိတ်ရက်လိုနေ့ မျိုးလောက်ပဲ လာကြတာ။ အခြားရက်တွေတော့ ဆိုင်ဝန်ထမ်းတွေနဲ့ ပလာဇာရဲ့ ဝန် ထမ်းတွေလောက်ပဲ ရှိတာပါ။”ဟု ရှင်းပြသည်။

မြန်မာပလာဇာအနေဖြင့် ယခင်ကဲ့သို့ လာရောက်လည်ပတ်သူ၊ စျေးဝယ်သူများရှိစေရန် ၎င်းတို့၏ Facebook Page မှတစ်ဆင့် နည်းအမျိုးမျိုးဖြင့် ပြန်လည်စည်းရုံးလာသည်ကိုလည်း တွေ့နေရသည်။

မြန်မာပလာဇာ၏ ပရိုမိုးရှင်းဧရိယာအတွင်း လူသုံးကုန်ပစ္စည်းအချို့ကို စျေးလျော့ရောင်းချပေးခြင်း၊ Cosplay Contest ပြိုင်ပွဲများ ပြုလုပ်ပေးခြင်း၊ ကုန်ပစ္စည်းမိတ်ဆက်ပွဲများ ပြုလုပ်ခြင်းနှင့် ပလာဇာအတွင်း ကလေးကစားကွင်းများ ထည့်သွင်းကာ လာရောက်လည်ပတ်သူများပြားလာအောင် ဆွဲဆောင် စည်းရုံးလာသည်။

“ စျေးဝယ်သူက နည်းပါတယ်။ လမ်းကြုံလို့ ဝင်ကြည့်လိုက်တဲ့ ပုံစံမျိုးတွေပဲတွေ့ရတယ်။ ဖွင့်ထားတဲ့ ဆိုင်တွေမှာလည်း ဝယ်တဲ့သူထက် အပြင်ကနေကြည့်သွားတဲ့သူများပါတယ်။ အရောင်းအဝယ်အေး နေတုန်းပါ။”ဟု အထည်ဆိုင်တစ်ဆိုင်ရှိ အရောင်းဝန်ထမ်း အမျိုးသမီးတစ်ဦးက ဆိုသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၂၅ ရက်နေ့၌ မြန်မာပလာဇာအတွင်း စစ်ကောင်စီကို အလိုမရှိကြောင်း လူငယ်အချို့က ဆန္ဒထုတ်ဖော်ခဲ့ရာ ပလာဇာလုံခြုံရေးဝန်ထမ်းများက လူငယ်နှစ်ဦးကို ထိုးကြိတ်ဖမ်းဆီးခဲ့သည့် ဖြစ်စဉ်အတွက် လူထုက လူမှုပြစ်ဒဏ်ခတ်သည့် အနေဖြင့် သပိတ် မှောက်ထားကြခြင်းဖြစ်သည်။

မြန်မာပလာဇာအား လူထုက လူမှု ပြစ်ဒဏ်ခတ်ထားသည်မှာ ခုနစ်လ ပြည့်မြောက်ခဲ့ပြီဖြစ်သည်။mizzima

တရက်တည်း စစ်ကောင်စီ တပ်ဖွဲ့ဝင် ၆၅ ဦးသေ၊ ၁၇ ဦးဒဏ်ရာရဟု NUG ထုတ်ပြန်

ဇွန် ၄ ရက် မနေ့ကတရက်တည်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီ အကြမ်းဖက်တပ်ဖွဲ့ဝင် ၆၅ ယောက် သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ပါတယ်။

ခုထုတ်ပြန်ထားတဲ့ အချက်အလက်ဟာ မြေပြင်အခြေအနေမှာ ပိုများနိုင်ပြီး တရက်တည်း ထိခိုက်ဒဏ်ရာရရှိတဲ့သူ အရေအတွက်ကတော့ ၁၇ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။

အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက် သတ်ဖြတ်နေမှုတွေကို ပြည်သူလူထုတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာပါ။

နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည် ဆောက် ရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အနှံ့အပြား ဖြစ်ပွားနေပါတယ်။

လူထုသပိတ်တိုက်ပွဲတွေအနေနဲ့ မနေ့က တရက်တည်းမှာ တနင်္သာရီတိုင်းနဲ့ မန္တလေးတိုင်းတို့မှာ ၁ ကြိမ်စီ၊ မကွေးတိုင်းမှာ ၂ ကြိမ်၊ ရန်ကုန်တိုင်းမှာ ၃ ကြိမ်၊ စစ်ကိုင်းတိုင်းမှာ ၁၂ ကြိမ်နဲ့ အများဆုံး ဖြစ်ပွားခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြပါတယ်။

ဒါ့အပြင် ပြည်သူ့ခုခံတွန်းလှန်စစ် ၁ နှစ်တာ ကာလအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၅,၀၀၀ နီးပါး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ အယောက် ၄,၈၀၀ ကျော်ထိ ရှိခဲ့တယ်လို့ NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဒါဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဇွန် ၁ ရက်ကနေ အခုနှစ် မေ ၁၇ ရက်အထိ စုဆောင်းရရှိထားတဲ့ အချက်အလက်တွေအရ ဖော်ပြထားခဲ့တာဖြစ်ပြီး မြန်မာပြည်အနှံ့ တိုက်ပွဲတွေမှာ တပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရမှု အခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိပါဘူး။ DVB

ဧရာဝတီတိုင်းရှိ မြေအောက်တော်လှန်ရေးတပ်ဖွဲ့များစုစည်း၍ Ayearwady UG Association (AUA) ဖွဲ့စည်း

ဧရာဝတီတိုင်းအတွင်းရှိ မြေအောက်တော်လှန်ရေးတပ်ဖွဲ့များ စုပေါင်းကာ Ayearwady UG Association (AUA) ဖွဲ့စည်းပြီးကြောင်း ဇွန်လ ၄ ရက်နေ့ ရက်စွဲဖြင့် ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာတွင် ထုတ်ပြန်ကြေညာခဲ့သည်။

AUA အနေဖြင့် ဧရာဝတီတိုင်းအတွင်းရှိ ခရိုင် သုံး ခုမှ တော်လှန်ရေးတပ်ဖွဲ့များဖြင့် ကနဦး ဖွဲ့စည်းထားခြင်းဖြစ်ပြီး အခြားခရိုင်များ၊ မြို့နယ်များမှ တော်လှန်ရေးတပ်ဖွဲ့ များနှင့် ချိတ်ဆက်၍ ပူးပေါင်းလှုပ်ရှားနိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်း ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

“ဧရာဝတီတိုင်း မြေပြင်အနေအထားအရ AUA မှာပါတဲ့ တချို့အဖွဲ့တွေက နာမည်ထွက်နေတဲ့အဖွဲ့တွေရှိကောင်းရှိနိုင်ပါတယ်။ အဲ့ဒီအဖွဲ့တွေကို စစ်ကောင်စီ ဘက်ကပိုပြီး နောက်ကြောင်းလိုက်တာမျိုးတွေ ရှိလာနိုင်ပါတယ်။ AUAအနေနဲ့က စစ်ရေးMissionတွေ အဓိက ဦးစားပေးဖော်ဆောင်မှာဖြစ်တာကြောင့် ပါဝင်တဲ့အဖွဲ့တွေ အနေနဲ့ သူတို့ဒေသမှာ နယ်မြေကျဉ်းမြောင်းမှာစိုးတာတွေကြောင့် AUA မှာပါဝင်တဲ့ အဖွဲ့တွေကို မကြေညာတာပါ။ အချိန်တစ်ခုရောက်ရင်တော့ အကုန်ချပြသွားမှာပါ”ဟု AUA ၏ တာဝန်ရှိသူက ပြောသည်။

အကူအညီလိုအပ်နေသည့် မြေအောက်တော်လှန်ရေးတပ်ဖွဲ့များ ပူးပေါင်းကာ တပ်ဖွဲ့ဝင်အင်အားနှင့် လက်နက်များ အပြန်အလှန် အကူအညီရစေရေး၊ စနစ်တကျ ပြန်လည်ဖွဲ့စည်းနိုင်ရေး ၊ အင်အား တောင့်တင်းလာစေရေး၊ ကြီးမားသည့် စစ်ဆင်ရေးများ ဖော်ဆောင်နိုင်စေရေး၊ လိုအပ်နေသည့် ရန်ပုံငွေကို ပြည်တွင်းပြည်ပမှ လက်ခံရရှိမှု လွယ်ကူအဆင်ပြေစေရေး၊ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ထိထိ ရောက်ရောက် ချိတ် ဆက်နိုင်ရေးနှင့် စစ်အာဏာရှင်ကို စစ်ရေးအရှိန်မြှင့်၍ ထိရောက်သော စစ်ရေးမစ်ရှင်များလုပ်ဆောင်နိုင်ရန်အတွက် Ayearwady UG Association (AUA)ကို ဖွဲ့စည်းခဲ့ကြောင်း တာဝန်ရှိသူထံက သိရသည်။

Ayearwady UG Association(AUA) တွင် ပါဝင်လာခြင်းမရှိသေးသည့် ခရိုင်များ၊ မြို့များတွင် တိုက်ခိုက်ရေးလုပ်ငန်းများလုပ်ဆောင်မည်ဆိုပါက နယ်မြေခံ PDF တပ်ရင်း တပ်ဖွဲ့များအား အသိပေးခွင့်တောင်း၍ သော်လည်းကောင်း၊ ပူးပေါင်း၍သော်လည်းကောင်း လုပ်ဆောင်သွားမည်ဟု AUA ၏ တာဝန်ရှိသူကဆိုသည်။

မြေအောက်တော်လှန်ရေးတပ်ဖွဲ့များ၊ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ အကူအညီလိုအပ်မှု၊ မလုံခြုံမှု၊ လက်နက်မပြည့်စုံမှု၊ လက် နက် ဝယ်ယူရေး အခက်အခဲရှိမှု၊ စစ်အာဏာရှင်တော်လှန်ရေးတွင် ဦးဆောင်သူများ ကိုယ်တိုင်အာဏာရှင် ဆန်ဆန် ပွင့်လင်းမြင်သာမရှိမှု၊ နိုင်ငံရေး အမြတ်ထုတ်သူများ၏ လှည့်ဖျားခံရမှု၊ အချိန်ကုန် ငွေကုန်လူပန်းဖြစ်လာမှု၊ ငွေကြေးမလုံလောက်မှု စသည့်အခက်အခဲများ အား ပူးပေါင်းဖြေရှင်းနိုင်ရေးအတွက် Ayearwady UG Association တွင် ပူးပေါင်းပါဝင်ကြရန် တိုက်တွန်းထားသည်။ mizzima

ဂန့်ဂေါမြို့နယ်တွင် စစ်ကောင်စီတပ်များ မိုင်းခွဲ တိုက်ခိုက်ခံရ

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာ ဇွန် ၄ ရက်က ယောဒေသပြည်သူ့ကာကွယ်ရေးစခန်းကို ဦးတည်လာနေတဲ့ စစ်ကောင်စီတပ်တွေကို မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့  YPDF တပ်ကပြောပါတယ်။ 

YPDF တပ်ရင်း (၁) တပ်ခွဲ (၂) စခန်းကိုတိုက်ခိုက်ဖို့အတွက် ဂန့်ဂေါမြို့ဘက်ကနေ  ဦးတည်လာတဲ့ စစ်ကောင်စီတပ်သား ၇၀ လောက်ပါတဲ့  ယာဉ် တန်းရဲ့ ရှေ့ပြေးအဖွဲ့ကို ဗုံးခွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

YPDF ကြိုတင်သတင်း ရရှိခဲ့တာကြောင့် ပစ္စည်းတွေနဲ့ တပ်ခွဲမှူးအပါအဝင် ရဲဘော်အားလုံး ရှောင်နိုင်ခဲ့ပြီး တပ်ခွဲဝင်ပေါက် ထွက်ပေါက်တွေမှာ မိုင်းတွေ ထောင်ခဲ့တယ်လို့လည်း  YPDF ကပြောပါတယ်။

YPDF တပ်ဖွဲ့ဝင် တဦးက “သူတို့တပ်ရင်းကို ဝင်ရောက်ချိန်မှာ မိုင်းအနည်းဆုံး  ငါးလုံးလောက် ပေါက်ကွဲခဲ့တယ်။ ထိခိုက်ဒဏ်ရာရရှိမှု အခြေအ နေကိုတော့ မသိရှိရသေးဘူး။ မိုင်းပေါက်ကွဲပြီးနောက် စစ်ကောင်စီအမြောက်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာ ရှိခဲ့တယ်။ YPDF အနေနဲ့ထိခိုက်ဒဏ်ရာရတာတော့မရှိဘူး”လို့ ပြောပါတယ်။

ပုလဲ – ဂန့်ဂေါလမ်းမပေါ်ရှိ မဲရွာအနီးမှာလည်း တပ်ခွဲ ၂ ရဲဘော်တွေက စစ်ကောင်စီတပ်တွေ လာရာလမ်းကို ပြောက်ကျားစနစ်နဲ့ ကြိုတင်စောင့်ဆိုင်းတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီစစ်သား ၃ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ YPDF  ကထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ စစ်ကြောင်းသွားလာရာလမ်းတလျှောက်ရှိ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးနေတာကြောင့်  ပြည်သူတွေ ဘေးလွတ်ရာ တိမ်းရှောင်နေကြဖို့ YPDF က  အသိပေးထားပါတယ်။  DVB

မိုးကုတ်မြို့နယ်တွင် လမ်းဆောက်လုပ်ရေး ဝန်ထမ်း ၁ ဦး ဓားထိုးခံရပြီး သေဆုံး

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်၊ ကင်းတံတားကြီး ကျေးရွာမှာနေထိုင်တဲ့ လမ်းဆောက်လုပ်ရေး ဝန်ထမ်းတယောက်  ဇွန် ၃ ရက်မနက်ပိုင်းက မန္တလေးမိုးကုတ်လမ်းမှာ ဓားထိုးခံရပြီး သေဆုံးသွားပါတယ်။

ကင်းတံတားကြီးကျွေးရွာကနေ မန္တလေးဘက်ကိုထွက်တဲ့ လမ်းအောက်ဘက် ချိုင့်ထဲမှာ လည်ပင်းလှီးဒဏ်ရာနဲ့ ရင်ဘတ်ဓားထိုးခံရပြီး သေ ဆုံး နေတာကို မြင်ခဲ့ရတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။

“ကားရပ်ထားတဲ့နားမှာ သွေးတွေ တွေ့လို့ သွေးရှိတဲ့ လမ်းအတိုင်း ဆင်းကြည့်တာ ဒဏ်ရာတွေနဲ့ သေနေတာကိုတွေ့ခဲ့ရတာ။ ကားက လမ်းမပေါ်မှာ ရပ်ထားတာ။ ကားပေါ်မှာလည်း သွေးတွေပဲ”လို့ အနီးအနားဒေသခံ တစ်ဦးက​ ပြောပါတယ်။

ကားပေါ်မှာ သတ်ခံရပြီးနောက် အလောင်းကို လမ်းအောက်ထဲ ဆွဲသွားတာဖြစ်နိုင်တယ်လို့​ ဒေသခံတွေက သုံးသပ်ကြပါတယ်။

မန္တလေး- မိုးကုတ်လမ်းပေါ်က ရေနီကျေးရွာမှာ လမ်းပြုပြင်နေတာ ကြာပြီဖြစ်​ပြီး သတ်ခံရသူဟာ လမ်းဆောက်လုပ်ရေးက လမ်းဗိုလ်ဖြစ်တယ်လို့ သိရကာ ကင်းတံတားကြီးကျေးရွာမှာ အိမ်ငှားနေသူ ဖြစ်တယ်လို့ ဆိုပါတယ်။

ဘာကြောင့်သတ်ခံရလဲဆိုတာ မသိရသလို ဘယ်သူက သတ်သွားတယ်ဆိုတာကိုလည်း မသိရဘူးလို့ ဒေသခံတွေက ပြောပါတယ်။ DVB

ယော YPDF စခန်း ဝင်စီးသည့် စစ်ကောင်စီတပ် မိုင်းမိပြီး စစ်သား ၈ ဦးသေ ဆုံး၊ ပေါက်မြို့နယ်တောင်ပိုင်းတွင် မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ပျူစောထီး ၁ ဦးသေဆုံး

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်ရှိ ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPDF စခန်းကို ဇွန်လ ၄ ရက်နေ့တွင် စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့ရာတွင် မိုင်းမိပြီး စစ်သား ၈ ဦးသေဆုံးကြောင်း YPDF က သတင်းထုတ် ပြန်သည်။

ဇွန်လ ၄ ရက်နေ့ ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPDF တပ်ရင်း ၁ ၊ တပ်ခွဲ ၂ ကို ဝင်ရောက်ထိုးစစ်ဆင် စီးနင်းခဲ့သော အင်အား (၇၀) ခန့်ပါ ရှေ့ပြေးအဖွဲ့တခုသည် တပ်ခွဲ ၂ မှရဲဘော်များ ထောင်ထားခဲ့သော ဆုတ်မိုင်းမိခဲ့ကြောင်း၊ တောတွင်းပုန်းအောင်းနေသော ဒေသခံများ၏ သတင်းပေးပို့ချက်အရ စစ်ကောင်စီအကြမ်းဖက်တပ်က အလောင်း ၈ လောင်းထမ်းကာ စခန်းကုန်းမှ ဆင်းလာသည်ကို မြင်တွေ့ရကြောင်း၊ ယနေ့ ဇွန်လ ၅ ရက်နေ့ နံနက်တွင် စစ်ကောင်စီအကြမ်းဖက်တပ်တွေက ခြောက်လှန့်ပစ်ခတ်ကာ နောက် ကြောင်းပြန်လှည့်နေကြောင်း YPDF က သတင်းထုတ်ပြန်သည်။

ပုလဲ-ဂန့်ဂေါလမ်းပေါ်ရှိ စင်းစယ်၊ ရေပုတ်၊ ညောင်လယ်၊ ခေါင်းတုံ၊ မဲရွာများကို စစ်ကောင်စီအကြမ်းဖက်တပ်က ဇွန်လ ၂ ရက်မှ ၄ ရက်နေ့အထိ မီးရှို့ဖျက်ဆီးခဲ့ပြီး ခေါင်းတုံရွာတွင် အိမ်ခြေ ၁၀၀ ခန့်၊ မဲရွာတွင် အိမ်ခြေ ၄ လုံး၊ စင်းစယ်ရွာတွင် အိမ်ခြေ ၄ လုံး၊ ရေပုတ်ရွာတွင် အိမ်ခြေ ၁၁ လုံး၊ ညောင်လယ်ရွာတွင် အိမ် ခြေ ၃ လုံး မီးရှို့ခံခဲ့ရကြောင်း၊ ဖမ်းဆီးသတ်ဖြတ်ခံရသူ တချို့လည်း ရှိပြီး ညောင်လည်ရွာမှ ၇ ဦး၊ ခေါင်းတုံရွာတွင် (မသန်စွမ်းသူအပါအဝင်) ၃ ဦး ဖမ်းဆီးခံခဲ့ရကြောင်း YPDF ၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

အလားတူ မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်းတွင် ဇွန်လ ၄ ရက်နေ့ ရွာသာအေးနှင့်သီးချောက်ရွာအကြားတွင် ပေါက်တောင်ပိုင်း ​ပြောက် ကျားတပ် (S.P.G.F)က ပျူစောထီးကားနှင့်ဆိုင်ကယ်များကို မိုင်းခွဲ တိုက်ခိုက်ရာ ကားတစ်စီးနှင့်ဆိုင်ကယ်တစ်စီးထိခိုက်ကာ သစ်ချိုကုန်းမှ ပျူစောထီး ၁ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိကြောင်း ပေါက် တောင်ပိုင်း ပြောက်ကျားတပ် (S.P.G.F)က သတင်းထုတ်ပြန်ထားသည်။ khit thit

« Older Entries