Monthly Archives: Jun 2022

ပဲခူးတိုင်း၊ နတ္တလင်းမြို့နယ်တွင် စစ်ကောင်စီတပ်က ရွာဝင်မီးရှို့

ပဲခူးတိုင်း၊ နတ္တလင်းမြို့နယ်၊ ညောင်လေးပင်ကျေးရွာထဲကို  စစ်ကောင်စီတပ်တွေက ဇွန် ၆ ရက် မနက်က  ဝင်ရောက်ပြီး ပြည်သူလူထုနေအိမ်တချို့ကို မီးရှို့ဖျက်ဆီးသွားတယ်လို့  ဒေသခံတွေထံက သိရပါတယ်။

စစ်ကောင်စီတပ်တွေ  ဒီမနက် ၈ နာရီကျော်လောက်က ရွာကို တိတ်တဆိတ်ဝင်လာပြီး အနည်းဆုံး ပြည်သူလူထု နေအိမ် ၃ လုံးကို မီးရှို့ဖျက် ဆီးသွားတယ်လို့ ဒေသခံ   PDF ရဲဘော်တယောက်က ပြောပါတယ်။

“သူတို့ကလှေနဲ့ တောင်ညိုဆည်ထဲကနေ တက်လာတယ်။ ဖလန်ပင်ကုန်းကျေးရွာမှာတပ်စွဲထားတဲ့အဖွဲ့ လမ်းသိတဲ့ ဒလန်တွေက ဦးဆောင်ခေါ်လာတာ အရပ်ဝတ်ပျူတွေလည်းပါတယ်။ အင်အား ၃၀ လောက်ရှိတယ်။ ကျနော်တို့ကလည်း ရွာတွေကို စောင့်ကြည့်နေတဲ့ကြားက လွတ်သွားတာ  မသိလိုက်တာ။ အခုက ကိုဇော်မျိုးအောင်၊ ကိုအောင်ကျော်ကျော်နဲ့  ဦးသောင်းရွှေ တို့အိမ်တွေပါသွားတယ်။ အိမ်တွေက ပျဉ်ထောင် အိမ်တွေ၊  သူတို့ ရှို့တဲ့အိမ် သုံးလုံးပဲ လောင်ပြီး တခြားအိမ်မကူးတော့ တော်သေးတာပေါ့။”

နတ္တလင်းမြို့နယ်ထဲက ကျေးရွာတွေဟာ PDF တွေကို ထောက်ပံ့နေတယ်ဆိုပြီး စစ်ကောင်စီတပ်တွေက  အကြိမ်ကြိမ် လာရောက်မီးဝင်ရှို့နေတာဖြစ်ပြီး ပြီးခဲ့တဲ့မတ်လထဲမှာပဲ  ညောင်လေးပင်က အိမ် ၂ အိမ် ၊ ဂွေးကြီးရွာက ၂ အိမ်၊ ဗိုလ်ကြီးစခန်းက၂ အိမ် မီးရှို့ဖျက်ဆီးခံခဲ့ရကာ ကြက်၊ ဝက် တိရစ္ဆာန်တွေနဲ့  ဆန်တွေလည်း ခိုးယူဆောင်သွားတယ်လို့ ဒေသခံရွာသားတွေက ပြောပါတယ်။ 

ညောင်လေးပင်ကျေးရွာ ခံတယောက်က “ဒီရွာတွေကို  ပြီးခဲ့တဲ့ မတ်လ ၂၇  ရက်နေ့ကတည်းက အပြီးရွှေ့ပြောင်းပေးရမယ်ဆိုပြီး အမိန့်ထုတ် ထားတာ၊ ရွာမှာကလည်း လူတွေ မနေရဲကြပါဘူး။ ဒါပေမဲ့ တောင်ယာတွေ ၊ စိုက်ခင်းတွေကလည်း ဒီနားမှာပဲရှိနေတော့ လာလာကြည့်၊ သူတို့မရှိရင်လိုတာဝင်ယူ၊ အဲဒီလိုလုပ်နေရတာ” လို့ပြောပါတယ်။

ညောင်လေးပင်ကျေးရွာဟာ ပဲခူးရိုးမတောင်ခြေမှာရှိပြီး အိမ်ခြေ ၃၀၀ လောက်ရှိပါတယ်။ ပြီးခဲ့တဲ့ မေလကလည်း စစ်ကောင်စီက ညောင်လေးပင်ကျေးရွာဒေသခံတွေကို မောင်းထုတ်ပြီး တပ်စွဲနေထိုင်ခဲ့ပါတယ်။

စစ်ကောင်စီတပ်တွေပြန်ထွက်သွားပြီးနောက် မေ ၁၆ ရက်မှာ  ဒေသခံတွေက ရွာထဲကို၀င်ပြီး အစားအသောက်ဝင်ယူစဉ်မှာ  မိုင်းနင်းမိလို့ ရွာသား ၃ ယောက် ဒဏ်ရာရကာ တယောက်သေဆုံးသွားပါတယ်။  DVB

ဖမ်းမိ ဗိုလ်ကြီးကို KNU ပြန်မလွှတ်၍ စစ် တပ်က ရွာများကို ပစ်ခတ်

မွန်ပြည်နယ်၊ သထုံခရိုင်တွင် ဖမ်းဆီးရမိခဲ့သည့် ဗိုလ်ကြီးတစ်ဦးနှင့် တပ်ကြပ်တစ်ဦးတို့ကို ပြန်လွှတ်မပေးသဖြင့် အမှတ် (၉) ခြေမြန်တပ်ရင်းက လက်နက်ကြီးများဖြင့် နေ့စဉ်ရက်ဆက် ပစ်ခတ်နေ၍ ဒေသခံ ၃၀၀၀ ကျော် ထွက်ပြေးနေရသည်။ 

ပြီးခဲ့သည့် ဇွန် ၁ က ခမရ ၉ တပ်ရင်းမှ ဗိုလ်ကြီးတစ်ဦးနှင့် တပ်ကြပ်ကြီးတစ်ဦးတို့ ထုံးဘိုရွာအတွင်း ရောက်ရှိလာစဉ် သထုံပြည်သူ့ပြောက် ကျားအဖွဲ့ဝင်များက ဖမ်းဆီး၍ ကရင်အမျိုးသားအစည်းအရုံး (KNU) ထံ အပ်နှံခဲ့ခြင်းဖြစ်သည်။

ထို့နောက် ဝင်းပရွာအခြေစိုက်သော ခမရ ၉ တပ်ရင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ၅ မိုင်ခန့်အကွာရှိ ဝီယော်ကျေးရွာ၌ ဇွန် ၁ က လာရောက်စခန်းချတပ်စွဲခဲ့ကာ ယင်းနေ့မှစ၍ လက်နက်ကြီးများဖြင့် အနီးအနားကျေးရွာများကို ပစ်ခတ်နေခြင်း ဖြစ်သည်။ 

ဒေသခံများ ထွက်ပြေးနေကြောင်း၊ လက်နက်ကြီးပစ်ခတ်သံများ ကြားရပြီး အခြေအနေအသေးစိတ် မသိရှိရသေးကြောင်း ဝင်းပရွာ ဒေသခံတစ်ဦးက Myanmar Now ကို ပြောသည်။

“လက်နက်ကြီးပစ်သံတွေတော့ ကြားရတယ်။ အဲဒီရွာက လူတွေက ကျွန်တော်တို့ ရွာဘက်ကိုတော့ ပြေးလာတာ မရှိဘူး။ ဟိုး တခြားရွာတွေဘက်ကိုတော့ ပြေးကြတာ ရှိတယ်” ဟု ၎င်းက ဆိုသည်။

နေရပ်စွန့်ခွာရသူတို့မှာ ဝီယော်၊ ထုံးဘိုကြီး ၊ ထုံးဘိုလေးနှင့် သုံးအိမ်စု အစရှိသည့် ကျေးရွာ ၄ ရွာတို့မှ ဒေသခံများဖြစ်သည်ဟု သိရသည်။ 

စစ်ကောင်စီတပ်မှ ၂ ဦး လာရောက်သတင်းထောက်လှမ်းစဉ် ဖမ်းဆီးခဲ့ကြောင်း၊ ထိုနေ့မှာပင် စစ်တပ်က ထုံးဘိုရွာဘက်ကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း KNU ၏ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပြောသည်။

ဖမ်းဆီးထားသည့် အပတ်စဉ် ၅၆ မှ အသက် ၂၈ နှစ်အရွယ် ဗိုလ်ကြီးကျော်ဇင်ထက် (ကြည်း- ၆၈၀၁၄) နှင့် တပ်ကြပ်ကြီး နိုင်ဦးတို့ နှစ်ဦးကို ပြန်လွှတ်ပေးရန် စစ်တပ်ဘက်က တောင်းဆိုခဲ့သော်လည်း ပြန်မပေးဘဲ KNU ၏ သုံ့ပန်းမူဝါဒအတိုင်း ထိန်းသိမ်းထားသည်ဟု ဆိုသည်။

“ဖမ်းမိထားတဲ့လူတွေကို သုံ့ပန်းပေါ်လစီအရ လုပ်သွားမှာပါ။ လိုက်နာရမဲ့နည်းတွေလည်း ရှိပါတယ်” ဟု ၎င်းက ပြောသည်။

“စစ်တပ်က ပြည်သူလူထုကို ပစ်မှတ်ထားပြီးတော့ လုပ်နေတာပဲလေ။ ပြည်သူလူထုအနေနဲ့ ဒီလိုမျိုးဆို ဘယ်စိတ်ချမ်းသာမလဲ။ သတိရှိရှိနဲ့ သွားလာနေထိုင်ရတဲ့ အနေအထားဖြစ်နေတာပေါ့”

အွန်လိုင်းဆိုရှယ်လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည့် ဗီဒီယိုင်ဖိုင်တွင် မျက်လုံးကို အဝတ်စည်းထားကာ ဗိုလ်ကြီးဆိုသူကို မေးမြန်းနေသည်ကို တွေ့ရသည်။

အရာရှိငယ် ၂ ဦး အဖမ်းခံရမှု၊ ရွာများကို ပစ်ခတ်မှုနှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိပေ။

နီးစပ်ရာ ရွာများနှင့် တောတောင်ထဲသို့ ထွက်ပြေးတိမ်းရှောင်နေရသည့် ထို ရွာ ၄ ရွာမှ ဒေသခံများသည် မိုးရွာနေချိန်တွင် အခက်အခဲများနှင့် ပိုမိုရင်ဆိုင်နေရကြောင်း ကရင်လူ့အခွင့်ရေးအဖွဲ့ (KHRG) ထံမှ သိရသည်။

“ဒီလိုမျိုးကာလမှာ အစုလိုက်အပြုံလိုက် စစ်ဘေးရှောင်နေရတဲ့အခါမှာ အဓိကလိုအပ်တာကတော့ မိုးဒဏ်လေဒဏ် ကောင်းကောင်းကာကွယ်ပေးနိုင်တဲ့ အဆောက်အအုံရှိဖို့ အရေးကြီးတာပေါ့” ဟု ဒေသတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများကို စောင့်ကြည့်မှတ်တမ်းတင်နေသည့် KHRG အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ စောနန္ဒာဆူးက ဆိုသည်။

KNU တပ်မဟာ (၁) နယ်မြေ သထုံမြို့နယ်အတွင်း၌ တိုက်ပွဲများ မကြာခဏဖြစ်ပွားနေပြီး လေကြောင်းမှ တိုက်ခိုက်မှုများပါ ရှိခဲ့သည်။ 

ပြီးခဲ့သည့် ဇွန် ၂ က ပိန္နဲတော၊ လေးကေနှင့် ဝင်းတာပန်ရှိ စစ်ကောင်စီစခန်းသို့ ရိက္ခာပို့လာသည့် စစ်တပ်နှင့် ဝီယော်ရွာအနီး တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီဘက်မှ ၆ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရခဲ့ကြောင်း၊ စစ်တပ်ဘက်မှ ပစ်ခတ်သည့် လက်နက်ကြီးကျည်ကြောင့် အသက် ၇၀ အရွယ်အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး လူနေအိမ် ၂ လုံး ပျက်စီးခဲ့ကြောင်း KNU ဘက်က ယနေ့ (ဇွန် ၆) ၌ ထုတ်ပြန်ထားသည်။ myanmar now

ပြည်ပသို့ မြန်မာ့ဆန်နှင့် ဆန်ကွဲ တင်ပို့ရောင်းချမှု ပြန်လည်လျော့နည်းကျဆင်း

မြန်မာနိုင်ငံကနေ ပြည်ပကို မေလအတွင်း ဆန်နဲ့ ဆန်ကွဲ တန်ချိန် ၁ သိန်းခွဲကျော်သာ တင်ပို့ခဲ့ပြီး ဧပြီလမှာ တင်ပို့မှုထက် တန်ချိန် ၁ သိန်းနီးပါး လျော့နည်းကျဆင်းခဲ့ပါတယ်။

ကမ္ဘာ့နိုင်ငံတွေရဲ့ ၀ယ်လိုအားကောင်းမှုကြောင့် ပြီးခဲ့တဲ့ ဧပြီလအတွင်းက တန်ချိန် ၂ သိန်းခွဲကျော်ထိ တင်ပို့နိုင်ခဲ့ပေမဲ့ မေလအတွင်းမှာ တန်ချိန် ၁ သိန်းခွဲကျော်သာ တင်ပို့နိုင်ခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ထုတ်ပြန်တဲ့စာရင်းအရ ဇန်နဝါရီမှာ တန်ချိန် ၂၆၉၂၁၅ ဒသမ ၈၉၇ တန်၊ ဖေဖော်ဝါရီမှာ တန်ချိန် ၂၁၄၃၃၅ တန်၊ မတ်လမှာ တန်ချိန် ၁၃၃၉၇၂ တန်၊ ဧပြီမှာ တန်ချိန် ၂၅၀၉၄၆ ဒသမ ၈၆၆ တန်နဲ့ မေလမှာ တန်ချိန် ၁၅၃၅၀၆ ဒသမ ၅ တန်အသီးသီး တင်ပို့မှုရှိခဲ့ပါတယ်။

၂၀၂၂ရဲ့ ပထမ ၅ လအတွင်း ပြည်ပကို ဆန်နဲ့ဆန်ကွဲ စုစုပေါင်း တန်ချိန် ၁ သန်း ကျော်တင်ပို့ထားပြီး ဧပြီနဲ့ ဇန်နဝါရီမှာ တင်ပို့မှု အားအကောင်းဆုံးဖြစ်ခဲ့ပါတယ်။

တရုတ်၊ ဘယ်လ်ဂျီယံ၊ ဖိလစ်ပိုင်၊ စပိန်၊ ကင်မရွန်း၊ အိုင်ဗရီကို့စ်၊ ပိုလန်၊ နယ်သာလန်နိုင်ငံတွေကို အဓိက အများဆုံး တင်ပို့ရောင်းချခဲ့တာပါ။

လတ်တလော  ကမ္ဘာ့နိုင်ငံရေး အခြေအနေတွေအရ စားနပ်ရိက္ခာစျေးနှုန်းတွေ မြင့်တက်နေချိန် နိုင်ငံတကာမှာ ဆန်၀ယ်အားကောင်းပြီး စျေးမြင့်တက်နေပါတယ်။

မြန်မာနိုင်ငံရဲ့ ဆန်နဲ့ဆန်ကွဲတင်ပို့ ရောင်းချမှုကလည်း ပြီးခဲ့တဲ့ ဧပြီလအထိ ဆက်တိုက်အားကောင်းနေခဲ့ရာကနေ မေလမှာ  အနည်းငယ် ပြန်လည်လျော့ကျခဲ့တာပါ။

ပြည်တွင်းဆန်စျေး၊ စပါးစျေးကလည်းအထွက်နှုန်းလျော့ကျနိုင်တဲ့ အခြေအနေ၊ အဆမတန် မြင့်တက်နေတဲ့ စိုက်ပျိုးစရိတ်၊ အရင်းအနှီးတွေကြောင့် လိုက်ပါမြင့်တက်နေပါတယ်။

ဒါပေမဲ့ လတ်တလော ဖြစ်ပေါ်နေတဲ့ စပါးသီးနှံ စျေးကွက် ပေါက်စျေးက လယ်သမားတွက်ခြေကိုက်တဲ့ စျေးနှုန်းမဟုတ်သေးဘူးလို့ တောင်သူ အများစုက ဆိုကြပါတယ်။

စစ်ကိုင်းတိုင်းအတွင်းက စပါးစိုက်တောင်သူတဦးက “လယ်လုပ်ရတဲ့စရိတ်က အရင်နှစ်နဲ့ နှစ်ဆပိုကုန်တယ်။ စပါးစျေးက နှစ်ဆမတက်ဘူးလေ။ စိုက်တဲ့သူတွေ နည်းသွားတယ်။ ရမယ့်စပါးက ဘာမှန်းမသိသေးဘူး။ အရင်းထုတ်ရမှာက မြေဆီ‎ဖိုး၊ မျိုးဖိုး၊ ပြီးတော့စက်ခနဲ့ဆိုတော့၊ အခုဆီစျေးနဲ့ အတော်ညဉ်းကြတယ်”လို့  ပြောပါတယ်။

လောင်စာဆီနဲ့ မြေဆီစျေး မြင့်တက်မှုက မြန်မာနိုင်ငံရဲ့လယ်ယာထွက်ကုန်ကဏ္ဍအပေါ်  ကြီးကြီးမားမား သက်ရောက်မှုရှိနေဆဲ ဖြစ်ပါတယ်။

မြေသြဇာသုံးစွဲမှု လျော့ကျလာတာကြောင့် သီးနှံအထွက်နှုန်းလျော့ကျမှုဖြစ်စေပြီး ပြည်တွင်းထုတ်လုပ်တဲ့ စားသောက်ကုန်တွေ ဈေးတက်လာစေတယ်လို့  ဇွန် ၂ ရက် ထုတ်ပြန်တဲ့ WFP ရဲ့ ဧပြီလအတွက် ဈေးကွက်အစီရင်ခံစာက ဆိုပါတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံဟာ ပြီးခဲ့တဲ့ မတ်လမှာ ကုန်ဆုံးခဲ့တဲ့ ၂၀၂၁-၂၀၂၂ မီနီဘတ်ဂျတ်မှာ  ပြည်ပကို ဆန်တန်ချိန် ၁ ဒသမ ၄သန်းကျော် တင်ပို့နိုင်ခဲ့ပြီးလက်ရှိ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ဆန်တန်ချိန် ၂ သန်းတင်ပို့နိုင်ဖို့ ရည်မှန်းထားတယ်လို့  သိရပါတယ်။ DVB

ချောင်းဦးတွင် မိုင်းထိသည့် စစ်တပ်နှင့် ပျူစောထီးက ရွာကို မီးရှို့ 

ယမန်နေ့ (ဇွန် ၅) နေ့လယ်ပိုင်း စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်အတွင်း မိုင်းဆွဲတိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်က အနီးရှိ ရွာသို့ သွားရောက်ကာ ကျေးရွာကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးကို သတ်ဖြတ်ပြီး ရွာကို မီးရှို့ခဲ့သည်ဟု ကာကွယ်ရေးအဖွဲ့ ၂ ခုထံမှ သိရသည်။

ထိုအမျိုးသားမှာ ဒဏ်ရာရရှိထားစဉ် အဖမ်းခံရခြင်း ဖြစ်သည်ဟု Farmers Revolution Force – FRF ချောင်းဦးမြို့နယ်တာဝန်ခံက ပြော သည်။

“ရွာခံကာကွယ်ရေးအဖွဲ့ဝင်တစ်ယောက်က (မိုင်း) ဆွဲဖို့ စောင့်နေတာ။ ဆုတ်တဲ့အချိန်မှာ ကျည်ထိပြီး မိသွားတယ်။ မပြေးနိုင်တော့တဲ့အ ခြေအနေမှာ အဖမ်းခံရပြီး မီးရှို့အသတ်ခံလိုက်ရတယ်။ ကြိုးနဲ့ချည်၊ ရိုက်နှက်ပြီးမှ မီးရှို့တာ” ဟု သူက ပြောသည်။

ချောင်းဦး-အမြင့်လမ်းဘေးမှ အိမ်ခြေ ၁၀၀ ကျော်ရှိသည့် တပယ်အင်းရွာတွင် မီးရှို့သတ်ဖြတ်ခံရသူ ရွာခံကာကွယ်ရေးတပ်ဖွဲ့ဝင်မှာ အသက် ၃၀ အရွယ် ကိုကံမြင့်သူဖြစ်ပြီး သူ၏ ရုပ်အလောင်းတင်ထားသော ဖျာ၊ ခန္ဓာကိုယ်နှင့် အဝတ်အစားတို့ မီးလောင်ထားသည်ကို Myanmar Now က ရရှိသည့် မှတ်တမ်းဓာတ်ပုံများတွင် တွေ့ရသည်။ 

စစ်ကောင်စီတပ်သည် ၎င်းတို့ လေ့ကျင့် လက်နက်တပ်ဆင်ပေးထားသည့် ပျူစောထီးအဖွဲ့ဝင်များ အင်အားကောင်းသည့် မြို့အနောက်ဘက် ၅ မိုင်ခန့်ကွာ ကံစီးကုန်းရွာတွင် တပ်စွဲထားစဉ် ဝင်တိုက်ခံရခြင်းကို ရွာမီးရှို့သည့်နည်းဖြင့် ချက်ချင်း လက်စားချေခြင်းဖြစ်သည်ဟု FRF က ပြော သည်။

“ရွာက တော်တော်များများပါသွားတယ်လို့ ရွာခံတွေဆီက သိရတယ်။ စိတ်လည်း မကောင်းဘူးပေါ့။ သူတို့တပ်စွဲထားတဲ့ ရွာအနောက်ဘက်ကရွာကို အရှေ့ဘက်က ပျူစောထီးတွေပါ စစ်ကူလာပြီး ရှို့သွားတာ။ … သူတို့ကတော့ ခံရပြီဆိုရင် ဘေးနားရွာနီးချုပ်စပ်ကဟာတွေကို မဲတာပေါ့ဗျာ” ဟု ၎င်းက ပြောသည်။

စစ်ကိုင်းတိုင်းအခြေစိုက် ကာကွယ်ရေးအဖွဲ့ဝင် ၁၉ ဖွဲ့က ဗုံးတပ်ဒရုန်း၊ ဆွဲမိုင်းများ အသုံးပြု တိုက်ခိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။

ယမန်နေ့ နေ့ခင်းပိုင်းက ဗုံးတပ်ဒရုန်း ၆ လုံး အသုံးပြု၍ ကနဦးတိုက်ခိုက်ရာ ၃ လုံးသာ ပေါက်ကွဲသွားကြောင်း၊ ထို့နောက် ရွာအပြင်ကို ပစ်ခတ်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ကံစီးရွာနှင့် တပယ်အင်းရွာကြား ၂ နေရာတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ချောင်းဦး FRF က ဆိုသည်။

ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုအတွင်း ထိခိုက်သေဆုံးမှုအခြေနေကို မသိရသေးဟု ဆိုသည်။

မိုင်းဆွဲတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ ၁၈ ဦး သေဆုံးကြောင်း၊ မိနစ် ၂၀ ခန့် အပြန်အလှန်ပစ်ခတ်မှုအတွင်းတွင်လည်း ၂ ဦး သေဆုံးကြောင်း ချောင်းဦး FRF က ထုတ်ပြန်ထားသည်။

မြို့ခံတစ်ဦးကလည်း မိုင်းထိစစ်ကောင်စီတပ်နှင့် ပျူစောထီးတို့က တပယ်အင်းရွာကို မီးရှို့သွားကြခြင်းဖြစ်သည်ဟု ပြောသည်။

“ဗုံးတပ်ဒရုန်းနဲ့ ချပြီးတော့ ဟိုကောင်တွေက သေနတ်နဲ့ ပစ်တာ။ ပစ်တဲ့အဖွဲ့လည်း ဆုတ်သွားတော့ ရွာထဲကို မီးဝင်ရှို့သွားတာ” ဟု ၎င်းက ပြော သည်။

ပြီးခဲ့သည့် မတ်၊ ဧပြီလအတွင်းကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ချောင်းဦးမြို့ အနောက်ဘက်ရှိ ယာကြီး၊ ဝယာ၊ ဆီပန်းကန်၊ အင်းမရွာများကို ဝင်ရောက်ဖျက်ဆီးခဲ့ရာ အိမ်ခြေ ၄၀၀ ထက်မနည်း ပျက်စီးခဲ့သည်။

စစ်ကောင်စီက ၎င်းတို့၏တပ်များ အိမ်မီးရှို့ခြင်းမရှိဟု မကြာခဏ တုံ့ပြန်ထားသည်။ myanmar now

မောင်တောမြို့လမ်းပေါ်တွင် ယာဥ်ထိန်းရဲမရှိသဖြင့် ယာဥ်တိုက်မှုများ မကြာခဏဖြစ်နေ

ရခိုင်ပြည်နယ်၊ မောင်တောမြို့လမ်းတွေပေါ်မှာ   ယာဥ်ထိန်းရဲ တစ်ယောက်မှ တာဝန်ထမ်းဆောင်တာမရှိသလို  ယာဥ်တွေ စည်းကမ်းမဲ့သွားလာနေကြလို့ ယာဥ်တိုက်မှုတွေ မကြာခဏ ဖြစ်ပွားနေတယ်လို့  မောင်တောဒေသခံတွေထံက သိရပါတယ်။

ဇွန် ၆ ရက် ဒီမနက် ၈ နာရီလောက်က မောင်တောမြို့ဝင်အနီး သုံးဘီးဆိုင်ကယ်တစီးကို ထရော်လာဂျီက ဝင်တိုက်လို့ ခရီသည်တယောက် ပြင်းထန်စွာဒဏ်ရာရှိခဲ့ကာ ထရော်လာဂျီမောင်းသူ ဒရိုင်ဘာထွက်ပြေးသွားခဲ့တယ်လို့ ရဲအရာရှိတစ်ဦးက ပြောပါတယ်။

“ဒီနေ့ မနက်ပိုင်းမှာ သုံးဘီးတစ်စီးကို ထရော်လာဂျီက ဝင်တိုက်လို့ ခရီးသည်အမျိုးသမီးတစ်ဦး ဒဏ်ရာပြင်ထန်စွာရရှိသွားတယ်။ သုံးဘီးကတော့ ပြိုပျက်သွားတယ်။  ထရော်လာဂျီမောင်းတဲ့ ရိုင်ဘာတော့ ထွက်ပြေးသွားတယ်။”

မောင်တောဒေသခံတစ်ဦးက “မောင်တောမှာယာဥ်တွေက စည်းကမ်းမဲ့သွားလာနေကြတာ များတယ်။ မောင်းချင်သလို မောင်းနေကြတာ။ ဖုန်းပြောပြီး မောင်းနေတာလည်းအများကြီးပါ။ ဖမ်းဆီးအရေးယူမရှိဘူး။ ယာဥ်ထိန်းရဲတွေလမ်းမှာ ထိန်းပေးတာတစ်ခါမှမတွေ့ရဘူး။”လို့ ပြောပါတယ်။

မောင်တောမြို့မရဲစခန်းမှ အရာရှိတစ်ဦးက “ယာဥ်တိုက်မှုနဲ့ပတ်သက်ပြီး အမှုဖွင့်တာတွေကတော့ မရှိသေးဘူး။ သူတို့အချင်းချင်းညှိနှိုင်းနေကြဆဲဖြစ်တယ်။ ယာဥ်ထိန်းရဲတွေကတော့ စစ်တွေခရိုင်မှာ လူအင်အားလိုတဲ့အတွက် တွဲဖက်ပါသွားတယ်။ ပြန်ပို့မယ်လို့တော့သိရတယ်။”လို့ ပြောပါတယ်။

မောင်တောမြို့မှာ ယာဥ်ထိန်းရဲ့စုစုပေါင်း ၆ ဦးသာရှိပြီး သုံးဘီးယာဥ်အရေအတွက် ၁၀၀၀ ကျော်၊ ကားကြီးကားငယ်၊ ထရော်လာဂျီ ၅၀၀ လောက်နဲ့  ဆိုက်ကယ် ၂၀၀၀  လောက်ရှိတယ်လို့  စည်းကမ်းကြီးကြပ်ရေး တာဝန်ရှိတွေထံက သိရပါတယ်။

၂၀၂၁ ဒီဇင်ဘာ ၂၃ ရက် နေ့လယ်ပိုင်းကလည်း မောင်တောမြို့နယ်၊ ရွှေဗဟိုလ်ကျေးရွာတံတား အနီး အငူမော်ဘက်ကနေ မောင်တောဘက်သို့ မောင်းနှင်လာတဲ့ ကားတစီး အရှိန်မထိန်း နိုင်ဘဲ မူလတန်းကျောင်းသူ  ၁ ဦး၊ ကျောင်းသား ၁ ဦးကို ဝင်တိုက်ခဲ့လို့ သေဆုံးသွားခဲ့ရပြီး တရားခံ ဖမ်းဆီးနိုင်ခြင်း မရှိသေးပါဘူး။ DVB

မူဆယ်တွင် အုပ်စုဖွဲ့၍ကားလုယက်သည့် လူတစ်စုကို ကားပိုင်ရှင်မှ သေနတ်ဖြင့်ပြန်ပစ်

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့ ပင်လုံရပ်ကွက်၌ အိမ်စီးကားတစ်စီးအား လူတစ်စုမှ ဝင်ရောက် လုယက်ရာ ကားပိုင်ရှင်မှသေနတ်ဖြင့်ပြန်လည်ပစ်ခတ်မှု ယနေ့ ဇွန်လ ၆ ရက် နံနက် ၆ နာရီခွဲ ဝန်းကျင်က ဖြစ်ပွားခဲ့ကြောင်းသိရသည်။

နေအိမ်တစ်လုံးရှေ့တွင် ရပ်ထားသည့် Crown ကားတစ်စီးကို ပိုင်ရှင်အားရိုက်နှက်၍လုယူရန် အခြားကား တစ်စီးဖြင့်ရောက်ရှိလာသည့် လူတစ်စုမှ ကြိုးစားခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ကားပိုင်ရှင်မှ အသင့်ပါလာသောသေနတ်ဖြင့် ပြန်လည်ပစ်ခတ်ရာ လုယက်သူများထဲမှ တစ်ဦး ကျည်ထိမှန် ဒဏ်ရာရခဲ့သော်လည်း ကားကိုမူ လုယက်နိုင်သွားခဲ့ကြောင်း ဖြစ်စဉ်ကိုမြင်တွေ့ခဲ့ရသည့် ဒေသခံများက ပြောသည်။

မူဆယ်မြို့တွင် လုယက်မှု၊ မော်တော်ယာဥ်များခိုးယူခံရမှု၊ ပြန်ပေးမှု၊ အိမ်ဖောက်ထွင်းခံရမှု အများအပြား ဖြစ်ပွားနေပြီး တရားဉပဒေစိုးမိုးမှု အားနည်းလျှက်ရှိကြောင်း ဒေသခံများက ဆိုသည်။ mizzima

ပုလောမြို့နယ်တွင် စစ်ကောင်စီယာဉ်တန်း မိုင်းခွဲခံရပြီး စစ်ကား ၃ စီးပျက်စီး၊ ပုလဲ-ဂန့်ဂေါလမ်းပိုင်းတွင် စစ်ယာဉ်တန်းမိုင်းခွဲခံရပြီး စစ်ကား ၁ စီးထိမှန်ကာ စစ်သား ၅ ဦးထက်မနည်း ဒဏ်ရာရ

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ မင်းထိန်ရွာအနီး၊ ကျောက်ပုဇွန်တောင်တွင် အကြမ်းဖက်စစ်ကောင်စီ၏ ရိက္ခာအပြည့်တင်ဆောင်လာသော စစ်ကား ၈ စီးပါ ယာဉ်တန်းကို ဒေသကာကွယ်ရေးအဖွဲ့တခုဖြစ်သည့် တောကြီးမြွေဟောက်အဖွဲ့က ယနေ့ ဇွန်လ ၆ ရက် နံနက် ၁၀ နာရီခွဲတွင် မိုင်းခွဲတိုက်ခိုက်ရာ စစ်ကား ၃ စီး ပျက်စီးသွားကြောင်း တောကြီးမြွေဟောက်အဖွဲ့က ထုတ်ပြန်သည်။

အဆိုပါ စစ်ကောင်စီယာဉ်တန်းသည် တနင်္သာရီမြို့နယ်၊ တကူတိုက်နယ်အခြေစိုက် စစ်ကောင်စီတပ်ရင်းမှ ရိက္ခာအပြည့်တင်ကာ မွန်ပြည်နယ်ဘက်သို့ ထွက်ခွာလာခြင်းဖြစ်ကြောင်း၊ လက်လုပ်လိပ်မိုင်းတွဲ ၆ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်မှုကြောင့် ကား ၃ စီးပျက်စီးသွားခြင်းဖြစ်သည်ဟု ဆိုသည်။

မိုင်းခွဲတိုက်ခိုက်ပြီးနောက် အဖွဲ့သားများ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း တောကြီးမြွေဟောက်အဖွဲ့က ထုတ်ပြန်ထားသည်။

အလားတူ ပုလဲ-ဂန့်ဂေါလမ်း၊ မဲရွာအနီးတွင် ဂန့်ဂေါဘက်သို့ မောင်းနှင်လာသော စစ်ကောင်စီယာဉ်တန်းကို ယမန်နေ့ ဇွန်လ ၅ ရက် ညနေပိုင်း၌ ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPDF တပ်ရင်း ၁၊ တပ်ခွဲ ၂ က မိုင်းခွဲတိုက်ခိုက်ရာ စစ်ကား ၁ စီး ထိမှန်ပျက်စီးပြီး စစ်သား ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရကြောင်း YPDF က သတင်းထုတ်ပြန်သည်။

အဆိုပါ စစ်ကောင်စီယာဉ်တန်းကို YPDF က ရှေ့ထွက်မိုင်း ၄ လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ရာ ၂ လုံးပေါက်ကွဲပြီး စစ်ကား ၁ စီးထိမှန်သွားကြောင်း၊ စစ်ကားပေါ်မှ စစ်သားများ၏ အော်သံများကြားရပြီး သေနတ်ဖြင့် ရမ်းသန်းပစ်ခတ်ခဲ့ကြောင်း YPDF က ဆိုသည်။

အဆိုပါ စစ်ကောင်စီယာဉ်တန်းလာရာ လမ်းတလျှောက်ရှိ ကျေးရွာများမှ နေအိမ် အချို့ မီးရှို့ဖျက်ဆီးခံရပြီး အကြောင်းမဲ့ ဖမ်းဆီးခံရသော အရပ်သား ၅ ဦးမှ ပြန်လည် လွတ်မြောက်လာခြင်းမရှိသေးကြောင်း သိရှိရသည်။ khit thit

ဝန်းသိုမြို့နယ်၊ နမ်းခမ်းကျေးရွာတွင် တိုက်ပွဲဖြစ်

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်၊ နမ်းခမ်းကျွေးရွာနားမှာ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့  စစ်ကောင်စီတပ်-ပျူစောထီး ပူးပေါင်းတပ်ဖွဲ့တွေနဲ့  ဇွန် ၅ ရက် ညနေက  တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

နမ်းခမ်းရွာကနေ စစ်ရှောင်နေရတဲ့ ပြည်သူတစ်ဦးက  “မနေ့ညနေက ရွာနားမှာ စကစ၊ ပျူတွေနဲ့ PDFတွေတိုက်ပွဲဖြစ်တယ်ကြားတယ်။ ညနေ ၅ နာရီလောက်က၊ ဒီနေ့မနက်ပိုင်းတော့ ငြိမ်နေတယ်၊ ရွာနားမှာဖြစ်တာလို့ကြားတယ်၊ ပျူတွေရှိတဲ့နားလောက်မှာဖြစ်တာတဲ့” လို့ ပြောပါတယ်။

အဆိုပါ တိုက်ပွဲမှာ နှစ်ဘက် ထိခိုက်သေဆုံးမှု အခြေအနေကတော့ မသိရသေးပါဘူး။

နမ်းခမ်း‌‌ကျေးရွာက ပြည်သူတွေဟာ လွန်ခဲ့တဲ့ တစ်လလောက်ဝန်းကျင်က ရွာထဲစစ်ကောင်စီတပ် ဝင်ရောက်လာပြီး သေနတ်တွေနဲ့ ရမ်းပစ် ခတ်တာကြောင့် တစ်ရွာလုံးတိမ်းရှောင်ခဲ့ရပြီး လုံခြုံနီးစပ်ရာနေရာတွေမှာ ခိုလှုံနေရတယ်လို့ သိရပါတယ်။

လက်ရှိအချိန် ရွာပတ်ဝန်းကျင်တွေမှာ ပျူစောထီးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်သားတွေ တပ်စခန်းချပြီး နေထိုင်နေကြဆဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းကလည်း နမ်းခမ်းရွာကိုပြန်လာတဲ့ လင်မယားနှစ်ယောက်ကို စစ်တပ်က ရွာအဝင်မှာ ဖမ်းစီးနှိပ်စက်ခဲ့တယ်လို့   တိမ်း ရှောင်နေရတဲ့ ပြည်သူတယောက်က ပြောပါတယ်။

“လွန်ခဲ့တဲ့တစ်ပတ်လောက်က ရွာကို ခဏပြန်တဲ့ လင်မယားနှစ်ယောက်ကို ဖမ်းထားပြီး ဝိုင်းနှိပ်စက်ကြတာတဲ့၊ PDF ဆိုပြီး စွပ်စွဲပြီးတော့ မိန်း မ ကိုတော့ ဒူးထောက်ခိုင်းထားပြီး ယောကျ်ားကိုတော့ ဝိုင်းထိုး ဝိုင်းရိုက်ကြတာ” လို့ပြောပါတယ်။

ဝန်းသိုမြို့နယ်မှာ လွန်ခဲ့တဲ့ ဇန်နဝါရီကစပြီး စစ်ကောင်စီက ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားပြီး ဖုန်းလိုင်းနဲ့ အင်တာနက်အ ခက်အခဲတွေကြောင့် ပြည်သူတွေအနေနဲ့ သတင်းရရှိမှု အခက်အခဲဖြစ်နေပါတယ်။

နမ်းခမ်းကျေးရွာပတ်ဝန်းကျင်တွေမှာ လွန်ခဲ့တဲ့ သုံး လေးလလောက်ကတည်းက ကျေးရွာနေပြည်သူတွေကို တစ်လ နှစ်သိန်း လခပေးမယ်ဆိုပြီး ပျူစောထီးတပ်ဖွဲ့တွေက အင်းအားစုဆောင်းခဲ့ပြီး လက်ရှိအချိန် ပျူစောထီး အင်းအားအများအပြားနဲ့ စစ်ကောင်စီတပ်သားတွေက ရွာပတ်ဝန်းကျင်တွေမှာ စခန်းတွေ အခိုင်အမာချထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ DVB

က၀မြို့နယ်တွင် ၂ ရက်အတွင်း ပြည်သူပိုင် နေအိမ် ၄ လုံးကို စစ်ကောင်စီတပ်ဖွဲ့ ချိပ်ပိတ်

ပဲခူးတိုင်း၊ က၀မြို့နယ်၌ ဇွန်လ ၃ရက်နှင့် ၄ရက်နေ့တို့တွင် ပြည်သူပိုင်နေအိမ် လေးလုံးကို စစ်ကောင်စီတပ်ဖွဲ့က လာရောက်ချိပ်ပိတ်သွားကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်ထံမှ သိရသည်။

စစ်ကောင်စီတပ်ဖွဲ့က ဇွန်လ ၃ ရက်နေ့တွင် က၀မြို့နယ် ဇင်းဘုကျေးရွာမှ ဦးသန်းဝင်း၏ နေအိမ်အား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို ထောက်ပံ့သည်ဟုဆိုကာ လာရောက်ချိပ်ပိတ်သွားကြောင်း သိရသည်။

ထို့အပြင် ဇွန်လ ၄ ရက်နေ့တွင် က၀မြို့နယ် ဖလေး-ညောင်ပင်လေးဆိပ်ကျေးရွာမှ ဦးဝင်းမြင့်နေအိမ်နှင့် ကြာတောရွာသစ်ကျေးရွာမှ ဦးစိုးသန်း၏သားဖြစ်သူ နေအိမ်ကို၊ ဦးစိုးသန်း၏ နေအိမ်ထင်မှတ်ကာ လာရောက် ချိပ်ပိတ်သွားကြောင်း ဒေသခံများထံမှ သိရသည်။

ကဝမြို့ အမှတ်(၃)ရပ်ကွက်ရှိ မင်းကြိုက်လက်ဖက်ရည်ဆိုင်ကိုလည်း စစ်ကောင်စီတပ်ဖွဲ့က ဇွန်လ ၄ ရက်နေ့တွင် လာရောက်ချိပ်ပိတ်သွားသည်။ ချိပ်ပိတ်သွားသည့် ဆိုင်တွင် ဖမ်းဆီးခံထားရသည့် လက်ဖက်ရည်ဆိုင်ပိုင်ရှင် အမျိုးသမီး၏ လေဖြတ်ထားသည့် မိခင်နေထိုင်လျှက်ရှိကြောင်းလည်း သိရသည်။

“စစ်တပ်က က၀မြို့နယ်မှာ နေအိမ်ချိပ်ပိတ်မှုတွေ တောက်လျှောက်လုပ်နေပါတယ်။ နှစ်ရက်အတွင်း ပြည်သူပိုင်နေအ်ိမ် လေးအိမ်ကိုချိပ်ပိတ်သွားတာပါ။ အပြစ်မဲ့ ပြည်သူတွေကို PDF ထောက်ပံ့တယ်ဆိုပြီး နေအိမ်ချိပ်ပိတ်တာတွေကို ခပ်စိပ်စိပ်လုပ်လာတာပါ” ဟု သတင်းအရင်းအမြစ်က ပြောသည်။

ဧပြီလ ၂၈ ရက်နေ့က က၀မြို့ အမှတ် ၃ ရပ်ကွက် လဝက ရုံးအနီးရှိ လက်ဖက်ရည်ဆိုင်တွင် ထိုင်နေသည့် က၀မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းနိုင်ကို ပဲခူးခရ်ိုင် PDF တပ်ရင်း (၁) တပ်ခွဲ (၂)က၀မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်ပစ်ခတ်မှုကြောင့် သေဆုံးသွားသည်။ အဆိုပါရဲမှူးမှာ ပြောင်းရွှေ့မိန့် ကျထားသူ ဖြစ်ကြောင်း သိရသည်။

ပစ်ခတ်မှုဖြစ်စဉ် ဖြစ်ပွားပြီးနောက် ယင်းနေ့တွင်ပင် လက်ဖက်ဆ်ိုင်ပိုင်ရှင်အမျိုးသမီးကို ဖမ်းဆီးထားကြောင်း သိရသည်။

“ရဲမှူးကိစ္စ ပစ်ခတ်သွားသူကို ဖမ်းမမိလို့ အပေါ်က ဖိအားသက်သာစေဖို့ရယ်၊ PDF တွေကို မထောက်ပံ့စေဖို့နဲ့ က၀ပြည်သူတွေကို အကြောက်တရားသွင်းဖို့ကို စစ်ကောင်စီတပ်က လုပ်နေတယ်လို့ ထင်ပါတယ်။ က၀မြို့နယ် မုဒုကျေးရွာမှာဆိုလည်း စစ်ကောင်စီတပ်က ဘာအကြောင်း ပြချက်မှမရှိဘဲ မကြာခဏ ဝင်ရောက်ရှာဖွေ ဖမ်းဆီးနေတာတွေ လုပ်နေပါတယ်” ဟု က၀ ဒေသခံတစ်ဦးက ပြောသည်။

ပဲခူးတိုင်းဒေသကြီး က၀မြို့နယ်တွင် စစ်ကောင်စီတပ် အင်အားအများအပြားဖြင့် မြို့နယ်အတွင်း နေရာ ငါးနေရာတွင် စစ်ဆေးရေးဂိတ်များချကာ ခရီးသွားပြည်သူများကို စစ်ဆေးခြင်း ပြုလုပ်နေပြီး မြို့နယ်အတွင်း လမ်းများတွင်လည်း ရှောင်တခင် စစ်ဆေးမှုများ ပြုလုပ်ခြင်းများ ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။ mizzima

« Older Entries