Monthly Archives: Jun 2022

ရွှေဘိုမြို့မရဲစခန်း ဗုံးပစ်လောင်ချာဖြင့် တိုက် ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့မရဲစခန်းကို ဇွန်လ ၇ ရက် မနက် ၄ နာရီက ဒေသခံကာကွယ်ရေးတပ်ဖွဲ့က ၄၀ မမ ဗုံးပစ်လောင်ချာနဲ့ ပစ်ခတ်တိုက် ခိုက်ခဲ့တယ်လို့ Black Wolf PDF က ထုတ်ပြန်ပါတယ်။

ရွှေဘိုမြို့မရဲစခန်းအတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ရဲနဲ့ စစ်သားတွေရှိနေချိန် ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက  ၄၀ မမ ဗုံးသီး ၅ လုံးနဲ့  ပစ် ခတ်ခဲ့တာလည်း ဖြစ်ပါတယ်။

“ဒီမနက်ခင်းမှာ ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ လတ်တလော ရန်သူဘက်က အသေပျောက်ကိုတော့ စုံစမ်းနေဆဲ ဖြစ်ပါတယ် ” လို့ Black Wolf PDF အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကို ‌Black Wolf PDF အထူးတပ်သားတွေနဲ့ ရွှေဘိုခရိုင်တပ်ရင်း (၅) တပ်ခွဲ ၁ တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ချက်မှာပါရှိ ပါတယ်။

၂၀၂၁ အောက်တိုဘာ ၁၀ ရက်ကလည်း ရွှေဘိုမြို့မရဲစခန်းကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့က လက်ပစ်ဗုံး ၁၀ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ DVB

ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နှင့်ကိုအောင်သူရဇော်တို့အပါအဝင် သေဒဏ်စီရင်ရန် စစ်အုပ်စု ကြိုးပမ်းမှု နိုင်ငံ တကာဥပဒေချိုးဖောက်နေ၊ အကြမ်းဖက်စစ်အုပ်စုကို အရေးယူရေး မူဝါဒ ချမှတ်ဆောင် ရွက်မည်ဟုဆို

ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နှင့်ကိုအောင်သူရဇော်တို့အပါ အဝင် သေဒဏ်စီရင်ရန် စစ်အုပ်စု ကြိုးပမ်းနေမှုသည် နိုင်ငံ တကာဥပဒေချိုးဖောက်နေခြင်းဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီNUCC က ယနေ့ ထုတ်ပြန်ကြေညာသည်။

​ကိုဂျင်မီ (ခေါ်) ကိုကျော်မင်းယု၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော် တို့၏ သေဒဏ်စီရင်ချက်ကို အတည်ပြုခဲ့သည့် အာဏာသိမ်း အကြမ်းဖက်စစ်အုပ်စု၏ လုပ်ရပ်သည် ဥပဒေကြောင်းအရ တရားဝင်မှုမရှိကြောင်း၊ ထိုလုပ်ရပ်သည် မြန်မာနိုင်ငံ၏ ဥပဒေများနှင့် တရားစီရင်ရေး စနစ်၊ နိုင်ငံတကာလိုက်နာရမည့်ကျင့်ဝတ်များနှင့် နိုင်ငံတကာဥပဒေများအား ပြောင် ပြောင်တင်းတင်း ချိုးဖောက်ခြင်းဖြစ်ကြောင်း၊ အမျိုးသားညီညွတ်ရေး အတိုင် ပင်ခံကောင်စီသည် အကြမ်းဖက် စစ်အုပ်စု၏ လုပ်ရပ်များအား ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း ဖော်ပြထားသည်။

​အကြမ်းဖက်စစ်အုပ်စုသည် အာဏာသိမ်းယူခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ လ ၁ ရက်နေ့မှစ၍ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှုများနှင့် ဆက် စပ်၍ အပြစ်မဲ့ပြည်သူများအား သေဒဏ် ချမှတ်မှုများ တိုးမြှင့်လုပ်ဆောင်လျက်ရှိရာ ယနေ့အချိန်အထိ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းများအရ ပြည်သူ ၁၁၄ ဦးအား သေဒဏ်စီရင်ချက် ချမှတ်ခဲ့ပြီးဖြစ်သည့်အပြင် နောက် ဆုံးအနေဖြင့် ‘ဝ’ တိုင်းရင်းသားလူငယ် အိုက်ဆိုင်မိန် အား ဇွန်လ (၁) ရက်နေ့တွင် သေဒဏ်စီရင်ချက် ချမှတ်ခဲ့ကြောင်း NUCC ကြေ ညာချက်တွင် ဖော်ပြထားညသ်။

အကြမ်းဖက်စစ်အုပ်စုသည် အဓမ္မအာဏာသိမ်းယူချိန်ကစ၍ အပြစ်မဲ့ပြည်သူများအား သတ်ဖြတ်ခြင်း၊ ဖမ်းဆီးနှိပ်စက်ခြင်း၊ မုဒိန်းကျင့်ခြင်းအပါအဝင် လိင်ပိုင်းဆိုင်ရာစော်ကားခြင်း၊ မြို့ရွာများ မီးရှို့ခြင်း၊ နေအိမ် ဥစ္စာပစ္စည်းများ လုယက်ခြင်း၊ သိမ်းယူခြင်းတို့အပါအဝင် ဆိုးရွား သော ရာဇဝတ်မှုများကို ရည်ရွယ်ချက်ရှိရှိ၊ ကျယ်ကျယ်ပြန့်ပြန့်၊ စနစ်တကျ ကျူးလွန်လျက်ရှိကြောင်း၊ ယခုတဖန် အကြမ်းဖက်စစ်အုပ်စုသည် အဓမ္မသိမ်းယူထားသည့် အာဏာကို ဆက်လက်ချုပ်ကိုင် နိုင်ရန် ကြိုးပမ်းမှုအနေဖြင့် ဆင်ခြင်တုံတရားကင်းမဲ့စွာဖြင့် ရည်ရွယ်ချက်ရှိရှိ ကြီး လေးသော ရာဇဝတ်မှု ကျူးလွန် နေခြင်း ဖြစ်၍ NUCC အနေဖြင့် စစ်အုပ်စုကို အရေးယူနိုင်ရေး ကြိုးပမ်းသွားမည်ဟု ဆိုသည်။

​သေဒဏ်ကို ပြစ်ဒဏ်တရပ်အဖြစ် သတ်မှတ်ထားခြင်းသည် နိုင်ငံတကာ လူ့အခွင့်အရေး စံချိန် စံညွှန်းများနှင့် ကိုက်ညီခြင်းမရှိသဖြင့် ဖက်ဒ ရယ်ဒီမိုကရေစီပဋိညာဉ်နှင့်အညီ သေဒဏ်ဖျက်သိမ်း နိုင်ရေးအတွက် တော်လှန်ရေးအင်အားစုများနှင့်အတူ ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြန်မာ နိုင်ငံ၏ ဥပဒေများနှင့် တရားစီရင်ရေး စနစ်၊ နိုင်ငံတကာလိုက်နာရမည့်ကျင့်ဝတ်များနှင့် နိုင်ငံတကာဥပဒေများကို ချိုးဖောက်ကာ ဆိုးရွားသော စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်အပေါ် ကျုးလွန်သည့် ရာဇဝတ်မှုများနှင့် လူမျိုးသုဉ်းသတ်ဖြတ်မှုများ ကျုးလွန်နေသည့် အကြမ်းဖက် စစ်အုပ်စုအား အရေးယူနိုင်ရေး၊ ကျူးလွန်ခံရသည့် ပြည်သူများအနေဖြင့် တရားမျှတမှု ရရှိစေရေးတို့အတွက် အ မျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီအနေဖြင့် ဖယ်ဒရယ် ဒီမိုကရေစီ ပဋိညာဉ်နှင့်အညီ အသွင်ကူးပြောင်းရေးကာလတရားမျှတမှုဆိုင် ရာ မူဝါဒများချမှတ်ကာ ဆောင်ရွက် သွားမည် ဖြစ်သည်ဟု NUCC ကြေညာချက်က ဆိုသည်။

ထို့ပြင် နိုင်ငံတကာ တရားစီရင်ပိုင်ခွင့် (Universal Jurisdiction) အပါ အဝင် နိုင်ငံတကာ ခုံရုံးများတွင် အပြစ်ပေး အရေးယူနိုင်ရေး လှုပ်ရှားမှုများအား မူဝါဒအရ ပံ့ပိုး ဆောင်ရွက် သွားမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေး အတိုင် ပင်ခံကောင်စီက ထုတ်ပြန်ထားသည်။ khit thit

လှိုင်သာယာတွင် ဗုံးပေါက်ကွဲမှု ၂ ကြိမ်ဖြစ်ပွားပြီး ၃ ဦး ဒဏ်ရာရ

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ အမှတ် (၅) ရပ်ကွက်မှာ ဇွန် ၇ ရက်မနက်ပိုင်းက ဗုံးပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ပွားပြီး အမျိုးသမီး နှစ်ယောက်နဲ့  အမျိုးသားတယောက် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

အမှတ် ၅ ရပ်ကွက် နဝရတ်လမ်းက အမှိုက်ပုံးနားမှာ ဗုံးပေါက်ကွဲခဲ့လို့ အမျိုးသမီးတယောက် ထိခိုက်ဒဏ်ရာရအပြီး ဒုတိယအကြိမ် ထပ်မံပေါက်ကွဲခဲ့တဲ့အတွက်  အနီးပတ်ဝန်းကျင်က သားအမိနှစ်ယောက်  ထပ်မံဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

နဝရတ်လမ်းအတွင်းနေထိုင်တဲ့ဒေသခံအမျိုးသားတစ်ဦးက “ဗုံးက အမှိုက်ပုံးထဲမှာ ပေါက်တာ ပထမအကြိမ်ပေါက်တော့ လမ်းသွားလမ်းလာ အမျိုးသမီး တစ်ဦး ထိသွားတယ်။ ဗုံးပေါက်တာဆိုပြီး လာကြည့်သူတွေ ရှိနေတုန်း ဒုတိယအကြိမ်ထပ်ပေါက်တယ်။ ဒုတိယအကြိမ် ဗုံးပေါက်တော့ လာကြည့်တဲ့ သားအမိနှစ်ယောက် လည်းဒဏ်ရတယ်။ စုစုပေါင်း သုံးယောက် ဗုံးစမှန်တယ်။ ဘယ်အဖွဲ့လုပ်လည်းတော့ မသိရဘူး” လို့ ပြောပါတယ်။

ဗုံးပေါက်ကွဲခဲ့လို့ ထိခိုက်ဒဏ်ရာရခဲ့တဲ့ ဒေါ်မေသူအောင်၊ ဒေါ်ကလျာရှိန်နဲ့ ဦးအကာစိုးတို့ကို လှိုင်သာယာဆေးရုံကိုပို့ဆောင်ထားရပါတယ်။

လှိုင်သာယာမြို့နယ်မှာ ဧပြီ ၁၄ ရက်ကလည်း  အမှတ် ၁၀ ရပ်ကွက်ရုံးနားက ရေကစားမဏ္ဍပ်မှာ ဗုံးပေါက်ကွဲခဲ့လို့ အမျိုးသမီးတယောက် သေ ဆုံးပြီး အမျိုးသား တယောက် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ DVB

စစ်တပ်က ယောဒေသကို စစ်ကြောင်း ၃ ကြောင်းဖြင့် ထိုးစစ်ဆင်

ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ နယ်မြေစိုးမိုးထားနိုင်သည့် ယောဒေသကို စစ်တပ်က စစ်ကြောင်း ၃ ကြောင်းဖြင့် ယခုလဆန်းပိုင်းကစပြီး ထိုးစစ်ဆင်လာရာ ကျေးရွာ ၄ ရွာမှ အိမ်ခြေ ၁၀၀ ကျော် မီးရှို့ဖျက်ဆီးခံရကာ ဒေသခံ ၅ ဦးသေဆုံးခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့များနှင့် ဒေသခံများထံမှ သိရသည်။ 

ပြီးခဲ့သည့် မေ ၂၆ က ဂန့်ဂေါမြို့အနီးရှိ မြင်သာဆည်ကို စစ်ရဟတ်ယာဉ် အသုံးပြု စီးနင်းတိုက်ခိုက်ခဲ့ပြီး ချထားခဲ့သည့် စစ်တပ်အင်အား ၁၀၀ ကျော်ရှိ စစ်ကြောင်းတစ်ကြောင်း၊ မုံရွာနှင့် ကလေးမြို့များမှ စစ်ကြောင်း ၂ ကြောင်း ယောဒေသကို နယ်မြေစိုးမိုးနိုင်ရန် ကြိုးပမ်းနေခြင်းဖြစ် သည်။ 

မုံရွာမြို့မှ လာသည့် အစီးရေ ၁၀၀ ကျော်ပါသည့် ယာဉ်တန်းနှင့် ကလေးမြို့မှ အင်အား ၁၅၀ ကျော်ပါ ခြေလျင်ချီတက်လာသည့် စစ်ကြောင်းတို့သည် ယောဒေသ၏ မြို့တော် ဂန့်ဂေါမြို့သို့ ဦးတည်ချီတက်လာကြောင်း၊ မုံရွာမှ လာသည့် စစ်ကြောင်းကို ပုံညာတောင်တန်းအဆင်း ကျောမြို့အနီးတွင် တိုက်ခိုက်ခဲ့ကြောင်း ယောဒေသကာကွယ်ရေးတပ် (YDF) ပြန်ကြားရေးတာဝန်ခံက ပြောသည်။ 

“မုံရွာဘက်က စစ်ကြောင်းက ၃၀ ရက်နေ့က တက်တယ်။ ပုံတောင်-ပုံညောင်လမ်းအတိုင်း တက်တာ။ ဇွန် ၂ ရက်နေ့က ကျောမြို့ကိုအကျော် ပုံညာမှာ ကျွန်တော်တို့ YDF က မိုင်းခွဲတိုက်ခိုက်ခဲ့တယ်။ ၂ ကြိမ် မိုင်းဆွဲတိုက်တာမှာ သူတို့ဘက်က ၃၀ လောက် သေမယ်။ အဲဒီမှာ ရာထူးကြီးတစ်ယောက် ပါတယ်။ သူ့ကို ရဟတ်ယာဉ်နဲ့ သယ်သွားတယ်” ဟု ၎င်းက ဆိုသည်။ 

တိုက်ခိုက်ခံခဲ့ရသည့် စစ်ကြောင်းသည် စင်းဆယ်၊ ရေပုပ်၊ ခုံတုံနှင့် ညောင်လည်ကျေးရွာများမှ အိမ်ခြေ ၁၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး ညောင် လည်ကျေးရွာသား ၅ ဦးကို မီးရှို့သတ်ဖြတ်ခဲ့သည်ဟု သိရသည်။ 

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က လက်နက်ထောက်ပံ့နိုင်လျှင် စစ်ကောင်စီတပ်ကို ရင်ဆိုင်ရာတွင် ပိုမိုအဆင်ပြေမည်ဟု ၎င်းက ဆို သည်။

“ကျွန်တော်တို့က လက်နက်ခဲယမ်းနဲ့ ပတ်သက်ပြီး တော်တော်လေး လိုအပ်နေတယ်။ လက်နက်အင်အားချင်း မမျှတတဲ့ကြားက ခုခံတိုက်ခိုက်နေရတဲ့ ပုံစံမျိုးဖြစ်နေတယ်။ တိုက်ပွဲကြားကနေပြီးတော့ NUG က ပေးမဲ့ လက်နက်ကို မျှော်နေပါတယ်” ဟု ၎င်းက ပြောသည်။

ကလေးမြို့မှ ကုန်းကြောင်း စစ်ကြောင်းထိုးလာသည့် အင်အား ၁၅၀ ကျော်ပါသည့် စစ်ကြောင်းသည် နတ်ချောင်းကျေးရွာအနီး မိုင်းဆွဲခံရသဖြင့် နတ်ချောင်းရွာကို မီးရှို့ဖျက်ဆီးခဲ့ရာ အိမ်ခြေ ၅၀ ကျော် မီးလောင်ကျွမ်းခဲ့ကြောင်း၊ ယနေ့ (ဇွန် ၇) နံနက်ပိုင်းတွင် နှမ်းခါးကျေးရွာသို့ ရောက် ရှိလာကြောင်း ယော (တောင်ပိုင်း) ဂန့်ဂေါပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ 

“ကလေး(မြို့) ကနေ နှမ်းခါးထိ ရောက်ဖို့ကို နတ်ချောင်းကို မီးရှို့တယ်။ တောင်ခရမ်းရွာက စစ်တပ်ထဲမှာ အိပ်တယ်။ တောင်ခရမ်းကနေ ခြေ ကျင်စစ်ကြောင်းထိုးခဲ့တယ်။ နတ်ချောင်းရွာက ရွာလုံးကျွတ်နီးပါးတော့ ကုန်နေပြီ” ဟု ၎င်းက ပြောသည်။ 

ကလေးမြို့မှ လာသည့် စစ်ကြောင်းနှင့် မုံရွာမှ ချီတက်လာသည့် စစ်ကြောင်းတို့ ဂန့်ဂေါမြို့တွင် ပေါင်းဆုံနိုင်ခြေရှိပြီး ကျေးရွာများ ရွာလုံး ကျွတ်မီးရှို့ခံရမည်ကို စိုးရိမ်၍ တိုက်ပွဲဖော်ဆောင်ရန် ချိန်ဆနေရသည်ဟု ၎င်းက ဆက်ပြောသည်။ 

မုံရွာမှစစ်ကြောင်းသည် ဂန့်ဂေါမြို့အနီး ရောက်ရှိနေပြီး ကလေးမှ လာသည့် စစ်ကြောင်းသည် ဂန့်ဂေါမြို့နှင့် ၃၆ မိုင်အကွာ နှမ်းခါးရွာထိ ရောက်ရှိနေပြီး ဂန့်ဂေါတွင် စစ်ကြောင်း ၂ ကြောင်း ပေါင်းဆုံနိုင်ခြေရှိသည်ဟု ဆိုသည်။

“NUG ကို တောင်းဆိုစရာကတော့ လက်နက်ချပေးတာတွေဘာတွေ မျှော်နေတယ်။ သူတို့မှာလည်း အခက်အခဲတွေကြောင့်မို့ အဲဒီလောက်ကြီး မျှော်လင့်မထားပါဘူး။ စားနပ်ရိက္ခာတွေကို စုဆောင်းထားဖို့ မှာချင်ပါတယ်” ဟု ၎င်းက ဆက်ပြောသည်။ 

မေ ၂၆ ဂန့်ဂေါမြို့အနီး မြစ်သာဆည်တိုက်ပွဲတွင် စစ်တပ်က ရဟတ်ယာဉ်သုံး စီးနင်းတိုက်ခိုက်ခဲ့ရာ ဂန့်ဂေါပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၄ ဦး သေဆုံးခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၁၀၀ ကျော်ဖြင့် မြစ်သာဆည်တွင် တပ်စွဲခဲ့သည်။

ထိုစစ်ကြောင်းသည် မြစ်သာဆည်အနီးရှိ တော၊တောင်များတွင် လှည့်လည်စစ်ကြောင်းထိုးနေခဲ့ရာ လက်နက်အင်အားချင်း မမျှတ၍ အခြေ အနေကို စောင့်ကြည်နေရသည်ဟု ယော (မြောက်ပိုင်း) ဂန့်ဂေါပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပြန်ကြားရေးတာဝန်ခံ ကိုတိုးမောင်က ပြောသည်။ 

“ကျွန်တော်တို့ ယောဒေသမှာ စစ်တပ်ကို ပြန်ခုခံတဲ့ အဖွဲ့အစည်းတွေက များတယ်။ အဓိကပြသနာက လက်နက်မမျှတဲ့အကြောင်းပဲ ရှိတယ်။ ကျွန်တော်တို့ အခု ရုန်းကန်နေရတာက လက်နက်ကိစ္စပါပဲ” ဟု ၎င်းက ဆိုသည်။ 

အဆိုပါ စစ်ကြောင်းသည် ရွာသားများကို လမ်းပြအဖြစ် ဖမ်းဆီးခေါ်ဆောင်လာခဲ့ပြီး ယနေ့ (ဇွန် ၇) နံနက်ပိုင်းတွင် ဂန့်ဂေါ-ရေဆွာလမ်းမအနီးရှိ ရောင်နက်ကျေးရွာသို့ ရောက်ရှိနေကြောင်း ၎င်းက ဆက်ပြောသည်။ 

“ကျွန်တော်တို့ အရင်ကတော့ လက်နက်မရှိတဲ့ ကာလမှာ စိတ်ဓာတ်နဲ့ပဲ တိုက်ပွဲဝင်မယ်ဆိုပြီးတော့ အားတင်းထားခဲ့ကြတာ။ အခုက ရဟတ် ယာဉ်နဲ့ ပစ်ခတ်ခံရတာရော၊ ဟိုဘက်ကနေပြီး ကျွန်တော်တို့ ရဲဘော်တွေ ပြေးမဲ့လမ်းကြောင်းမှာ မောင်းပြန်တွေနဲ့ စောင့်နေတဲ့သူတွေကို လက် လုပ်လေးတွေနဲ့ တိုက်ပွဲဝင်ဖို့ ရဲဘော်တွေက ရင်ထဲမှာ နည်းနည်းလေး ခံစားသွားရတဲ့ အခြေအနေမျိုးလေး ရှိတယ်ဗျ” ဟု ၎င်းက ပြောသည်။ 

“ကျသွားရင်တောင်မှဗျာ၊ မောင်းပြန်လေးနဲ့ တိုက်ပွဲဝင်ပြီးတော့မှပဲ၊ သူသေကိုယ်သေ မောင်းပြန်လေးနဲ့ ယှဉ်တိုက်ပြီးတော့မှ တိုက်ပွဲဝင်သွားချင်တယ်။ ကျွန်တော့ဆန္ဒပေါ့ဗျာ။ လက်လုပ်သေနတ်လေးနဲ့ ကျသွားရတော့ သူတို့ရင်ထဲမှာလည်း အဲဒီလိုမျိုးကို မဖြစ်စေချင်ဘူးလို့ ပြောချင်ပါတယ်” 

မီးရှို့မှုများနှင့် ပတ်သက်ပြီး စစ်ကောင်စီက ငြင်းဆိုထားသည်။

စစ်ကောင်စီတပ်နှင့် လက်အောက်ခံအဖွဲ့အစည်းများ၏ မီးရှို့ဖျက်ဆီးမှုကြောင့် နိုင်ငံအနှံ့ ၄၃၅ နေရာတွင် အိမ်ခြေ ၁၈,၈၈၆ လုံး လောင်ကျွမ်းခဲ့သည်ဟု Data for Myanmar က ဇွန် ၆ တွင် ထုတ်ပြန်ထားသည်။ myanmar now

တမူးတွင် ဆဲသံတောင်ကြားရသော အနီးကပ်တိုက်ပွဲများ ဖြစ်ပွားလျှက်ရှိပြီး စစ်ကောင်စီဘက်က အနည်းဆုံး ၁ ဦးသေ

ကလေးမြို့မှ တမူးသို့ စစ်ကူလာသည့်စစ်ကောင်စီတပ်များနှင့် မြို့ခံကာကွယ်ရေးတပ်မဟာမိတ်များအကြား နေရာသုံးခုတွင် ပြင်းထန်သော အနီးကပ်တိုက်ပွဲများ ယနေ့ (ဇွန်လ ၇ ရက်နေ့)နံနက်ကစတင်ကာဖြစ်ပွားနေခဲ့ပြီး စစ်ကောင်စီတပ်ဘက်က အနည်းဆုံး တစ်ဦးသေဆုံးကြောင်း ကာကွယ်ရေးတပ်ဘက်က ပြောသည်။

မဇ္ဈိမက ဆက်သွယ်မေးမြန်းသည့် ည ၇ နာရီအချိန်အထိဖြစ်ပွားသောတိုက်ပွဲများတွင် တမူးမြို့ခံတော်လှန်ရေးအဖွဲ့ပေါင်းစုံပါဝင်သည်ကိုတွေ့ရပြီး “ သူတို့ (စစ်ကောင်စီတပ်)ဘက်ကလည်း လက်နက်ကြီး အလုံး ၆၀ လောက်ရှိမယ်ပစ်တာ။ လက်နက်ငယ်တွေနဲ့ရော ” ဟု တမူးပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း (၄) မှ တာဝန်ရှိသူကပြောသည်။

နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန်တွင် ရှစ်စီးပါစစ်ကောင်စီကားတန်းကို တမူးမြို့နယ် ခမ်းပါတ်မြို့နှင့် ဝိသုတ်ရွာကြားတွင် ပြည်သူ့ကာကွယ်ရေးတပ်ရင်း (၃)၊ တပ်ရင်း (၂) နှင့် Special Attack Force တို့က ဖြတ်တိုက်ရာ စစ်ကောင်စီတပ်ဘက်က တစ်ဦးသေကာ စက်သေနတ်တစ်လက် ပျက်စီးသွားသည်ဟု ဆိုသည်။

အဆိုပါတိုက်ခိုက်မှုမှလွတ်သွားသော အကြမ်းဖက်တပ်၏ကားတန်းသည် တမူး လေးမိုင်ဂိတ်သို့ရောက်စဉ်တွင် စစ်သည်များယာဉ်ပေါ်မှဆင်းကာ မြို့ထဲလမ်းလျှောက်ဝင်ကြရာ စော်ဘွား (၅) ရပ်ကွက်နှင့် (၃) မိုင်ကြားတွင် တမူးတပ်ရင်း (၄) ၊BSO ကျောင်းသားတပ်ဖွဲ့၊ ABSDF ကျောင်း သားတပ်မတော်၊ တမူးပကဖနှင့် Free Ranger Tamu ပူးပေါင်းတပ်ဖွဲ့တို့၏ တိုက်ခိုက်ခြင်းကိုခံရပြန်သည်။

တတိယတိုက်ပွဲကတော့ တမူးမြို့အထက်ပိုင်း ကွမ်းတောင်းကျေးရွာအနီးတွင် စစ်ကောင်စီစစ်ကြောင်းအားလာကြိုသည့် တမူးမြို့ခံတပ်နှင့် တိုက်ခိုက်မှုဖြစ်သည်။

ဝါးနှစ်ပြန်စာ လောက်မှ အပြန်အလှန်ပစ်ခတ်သည့် တိုက်ပွဲနှင့်ပတ်သက်၍ “နီးနီးလေး သူ့ဆဲသံ ကိုယ့်ဆဲသံတောင်ကြားရတဲ့နေရာမျိုး”ဟု တပ် ရင်း (၄) တာဝန်ရှိသူက ပြောသည်။

တမူးမြို့အတွင်းယခုအကြိမ်တိုက်ပွဲတွင် တမူးဒေသရှိ တော်လှန်ရေးတပ်ဖွဲ့ပေါင်းစုံအင်အားအပြည့်ဖြင့် ပူးပေါင်းတိုက်ခိုက်ခြင်းဖြစ်ကာ ထိုသို့စည်းလုံးမှုမျိုးအား ဆက်လက်ထိန်းသိမ်းကာ ပူးပေါင်းဆင်နွှဲလိုကြောင်း တမူးပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း( ၄) မှ တာဝန်ရှိသူကပြော သည်။ mizzima

အကြမ်းဖက်စစ်အုပ်စုကို နိုင်ငံရေးအင်အားစုအဖြစ် သဘောထားသော အရပ်ဘက်အဖွဲ့ အ မည်ခံများကို သပိတ်ကော်မတီများ၊ သမဂ္ဂများ အပါအဝင် အရပ်ဘက်အဖွဲ့အစည်း ၁၈၅ ဖွဲ့ခုက ရှုတ်ချ

အကြမ်းဖက်စစ်အုပ်စုကို နိုင်ငံရေးအင်အားစုအဖြစ် သဘောထားနေသော အရပ်ဘက်အဖွဲ့ အမည်ခံများကို သပိတ်ကော်မတီများ၊ သမဂ္ဂများ အပါအဝင် အရပ်ဘက်အဖွဲ့အစည်း ၁၈၅ ဖွဲ့ခုက ရှုတ်ချကြောင်း ယနေ့ ကြေညာချက်ထုတ်ပြန်သည်။

လက်ရှိ အကြမ်းဖက်စစ်အုပ်စုသည် မြန်မာ့ လူ့အဖွဲ့အစည်းတွင် ရှိရမည့် ဒီမိုကရေစီ စံတန်ဖိုးများနှင့် လူ့အခွင့်အရေးများကို ပြောင်ပြောင် တင်းတင်း အကြမ်းဖက် ချိုးဖောက် ကျုးလွန်ခဲ့ရုံ သာမက လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများ (Crimes Against Humanity) နှင့် လူမျိုးသုဉ်းသတ်ဖြတ်မှုများ (Genocide) အပါအဝင် ရာဇဝတ်မှုပေါင်းများစွာကို ဆိုးရွားစွာ ကျူးလွန်နေသူများ ဖြစ်ရာ ၄င်းတို့သည် လူ့အဖွဲ့အစည်းတစ်ရပ်တွင်ရှိရမည့် စံနှုန်း တန်ဖိုးများ ကင်းမဲ့သည့် အကြမ်းဖက် အစုအဖွဲ့သာ ဖြစ်ပြီး အဆိုပါ လူ့စံနှုန်းများ ကင်းမဲ့သည့် အကြမ်းဖက်အစုအဖွဲ့များအား နိုင်ငံရေး အင်အားစုအဖြစ် သဘောထားကာ နိုင်ငံရေး ရလဒ်တစ်ခု ပေါ်ထွက်စေရန် ဆွေးနွေးညှိနှိုင်းခြင်း၊ ဆွေးနွေးညှိနှိုင်းရန် ကြိုးပမ်းခြင်း စသည်တို့ကို လုပ်ဆောင်နေသည့် မည်သူမဆို၊ မည်သည့် အဖွဲ့အစည်းမဆို၊ မည်သည့်လှုပ်ရှားမှု မဆိုသည် လူထုအပေါ် အဆိုပါ အကြမ်းဖက်အဖွဲ့ ကျူးလွန်သည့် ရာဇဝတ်မှုများကို မျက်ကွယ်ပြုရာ ရောက်သဖြင့် အတိအလင်းရှုတ်ချကြောင်း ကြေ ညာချက်တွင် ဖော်ပြထားသည်။

ထို့အပြင် ထိုသို့သော လုပ်ရပ်များကို အရပ်ဘက် အဖွဲ့အစည်း အမည်တပ်ကာ ပြုလုပ်မှုများသည် လူ့အဖွဲ့အစည်း တစ်ရပ်လုံး၏ ကောင်းကျိုးအတွက် အရပ်ဘက်အဖွဲ့အစည်းများ ရပ်ခံတည်ဆောက်ရမည့် နှုန်းစံများကို ချိုးဖောက်ရာ ရောက်ကြောင်း၊ လူထုအကျိုး ရှေးရှု့လုပ်ဆောင်ခြင်း မဟုတ်သည့် လုပ်ရပ်များကို အရပ်ဘက်လူထုအဖွဲ့အစည်း ဟု ခေါင်းစဥ်တပ်လုပ်ဆောင်ခြင်းမျိုးက ရပ်တန့်ရန် လိုအပ်ကြောင်း အရပ်ဘက်အဖွဲ့အစည်းများက ကြေညာထားသည်။

လူ့အဖွဲ့အစည်းတစ်ရပ်လုံးအပေါ် အရှည်သဖြင့် ကောင်းရာ ကောင်းကျိုး ဖြစ်ထွန်းရေးကိုသာ ရှေးရှုလျက် လူ့အခွင့်အရေး စံတန်ဖိုးများကို မြှင့်တင်ဆောင်ရွက်ခြင်း ဖြင့် အာဏာရှင် စံနစ်ဟူသမျှ တိုက်ဖျက်ချင်း အပါအဝင်၊ ခွဲခြားဆက်ဆံမှုမျိုးစုံ၊ ဖိနှိပ်မှုမျိုးစုံကို တိုက်ဖျက်ကာ လွတ် လပ်သော၊ တန်းတူညီမျှသော၊ တရားမျှတသော ဖက်ဒရယ်ပြည်ထောင်စုကို တည်ထောင်နိုင်ရန် လူထုတစ်ရပ်လုံးနှင့်အတူ လက်တွဲကာ ဆက် လက်တိုက်ပွဲဝင်သွားရမည် သည်သာ အရပ်ဘက်လူထုအဖွဲ့အစည်းများ၏ တာဝန်ဟု မှတ်ယူ ရပ်တည်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သ ပိတ်ကော်မတီအသီးသီး သမဂ္ဂအသီးသီးအပါအဝင် အရပ်ဘက်အဖွဲ့အစည်း ၁၈၅ ဖွဲ့၏ ထုတ်ပြန်ကြေညာထားသည်။ khit thit

စစ်ကောင်စီ၏ သေဒဏ်ပြောဆိုချက်ကို တော် လှန်ရေးအင်အားစု ရှုတ်ချ

နိုင်ငံရေးအကျဉ်းသားအချို့ကို အာဏာသိမ်းစစ်ကောင်စီက သေဒဏ်စီရင်မည်ဟု ပြောဆိုခြင်းနှင့် ပတ်သက်ပြီး တော်လှန်ရေးအင်အားစုများက ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်း ယနေ့ (ဇွန် ၇) တွင် ကြေညာချက်များ အသီးသီးထုတ်ပြန်သည်။ 

ထုတ်ပြန်ကြသည့်အထဲတွင် ၂၀၂၀ ရွေးကောက်ပွဲနိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အမတ်အများစုဖြင့် ဖွဲ့စည်းထားသည့် ပြည် ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နှင့် တိုင်းရင်းသားအစုအဖွဲ့များ ပါဝင်သော အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) တို့လည်း ပါဝင်သည်။

ဖမ်းဆီးပြီးနောက် သေဒဏ်ချမှတ်ခံထားရသူများဖြစ်သည့် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဂျင်မီ၊ NLD လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော်အပါအဝင် လူအချို့ကို သေဒဏ်စီရင်မည်ဟု ပြောဆိုခြင်းနှင့် ပတ်သက်၍ စစ်ကောင်စီက ဆောင်ရွက်ခွင့်မရှိကြောင်း CRPH က ဆိုသည်။ 

စစ်ကောင်စီ၏ သေဒဏ်စီရင်ချက်များသည် နိုင်ငံတော်၏ တည်ဆဲဥပဒေများသာမက နိုင်ငံတကာသဘောတူစာချုပ်များ၊ ဥပဒေများကို လေး စားလိုက်နာခြင်းမရှိဘဲ ပြောင်ပြောင်တင်းတင်း ချိုးဖောက်ဆောင်ရွက်သည့် လူမဆန်သောလုပ်ရပ်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။

ယမန်နှစ်အတွင်း စစ်အုပ်ချုပ်ရေးကြေညာထားသည့် ဒဂုံမြို့သစ်မြောက်ပိုင်းတွင် အောက်တိုဘာ ၂၃ က ဦးဂျင်မီကိုလည်းကောင်း၊ နိုဝင်ဘာ ၁၈ တွင် ဒဂုံဆိပ်ကမ်းမြို့နယ်၊ ရတနာနှင်းဆီအိမ်ရာ၌ ဦးဖြိုးဇေယျာသော်ကိုလည်းကောင်း စစ်ကောင်စီက ဖမ်းဆီးခဲ့သည်။

ထို့နောက် ၎င်းတို့ကို လက်နက်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခြင်း၊ အကြမ်းဖက်တိုက်ခိုက်မှုများ ပြုလုပ်ခြင်း၊ ပြုလုပ်ရန် ညွှန်ကြားခြင်းတို့ဖြင့် စစ်ကောင်စီက အမှုဖွင့်ခဲ့သည်။

ယခုနှစ် ဇန်နဝါရီ ၂၁ ၌ စစ်ကောင်စီ၏ စစ်ခုံရုံးက ၎င်းတို့နှစ်ဦးကို အကြမ်းဖက်မှုဥပဒေ ရာဇသတ်ကြီး ပုဒ်မ ၄၉ (က)၊ ၅၀ (စျ)၊ ၅၀ (ည) ပုဒ်မတို့ဖြင့် သေဒဏ်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

ဇွန် ၂ သတင်းစာရှင်းလင်းပွဲတွင် စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဦးဂျင်မီနှင့် ဦးဖြိုးဇေယျာသော်တို့၏ အယူခံကို ပလပ်လိုက်ပြီး သေဒဏ်အမိန့်ကို အထမြောက်အောင် ဆက်လက်အကောင်အထည်ဖော်နေကြောင်း၊ အမှန်တကယ် သေဒဏ်ချမည့်အကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

ထိုပြောဆိုမှုအပေါ် NUCC ကလည်း ပြင်းထန်စွာကန့်ကွက်ရှုတ်ချခဲ့ပြီး စစ်ကောင်စီသည် ကြီးလေးသည့် ရာဇဝတ်ပြစ်မှုကို ကျူးလွန်နေခြင်းဖြစ်ကြောင်း၊ စစ်အုပ်စုကို  နိုင်ငံတကာခုံရုံးတွင် အပြစ်ပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း NUCC ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။ 

CRPH ကလည်း စစ်ကောင်စီအလိုကျ ဆောင်ရွက်ပေးနေသည့် တရားရုံးများသည်လည်း ရာဇဝတ်မှုမြောက် ပူးပေါင်းဆောင်ရွက်နေခြင်းဖြစ်သောကြောင့် တရားဥပဒေအရ ထိရောက်စွာ အရေးယူအပြစ်ပေးခံရမည်ဖြစ်ကြောင်း၊ ယင်းသို့ အပြစ်ပေးနိုင်ရန် CRPH အနေဖြင့် ပြည်တွင်းပြည်ပတော်လှန်ရေးအင်အားစုများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ဦးဂျင်မီနှင့် ဦးဖြိုးဇေယျာသော်တို့သည် မိသားစုနှင့် အဆက်အသွယ်ပြတ်တောက်နေပြီး အင်းစိန်ထောင်တွင်း၌ ချုပ်နှောင်ထားသည်မှာ တစ်လခန့် ရှိနေပြီးဖြစ်ကြောင်း အတည်မပြုသေးသည့် သတင်းများအရ သိရသည်။

သေဒဏ်စီရင်မှု အကောင်အထည်ဖော်ခြင်းမှာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှ အတည်ပြုချက်ရမှ အတည်ဖြစ်မည်ဟု စစ်ကောင်စီက သတ်မှတ်ထားသည်ဟု ဆိုသည်။

သေဒဏ်စီရင်ချက် ချခံထားရသူများကို ကွပ်မျက်ပါက လူထု၏ မုန်တီးနာကြည်းမှု၊ ပိုမိုအားကောင်းသည့် ဆန့်ကျင်တော်လှန်မှုများ မလွဲမသွေပေါ်ပေါက်လာမည်ဟု NUG ၏ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ဇွန် ၄ ရက်တွင် Myanmar Now ကို ပြောထားသည်။

“တကယ်တမ်း ကြိုးပေးပြီး သတ်ဖြတ်မယ်ဆိုရင် မလိုလားအပ်တဲ့ တုံ့ပြန်မှုတွေ၊ နာကြည်းမှုကြောင့် ပိုပြီးတော့ ပြင်းထန်တဲ့ ဆန့်ကျင်မှုတွေဖြစ်လာမှာ မလွဲမသွေပါပဲ၊ အကြောက်တရားနဲ့ ခြိမ်းခြောက်ပေမဲ့ စစ်ကောင်စီကို စိန်ခေါ်ရင်ဆိုင်မဲ့ လူထုရဲ့ လှုပ်ရှားမှုတွေ အားကောင်းမယ်ဆိုတာ ကောင်းကောင်း နားလည်သဘောပေါက်ဖို့ လိုပါတယ်” ဟု သူက ဆိုသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ အချက်အလက်များအရ သေဒဏ်ချခံထားရသူ ၁၁၄ ဦးရှိပြီး ယင်းတို့အထဲတွင် အသက်မပြည့်သေးသူ ၂ ဦး ပါဝင်နေသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ယမန်နှစ် မတ် ၁၅ ကတည်းက ရန်ကုန်တိုင်းရှိ လှိုင်သာယာ၊ ရွှေပြည်သာ၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ ဒဂုံမြို့သစ်(တောင်ပိုင်း)နှင့် မြောက်ဥက္ကလာမြို့နယ်တို့ကို စစ်အုပ်ချုပ်ရေးနယ်မြေအဖြစ် ကြေညာခဲ့ပြီး စစ်ခုံရုံးဖွင့်လှစ်စစ်ဆေးကာ သေဒဏ်ချမှတ်နေခြင်း ဖြစ်သည်။

၂၀၂၁ ဖေဖော်ဝါရီ ၁ တွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်က နိုင်ငံတော်အာဏာကို သိမ်းယူခဲ့ပြီးနောက် တတိယအကြိမ်လွှတ်တော်များကို ဖျက်သိမ်းလိုက်ကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းခဲ့သည်။ 

ထိုနှစ် ဖေဖော်ဝါရီ ၅ တွင် ပြည်ထောင်စုလွှတ်တော်အမတ် ၁၇ ဦးက ဦးဆောင်ကာ CRPH ကို ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ 

အလားတူ ယမန်နှစ် မတ် ၈ တွင် ထူထောင်သည့် NUCC ၌  ၂၀၂၀ ရွေးကောက်ပွဲရလဒ်ဖြင့် ဖွဲ့စည်းထားသော CRPH, တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီ၊ ပြည်နယ်/လူမျိုးစုကို အခြေခံ၍ ဖေဖော်ဝါရီ ၁ နောက်ပိုင်းဖွဲ့ထားသည့် အတိုင်ပင်ခံကောင်စီများ ပါဝင်သည်။

သေဒဏ်စီရင်ချက် ချမှတ်ခဲ့မှုနှင့် ပတ်သက်၍ ရန်ကုန်မြို့ ပြင်သစ်သံရုံး၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ပြောရေးဆိုခွင့်ရှိသူ၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူတို့က ကန့်ကွက်ကြောင်း ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ထုတ်ပြန်ပြောကြားထားကြသည်။

စစ်ကောင်စီကလည်း ထိုသူတို့၏ ပြောဆိုချက်၊ ထုတ်ပြန်ချက်များမှာ တာဝန်မဲ့ကြောင်း၊ တရားမဝင်စစ်အစိုးရဟု သုံးနှုန်းမှုကို ပြင်းထန်စွာကန့်ကွက်ကြောင်း ယမန်နေ့က ထုတ်ပြန်ကြေညာထားသည်။ 

အဆိုပါ ထုတ်ပြန်ပြောဆိုချက်များမှာ မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်း ဖြစ်သည်ဟု အာဏာသိမ်းစစ်ကောင်စီ၏ ထုတ်ပြန်ချက်က ဆိုသည်။ myanmar now

ရေစကြိုမှ လူငယ် ၅ ဦး ဖုန်းစစ်ဆေး ရိုက်နှက်ဖမ်းဆီးခံရ

ဇွန် ၅ နံနက်ပိုင်းက မကွေးတိုင်း ရေစကြိုမြို့နယ်တွင် ကွမ်းယာဝယ်ရန် စောင့်ဆိုင်းနေသည့် လူငယ် ၅ ဦးကို စစ်တပ်က ရိုက်နှက်ဖမ်းဆီးသွားကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရသည်။

ရေစကြို-ပခုက္ကူကားလမ်းဘေး ကျောက်လှေခါးရွာအရှေ့ဘက် ရွှေဂူကြီးဘုရားအနီး လူငယ်များရှိနေစဉ် အရပ်ဝတ်နှစ်ဦးနှင့် ယူနီဖောင်းဝတ်စစ်သားများက ကားဖြင့် ရောက်လာကာ ၎င်းတို့၏ ဖုန်းများကို စစ်ဆေးကာ ဖမ်းဆီးသွားကြောင်း အဖမ်းခံရသူများနှင့် နီးစပ်သူတစ်ဦးက Myanmar Now ကို ပြောသည်။

ဖမ်းဆီးခံရသူများမှာ ရေစကြိုမြို့နယ် ထန်းငယ်တောကျေးရွာမှ အသက် ၂၀ အရွယ် ကိုဖိုးချို၊ ၂၂ နှစ်အရွယ် ကိုမင်းဟိန်းတို့ဖြစ်ပြီး အခြား ၃ ဦး၏ အမည်နှင့် နေရပ်ကို မသိရသေးကြောင်း သူက ဆိုသည်။ 

မိသားစုဝင်များက စိတ်ပူ၍ ပခုက္ကူရဲစခန်း၊ ရေစကြိုရဲစခန်တို့ကို ယမန်နေ့က သွားရောက်စုံစမ်းခဲ့ကြောင်း၊ ရေစကြိုအဝင် ဖူလုံရွာ အမှတ် ၂၅၇ တပ်ရင်းတွင် ဖမ်းဆီးထိန်းသိမ်းထားသည်ဟု သိရကြောင်း ၎င်းက ပြောသည်။

“လိုက်စုံစမ်းတဲ့အခါကျတော့ အဲဒီထဲမှာ ရောက်နေတယ်လို့ သိရတယ်။ ဒါပေမဲ့ တွေ့တော့ မတွေ့ရသေးဘူး။ တွေ့ခွင့်မပေးသေးဘူး” ဟု သူက ဆိုသည်။

ရွှေဂူကြီးဘုရားအနီး ခုံတန်းများတွင် လူငယ်များထိုင်လေ့ရှိပြီး စစ်ကောင်စီတပ်က သင်္ကာမကင်းဖြစ်၍ အနီးအနားရှိလူငယ်များကို ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း၊ လူငယ်တချို့ ရိုက်နှက်ခံရခြင်းမှာ Facebook တွင် နိုင်ငံရေးနှင့် ဆက်စပ်သည့် အရေးအသားများ တွေ့ရသောကြောင့် ဖြစ်နိုင်ကြောင်း ဖမ်းဆီးမှုကို မြင်တွေ့ရသူများက ပြောသည်ဟု သူက ပြောသည်။

ထန်းငယ်တောရွာလူငယ်နှစ်ဦးသည် ဆင်းရဲနွမ်းပါးပြီး မည်သည့်အဖွဲ့အစည်းနှင့်မျှ မပတ်သတ်ကြောင်း၊ ယနေ့တိုင် အဆက်အသွယ်မရသဖြင့် အသက်အန္တရာယ်ထိခိုက်မည်ကို မိဘများက စိုးရိမ်နေကြကြောင်း သူက ဆိုသည်။

“မိဘတွေကတော့ ငိုနေတာပေါ့။ သူတို့သားသမီးတွေအတွက် ပူဆွေးသောကရောက်နေတာပေါ့။ မိဘတွေကလည်း ပိုက်ဆံရှိတဲ့အသိုင်းအဝိုင်းကမဟုတ်တော့ ဆင်းဆင်းရဲရဲ ချို့ချို့တဲ့တဲ့ဆိုတော့ ကလေးတွေကလည်း သူငယ်ချင်းတွေက လေ့လွင့်နေတာပါ” ဟု သူက ပြောသည်။ 

ယခုဖမ်းဆီးမှုနှင့် ပတ်သက်၍ စစ်ကောင်စီထံ ဆက်သွယ်မေးမြန်မေးနိုင်ခြင်း မရှိသေးပါ။

ပခုက္ကူ-ရေစကြိုလမ်းတွင် စစ်ဆေးရေးဂိတ်အများအပြားရှိပြီး အမှတ် ၂၅၇ တပ်ရင်းရှေ့၌ အစစ်အဆေးကြမ်းကြောင်း၊ သွားလာရ မလွယ်ကူသဖြင့် ဖမ်းဆီခံရသူများကို လိုက်လံစုံစမ်းရန်လည်း အခက်ကြုံနေကြောင်း နီးစပ်သူများက ပြောသည်။ 

စစ်ကောင်စီတပ်သည် လမ်းသွားလမ်းလာများ၏ ဆိုင်ကယ်နှင့် ကားများကိုသာမက လက်ကိုင်ဖုန်းများကိုပါ စစ်ဆေးတတ်ပြီး ဆန္ဒပြဓာတ်ပုံများ၊ လူမှုကွန်ရက်တွင် ၎င်းတို့ကို ဆန့်ကျင်ရေးသားမှုများတွေ့ပါက ဖမ်းဆီအမှုဖွင့်ကာ ငွေတောင်းတတ်ကြောင်း ကိုယ်တွေ့ကြုံသူများက ဆိုသည်။ 

ရေစကြိုမြို့နယ်သည် အနောက်ဘက်တွင် မြိုင်မြိုနယ်၊ စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်တို့နှင့် ထိစပ်နေပြီး လက်နက်ကိုင်ခုခံစစ်အား ကောင်းသည့် ဒေသတစ်ခုဖြစ်သည်။

မေ ၉ တွင် ချင်းတွင်းမြစ်နှင့် ဧရာဝတီမြစ်ဆုံရာ ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသကို စစ်ကောင်စီက အင်အား ၁၀၀ နီးပါးဖြင့် စစ်ကြောင်းထိုးပြီး ရွာများကိုလည်း မီးရှို့ဖျက်ဆီးခြင်းကြောင့် အိမ်ပေါင်းရာနှင့်ချီ ပျက်စီးခဲ့ရကြောင်း ဒေသခံများက ပြောသည်။

ပြန်ပေးဆွဲငွေတောင်းမှု၊ ရွာမီးရှို့မှုတို့နှင့် ပတ်သက်ပြီး စစ်ကောင်စီက မဟုတ်မှန်ကြောင်း တုံ့ပြန်လေ့ရှိသည်။ myanmar now

« Older Entries