ရွှေဘို မြို့မရဲစခန်းကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ၄၀ မမ ဗုံးသီးများဖြင့် ပစ်ခတ်ရာ အထိအခိုက်ရှိနိုင်ဟုဆို
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ရှိ ရွှေဘို မြို့မရဲစခန်းကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ က ၄၀ မမ ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စခန်းတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ အထိအခိုက်ရှိနိုင်ကြောင်း Black Wolf PDF ထံမှ သိရသည်။
ရွှေဘိုမြို့မရဲစခန်းကို Black Wolf PDF မှ အထူးတပ်သားများနှင့် ရွှေဘိုခရိုင် တပ်ရင်း(၅) တပ်ခွဲ(၁) တို့ ပူးပေါင်းကာ မေလ ၇ ရက် နံနက်ပိုင်းက သွားရောက် တိုက်ခ်ိုက်ခဲ့ခြင်း ဖြစ်သည်။
“ရွှေဘို မြို့မရဲစခန်းကို မေလ ၇ ရက်နေ့ မနက် ၄ နာရီလောက်မှာ ကျွန်တော်တို့ ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေ သွားရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ စခန်းနဲ့ မီတာတစ်ရာ အကွာအဝေးကနေ ၄၀ မမ ငါးလုံး နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ စခန်းအတွင်း နေရာစုံကို ကျရောက်ခဲ့ပြီး အထိအခိုက်စာရင်းတော့ မသိရသေးပါဘူး” ဟု Black Wolf PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
၄၀ မမ ဗုံးသီး ငါးလုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှုအတွင်း ရဲစခန်းတွင်းမှ ပြန်လည်ပစ်ခတ်မှုများ ပြုလုပ်နိုင်ခဲ့ခြင်း မရှိခဲ့ဘဲ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
ပစ်ခတ်တိုက်ခိုက်မှုကြောင့် စခန်းတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ထိခိုက်သေဆုံးမှုနှင့် အပျက်အစီး အခြေအနေများကို အသေးစိတ် မသိရှိရသေးကြောင်းလည်း Black Wolf PDF တာဝန်ရှိသူက ဆိုသည်။
ရွှေဘိုမြို့မရဲစခန်းတွင် စခန်းချနေထိုင်လျက်ရှိသည့် စစ်ကောင်စီတပ်နှင့် ရဲများသည် ရွှေဘိုမြို့နယ်အတွင်းရှိ ပြည်သူများကို ဖိနှိပ်ခြင်း နှင့် စစ် ဆေးမှုများတွင် ဖိအားပေးခြိမ်းခြောက်ခြင်းများ ပြုလုပ်နေသောကြောင့် တိုက်ခိုက်ရခြင်း ဖြစ်ကြောင်း ကာကွယ်ရေးတပ်ဖွဲ့များက သတင်းထုတ်ပြန်ထားသည်။
လက်ရှိအချိန်တွင် စစ်ကောင်စီတပ်က ရွှေဘိုမြို့အတွင်း လုံခြုံရေး တိုးမြင့်ချထားကာ စစ်ဆေးမှုများ တင်းကျပ်စွာ လုပ်ဆောင်နေကြောင်း ဒေသခံများထံမှ သိရသည်။ mizzima