Monthly Archives: Jun 2022

မဲဆောက်မြို့ရောက် ကလေးငယ်များကို ပညာ သင်ကြားပေးနေသည့် မင်းသုဝဏ်စာသင် ကျောင်း

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၊ မယ်ကုရွာတွင်တည်ရှိသည့် မင်းသုဝဏ်ကျောင်းတွင် စစ်ဘေးရှောင် ကလေးများနှင့် ရွှေ့ပြောင်းလုပ်သားများ၏ ကလေးများ ပညာသင်ယူလျက်ရှိသည်။

“ ကျောင်းမတက်နိုင်သေးတဲ့ စစ်ရှောင်ကလေးတွေ၊ အဖေတွေ အမေတွေအလုပ်သွားလို့ အိမ်မှာကျန်ခဲ့တဲ့ ကလေးတွေကို အိမ်တိုင်ရာရောက်ခေါ်ပြီး စာသင်ကြားပေးနေတာပါ ” ဟု ကျောင်းရဲ့ ဒါရိုက်တာ ဖြစ်သူ ဆရာတေ ကပြောသည်။

အဆိုပါ စာသင်ကျောင်းတွင် KG (သူငယ်တန်း) မှ ခြောက်တန်းအထိ ကျောင်းတက်ရောက်နေသူ ကလေးငယ် ဦးရေ ၈၀ ဝန်းကျင်ကို ဆရာ၊ ဆရာမအင်အား လေးဦးနှင့် ပညာသင်ကြားပေးနေကြောင်းသိရသည်။ mizzima

ကန်ပက်လက်မြို့နယ်၊ အထက်လက်မွန်ရွာအ နီးတွင် စစ်ကောင်စီစစ်ကြောင်းနှင့် CDF ကန်ပက်လက် ပူးပေါင်းတပ်ဖွဲ့ကြား ၂ ကြိမ်တိုက်ပွဲဖြစ်ပြီး စစ်သား ၉ ဦး သေဆုံး၊ စစ်တပ်က ရွာ သားများကို ဓါးစားခံလုပ် ဖမ်းဆီးထား

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ အထက်လက်မွန်ကျေးရွာအနီးတွင် အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းနှင့် CDF ကန်ပက်လက် ပူးပေါင်းတပ်ဖွဲ့ကြား ယနေ့ ဇွန်လ ၉ ရက်တွင် တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ၉ ဦး သေဆုံးကြောင်း CDF ကန်ပက်လက်က သတင်းထုတ်ပြန်သည်။

အင်အား ၁၈၅ ဦးပါသော စစ်ကောင်စီစစ်ကြောင်းကို CDF ကန်ပက်လက်၊ The Youth Force(Saw,Kyaukhtu)၊ PDF ညောင်ရမ်း၊ Saw PDFတပ်ရင်း ၂ (YRPA) တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နံနက် ၁၀ နာရီမှ ၁၁ နာရီအထိ ၁ ကြိမ် ညနေ ၅ နာရီမှ ၆ နာရီအထိ ၁ ကြိမ် ဖြစ်ပွားပြီး စစ်သား ၉ ဦးသေဆုံးကာ ဒဏ်ရာရသူများလည်း ရှိနိုင်ကြောင်း CDF ကန်ပက်လက်က ဆိုသည်။

အဆိုပါ တိုက်ပွဲ ၂ ကြိမ်တွင် CDF ကန်ပက်လက် ပူးပေါင်းအဖွဲ့မှ ထိခိုက်မှုမရှိကြောင်း စစ်ကောင်စီတပ်ဖွဲ့များသည် လက်မွန်ရွာရှိ အပြစ်မဲ့ပြည်သူများကို ဓါးစာခံလုပ်ကာ ဖမ်းဆီးထားကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်တပ်သည် လက်မွန်ရွာရှိ အများပြည်သူပိုင် အိမ်မွေးတိရစ္ဆာန်များကို ခိုးယူသတ်ဖြတ်စားသောက်နေပြီး အထက်လက်မွန်ကျေး ရွာအနီးတွင် တပ်စွဲထားခြင်းကြောင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနိုင်ကြောင်း CDF ကန်ပက်လက်က သတင်းထုတ်ပြန်သည်။khit thit

အကြမ်းဖက်သမားဟုစွပ်စွဲကာ ရေး-ထားဝယ်လမ်းပိုင်းတွင် လူပုဂ္ဂိုလ် ၃၀ နီးပါးကိုစစ်တပ်က ဝရမ်းကပ်

ရေးမြို့နယ်၊ ရေး-ထားဝယ် တံတားထိပ် အများပြည်သူ ဖြတ်သန်း အသုံးပြု နေသည့်နေရာတွင် CDM ပြုလုပ်ထားသော ဝန်ထမ်းများအပါအဝင် လူပုဂ္ဂိုလ် ၃၀ နီးပါးကို လူသတ် အကြမ်းဖက်သမားများဟု စွပ်စွဲပြီး စစ်တပ်မှ ၀ရမ်းကပ်ထားကြောင်း ဒေသခံများထံက သိရသည်။

အဆိုပါ စစ်ကောင်စီ ၀ရမ်းကပ် ထုတ်ပြန်ထား သူများထဲတွင် ရေးမြို့နယ်မှ CDM ဒုပညာရေးမှူး၊ ထွေအုပ် စာရေးဝန်ထမ်းများ၊ NLD ပါတီဝင်များနှင့် နိုင်ငံရေးတက်ကြွ လှုပ်ရှားသူများ ပါဝင်နေသည်ဟု သိရသည်။

“ ရေးတံတားကြီး ထိပ်မှာ လူသတ် အကြမ်းဖက် အဖွဲ့စည်း ဆိုပြီး စစ်တပ်က ပုံတွေကို လိုက်ကပ်ပြီး ဒီလို မဟုတ်တမ်း တရား စွပ်စွဲချက်တွေနဲ့ ဝါဒဖြန့် နေတာပါ။ လူသုံးဆယ် နီးပါးလောက် ရှိမယ်။ အမျိုးသမီးက လေးငါး ယောက်လောက် ပါတယ်” ဟု ရေးမြို့နယ် ဒေသခံတစ်ဦးက ပြောသည်။

ထိုအပြင် ၀ရမ်းထုတ် ကပ်ခံရသူများ၏ စာရင်းကို ရေးမြို့နယ်အတွင်းရှိ ရပ်/ကျေး အုပ်ချုပ်ရေးအဖွဲ့များထံ ပေးပို့ထားကြောင်းလည်း ဒေသခံများထံမှသိရသည်။

“အဓိကသူတို့ ၀ရမ်းကပ်ထားတာ ကြည့်မယ် ဆိုရင် NLD လွှတ်တော် ကိုယ်စားလှယ်လောင်း ဖြစ်ခဲ့တဲ့ ကျွန်တော် အပါအဝင် ငါးယောက်စလုံးကို ထိပ်မှာ ကပ်ပြီးတော့ ကျန်တဲ့ လူတွေကို ထည့်ထားတာ ဖြစ်တာမို့ NLD ကို ပိုပြီးတော့ ပစ်မှတ်ထားတယ်လို့ မြင်ပါတယ်” ဟု ၀ရမ်းကပ်ခံထားရသူများထဲ ပါဝင်သူ ရေးမြို့နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦးက ပြောသည်။

အဆိုပါ ဗီနိုင်းပုံပါ ၀ရမ်းကပ်ခံရသူများ၏ ဓာတ်ပုံများကို စစ်ကောင်စီက လာရောက်ကပ်ထားသည်မှာ တစ်ပတ်နီးပါးရှိနေပြီး ဖြစ်ကြောင်းလည်းသိရသည်။mizzima

တောင်သာမြို့နယ် မြေစာရင်းရုံးတွင် ဗုံးပေါက် ကွဲ၊ ဒုဦးစီးမှူး အပါအဝင် ၇ ဦး ဒဏ်ရာရ

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ မိတ္ထီလာ-တောင်သာ-မြင်းခြံ ကားလမ်းပေါ်ရှိ မြို့နယ် မြေစာရင်းရုံးဝင်းအတွင်း ဇွန် ၉ ရက် မနက် ၁၁ နာရီကျော်က ဗုံးပေါက်ကွဲမှုကြောင့် မြေစာရင်းဦးစီးဌာန ဒုဦးစီးမှူး အပါအဝင် ၇ ဦး ထိခိုက်ဒဏ်ရာရှိခဲ့ပြီး အသက်အန္တရာယ် စိုးရိမ်ရသူတွေလည်း ရှိပါတယ်။

ဗုံးပေါက်ကွဲမှုကြောင့် ဒုဦးစီးမှူး ဦးစောနိုင်ထွေးမှာ ဦးခေါင်းပေါက်ပြဲဒဏ်ရာ၊ ရင်ဘတ် ပေါက်ပြဲဒဏ်ရာ၊ လက်ထောက်ဦးစီးမှူး ဦးမင်းနိုင်မှာ ဝမ်းဗိုက်ဖောက်ဝင်ဒဏ်ရာ၊  ဦးလှဝင်း ဆိုသူမှာ ဦးခေါင်းနဲ့ ပခုံး ပေါက်ပြဲဒဏ်ရာများ ရရှိကြပြီး စိုးရိမ်ရတဲ့အတွက် မိတ္ထီလာဆေးရုံကြီးမှာ တင်ပို့ ထားရတယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတဦးက ပြောပါတယ်။

ဒါ့အပြင် လက်ထောက်ဦးစီးမှူး၊ မြေတိုင်းနဲ့ အုပ်ချုပ်ရေးမှူး စုစုပေါင်း ၄ ဦးမှာ မစိုးရိမ်ရတဲ့ ဒဏ်ရာတွေ ရရှိခဲ့ပြီး တောင်သာဆေးရုံမှာ တင်ပို့ထားတယ်လို့ သိရပါတယ်။ DVB

ဝက်လက် ချောင်းမီးတိုရွာကို စစ်တပ်က မီးတင်ရှို့နေပြီး ရွာလုံးကျွတ် ထွက်ပြေးနေရ

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် ချောင်းမီးတိုကျေးရွာကို အကြမ်းဖက် စစ်တပ်က ယနေ့ ဇွန်လ ၉ ရက်နေ့ ညနေ ၆ နာရီခန့်တွင် ဝင်ရောက် စီးနင်းပြီး မီးရှို့ဖျက်ဆီးနေသောကြောင့် ရွာလုံးကျွတ် ထွက်ပြေး တိမ်းရှောင်နေရကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အကြမ်းဖက် စစ်တပ်သည် ချောင်းမီးတိုရွာကို Faw ကား ၂ စီးဖြင့် ဝင်ရောက် စီးနင်းခဲ့ခြင်းဖြစ်ပြီး ပြည်သူပိုင် နေအိမ်များ မီးလောင် ဆုံးရှုံးမှုများ နိုင်ကြောင်း သိရသည်။

” ဒီနေ့ ညနေ ၆ နာရီလောက်က စစ်ခွေးတွေ Faw ကား ၂ စီးနဲ့ ရွာထဲကို ရောက်လာပြီး ရွာကို မီးရှို့နေတာ ပြည်သူတွေ ထိခိုက်မှု ရှိမရှိတော့ အတည် မပြုနိုင်သေးဘူး။ Faw ကား ၂ စီး နဲ့ အတင်းဝင်လာပြီး ရှို့နေတာဗျ အခုထိရွာထဲမှာရှိသေးတယ်။ မီးက လောင်နေတုန်းပဲ”ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။

အကြမ်းဖက် စစ်တပ် ဝင်ရောက် စီးနင်း မီးရှို့နေသောချောင်းမီးတိုရွာတွင် အိမ်ခြေ ၃၀၀ ခန့်ရှိကာ မီးကူးစက် လောင်ကျွမ်းမှုကြောင့် အိမ်ခြေ အများအပြား မီးလောင်ပြာကျနိုင်​​ကြောင်း၊ ဒေသခံ ပြည်သူများက ၎င်းတို့ နေအိမ်များ မီးလောင်ကျွမ်းနေသည်ကို အဝေးကနေသာ ထိုင်ကြည့်နေရကြောင်း ဒေသခံများက ပြောဆိုသည်။ khit thit

ဂန့်ဂေါတွင် ဒေသကာကွယ်ရေးတပ်များ၏ ကြိုတင်စီစဉ်တိုက်ခိုက်မှုကြောင့် စစ်သားနှင့် ပျူစောထီးများ ထိခိုက်သေဆုံး

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်တွင် ယမန်နေ့ ဇွန်လ ၈ ရက်က ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့များ၏ ကြိုတင်စီစဉ်တိုက်ခိုက်ခဲ့မှုကြောင့် စစ်ကောင်စီတပ်သားနှင့်ပျူစောထီးများ ထိခိုက်သေဆုံးမှုရှိခဲ့ကြောင်း PEOPLE’S DEFENCE FORCE – GANGAW BATTALION တပ်ရင်း ၇ဝ၁ ၏ ယာယီဒုတပ်ရင်းမှူး ဗိုလ်ဇွဲက မဇ္ဈိမကို ပြောသည်။

ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့များက စစ်ကောင်စီတပ်သားနှင့် ပျူစောထီးအင်အား ၁၅ဝ ခန့်ပါ စစ်ကြောင်းကို ဇွန်လ ၈ ရက် နံနက် ၇ နာရီခန့်တွင် ပဒေသာမိုင်း၊ ဒရုန်းနှင့် လက်နက်ကြီး လက်နက်ငယ် များ အသုံးပြုတိုက်ခိုက်ခဲ့ရာ စစ်သားနှင့် ပျူစောထီး ၁ဝ ဦးထက်မနည်း သေဆုံးကာထိခိုက်ဒဏ်ရာမှုများ ရှိနိုင်ကြောင်း ယာယီဒုတပ်ရင်းမှူး ဗိုလ်ဇွဲက ဆိုသည်။

“ရဲလှနဲ့ မွေ့လှယ်ကြားမှာပေါ့ ကျွန်တော်တို့က မိုင်းကွင်းတွေ ဖော်ထားတယ်။ ပထမဆုံး ကျွန်တော်တို့က ဒရုန်းနဲ့ဗုံးသီးချပြီးမှ တိုက်ခိုက်တယ်။ ကစဉ့်ကလျားဖြစ်တဲ့အချိန်မှာ သူတို့ မိုင်းကွင်းထဲရောက်လာတယ်။ ကျွန်တော်တို့မိုင်းဆွဲလိုက်တယ်ပေါ့။ အဲ့ဒီအချိန်မှာ စစ်သား ၁ဝ ယောက်ကျော်လောက် ထိတယ်ပေါ့နော်။ လဲကျသွားတာ မြင်ရပါတယ်။ ပြီးတော့ ဒရုန်းနဲ့ ဗုံးသီးချတဲ့အချိန်မှာ နှစ်ယောက် ပွဲချင်းပြီးသေတယ်” ဟု ၎င်းက ပြောသည်။

ကြိုတင်စောင့်ဆိုင်းတိုက်ခိုက်ခံလိုက်ရသည့် စစ်ကောင်စီတပ်များကပြန်လည်ပစ်ခတ်သည့်အတွက် မိနစ် ၂ဝ ခန့်ကြာ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့သည်ဟု PEOPLE’S DEFENCE FORCE – GANGAW BATTALION တပ်ရင်း ၇ဝ၁ ၏ ယာယီ ဒုတပ်ရင်းမှူးက ပြောသည်။

ယင်းစစ်ကောင်စီစစ်ကြောင်းမှာ မွန်းလွဲ ၃ နာရီဝန်းကျင်တွင် မွှေ့လယ်ရွာမှ ရေရှင်ရွာဘက်သို့ ပြန်လည် ထွက်ခွာရာတွင် ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့များက ဒရုန်းဖြင့်ဗုံးသီးချကာ ထပ်မံတိုက်ခိုက်ခဲ့သည့် အတွက် စစ်သားနှင့် ပျူစောထီး ငါးဦးခန့် ထပ်မံသေဆုံးခဲ့သည်ဟု ဆိုသည်။

ဂန့်ဂေါနယ်တဝိုက်တွင် လတ်တလော၌ စစ်ကောင်စီစစ်ကြောင်းသုံးကြောင်းခန့်က လှည့်ပတ်စစ်ကြောင်း ထိုးနေကြောင်း ဗိုလ်ဇွဲကပြော သည်။

ပြည်သူများအနေဖြင့် ကာကွယ်ရေးတပ်ဖွဲ့များ အဓိကလိုအပ်နေသည့် လက်နက်ပစ္စည်းများအတွက် တတ်နိုင်သလောက် ကူညီပေးကြရန်လည်း ၎င်းက တိုက်တွန်းပြောကြားသည်။

“ကျွန်တော်တို့ အဓိကလိုတာကတော့ လက်နက်ပေါ့။ လက်နက်အင်အား နည်းတယ်။ လုပ်နိုင်တဲ့သူက ကျွန်တော်တို့မှာ အများကြီးရှိတယ်။ တတ်နိုင်သလောက် ကူညီကြပါလို့ပဲ ပြောချင်ပါတယ်” ဟု ၎င်းက ပြောသည်။

ယခုတိုက်ခိုက်မှုကို အနောက်ပိုင်းတိုင်းစစ်ဒေသ(ခွဲ) တပ်ရင်း- ၇၀၁ PEOPLE’S DEFENCE FORCE – GANGAW BATTALION (YRPA)၊ တပ်ရင်း-၇၀၄၊ တပ်ရင်း-၇၀၆/HYPER UAV FORCE နှင့် YPDF စသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။ mizzima

တမူးမြို့နယ်အတွင်းရှိ စစ်ကောင်စီစခန်းကို ကာကွယ်ရေးတပ်ဖွဲ့ ဝင်ရောက်ပစ်ခတ်

စစ်ကိုင်းတိုင်း တမူးမြို့နယ် ကွန်းတောင်းရွာရှိ စစ်ကောင်စီတပ်စခန်းအား သွားရောက် ပစ်ခတ်တိုက်ခိုက် ခဲ့ကြောင်း ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

ဇွန်လ ၈ ရက် ည ၁၀ နာရီခန့်တွင် ကွန်းတောင်းရွာရှိ အင်အား ၁၆ ဦးခန့်ရှိသည့် စစ်ကောင်စီတပ်စခန်း အား သိမ်းယူရန်သွားရောက်ခဲ့သော် လည်း လက်နက်အင်အားမမျှသည့်အတွက် ပြန်လည်ဆုတ်ခွာလာခဲ့ရ ကြောင်း ဆိုသည်။

“ကျနော်တို့မှာရှိတဲ့ နက်လက်ကြီးနဲ့ပစ်ပြီး စခန်းနားကိုကပ်ပြီး သိမ်းဖို့ကြိုစားခဲ့တာ။ သူတို့က လက်နက် ကြီးရော စက်လတ်တွေနဲ့ပါ ပြန်ပစ်တဲ့အတွက် ပြန်ဆုတ်လာခဲ့ရတာ” ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (တမူး)တပ်ရင်း(၁)မှ ဗိုလ်ဘမာန်က မဇ္စျိမကိုပြောသည်။

အပြန်အလှန်ပစ်ခတ်ချိန် ၂၅ မိနစ်ခန့်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်စခန်းအတွင်းမှ ၆၀ မမနှင့် စက်လတ် များဖြင့် ပြန်လည်ပစ်ခတ်ခဲ့၍ ကာ ကွယ်ရေးတပ်ဖွဲ့မှယှဉ်၍မပစ်ခတ်နိုင်သောကြောင့် စခန်းအနီးသို့ ချဉ်း ကပ်ရန်မလွယ်ကူကြောင်း ဆိုသည်။

ယမန်နေ့က တမူး – ကလေး ကားလမ်းတွင် ကာကွယ်ရေးတပ်ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ် အကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး တပ် ရင်း(၁)အနေဖြင့် ညတွင်တိုက်ပွဲဖော်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

ဇွန်လ ၈ ရက်နေ့က တမူးမြို့နယ်အတွင် ရန်လင်းဖိုင်၊ ပန်းသာ၊ စစ်တပ်ကုန်း၊ မြေနီကုန်း စသည့်နေရာ များတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(တမူး) တပ်ရင်း ၂ ၊ ၃ ၊ ၄ နှင့် MFA ၊ ကျောင်း သားတပ်ဖွဲ့ BSO ၊ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဉီး ABSDF၊ ပကဖများနှင့် တိုက်ပွဲများပြင်းထန်ခဲ့ ကြောင်း သိရသည်။

တမူးမြို့ မြေနီကုန်းတွင် စစ်ကောင်စီတပ်မှလက်နက်ကြီးဖြင့်ပစ်ခတ်သဖြင့် လူနေအိမ်နှစ်လုံးပျက်စီးခဲ့ပြီး ဇွန်လ ၉ ရက် ယနေ့ နံနက်ပိုင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(တမူး) တပ်ရင်း(၁)စခန်းဖက်သို့ တော လမ်းမှတစ်ဆင့် စစ်ကောင်စီတပ်များမှ ချဉ်းကပ်လာနေကြောင်း ဒေသတွင်းသတင်းများကဆိုသည်။

မိဘပြည်သူများအနေဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(တမူး) တပ်ရင်း ၁ , ၂ , ၃ , ၄ , တို့မှ ထုတ်ပြန်ထား သည့် စည်းကမ်းများအား လိုက်နာစေလိုကြောင်း၊ အထူးသဖြင့် ယခုကဲ့သို့တိုက်ပွဲများဖြစ်ပွားချိန်၊ စစ်ရေး တင်းမာနေချိန်တွင် အတတ်နိုင်ဆုံး ခရီးသွားလာခြင်းများရှောင်ကြဉ်ပေးပါရန် မေတ္တာရပ်ခံလိုကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(တမူး)တပ်ရင်း(၁)မှ ဗိုလ်ဘမာန်ကပြောကြားသည်။ mizzima

အမေရိကန်နိုင်ငံခြားရေး အတိုင်ပင်ခံပုဂ္ဂိုလ် ထိုင်း-မြန်မာနယ်စပ် မဲ့လဒုက္ခသည်စခန်းသို့ သွားရောက်

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံပုဂ္ဂိုလ် ဒဲရစ်ချောလက်ဟာ ဇွန် ၉ ရက် ဒီနေ့ မြန်မာ-ထိုင်းနယ်စပ် မြဝတီတဘက်ကမ်း ထိုင်းနိုင်ငံ၊ တာခ်ခရိုင်၊  တာဆောင်ယမ်းမြို့ရှိ မဲ့လဒုက္ခသည်စခန်းကို သွားရောက်ခဲ့ပါတယ်။

အမေရိကန်နိုင်ငံခြားရေးတာဝန်ခံအတိုင်ပင်ခံပုဂ္ဂိုလ်နဲ့အတူ   ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး မိုက်ကယယ်ဟဲ့သ်  လည်း လိုက်ပါလာပြီး မြန်မာနိုင်ငံက ဒုက္ခသည်တွေ နေထိုင်နေရတဲ့ အခြေအနေနဲ့ ကျန်းမာရေးဌာနတွေကို  သွားရောက်လေ့လာ ကြည့်ရှုသွားပါတယ်။

မြန်မာ-ထိုင်းနယ်စပ် တာခ်ရိုင်အတွင်းမှာ  နို့ဖိုးစခန်း၊ အုန်းဖျန်စခန်းနဲ့  မဲ့လစခန်းဆိုပြီး မြန်မာစစ်ဘေး ဒုက္ခသည်စခန်း ၃ ခုရှိရာမှာ မဲ့လစခန်းက ဒုက္ခသည်  ၂၇၀၀၀ ကျော်ခိုလှုံနေတဲ့ အကြီးဆုံး စခန်းဖြစ်ပါတယ်။

မဲ့လဒုက္ခသည်စခန်းမှာ  စစ်ပွဲတွေနဲ့ ပဋိပက္ခတွေအတွင်း မြန်မာစစ်တပ်ရဲ့ ရွာတွေမီးရှို့၊ ဖမ်းဆီးသတ်ဖြတ်အကြမ်းဖက်မှုနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးလာခဲ့ကြတဲ့ မြန်မာပြည်က တိုင်းရင်းသားပြည်သူတွေ ဆယ်စုနှစ်တွေနဲ့ချီပြီး နေထိုင်နေကြတာလည်းဖြစ်ပါတယ် ။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံပုဂ္ဂိုလ် ဒဲရစ်ချောလက်ဟာ ဇွန် ၇ ရက်မှ  ၁၄ ရက်အထိ အာဆီယံ ၃ နိုင်ငံဖြစ်တဲ့ ထိုင်း၊ စင်ကာပူနဲ့ ဘရူနိုင်းနိုင်ငံတွေကို ခရီးလှည့်နေတာ ဖြစ်ပါတယ်။

ဒီခရီးစဉ်မှာ မြန်မာပြည် ဒီမိုကရေစီပြန်လည်ရရှိရေးအပါအဝင် ပြီးခဲ့တဲ့လက ဝါရှင်တန်ဒီစီမှာ ကျင်းပ ပြီးစီးခဲ့တဲ့ အမေရိကန်-အာဆီယံ ထိပ် သီးအထူးအစည်းအဝေး ဆုံးဖြတ်ချက်တွေကို ဆက်လက်ပြီးတော့ အကောင်အထည်ဖော် ဆောင်ရွက်ရေးတွေကို ဆွေးနွေးသွားဖို့ ရှိနေတယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနက ထုတ်ပြန်ထားပါတယ်။

အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ ထိုင်းနိုင်ငံမှာတော့ အစိုးရထိပ်တန်းအကြီးအကဲတာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံအရေးကိစ္စတွေကို ဆွေးနွေးသွားမှာဖြစ်ပြီး မြန်မာပြည်သူတွေကို ကူညီနိုင်ရေးအတွက် အမေရိကန်ရဲ့ အားထုတ်ကြိုးပမ်းမှုအပေါ် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းတွေ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့လည်း တွေ့ဆုံသွားဖို့ ရှိနေတယ်လို့ ဆိုပါတယ်။ DVB

တာဝေးပစ် Rocket များထုတ်လုပ်နေပြီဖြစ်ကြောင်း ဆရာစံ-PDF ပြော

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အတွင်းရှိ ဒေသကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့် ဆရာစံ- PDF သည် လေးမိုင်မိုင်နှင့် ခုနစ်မိုင်ပစ် (တာဝေးပစ်) Rocket များ ကြိုးပမ်းထုတ်လုပ်နေကြောင်း သိရသည်။

မိုးတွင်းကာလ၌ တူမီးသေနတ်များသည် မိုးရေစိုပါက ပစ်မရ၍ စစ်ကောင်စီနှင့် ယှဉ်တိုက်ရန် ခက်ခဲခြင်းကြောင့် တာဝေးပစ်လက်နက်များကို ဦးစားပေးထုတ်လုပ်နေခြင်းဖြစ်ကြောင်း ဆရာစံ- PDF တာဝန်ရှိသူကဆိုသည်။

“ လှုပ်ရှားမူကတော့ မိုးတွင်းပိုင်းဆိုတော့ သိပ်အဆင်ပြေသေးဘူး။ ပစ္စည်းတွေ များများရအောင် စုနေပါတယ်။ထုတ်လုပ်ရေးကတော့ တာဝေး ROCKET တွေထုတ်နေပါတယ်။ ထုတ်လုပ်ရေးပိုင်းမှာ အထူးကြိုးစားနေပါတယ်။ အခက်ခဲတွေကတော့များကြီးပါပဲ။ ပစ္စည်းဈေးတွေက တက် ပြီ။ ငွေအလုံလောက်မရှိတော့ ဝယ်ယူဖို့မလွယ်ကူပါဘူး။ သယ်ယူမူအပိုင်းတွေကတော့ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ချိတ်ပြီးသယ်ယူပါတယ်။ ခုဆိုရင် ယမ်းတစ်အိပ်ဝယ်ဖို့ မလွယ်ပါဘူး အရင်စောပိုင်း သုံးသိန်း ကျော်က ခုဈေး ၁၀ သိန်းနားရောက်နေပါပီ။ နှစ်မိုင်ပစ်ကတော့ အလုံး40ထုတ်ပြီးပါပြီ။ လေးမိုင် ပစ်နဲ့ ခုနစ်မိုင် ပစ်ကတော့ ထုတ်လုပ်ဖို့ ပစ္စည်းတွေ စုနေတုန်းပါ ” ဟု ဆရာစံ- PDF တာဝန်ရှိသူက ပြောပြသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) မှ ဆရာစံ-PDF ကို ၂၀၂၂ခုနှစ် မတ်လ ၄ ရက်နေ့က သိန်း၂၀ ထောက်ပံ့ခဲ့ဖူးကြောင်း၊ ဒေသကာကွယ်ရေးရဲဘော်များ စားသောက်ရေးအပိုင်းကိုမူ ဒေသခံပြည်သူများမှ လှူဒါန်းထောက်ပံ့ပေးကြောင်း ၎င်းကဆက်လက်ဆိုသည်။

အလှူရှင်ပြည်သူများမှ လှူဒါန်းလိုက်သည့် ငွေကြေးများဖြင့် လက်နက်ထုတ်လုပ်ရေး အတွက်လိုအပ်သည့် ယမ်းမှုန့်များ၊ တခြားလိုအပ်သည့် ပစ္စည်းအမျိုးမျိုးဝယ်ခြင်းတို့ကြောင့် ရဲဘော်များအတွက် PDF ဝတ်စုံများ ဆင်ပေးနိုင်ခြင်းမရှိသေးကြောင်းလည်း ပြောပြသည်။

“ ခံယူချက်နဲ့ ရှေ့ဆက်မည်… အမှန်တရားကို လက်ကိုင်စွဲသည် ” ဟူသော စာသားကို စွဲကိုင်ကာ ဆက်လက်တော်လှန်နေကြောင်း ဆရာစံ- PDF တာဝန်ရှိသူကဆိုသည်။

ဆရာစံပြည်သူ့ကာကွယ်ရေးတပ်သည် တူမီးသေနတ် ၅ ဒသမ ၅၆ ကျည်တစ်တောင့်ထိုး၊ ၇ ဒသမ ၆၂ ကျည်တစ်ထောင့်ထိုး သေနတ်များအပြင် လက်နက်ကြီးအပိုင်းတွင် စိန်ပြောင်း၊ Rocket၊ တာဝေးစိန်ပြောင်း၊ Mytel မမ စသည့်လက်လုပ်လက်နက် အမျိုးမျိုးကို ထုတ်လုပ်ခဲ့ဖူးသည်။ mizzima

« Older Entries