တာဝေးပစ် Rocket များထုတ်လုပ်နေပြီဖြစ်ကြောင်း ဆရာစံ-PDF ပြော
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အတွင်းရှိ ဒေသကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့် ဆရာစံ- PDF သည် လေးမိုင်မိုင်နှင့် ခုနစ်မိုင်ပစ် (တာဝေးပစ်) Rocket များ ကြိုးပမ်းထုတ်လုပ်နေကြောင်း သိရသည်။
မိုးတွင်းကာလ၌ တူမီးသေနတ်များသည် မိုးရေစိုပါက ပစ်မရ၍ စစ်ကောင်စီနှင့် ယှဉ်တိုက်ရန် ခက်ခဲခြင်းကြောင့် တာဝေးပစ်လက်နက်များကို ဦးစားပေးထုတ်လုပ်နေခြင်းဖြစ်ကြောင်း ဆရာစံ- PDF တာဝန်ရှိသူကဆိုသည်။
“ လှုပ်ရှားမူကတော့ မိုးတွင်းပိုင်းဆိုတော့ သိပ်အဆင်ပြေသေးဘူး။ ပစ္စည်းတွေ များများရအောင် စုနေပါတယ်။ထုတ်လုပ်ရေးကတော့ တာဝေး ROCKET တွေထုတ်နေပါတယ်။ ထုတ်လုပ်ရေးပိုင်းမှာ အထူးကြိုးစားနေပါတယ်။ အခက်ခဲတွေကတော့များကြီးပါပဲ။ ပစ္စည်းဈေးတွေက တက် ပြီ။ ငွေအလုံလောက်မရှိတော့ ဝယ်ယူဖို့မလွယ်ကူပါဘူး။ သယ်ယူမူအပိုင်းတွေကတော့ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ချိတ်ပြီးသယ်ယူပါတယ်။ ခုဆိုရင် ယမ်းတစ်အိပ်ဝယ်ဖို့ မလွယ်ပါဘူး အရင်စောပိုင်း သုံးသိန်း ကျော်က ခုဈေး ၁၀ သိန်းနားရောက်နေပါပီ။ နှစ်မိုင်ပစ်ကတော့ အလုံး40ထုတ်ပြီးပါပြီ။ လေးမိုင် ပစ်နဲ့ ခုနစ်မိုင် ပစ်ကတော့ ထုတ်လုပ်ဖို့ ပစ္စည်းတွေ စုနေတုန်းပါ ” ဟု ဆရာစံ- PDF တာဝန်ရှိသူက ပြောပြသည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) မှ ဆရာစံ-PDF ကို ၂၀၂၂ခုနှစ် မတ်လ ၄ ရက်နေ့က သိန်း၂၀ ထောက်ပံ့ခဲ့ဖူးကြောင်း၊ ဒေသကာကွယ်ရေးရဲဘော်များ စားသောက်ရေးအပိုင်းကိုမူ ဒေသခံပြည်သူများမှ လှူဒါန်းထောက်ပံ့ပေးကြောင်း ၎င်းကဆက်လက်ဆိုသည်။
အလှူရှင်ပြည်သူများမှ လှူဒါန်းလိုက်သည့် ငွေကြေးများဖြင့် လက်နက်ထုတ်လုပ်ရေး အတွက်လိုအပ်သည့် ယမ်းမှုန့်များ၊ တခြားလိုအပ်သည့် ပစ္စည်းအမျိုးမျိုးဝယ်ခြင်းတို့ကြောင့် ရဲဘော်များအတွက် PDF ဝတ်စုံများ ဆင်ပေးနိုင်ခြင်းမရှိသေးကြောင်းလည်း ပြောပြသည်။
“ ခံယူချက်နဲ့ ရှေ့ဆက်မည်… အမှန်တရားကို လက်ကိုင်စွဲသည် ” ဟူသော စာသားကို စွဲကိုင်ကာ ဆက်လက်တော်လှန်နေကြောင်း ဆရာစံ- PDF တာဝန်ရှိသူကဆိုသည်။
ဆရာစံပြည်သူ့ကာကွယ်ရေးတပ်သည် တူမီးသေနတ် ၅ ဒသမ ၅၆ ကျည်တစ်တောင့်ထိုး၊ ၇ ဒသမ ၆၂ ကျည်တစ်ထောင့်ထိုး သေနတ်များအပြင် လက်နက်ကြီးအပိုင်းတွင် စိန်ပြောင်း၊ Rocket၊ တာဝေးစိန်ပြောင်း၊ Mytel မမ စသည့်လက်လုပ်လက်နက် အမျိုးမျိုးကို ထုတ်လုပ်ခဲ့ဖူးသည်။ mizzima