Monthly Archives: Jun 2022

စစ်ခေါင်းဆောင်၏နေအိမ် ရာခိုင်နှုန်း ၇၀ ကျော် ရှယ်ယာရောင်းချထားဟု NUG ပြော

အာဏာသိမ်း အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ရန်ကုန်မြို့ အင်းယားလမ်း နေအိမ်ကို NUG အစိုးရက  ရောင်းချနေရာမှာ လတ်တလောအချိန်ထိ အမေရိကန်ဒေါ်လာ ၇ သန်းဖိုး၊ ၇၀ ရာခိုင်နှုန်းကျော်ထိ ရှယ်ယာရောင်းချထားရပြီး ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင် မတရားသဖြင့် ရယူထားတဲ့ ရန်ကုန်မြို့၊ အင်းယားလမ်းက နိုင်ငံတော်ပိုင်မြေဟာ ၁ ဒသမ ၈၆ ဧက ကျယ် ဝန်းပြီး ကာလပေါက်ဈေး အမေရိကန်ဒေါ်လာ သန်း ၃၀ ကျော်ရှိပေမဲ့ ကာလတန်ကြေးရဲ့ ၃ ပုံ ၁ ပုံ၊ အမေရိကန်ဒေါ်လာ ၁၀ သန်း တန်ဖိုးဖြတ်ပြီး NUG က ရှယ်ယာတစုကို အမေရိကန်ဒေါ်လာ ၁၀၀ သတ်မှတ်ပြီး အစုရှယ်ယာ ၁ သိန်းတိတိ ရောင်းချနေတာပါ။

ဒါဟာ အာဏာရှင် အဆုံးသတ်နိဂုံး (The End of Dictatorship-EOD) အစီအစဉ်ရဲ့ ကနဦးခြေလှမ်း ဖြစ်တယ်လို့လည်း ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က လက်မှတ်ရေးထိုး ထုတ်ပြန်ထားပါတယ်။

“မင်းအောင်လှိုင် မတရားရယူ ပိုင်ဆိုင်ထားတဲ့ ရန်ကုန်မြို့ အင်းလျားလမ်း ခြံအမှတ် ၁၄  ကို EOD ရှယ်ယာများအဖြစ် ရောင်းချလာခဲ့တာ အခုဆို ၇၀ ရာခိုင်နှုန်းကျော် ရောင်းချပြီးသွားပြီဖြစ်လို့ မကြာခင် အားလုံးရောင်းချပြီးတော့မှာ ဖြစ်ပါတယ်။ စျေးကွက်ပေါက်စျေးအတိုင်း ရှယ် ယာတသိန်းသာ သတ်မှတ်ရောင်းချသွားမှာ ဖြစ်တာကြောင့်  ရှယ်ယာတသိန်းကုန်တာနဲ့ အင်းလျားလမ်း ခြံအမှတ် ၁၄  ရှယ်ယာများ ရောင်းချခြင်းကို လုံးဝ ရပ်ဆိုင်းလိုက်မှာ ဖြစ်ပါတယ်” လို့ The End of Dictatorship-EOD က ပြောပါတယ်။

ဒါ့အပြင် မင်းအောင်လှိုင် မတရား ရယူသိမ်းပိုက်ထားတဲ့ တခြားသော အိမ်နဲ့ အဆောက်အအုံတွေ၊ စစ်ကောင်စီခေါင်းဆောင်တွေ မတရားပိုင် ဆိုင်ထားတဲ့ အိမ်ခြံမြေတွေကို တခုပြီးတခု ကြိုပွိုင့်နဲ့ ရောင်းချပြီး တော်လှန်ရေးအတွက် အရေးတကြီး လိုအပ်နေတဲ့ ဘဏ္ဍာရန်ပုံငွေတွေကိုလည်း ဆက်လက်ရှာဖွေသွားမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့အတူ EOD ရှယ်ယာတွေ ဝယ်ယူပြီး တော်လှန်ရေးရဲ့ အရေးအကြီးဆုံး ရန်ပုံငွေတွေကို ဖြည့် ဆည်းပေးသူတွေ၊ နည်းမျိုးစုံနဲ့ တိုက်ပွဲဝင်နေတဲ့ ပြည်သူတွေအားလုံးကို ဦးညွှတ်အလေးပြုကြောင်းနဲ့ နောက်ဆုံးအချိန်အထိ ပြင်းထန်တဲ့ ဇွဲစိတ်ဓာတ်နဲ့အတူ အာဏာရှင်ကို အမြစ်ဖြတ်နိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရကို ကူညီအားဖြည့်ကြဖို့လည်း အလေးအနက် တိုက်တွန်းနှိုးဆော်ထားပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင် မတရားသဖြင့် ရယူထားတဲ့ နိုင်ငံတော်ပိုင် ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ အင်းယားလမ်း၊ ခြံအမှတ် ၁၄ က မြေနဲ့အဆောက်အအုံကို ကြိုတင်ရောင်းချနိုင်ရေး ပြည်သူ့ဆန္ဒကောက်ယူတဲ့ စစ်တမ်းတခုကို ဒီမတိုင်ခင်က ပြုလုပ်ခဲ့ပြီး စစ်တမ်းကောက်တဲ့ ၆ ရက်တာကာလအတွင်း စုစုပေါင်းဆန္ဒပြုသူ ၁၈,၀၀၀ ကျော်ရဲ့ ၉၇ ရာခိုင်နှုန်းကျော်က ဝယ်ယူမယ်လို့ ဆန္ဒပြုခဲ့ကြပြီး ဝယ်ယူဖို့ အဆိုပြုပမာဏ စုစုပေါင်းက ငွေကျပ် ၃၄ ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၁၇ သန်း) လောက် ရှိပါတယ်။

ဒီရောင်းချမှုကို အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄ ရက်စွဲနဲ့ ထုတ်ပြန်ထားတဲ့ “အကြမ်းဖက်စစ်ကောင်စီက သိမ်းယူထားသော တပ်ပိုင်မြေဆိုင်ရာ အခြေခံမူများ” အပိုဒ် ၄ နဲ့ အပိုဒ် ၅ အရ စီမံဆောင်ရွက်တာ ဖြစ်ပါတယ်။ DVB

AA အတွက်ငွေကောက်ခံသည်ဟုဆိုကာ ဖမ်း ဆီးထားသည့် ကျောက်ဖြူဒေသခံ ၂ ဦးကို ရုံးထုတ်

ရက္ခိုင့်တပ်တော် (AA) အတွက် ရန်ပုံငွေကောက်ခံပေးသည့်ဟုဆိုကာ ဖမ်းဆီးတရားစွဲဆိုခံထားရသည့် ကျောက်ဖြူမြို့မှ ကိုသန်းလှိုင်နှင့် ဒေါ်ခင်အုန်းနွဲ့တို့ကို ကျောက်ဖြူခရိုင်တရားရုံး၌ ယနေ့ မေလ ၁၀ ရက်နေ့တွင် ပထမအကြိမ်ရုံးထုတ်ခဲ့ကြောင်း သိရသည်။

၎င်းတို့နှစ်ဦးကို နိုင်ငံတော် အကြည်ညိုပျက်စေမှုပုဒ်မဖြင့် စစ်တပ်က တရားစွဲထားသည်ဟု အမူလိုက်ပေးနေသည့် ဥပဒေရေးရာကုစားရေးရုံး၊ ကျောက်ဖြူရုံးခွဲမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ ဒီနေ့ကတော့ နံနက် ၁၁ နာရီကျော်လောက်က ရုံးထုတ်ခဲ့ပါတယ်။ ဒီအပတ်မှာကတော့ စစ်ဆေးတာမရှိပါဘူး။ ကျွန်တော်တို့ အမူလိုက်ပါဖို့အတွက် ကိုယ်စားလှယ်လွှဲစာတင်တယ်။ နောက်ပြီး အမှုမှာ တရားခံပြေးပါတာကြောင့် တရားခံပြေးအမှုကို စစ်ဆေးပြီးမှ ရာကြီးအမူကို ဆက်စစ်မှာပါ။ ရုံးချိန်းကတော့ ၂၃ ရက်နေ့ ဆက်ချိန်းထားပါတယ် ” ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် မေလ ၂၆ ရက်နေ့ညနေပိုင်းတွင် ကျောက်ဖြူမြို့၊ စေတီတောင်ရပ်ကွက်မှ စစ်ဘေးရှောင်များအတွက် အလှူငွေကောက်ခံသည့် ဒေါ်ခင်အုန်းနွဲ့ အသက် ၅၆ နှစ် နှင့် ဦးသန်းလိူင် အသက် ၄၁ နှစ် တို့ကို

ကျောက်ဖြူအခြေစိုက် ခလရ (၃၄) တပ်ရင်းမှ စစ်သားများက ဖမ်းဆီး တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

ယင်းနောက် နိုင်ငံတော်အကြည်ညိုပျက်စေမှု ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် ဗိုလ်ရဲသက်ဇော်က တရားလိုပြုလုပ်ကာ ကျောက်ဖြူခရိုင်တရားရုံးတွင် အမှုဖွင့်ခဲ့သည်။

ဦးသန်းလိူင်၏ ဇနီးဖြစ်သူ ဒေါ်ချိုချိုသန်းကလည်း “ သူက မိသားစုစားဝတ်နေရေးအတွက် လုပ်ပေးနေတဲ့သူ တစ်ဦးဖြစ်ပါတယ်။ ဘေးတွဲမောင်းပြီး မိသားစုစားဝတ်နေရေးဖြေရှင်းနေရတာပါ။ သူတို့ တရားစွဲဆိုသလို မျိုးလည်းမဟုတ်ပါဘူး။ ဒါကြောင့် အမြန်ဆုံး ပြန်လွတ်ပေးစေချင်ပါတယ်” ဟု ဆိုသည်။

ရခိုင်ပြည်နယ်တွင် တိုက်ပွဲများငြိမ်သက်နေသည့် တစ်နှစ်ကျော်အတွင်း စစ်တပ်အနေဖြင့် တစ်ရွာဝင် တစ်ရွာထွက်သွားလာနေကာ AA ကိုငွေကြေးမထောက်ပံ့ရန်နှင့် ULA/AA မှခန့်အပ်ထားသည့် ကျေးရွာအုပ်ချုပ်ရေးမှူးများကိုလည်း မကြာခဏရှာဖွေ ဖမ်းဆီးနေပြီး တရားစွဲ ဆိုခြင်းများကို ပြုလုပ်နေခြင်းဖြစ်သည်။ mizzima

အာဆီယံအထူးကိုယ်စားလှယ် မြန်မာသို့ ဒုတိ ယအကြိမ် လာမည်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ထပ်တောင်း

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ကမ္ဘောဒီယားနိုင်ငံခြားရေး ဝန်ကြီး ပရတ်ဆာခွန်းဟာ သူ့ရဲ့ ဒုတိယခရီးစဉ်အဖြစ် မြန်မာ နိုင်ငံကို အခုဇွန်လနှောင်းပိုင်းမှာ လာရောက်ဖို့ ရှိနေပါတယ်။

ဇွန် ၂၉ ရက်နဲ့ ၃၀ ရက်တွေမှာ မြန်မာပြည်ကိုလာရောက်မယ့် ဒီခရီးစဉ်မှာတော့ အာဆီယံဘုံသဘောတူညီမှု ၅ ရပ်ကို ဆက်လက်အ ကောင်အထည်ဖော်ဆောင်ရေးကို ဆွေးနွေးသွားဖို့ ရှိနေတယ်လို့ သတင်းရင်းမြစ်က ဖော်ပြထားပြီး အရင်က အခုသီတင်းပတ်ထဲမှာ လာရောက်မယ့် ခရီးစဉ်ကို ရွှေ့ပြောင်းလိုက်ရတာလို့ ဆိုပါတယ်။

မစ္စတာ ပရက်ခ်ဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာလည်း အာဆီယံဘုံသဘောတူညီချက် ၅ ရပ်နဲ့ အနာဂတ်အစီအစဉ်ဆိုင်ရာ တိုးတက်မှုတွေနဲ့ ပတ်သက်ပြီးတော့ ပြီးခဲ့တဲ့ လကုန်ပိုင်းက တင်ပြထားခဲ့ပြီး ခုတခါ ဒုတိယခရီးစဉ်မှာတော့ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ အနေနဲ့ နိုင်ငံ တော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြားသက်ဆိုင်တဲ့ ပုဂ္ဂိုလ်တွေကိုပါ တွေ့ဆုံခွင့်တောင်းဆိုထားပြီးဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

စစ်ကောင်စီ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့  အမှုရင်ဆိုင်နေရတဲ့သူနဲ့  တွေ့ခွင့်မပြုနိုင်ဘူးလို့ ပြောကြားထားပါတယ်။ 

ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မစ္စတာ ပရက်ခ်ရဲ့ တင်ပြချက်မှာတော့ လူသားချင်းစာနာမှု အကူအညီပေးရေးအစီအစဉ်အတွက် မြန်မာနဲ့ အနီးကပ်ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကာ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာအကူအညီတွေ အမြန်ပေးအပ်ဖို့နဲ့ စီမံခန့်ခွဲရေးနဲ့ ဥပဒေနဲ့ဆိုင်တဲ့ လိုအပ်ချက်တွေကို လွယ်ကူချောမွေ့စေရေး စစ်ကောင်စီဘက်ကလည်း သဘောတူညီထားပြီးပြီလို့ ဆိုပါတယ်။ 

ဒါ့အပြင် စစ်ကောင်စီဟာ မြန်မာနိုင်ငံအတွင်း အာဆီယံရဲ့ စောင့်ကြည့်ရေးအဖွဲ့နဲ့ အပြည့်အဝ ပူးပေါင်းဆောင်ရွက်ပြီး ပံ့ပိုးကူညီမှုတွေ ပေးဆောင်နိုင်ဖို့လည်း ကတိပြုထားတယ်လို့ မစ္စတာ ပရက်ခ်က ထောက်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာတဲ့ နိုင်ငံရေးအခြေအနေကိုဖြေရှင်းဖို့ သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံညှိနှိုင်းရေး၊ အကြမ်းဖက်မှုတွေရပ်တန့်ရေးအပါအဝင် ဘုံသဘောတူညီချက် ၅ ရပ်စလုံးကို အာဆီယံခေါင်းဆောင်တွေကချမှတ်ထားပေမဲ့ အချိန် တနှစ်ခွဲလောက် ကြာတဲ့အထိ စစ်ကောင်စီက အကောင်အထည်ဖော်ခြင်း မရှိသေးပါဘူး။

ကမ္ဘောဒီးယား ဒုဝန်ကြီးချုပ်လည်းဖြစ် နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ ပရတ်ဆာခွန်းဟာ  မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စား လှယ် အဖြစ် မြန်မာနိုင်ငံကို မတ်လ ၂၁ ရက်ကနေ ၂၃ ရက်အထိ ၃ ရက်ကြာ ပထမဆုံး ခရီးစဉ်သွားရောက်ခဲ့ပါတယ်။

လက်ရှိအာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံရဲ့ နိုင်ငံခြားရေးနဲ့ အပြည်ပြည်ဆိုင်ရာပူး ပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ဒုဝန်ကြီး ဒေါက်တာ ခွန်ဖုတ်  ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာလည်း အခုရက်ပိုင်းနေပြည်တော်မှာ ရောက်ရှိနေပါတယ်။

ကမ္ဘောဒီးယား ဒုဝန်ကြီးကလည်း မြန်မာနိုင်ငံအရေးကိစ္စ အပြုသဘောဆောင်ဆွေးနွေးညှိနှိုင်းသင့်ပြီး ဖယ်ကြဉ်ထားခြင်းကို မပြုလုပ်သင့်လို့ ကမ္ဘောဒီးယားနိုင်ငံက ယူဆပါကြောင်း၊ အာဆီယံဘုံသဘောတူညီချက်ရဲ့ စတုတ္ထအချက်ဖြစ်တဲ့ လူသားချင်းစာနာမှု အကူအညီပေးရေးကိစ္စ အကောင်အထည်ဖော်ရေး တိုးတက်မှုတွေ ကျေနပ်အားရပါကြောင်း၊ ကျန်အချက်တွေကို  အပြန်အလှန်သဘောတူညီပြီး အဆင်ပြေမယ့် နည်းလမ်းနဲ့  အကောင်အထည်ဖော်ဆောင်ရွက်သွားမယ်လို့ ပြောတယ်လို့ဆိုပါတယ်။ DVB

ဧရာဝတီတိုင်းအတွင်း ကားလမ်းဘေးဝဲယာရှိ နေအိမ်များနှင့် စျေးဆိုင်များကို စစ်ကောင်စီက ဖျက်သိမ်းခိုင်

ဧရာဝတီတိုင်းအတွင်း ကားလမ်းဘေးဝဲယာရှိ နေအိမ်များနှင့် စျေးဆိုင်များကို စစ်ကောင်စီက စာထုတ်၍ ဖျက်သိမ်းခိုင်းခြင်းနှင့် အင်အားသုံးဖယ်ရှားခြင်းများပြုလုပ်နေကြောင်း ဒေသခံများထံမှသိရသည်။

သာပေါင်းမြို့ ပုသိမ်-သာပေါင်းလမ်းမဘေးမှ နေအိမ်များနှင့်စျေးဆိုင်များ၊ ပုသိမ်မြို့ မြက်တိုရပ် ပုသိမ်-ရန်ကုန် လမ်းမကြီးဘေးရှိ နေအိမ်များနှင့် စျေးဆိုင်များအပြင် မအူပင်မြို့ ရေလဲကလေး လမ်းပိုင်းတွင် ရှိသည့် နေအိမ်များနှင့် စျေးဆိုင်များကို ဖျက်သိမ်းခိုင်းနေခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။

“လမ်းဦးစီးဌာနကနေ မြို့နယ်ကျူးကျော်ရှင်းလင်းရေးကော်မတီလို့ အဖွဲ့ဖွဲ့ပြီးတော့ ထွေအုပ်၊ ရဲနဲ့ စစ်တပ် တွေပါပေါင်းပြီး လမ်းဘေးဝဲယာမှာရှိတဲ့ စျေးဆိုင်တွေနဲ့ အိမ်တွေကို စာထုတ်ဖျက်ခိုင်းတာတွေ အင်အားသုံးဖယ်ရှားတာတွေလုပ်နေတာပါ” ဟု ဒေသခံတစ်ဦးကပြောသည်။

ပုသိမ်-သာပေါင်းလမ်းဘေးရှိ နေအိမ်များနှင့် ဈေးဆိုင်များကို စစ်ကောင်စီနှင့်လက်အောက်ခံအဖွဲ့များက ဇွန်လ ၇ ရက်နေ့က အင်အားသုံး ဖယ်ရှားခိုင်းနေသည်ဟုသိရပြီး ဇွန်လ ၉ ရက်နေ့တွင်ပုသိမ်-မြက်တိုရပ် ပုသိမ်-ရန်ကုန်လမ်းဘေးရှိစျေးဆိုင်များအပြင် မြို့ပေါ်ရှိလမ်းဘေးစျေးဆိုင်များကိုပါ စစ်ကောင်စီက ဖျက်သိမ်းခိုင်းနေသည်ဟု ၎င်းကဆိုသည်။

၎င်းအပြင် မအူပင်မြို့ ရေလဲကလေးလမ်းပိုင်းတွင်ရှိသည့် နေအိမ်များနှင့် စျေးဆိုင်များကို ဇွန်လ ၁၅ ရက် နေ့ နောက်ဆုံးထားကာ ဖယ်ရှားပေးရန် စာထုတ်ထားသည်ဟုသိရပြီး သတ်မှတ်ရက်အတွင်း ဖယ်ရှား ခြင်းမရှိပါက အရေးယူမှုများပြုလုပ်သွားမည်ဟု အဆိုပါစာတွင်ဖော်ပြထားကြောင်းဒေသခံကပြောသည်။

ယခုကဲ့သို့ အင်အားသုံး ဖျက်သိမ်းခိုင်းခြင်းများနှင့် စာထုတ်ဖယ်ရှားခိုင်းခြင်းများ ပြုလုပ်နေသော်လည်း ဖယ်ရှားခံရသူများအား လျော်ကြေးပေးခြင်းနှင့် ပြန်လည်နေရာချထားပေးခြင်း တစ်စုံတရာမရှိကြောင်း ၎င်းကပြောသည်။

“ ဖယ်ရှားခံရတဲ့သူတွေက ကျူးကျော်တွေဆိုပေမဲ့ အကုန်လုံးက လက်လုပ်လက်စားတွေချည်းပဲ။ ဥပဒေအရ လုပ်မယ်ဆိုရင်လည်း ဘယ်နှစ်ရက်အတွင်း ဖယ်ရှားပေးဖို့ဆိုတာမျိုး စာထုတ်သင့်တယ်။ တချို့နေရာတွေဆိုရင် စာမထုတ်ဘဲ ချက်ချင်းဖယ်ရှားခိုင်းနေတာတွေ တွေ့ရတယ်။ ဒီလို စားဖို့တောင် အနိုင်နိုင်ဖြစ်နေတဲ့ကာလမှာ အတင်းအဓမ္မဖယ်ရှားခိုင်းတော့ လက်လုပ်လက်စားတွေဘဝက ပိုဆိုးတာ ပေါ့။ လူသားချင်းစာနာထောက်ထားမှုမရှိဘူးလို့ ပြောချင်တယ်”ဟု ပုသိမ်မြို့နေ နိုင်ငံရေးတက်ကြွလှုပ် ရှားသူတစ်ဦးကသုံးသပ်သည်။ mizzima

ပေါက်မြို့နယ်က ပြည်သူ ၆ ဦးကို စစ်ကောင်စီတပ် ဖမ်းဆီး

မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ ဇွန် ၈ ရက် မနက်က ဒေသခံ အမျိုးသား လေးယောက်နဲ့ အမျိုးသမီး နှစ်ယောက်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ကို ထောက်ပံ့ပေးသူတွေလို့ စစ်ကောင်စီတပ်က စွပ်စွဲပြီး လာရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပေါက်မြို့နယ် သစ်ညီနောင်ရွာက ကိုဌေးကိုလင်း၊ ယာကြီးပြင်ရွာက ဦးသန်းလွင်၊ ကိုကျော်ဖြိုးအောင်၊ ကိုလင်းကို၊ မစပယ်နဲ့ မစပယ်ရဲ့အစ်မဖြစ်သူ မခိုင်စိုးတို့ကို ဇွန် ၈ ရက်က ယာကြီးပြင်ဂိတ်မှာ စစ်တပ်က ဖမ်းဆီးသွားတာလို့ ယာကြီးပြင်ရွာက ဒေသခံအမျိုးသမီးတယောက်က ဒီဗွီဘီကို ပြောပါတယ်။

“သူတို့ သတင်းရလို့ စောင့်ဖမ်းကြတာပါ။ စစ်(…)တွေဟာ ဘာသက်သေအထောက်ထားမှမရှိဘဲ အပြစ်မဲ့ ပြည်သူတွေကို နေ့စဥ်ရက်ဆက် အကြောင်းအမျိုးမျိုးနဲ့ စွပ်စွဲဖမ်းဆီးနေကြတာရှင့်။ PDF ကို ထောက်ပံ့သူလို့ စွပ်စွဲဖမ်းဆီးတာဟာ သူတို့တွေ မရှက်တတ်လို့ ဖမ်းကြတာ။ အဲဒီလိုသာ ဖမ်းမယ်ဆိုရင် ကျမကိုလည်း ဖမ်းရမှာ၊ ထောင်တောင်ဆန့်မှာမဟုတ်ဘူး။ စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့ ပြည်သူအားလုံးက ထောက်ပို့(…)တပ်သားတွေပဲ။ မထောက်ပံ့တဲ့သူဆိုလို့ သူတို့ စစ်(…)၊ (…)မတွေပဲ ကျန်မယ်။”

သစ်ညီနောင်ရွာသားတယောက်က “ပေါက်မြို့ဝင်မြို့ထွက်တွေမှာ ဂိတ်တွေ အမြဲတမ်းချထားပြီး ရွာခံ ပျူစောထီးတွေပါတော့ သူတို့နဲ့ ပုဂ္ဂိုလ်ရေး အဆင်မပြေရင်လည်း PDF တွေကို ထောက်ပို့လုပ်တယ်ဆိုပြီး အဆွဲခိုင်းတော့ သူတို့လက်ထဲရောက်သွားတော့ သူတို့လက်ခုပ်ထဲကရေ ဖြစ်သွားပီလေ၊ ဘာမှကို ဖြေရှင်းချိန်မရှိတာ” လို့ ပြောပါတယ်။

ပခုက္ကူခရိုင်အတွင်းမှာ အခုနှစ် ဖေဖော်ဝါရီလကစပြီး အခုအထိ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ မတရားစွပ်စွဲ ဖမ်းဆီးခံထားရသူပေါင်း အယောက်  ၂၀၀ ကျော်လောက်ရှိနေပြီး ပြီးခဲ့တဲ့ မေလအတွင်းမှာ ၈၀ ကျော်​လောက် မတရားဖမ်းဆီးခံထားရတယ်လို့ သိရပါတယ်။DVB

မင်းတပ်မြို့ ဘဝသစ်ရပ်ကွက်ရှိ ဝန်ထမ်းနေ အိမ် ၁ လုံးမီးရှို့ခံရ

ချင်းပြည်နယ်၊ မင်းတပ်မြို့၊ ဘဝသစ်ရပ်ကွက် စာတိုက်ရုံးအပေါ်ဘက်ရှိ စစ်ကောင်စီလက်အောက်ခံ ဆက်သွယ်ရေးဝန်ထမ်းတစ်ဦး၏နေအိမ် ဇွန် ၈ ရက် ည ၇ နာရီအချိန်တွင် မီးရှို့ခံရကြောင်းသိရသည်။

အဆိုပါမီးလောင်သည့် အိမ်သည် ဝန်ထမ်းအိမ်ယာတွင်းမှ ဒေါ်မြင့်မြင့်စိုးဆိုသူ၏ လုံးချင်းအိမ်ဖြစ်ကာ ၎င်းသည် စစ်ကောင်စီတပ်နှင့် ပူး ပေါင်း ကာ မြို့ပေါ်ရှိစစ်ရှောင်စခန်းများတွင် ရိက္ခာပေးဝေသည့် လုပ်ငန်းစဉ်များ၌ ပါဝင်သည်ဟုလည်း သိရသည်။

” မီးလောင်တဲ့အချိန် အိမ်ထဲမှာဘယ်သူမှမရှိတော့ ပစ္စည်းတွေတော့ အားလုံးဆုံးရှုံးရတယ်။ ပထမတော့ ဝါယာရှော့ဖြစ်ပြီးလောင်သလိုလိုပြောကြတယ်။ နောက်တော့ မီးသွားငြိမ်းတဲ့သူတွေပြောစကားအရ ဆိုရင် ရေနဲ့လောင်းလိုက်တာနဲ့ မီးကပိုပြီး ထတောက်သွားတယ်။ ဓါတ်ဆီနံ့တွေလည်းရတယ်ဆိုတော့ ဒါရှို့မီးပဲဖြစ်မှာ” ဟု မီးငြိမ်းသတ်ရာတွင် ပါဝင်သူတစ်ဦးက ပြောသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ မီးရှို့အပြစ်ပေးခြင်းကို မည်သည့်အဖွဲ့မှလုပ်ဆောင်သည်ဟူ၍ တရားဝင် ထုတ်ပြန်ခြင်း မရှိသေးပေ။

သို့သော်လည်း CDF-မင်းတပ် (သိန်းဌက်တပ်ရင်း) ၏ ဇွန်လ ၈ ရက် နံနက်ပိုင်းထုတ်ပြန်ချက်ထဲတွင် ” အကြိမ်ကြိမ်သတိပေးချက်အား အရေးထားခြင်းမရှိပဲ CDM မဝင်သည့်အပြင် ဝန်းထမ်းအိမ်ရာတွင် နေထိုင်ပြီး မြို့ပေါ်ကျောင်းတက်မည့် ကျောင်းသူကျောင်းသားများအား စာရင်းများ လိုက်ကောက်ခြင်း၊ လူငယ်များအား သတင်းပေးခြင်း၊ စစ်ကောင်စီ တပ်ဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက် ခြင်း စသည့်ပြစ်မှုများကြောင့် ပထမဆုံးအကြိမ် ဝန်ထမ်းအား အပြစ်ပေးအရေးယူ ခြင်းဖြစ်သည်” ဟူ၍ဆိုသည်။

အလားတူ အရေးယူခြင်းကို သိရှိနားလည်ခြင်းမရှိဘဲ ဆက်လက်ဆိုးဝါးလာပါက ညှာတာတော့မည် မဟုတ်ကြောင်းနှင့် အသက်အန္တရာယ်ကိုပါ တာဝန်ယူတော့မည်မဟုတ်ကြောင်း အသိပေးအပ်သည် ဟူ၍လည်း ထုတ်ပြန်ချက်တွင်ရေးသားထားသည်။

ထို့အပြင် “ Non-CDM အားလုံးအားလည်း အရေးယူခြင်းများဆက်လက်လုပ်ဆောင်သွားပါမည် ” ဟု CDF-မင်းတပ် (သိန်းဌက်တပ်ရင်း) ၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မင်းတပ်မြို့၊ ဘဝသစ်ရပ်ကွက်အတွင်းရှိ စစ်ကောင်စီသတင်းပေးဟု နာမည်ထွက်နေသူ တစ်ဦး၏နေအိမ်လည်း မီးရှို့ခံရဖူးသည်။ mizzima

သီပေါတွင် ညမထွက်ရအမိန့်ထုတ်ပြန်၊ ဒေသ ခံများ အခက်တွေ့

ရှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်မှာ နယ်မြေတည်ငြိမ်မှုမရှိတာကြောင့် လူ ၅ ဦးထက်ပို စုဝေး ခြင်းမပြုကြဖို့နဲ့ ည ၈ နာရီမှ မနက် ၄ နာရီထိ ညမထွက်ဖို့ ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၁၄၄ အမိန့် စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

သီပေါမြို့နယ်မှာ လူတချို့ဟာ အများပြည်သူလုံခြုံရေးနဲ့ တရားဥပဒေ ထိခိုက်ပျက်ပြားအောင် ဆောင်ရွက်နေလို့  မြို့နယ်ထဲမှာ စုဝေးခြင်း၊ ဟောပြောခြင်း၊ ယာဉ်တမျိုးမျိုး ကိုအသုံးပြုတာ ဖြစ်ဖြစ် လူကိုယ်တိုင်ဖြစ်ဖြစ် စီတန်းလှည့်လည်လှုံ့ဆော်ဆန္ဒပြတာ၊ ဖျက်ဆီးတာ၊ ရုန်း ရင်းဆန်ခတ်တွေ မလုပ်ဖို့လည်း မြို့နယ်အုပ်ချုပ်ရေးမှူးရုံးက ဇွန် ၈ ရက် နေ့စွဲနဲ့ အမိန့်ထုတ်ထားတာပါ။ အဆိုပါအမိန့်ဟာ နောက်ထပ်အမိန့်တစုံတရာ မရမချင်း အတည်ဖြစ်တယ်လို့ ဆိုပါတယ်။

သီပေါမြို့ခံတွေကတော့ မြို့ပေါ်မှာ ခုတလော ဆန္ဒပြတာ၊ လုယက်တာတွေမရှိဘဲနဲ့ ခုလို အမိန့်ထုတ်တဲ့အပေါ် အံ့ဩမိကြောင်း၊ သီပေါမှာ ကိုဗစ်-၁၉ ကြောင့် ဈေးမရောင်းရ၊ ဆိုင်မဖွင့်ရလို့ စားဝတ်နေရေးခက်ခဲသူတွေ မကြာခင်က ဆိုင်ပြန်ဖွင့်ရလို့ ပြေလည်ခါစမှာ အခုလို ညမထွက်ရ လူမစုရ အမိန့်ကြောင့် အခက်အခဲပြန်ဖြစ်ရတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။  

မြို့ခံတဦးက “ကျနော်တို့ သီပေါမှာ တခြားမြို့ရွာတွေလို ဆန္ဒပြပွဲတွေ ဘာတွေ မရှိပါဘူး။ လုယက်မှုတွေလည်း မရှိပါဘူး။ ကိုဗစ်-၁၉ ကြောင့် ဆိုင်မဖွင့်ရတဲ့သူတွေ ခုမှပြန်ဖွင့်တာ မကြာသေးဘူး၊ စားသောက်ဆိုင် ဘီယာဆိုင်တွေက အများအားဖြင့် ညပိုင်းပဲ ရောင်းရတာ”လို့ ပြောပါတယ်။

သီပေါ ပရဟိတအဖွဲ့ဝင်တယောက်ကလည်း သီပေါမှာ ပြီးခဲ့တဲ့ ၈ ရက်က ပရဟိတအဖွဲ့ကား ၁ စီး တိုးဂိတ်မှာရပ်မပေးလို့ လုံခြုံရေးအဖွဲ့က ကားသမားကို ရိုက်နှက်ခဲ့ကြောင်းနဲ့ ညမထွက်ရအမိန့် ထုတ်လိုက်တော့ အရေးပေါ်လူနာတွေကို ခါတိုင်းလို အချိန်မရွေး အကူအညီပေးနိုင်တော့မှာ မဟုတ်ဘူးလို့ ပြောပါတယ်။ 

“လုံခြုံရေးမပေးနိုင်တဲ့အဖွဲ့က စစ်ကောင်စီရဲ့ လုံခြုံရေးအဖွဲ့ပဲလို့ ပြောလိုက်ချင်တယ်။ ဒုက္ခရောက်သူတွေကို ကယ်တင်လာတဲ့ ပရဟိတကားပါ။ အဲဒါကို ချက်ချင်းရပ်မပေးလို့ ကားမောင်းသမားကို ရိုက်တယ်။ အခက်အခဲရှိတဲ့သူတွေက အချိန်မရွေး ဖြစ်နိုင်ပါတယ်။ အခုလို ညမထွက်ရအမိန့်ထုတ်တော့ ကူညီကယ်ဆယ်ရေးကို အချိန်မရွေး သွားကူလို့မရတော့ဘူးပေါ့။ မြို့နယ်ရုံးက သူတို့ဆီမှာ ခွင့်တောင်းပြီးသွားကူလို့ ရတယ်ဆိုပေမဲ့ ဝန်ထမ်းတွေက ညဆို ဖုန်းမှ မကိုင်တော့တာ၊ ခွင့်ပြုချက်အဆင့်ဆင့်တောင်းပြီးတဲ့ချိန်ဆို တချို့လူနာတွေ အသက်မမီတော့ဘူး။”

ကျောက်မဲခရိုင်မှာ ကျောက်မဲ၊ သီပေါ၊ နမ္မတူနဲ့ နောင်ချိုမြို့နယ် လေးမြို့နယ် ပါဝင်ပြီး သီပေါမြို့နယ်တခုတည်းမှာသာ  ပုဒ်မ ၁၁၄ ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။ 

သီပေါမြို့နယ်အတွင်းမှာ ဒေသတွင်းမှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့တွေ လှုပ်ရှားနေပြီး မကြာခဏဆိုသလို ထိတွေ့ပစ်ခတ်မှုတွေ ဖြစ်ပွားလေ့ရှိပါတယ်။ DVB

တောင်ဒဂုံရှိ ရာအိမ်မှူး အမျိုးသားတစ်ဦး သေ နတ်ဖြင့်ပစ်ခတ်ခံရ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ (၅၅) ရပ်ကွက်၊ ဓနဝတီလမ်းတွင် ရာအိမ်မှူး အမျိုးသားတစ်ဦးကို ယနေ့ ဇွန်လ ၁၀ ရက် မွန်းလွဲ ၂ နာရီခန့်တွင် သေနတ်ဖြင့်ပစ်ခတ်ခဲ့ကြောင်း ပစ်ခတ်ခဲ့သည့် အဖွဲ့က ပြောသည်။

“ သူ့နာမည်က တရုတ်ပါ။ နာမည်အရင်းက ဟိန်းမင်းလတ်ပါ။ တစ်မျိုးလုံးက ကြံ့ဖွံ့ကိုအားပေးတယ်။ သူကဒလန်လုပ်တယ်။ အဲ့ဒါကြောင့် အိမ် အပြန်လမ်းမှာရှင်းလိုက်တာပါ” ဟု Freedom From Fear Youths(F2Y) အဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

၎င်းအား ရုံးမှ နေအိမ်သို့အပြန်လမ်းတွင် သေနတ်ဖြင့် လေးချက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ဝမ်းဗိုက်နှင့် နံရိုးကြား ထိခိုက်ခဲ့ကာ အသက်သေဆုံးမှု ရှိ၊ မရှိကိုမသိရသေးကြောင်း F2Y အဖွဲ့ တာဝန်ရှိသူက ပြောသည်။

“ သူက ရာအိမ်မှူး၊ ရပ်ကွက်ရုံးမှာတော့ စာရေး(အကူ)ပေါ့။ သူရုံးကနေအိမ်ပြန်လာတဲ့လမ်းမှာ ပစ်ခံရတာကို ထွက်ပြေးတယ်။ ဒါပေမဲ့ ထိသွားတယ် ” ဟု ဖြစ်စဉ်နှင့် ပတ်သက်ပြီး ဒေသခံတစ်ဦးကလည်း အတည်ပြုပြောသည်။

ပစ်ခတ်ခံရသူမှာ တောင်ဒဂုံမြို့နယ်တွင်း ဆိုင်ကယ်ဖမ်းဆီးရေး၊ သတင်းစုံစမ်းရေးတို့ကို ပြုလုပ်သည့်အပြင် တော်လှန်ရေးရဲဘော်များ၏ နေ အိမ်များကိုလည်း သတင်းပေးနေ၍ သုတ်သင်ခဲ့ရခြင်းဟု ဆိုသည်။

ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်သားများရောက်ရှိလာကာ ဖြစ်စဉ်ဖြစ်ပွားရာ အနီးတစ်ဝိုက်တွင် လမ်းသွားလမ်းလာခရီးသွားများနှင့် ကား၊ ဆိုင်ကယ်များကို စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။mizzima

« Older Entries