တောင်ဒဂုံရှိ ရာအိမ်မှူး အမျိုးသားတစ်ဦး သေ နတ်ဖြင့်ပစ်ခတ်ခံရ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ (၅၅) ရပ်ကွက်၊ ဓနဝတီလမ်းတွင် ရာအိမ်မှူး အမျိုးသားတစ်ဦးကို ယနေ့ ဇွန်လ ၁၀ ရက် မွန်းလွဲ ၂ နာရီခန့်တွင် သေနတ်ဖြင့်ပစ်ခတ်ခဲ့ကြောင်း ပစ်ခတ်ခဲ့သည့် အဖွဲ့က ပြောသည်။
“ သူ့နာမည်က တရုတ်ပါ။ နာမည်အရင်းက ဟိန်းမင်းလတ်ပါ။ တစ်မျိုးလုံးက ကြံ့ဖွံ့ကိုအားပေးတယ်။ သူကဒလန်လုပ်တယ်။ အဲ့ဒါကြောင့် အိမ် အပြန်လမ်းမှာရှင်းလိုက်တာပါ” ဟု Freedom From Fear Youths(F2Y) အဖွဲ့မှ တာဝန်ရှိသူက ပြောသည်။
၎င်းအား ရုံးမှ နေအိမ်သို့အပြန်လမ်းတွင် သေနတ်ဖြင့် လေးချက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ဝမ်းဗိုက်နှင့် နံရိုးကြား ထိခိုက်ခဲ့ကာ အသက်သေဆုံးမှု ရှိ၊ မရှိကိုမသိရသေးကြောင်း F2Y အဖွဲ့ တာဝန်ရှိသူက ပြောသည်။
“ သူက ရာအိမ်မှူး၊ ရပ်ကွက်ရုံးမှာတော့ စာရေး(အကူ)ပေါ့။ သူရုံးကနေအိမ်ပြန်လာတဲ့လမ်းမှာ ပစ်ခံရတာကို ထွက်ပြေးတယ်။ ဒါပေမဲ့ ထိသွားတယ် ” ဟု ဖြစ်စဉ်နှင့် ပတ်သက်ပြီး ဒေသခံတစ်ဦးကလည်း အတည်ပြုပြောသည်။
ပစ်ခတ်ခံရသူမှာ တောင်ဒဂုံမြို့နယ်တွင်း ဆိုင်ကယ်ဖမ်းဆီးရေး၊ သတင်းစုံစမ်းရေးတို့ကို ပြုလုပ်သည့်အပြင် တော်လှန်ရေးရဲဘော်များ၏ နေ အိမ်များကိုလည်း သတင်းပေးနေ၍ သုတ်သင်ခဲ့ရခြင်းဟု ဆိုသည်။
ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်သားများရောက်ရှိလာကာ ဖြစ်စဉ်ဖြစ်ပွားရာ အနီးတစ်ဝိုက်တွင် လမ်းသွားလမ်းလာခရီးသွားများနှင့် ကား၊ ဆိုင်ကယ်များကို စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။mizzima