ပေါက်မြို့နယ်က ပြည်သူ ၆ ဦးကို စစ်ကောင်စီတပ် ဖမ်းဆီး

မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ ဇွန် ၈ ရက် မနက်က ဒေသခံ အမျိုးသား လေးယောက်နဲ့ အမျိုးသမီး နှစ်ယောက်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ကို ထောက်ပံ့ပေးသူတွေလို့ စစ်ကောင်စီတပ်က စွပ်စွဲပြီး လာရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပေါက်မြို့နယ် သစ်ညီနောင်ရွာက ကိုဌေးကိုလင်း၊ ယာကြီးပြင်ရွာက ဦးသန်းလွင်၊ ကိုကျော်ဖြိုးအောင်၊ ကိုလင်းကို၊ မစပယ်နဲ့ မစပယ်ရဲ့အစ်မဖြစ်သူ မခိုင်စိုးတို့ကို ဇွန် ၈ ရက်က ယာကြီးပြင်ဂိတ်မှာ စစ်တပ်က ဖမ်းဆီးသွားတာလို့ ယာကြီးပြင်ရွာက ဒေသခံအမျိုးသမီးတယောက်က ဒီဗွီဘီကို ပြောပါတယ်။
“သူတို့ သတင်းရလို့ စောင့်ဖမ်းကြတာပါ။ စစ်(…)တွေဟာ ဘာသက်သေအထောက်ထားမှမရှိဘဲ အပြစ်မဲ့ ပြည်သူတွေကို နေ့စဥ်ရက်ဆက် အကြောင်းအမျိုးမျိုးနဲ့ စွပ်စွဲဖမ်းဆီးနေကြတာရှင့်။ PDF ကို ထောက်ပံ့သူလို့ စွပ်စွဲဖမ်းဆီးတာဟာ သူတို့တွေ မရှက်တတ်လို့ ဖမ်းကြတာ။ အဲဒီလိုသာ ဖမ်းမယ်ဆိုရင် ကျမကိုလည်း ဖမ်းရမှာ၊ ထောင်တောင်ဆန့်မှာမဟုတ်ဘူး။ စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့ ပြည်သူအားလုံးက ထောက်ပို့(…)တပ်သားတွေပဲ။ မထောက်ပံ့တဲ့သူဆိုလို့ သူတို့ စစ်(…)၊ (…)မတွေပဲ ကျန်မယ်။”
သစ်ညီနောင်ရွာသားတယောက်က “ပေါက်မြို့ဝင်မြို့ထွက်တွေမှာ ဂိတ်တွေ အမြဲတမ်းချထားပြီး ရွာခံ ပျူစောထီးတွေပါတော့ သူတို့နဲ့ ပုဂ္ဂိုလ်ရေး အဆင်မပြေရင်လည်း PDF တွေကို ထောက်ပို့လုပ်တယ်ဆိုပြီး အဆွဲခိုင်းတော့ သူတို့လက်ထဲရောက်သွားတော့ သူတို့လက်ခုပ်ထဲကရေ ဖြစ်သွားပီလေ၊ ဘာမှကို ဖြေရှင်းချိန်မရှိတာ” လို့ ပြောပါတယ်။
ပခုက္ကူခရိုင်အတွင်းမှာ အခုနှစ် ဖေဖော်ဝါရီလကစပြီး အခုအထိ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ မတရားစွပ်စွဲ ဖမ်းဆီးခံထားရသူပေါင်း အယောက် ၂၀၀ ကျော်လောက်ရှိနေပြီး ပြီးခဲ့တဲ့ မေလအတွင်းမှာ ၈၀ ကျော်လောက် မတရားဖမ်းဆီးခံထားရတယ်လို့ သိရပါတယ်။DVB