ဧရာဝတီတိုင်းအတွင်း ကားလမ်းဘေးဝဲယာရှိ နေအိမ်များနှင့် စျေးဆိုင်များကို စစ်ကောင်စီက ဖျက်သိမ်းခိုင်

ဧရာဝတီတိုင်းအတွင်း ကားလမ်းဘေးဝဲယာရှိ နေအိမ်များနှင့် စျေးဆိုင်များကို စစ်ကောင်စီက စာထုတ်၍ ဖျက်သိမ်းခိုင်းခြင်းနှင့် အင်အားသုံးဖယ်ရှားခြင်းများပြုလုပ်နေကြောင်း ဒေသခံများထံမှသိရသည်။
သာပေါင်းမြို့ ပုသိမ်-သာပေါင်းလမ်းမဘေးမှ နေအိမ်များနှင့်စျေးဆိုင်များ၊ ပုသိမ်မြို့ မြက်တိုရပ် ပုသိမ်-ရန်ကုန် လမ်းမကြီးဘေးရှိ နေအိမ်များနှင့် စျေးဆိုင်များအပြင် မအူပင်မြို့ ရေလဲကလေး လမ်းပိုင်းတွင် ရှိသည့် နေအိမ်များနှင့် စျေးဆိုင်များကို ဖျက်သိမ်းခိုင်းနေခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။
“လမ်းဦးစီးဌာနကနေ မြို့နယ်ကျူးကျော်ရှင်းလင်းရေးကော်မတီလို့ အဖွဲ့ဖွဲ့ပြီးတော့ ထွေအုပ်၊ ရဲနဲ့ စစ်တပ် တွေပါပေါင်းပြီး လမ်းဘေးဝဲယာမှာရှိတဲ့ စျေးဆိုင်တွေနဲ့ အိမ်တွေကို စာထုတ်ဖျက်ခိုင်းတာတွေ အင်အားသုံးဖယ်ရှားတာတွေလုပ်နေတာပါ” ဟု ဒေသခံတစ်ဦးကပြောသည်။
ပုသိမ်-သာပေါင်းလမ်းဘေးရှိ နေအိမ်များနှင့် ဈေးဆိုင်များကို စစ်ကောင်စီနှင့်လက်အောက်ခံအဖွဲ့များက ဇွန်လ ၇ ရက်နေ့က အင်အားသုံး ဖယ်ရှားခိုင်းနေသည်ဟုသိရပြီး ဇွန်လ ၉ ရက်နေ့တွင်ပုသိမ်-မြက်တိုရပ် ပုသိမ်-ရန်ကုန်လမ်းဘေးရှိစျေးဆိုင်များအပြင် မြို့ပေါ်ရှိလမ်းဘေးစျေးဆိုင်များကိုပါ စစ်ကောင်စီက ဖျက်သိမ်းခိုင်းနေသည်ဟု ၎င်းကဆိုသည်။
၎င်းအပြင် မအူပင်မြို့ ရေလဲကလေးလမ်းပိုင်းတွင်ရှိသည့် နေအိမ်များနှင့် စျေးဆိုင်များကို ဇွန်လ ၁၅ ရက် နေ့ နောက်ဆုံးထားကာ ဖယ်ရှားပေးရန် စာထုတ်ထားသည်ဟုသိရပြီး သတ်မှတ်ရက်အတွင်း ဖယ်ရှား ခြင်းမရှိပါက အရေးယူမှုများပြုလုပ်သွားမည်ဟု အဆိုပါစာတွင်ဖော်ပြထားကြောင်းဒေသခံကပြောသည်။
ယခုကဲ့သို့ အင်အားသုံး ဖျက်သိမ်းခိုင်းခြင်းများနှင့် စာထုတ်ဖယ်ရှားခိုင်းခြင်းများ ပြုလုပ်နေသော်လည်း ဖယ်ရှားခံရသူများအား လျော်ကြေးပေးခြင်းနှင့် ပြန်လည်နေရာချထားပေးခြင်း တစ်စုံတရာမရှိကြောင်း ၎င်းကပြောသည်။
“ ဖယ်ရှားခံရတဲ့သူတွေက ကျူးကျော်တွေဆိုပေမဲ့ အကုန်လုံးက လက်လုပ်လက်စားတွေချည်းပဲ။ ဥပဒေအရ လုပ်မယ်ဆိုရင်လည်း ဘယ်နှစ်ရက်အတွင်း ဖယ်ရှားပေးဖို့ဆိုတာမျိုး စာထုတ်သင့်တယ်။ တချို့နေရာတွေဆိုရင် စာမထုတ်ဘဲ ချက်ချင်းဖယ်ရှားခိုင်းနေတာတွေ တွေ့ရတယ်။ ဒီလို စားဖို့တောင် အနိုင်နိုင်ဖြစ်နေတဲ့ကာလမှာ အတင်းအဓမ္မဖယ်ရှားခိုင်းတော့ လက်လုပ်လက်စားတွေဘဝက ပိုဆိုးတာ ပေါ့။ လူသားချင်းစာနာထောက်ထားမှုမရှိဘူးလို့ ပြောချင်တယ်”ဟု ပုသိမ်မြို့နေ နိုင်ငံရေးတက်ကြွလှုပ် ရှားသူတစ်ဦးကသုံးသပ်သည်။ mizzima