Monthly Archives: Jun 2022

ကန်ပက်လက်တွင် CDF စခန်းကို သိမ်းယူထားသော စစ်တပ် စစ်ကြောင်း တိုက်ခိုက်ခံရပြီး ပိတ်မိနေ၊ စစ်ကူလာသော စစ်ကြောင်းများပါ ပစ်ခတ်ခံရပြီး စစ်သား ၉ ဦးသေဆုံး

ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်တွင် CDF တပ်ဖွဲ့ ၏ Vakok စခန်းကို သိမ်း ယူထားသော စစ်တပ် စစ်ကြောင်း၊ စစ်ကူလာသော စစ် ကြောင်းများ၊ မြို့ပေါ်ရှိ စစ်ကောင်စီတပ်များကို ယနေ့ ဇွန်လ ၁၁ ရက်နေ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်သား ၉ ဦးသေဆုံးခဲ့ကြောင်း CDF-Kanpetlet တပ်ဖွဲ့ထံမှ သိရသည်။

ဇွန်လ ၁၁ ရက်နေ့ နံနက် ၇ နာရီခန့်တွင် CDF-Kanpetlet တပ်ရင်း ၂ ၏ Vakok စခန်းတွင် ဝင်ရောက်နေရာ ယူထားသော အကြမ်းဖက် စစ် တပ်ကို CDF-Kanpetlet တပ်ဖွဲ့က ပြန်လည် ချဉ်းကပ်ခဲ့တိုက်ခိုက်ခဲ့ကြောင်း၊ စခန်း အပြင်ဖက် ထွက်လာသော စစ်သား ၃ ဦးကို CDF တပ်ဖွဲ့ဝင်များက ပစ်ခတ်မှုကြောင့် သေဆုံးသွားကြောင်း၊ အကြမ်းဖက် စစ်တပ် တပ်ဖွဲ့ဝင်များ စခန်းအပြင်ဖက်သို့ ထွက်မလာတော့ဘဲ စခန်းရှိ က တုတ်ကျင်းများတွင်သာ တစ် နေကုန် ဝင်ပုန်းနေရပြီး CDF-Kanpetlet နှင့်ပူးပေါင်းတပ်ဖွဲ့ဝင်များက ဒရုန်းဖြင့် ဗုံးသီးများပစ်ချခြင်း၊လက် လုပ် လက်နက်ကြီးများ အသုံးပြု တိုက်ခိုက်ခြင်းများကြောင့် အကြမ်းဖက် စစ်တပ် စစ်ကြောင်း ပြန်လည် ထွက်လာနိုင်ခြင်း မရှိဘဲ ပိတ်မိနေကြောင်း သိရသည်။

ကန်ပက်လက်မြို့ပေါ်တွင်လည်း နံနက် ၇ နာရီမှ စတင်ကာ CDF-Kanpetlet တပ်ဖွဲ့က မြို့တွင်း ပြောက်ကျား ပစ်ခတ်မှုများပြုလုပ်ခဲ့ပြီး နံနက် ၈ နာရီ ၃ဝ မိနစ်တွင် ပြန်လည် ဆုတ်ခွာခဲ့ပြီး မွန်းလွဲ ၁၁ နာရီခန့်တွင် CDF-Kanpetlet တပ်ရင်း(၂) ၏ Vakok စခန်းတွင် ပိတ်မိနေသော အ ကြမ်းဖက် စစ်တပ် စစ် ကြောင်းကို စစ်ကူပေးရန် ကန်ပက်လက်မြို့တွင် တပ်စွဲထားသော စစ်သား ၁ဝဝ ကျော်ပါ စစ်ကြောင်းက ကတင်းချောင်းသို့ ရောက်ရှိလာကြောင်း၊ CDF-Kanpetlet တပ်ဖွဲ့ဝင်များက မြို့တွင်းပြန်လည်ဝင်ရောက်ကာ မွန်းလွဲ ၁၁ နာရီ ၃၀ မိနစ်ခန့်တွင် တစ်ကြိမ် ညနေပိုင်း ၃ နာရီခန့်တွင် တစ်ကြိမ် ပြောက်ကြား စနစ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကူလာသော စစ်ကြောင်းများ ကန်ပက်လက်မြို့တွင်းသို့ ပြန်လည်ဝင်သွားကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၆ ဦးထက်မနည်း သေဆုံးခဲ့ပြီး ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ် ခွာနိုင်ခဲ့ကြောင်း CDF-Kanpetlet တပ်ဖွဲ့က ထုတ်ပြန်ထားသည်။khit thit

ဦးဂျင်မီနှင့် ဦးဖြိုးဇေယျာသော်တို့အပေါ် သေ ဒဏ်ချမှတ်မှု ဆွီဒင်နိုင်ငံခြားရေးဝန်ကြီး ကန့် ကွက်

ထင်ရှားတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဂျင်မီနဲ့ အန်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော် အပါအ ဝင် အကျဉ်းသား ၄ ယောက်ကို စစ်ကောင်စီက သေဒဏ်ချမှတ်တာကို ကန့်ကွက်ကြောင်း  ဆွီဒင်နိုင်ငံခြားရေးဝန်ကြီးက ထုတ်ပြန်ထားပါတယ်။

ဆွီဒင်နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီး အန်းလင်ဒါ သူ့ရဲ့ တွစ်တာလူမှုကွန်ရက်မှာ ဇွန်လ ၁၀ ရက်က  ထုတ်ပြန်ခဲ့တာပါ။ 

မြန်မာစစ်တပ်က အကျဉ်းသား လေးယောက်ကို  သေဒဏ်ပေးဖို့ စီစဉ်နေတဲ့အကြောင်း ကြားသိရတဲ့အတွက် များစွာပူပင်ကြောင့်ကြမိတယ်လို့ ဆိုပါတယ်။

ဘယ်လိုအကြောင်းကြောင့်ဖြစ်စေ ဘယ်လိုပုံစံနဲ့ဖြစ်စေ သေဒဏ်ပေးတာကို ဆွီဒင်နိုင်ငံအနေနဲ့ ခြွင်းချက်မရှိ ဆန့်ကျင်တဲ့အတွက် သေဒဏ် ချမှတ်ခံထားရသူတွေ အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ ဆွီဒင်နိုင်ငံခြားရေးဝန်ကြီးက  တောင်းဆိုထားပါတယ်။ 

ဆွီဒင်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး အန်းလင်ဒါဟာ ဇွန်လ ၈ ရက်နေ့က အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့မှာ တွေ့ဆုံပြီး မြန်မာ့ဒီမိုကရေစီအရေးနဲ့ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး ကိစ္စတွေ ဆွေးနွေးခဲ့ပါတယ်။ 

ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်အတွက် မြန်မာပြည်သူတို့ရဲ့ စွန့်လွှတ်အနစ်နာခံ တော်လှန်ပေးဆပ်နေမှုတွေ လူသားချင်းစာနာထောက် ထားမှုဆိုင်ရာ အကူအညီပေးရေးကိစ္စတွေနဲ့ အကြမ်းဖက်စစ်အုပ်စု ကျူးလွန်နေလျက်ရှိတဲ့  အကြမ်းဖက်လုပ်ရပ်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ NUG နိုင်ငံခြားရေးဌာနက သတင်းထုတ်ထားပါတယ်။

ဒီမိုကရေစီအရေးအတွက်စိတ်အားထက်သန်နေကြတဲ့  မြန်မာပြည်သူတွေနဲ့ အကျပ်အတည်းကို ငြိမ်းချမ်းစွာဖြေရှင်ရေးကို  ဆက်လက် အား ပေးထောက်ခံနေတယ်လို့ ဆွီဒင်နိုင်ငံခြားရေးဝန်ကြီးက သူ့ရဲ့ တွစ်တာ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားဖော်ပြထားပါတယ်။ DVB

တောကြီးမြွေပွေးအဖွဲ့က ဒုံးလက်နက်များ တီထွင်ထုတ်လုပ်

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် တောကြီးမြွေပွေးအဖွဲ့က ပေါက်ကွဲမှု အား ကြီးသော ဒုံးလက်နက်များ တီထွင် ထုတ်လုပ်နိုင်ကြောင်း အဆိုပါအဖွဲ့က သတင်းထုတ်ပြန်သည်။

ပြင်းအားနှင့် ပေါက်ကွဲမှုအားကြီးသော ဒုံးလက်နက်များကို တီထွင်ထုတ်လုပ်နိုင်ကြောင်း၊ ပြည်တွင်းပြည်ပမှ ပြည်သူများအနေဖြင့် တောကြီးမြွေပွေး အဖွဲ့ကို ကူညီထောက်ပံ့ကြရန် တောကြီးမြွေပွေး အဖွဲ့က မေတ္တာရပ်ခံထားသည်။ khit thit

အခြားတက္ကသိုလ်ဝင်ခွင့်ရသူများ ဆေးတက္က သိုလ် တက်ရန်ပြောင်းလဲလျှောက်ထားနိုင်ကြောင်း စစ်ကောင်စီခွင့်ပြု

အခြားတက္ကသိုလ်ဝင်ခွင့်ရသူများအနေဖြင့် ဆေးတက္ကသိုလ်သို့ပြောင်းလဲလျှောက်ထားနိုင်ကြောင်း ခွင့်ပြုလိုက်ပြီး ဆရာဝန်များပိုမိုမွေးထုတ်ရန် စစ်ကောင်စီကကြိုးစားနေသည်။

စစ်ကောင်စီ လက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနက ဇွန်လ ၉ရက်နေ့တွင် ထုတ်ပြန်ချက်တွင် ၂၀၂၀ပြည့်နှစ် တက္ကသိုလ်ဝင် စာမေးပွဲအောင်မြင်ပြီး ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ တက္ကသိုလ်များသို့ ဝင်ခွင့်ရရှိထားပြီး ကျောင်းလာရောက်အပ်နှံခြင်းမရှိသေးသူများ၊ တက္ကသိုလ်များအချင်းချင်း ပြောင်းရွှေ့လျှောက်ထားလိုသူများ ဝင်ခွင့်အရည်အချင်း သတ်မှတ်ချက်များနှင့် ကိုက်ညီပါက လျှောက်ထားနိုင်သည်ဟု ပါရှိသည်။

ထိုသို့ လျှောက်ထားလာမှုများကို လစ်လပ်နေရာအပေါ်မူတည်ပြီး အမှတ်အများဆုံးရရှိသူများအား ရွေးချယ်ပြီး အစားထိုးပြောင်းရွှေ့တက်ခွင့်ပြုမည်ဟုလည်း ပါရှိသည်။

ယခုကဲ့သိုခွင့်ပြုချက်သည် ဒုတိယအကြိမ်လျှောက်လွှာခေါ်ယူခြင်းဖြစ်ပြီး လျှောက်လွှာပိတ်ရက်ကို ဇွန်လ ၂၂ရက်နေ့ သတ်မှတ်ထားသည်။

ယခင်က ဆေးတက္ကသိုလ် ဝင်ခွင့်ကို တက္ကသိုလ်ဝင်စာမေးပွဲ ခြောက်ဘာသာ စုစုပေါင်းရမှတ်ဖြင့် တက်ရောက်ခွင့်ပြုခဲ့သော်လည်း အာဏာ သိမ်း စစ်ကောင်စီလက်ထက်တွင် ၂၀၂၂ တက္ကသိုလ်ဝင်စာမေးပွဲ၌ အင်္ဂလိပ်၊ ဇီဝဗေဒနှင့် ဓာတုဗေဒဘာသာရပ်များတွင် အမှတ်ကောင်းသူများကို ဆေးတက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေဆိုခွင့်ပေးမည်ဖြစ်ကြောင်း စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလအတွင်းက ပြောဆိုခဲ့သည်။

ထို့အပြင် ဆေးတက္ကသိုလ်သို့ တက်ရောက်ပညာသင်ကြားရာတွင်လည်း ပညာသင်ထောက်ပံ့ကြေးပေးပြီး ကျောင်းတက်ခွင့်ပေးမည်ဖြစ်ကာ နိုင်ငံ့ဝန်ထမ်းအဖြစ် အနည်းဆုံး ၁၀နှစ် တာဝန်ထမ်းဆောင်ရန် ဝန်ခံကတိ လက်မှတ်ရေးထိုးခိုင်းမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုထားသည်။

ယမန်နှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့က စစ်တပ်က နိုင်ငံ့အာဏာသိမ်းလိုက်သည့်အခါ တာဝန်ထမ်းဆောင်နေသော ဆရာဝန်အများအပြား အ ကြမ်းမဖက်အာဏာဖီဆန်ခြင်း (CDM) လုပ်ကာ ပူးပေါင်းဆောင်ရွက်ခြင်းမပြုကြောင်းပြသရာ စစ်ကောင်စီကိုအမျက်ရှစေခဲ့ကာ ဖမ်းဆီးခြင်း၊ ပြည်ပထွက်ခွင့်ပိတ်ပင်ခြင်း၊ ဆေးကုသခွင့်လိုင်စင်ရုတ်သိမ်းခြင်းတို့ပြုလုပ်လာခဲ့သည်။

ကျန်းမာရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနအောက်ရှိ ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွှယ် တက္ကသိုလ်များ၏ ပထမနှစ်သင်တန်းများကို ပြီးခဲ့သည့် မေလ ၁၂ရက်နေ့ကတည်းက စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

ယခုပညာသင်နှစ်တွင် (၂၀၂၀)ပြည့်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ပြီး ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွယ်တက္ကသိုလ်များသို့ တက် ရောက်ခွင့်ရရှိသူ ကျောင်းသား၊ ကျောင်းသူ ၂၉၀၀​ ကျော်နှင့် တိုင်းရင်းဆေးတက္ကသိုလ်တွင် တက်ရောက်ခွင့်ရရှိသူ ကျောင်းသား၊ ကျောင်းသူ ၁၇၅ဦးရှိပြီး ၇၀ရာခိုင်နှုန်းက စာရင်းသွင်း တက်ရောက်လျက်ရှိကြောင်း စစ်ကောင်စီခန့် ကျန်းမာရေးဝန်ကြီးဒေါက်တာ သက်ခိုင်ဝင်းက ပြီးခဲ့သည့် မေလ ၁၈ရက်နေ့က ပြောသည်။

အမျိုးသားဒီမိုကရစီအဖွဲ့ချုပ်အစိုးရ လက်ထက် ၂၀၁၈-၂၀၁၉ ပညာသင်နှစ်နှင့် ၂၀၁၉- ၂၀၂၀ ပညာသင်နှစ်တို့တွင် ဆေးတက္ကသိုလ်များနှင့် သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်များ၏ ပထမနှစ်သင်တန်းသို့ တက်​ရောက်ခွင့်ရရှိ​သော သစ်လွင်ကျောင်းသား၊ ကျောင်းသူဦးရေမှာ ၁၄၀၀ ကျော်ရှိခဲ့သည်။mizzima

ဗန်းမော်မြို့ရှိ အန်အယ်လ်ဒီလွှတ်တော်အမတ် နေအိမ် ချိပ်ပိတ်ခံရ

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဇွန် ၁၀ ရက် နေ့လယ်ပိုင်းက အန်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ်နှစ်ယောက်နဲ့ ပတ်သက်တဲ့နေအိမ်တွေကို  စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ရဲတွေက လမ်းပိတ်ဆို့ပြီး  ချိပ်ပိတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ မဲအပြတ်အသတ်နဲ့အနိုင်ရခဲ့တဲ့ ဗန်းမော်မြို့နယ် အန်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဇာခြည်မြင့် နေထိုင်သွားခဲ့ဖူးတဲ့  အလယ်ရပ် အမှတ် ၂ စျေးလမ်း အိမ်ကို ၀င်ရောက်စစ်ဆေးပြီး စစ်ကောင်စီက ချိပ်ပိတ်ခဲ့ပါတယ်။  

အလားတူ ကုက္ကိုတောစျေးအနီးမှာရှိတဲ့ လွှတ်တော်အမတ် ဦးအောင်သိန်းရဲ့ ယောက္ခထီး အိမ်ကိုလည်း စစ်ကောင်စီနဲ့ရဲတွေက ချိပ်ပိတ်သွားတာဖြစ်ပြီး လမ်းတွေကို ပိတ်ဆို့ခဲ့တာကြောင့် ဒေသခံတွေ သွားရေးလာရေးအခက်တွေ့ခဲ့တယ်လို့ ဗန်းမော်ဒေသခံတယောက်က ပြောပါတယ်။

လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဇာခြည်မြင့်ရဲ့ မိသားစုဝင် တချို့ ခံဝန်ကတိလက်မှတ်ရေးထိုးခဲ့ရပြီး ပိုင်ဆိုင်တဲ့ပစ္စည်းတွေကို တခြားနေရာကို ရွှေ့ပြောင်းခဲ့ရတယ်လို့  မိသားစုဝင်တွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။

လွန်ခဲ့တဲ့ မေ ၂၄   ရက်ကလည်း ဗန်းမော်မြို့ နောင်ခိုရပ်မှာရှိတဲ့ လူမနေတာ ကြာပြီဖြစ်တဲ့ ကချင်ပြည်နယ်လွှတ်တော် အန်အယ်လ်ဒီအမတ် ဦးဇော်သင်းရဲ့ နေအိမ်ကိုလည်း ကချင်ပြည်နယ်မှာ ပထမဆုံးချိပ်ပိတ်ခဲ့ပါတယ်။ DVB

ဝက်လက်မြို့နယ် တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ဗိုလ်မှူးတစ်ဦး အပါအဝင် ၂၀ကျော်သေဆုံး

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်မှ ဗိုလ်မှူးတစ်ဦး အပါအဝင် စစ်ကောင်စီတပ်သား ၂၃ ယောက်ထက်မနည်း သေဆုံးသွားကြောင်း မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force) က ဇွန်လ ၁၀ရက် ယမန်နေ့တွင် သတင်းထုတ်ပြန်သည်။

ဝက်လက်မြို့နယ် ၊ကျောက်တိုင်ကျေးရွာတွင် အိမ်ခြေ ၁၀၀ခန့်နှင့် မြင်းသည်ရွာတွင် အိမ်ခြေ၁၂၇ အိမ်အား မီးရှို့ဖျက်ဆီးခဲ့သော စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့တို့ ယင်းနှစ်ရွာအကြားတွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

ထိုတိုက်ပွဲများတွင် စစ်ကောင်စီတပ်မှ ဗိုလ်မှူးတစ်ဦး ၊အရာခံဗိုလ် တစ်ဦးနှင့် တပ်ကြပ်ကြီး တစ်ဦး အပါအဝင် ၂၃ဦးသေဆုံးခဲ့ပြီး ကာကွယ် ရေးပူးပေါင်းတပ်ဖွဲ့များဘက်မှ အထိအခိုက်မရှိကြောင်း ဖော်ပြထားသည်။

အဆိုပါတိုက်ပွဲအား မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်(Chindwin Attck force)တပ်ရင်း (၃ )၏ တပ်ခွဲ( ၃ )ဂဠုန်နက် PDF နှင့် လေပွေမုန်တိုင်း PDF၊ Ma Huu Yar Wild Horse PDF၊ သမန်းကျား PDF၊ True Arrow LPDF၊ မဟာမိတ်တပ်ပေါင်းစုများ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဇွန်လ ၂ရက်မှ ၆ရက်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း မဟာမိတ်တပ်ပေါင်း စုမှ အထိအခိုက်မရှိ အောင်မြင်စွာ ခုခံစစ် ဆင်နွှဲနိုင်ကြောင်း ဖော်ပြထားသည်။ mizzima

ကျောက်ကြီးမြို့နယ်အတွင်း ကရင်ကျေးရွာအချို့ကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်

ကေအန်ယူ တပ်မဟာ ၃ နယ်မြေ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်၊ အင်းနက်ကျေးရွာအုပ်စု၊ ငဗြက်အင်းကျေးရွာအနီးကို ဇွန် ၁၀ ရက် မွန်းလွဲ ၂ နာရီလောက်က စစ်ကောင်စီရဲ့ ခလရ ၆၀ တပ်ရင်းက လက်နက်ကြီးနဲ့ ပစ်ခတ်တဲ့အတွက်  ဒေသခံပြည်သူတွေ စိုးရိမ်ထိတ်လန့်နေရတယ်လို့ ကေအန်ယူက သတင်းထုတ်ပြန်ထားပါတယ်။

ကျောက်ကြီးမြို့၊ ဆိပ်ကြီးမှာအခြေချထားတဲ့ စစ်ကောင်စီရဲ့ ခလရ ၆၀ တပ်ရင်းက ဗိုလ်ကြီးဇေယျာလင်း ဦးဆောင်ပြီး ငဗြက်အင်းကျေးရွာအနီးကို ၆၀ မမ လက်နက်ကြီးကျည် ၃ လုံး ပစ်ခတ်ခဲ့တဲ့အတွက် လုပ်ငန်းခွင်သွားဖို့နဲ့ ခရီးသွားလာရေးမှာ  ဒေသခံပြည်သူတွေဟာ စိုးရိမ်ထိန့်လန့်နေကြတာဖြစ်ပါတယ်။

ဇွန် ၁ ရက်က ကရင်အမျိုးသားအစည်းအရုံး(ကေအန်ယူ)၊ တပ်မဟာ ၃၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်တာဝန်ရှိသူတွေက ကျောက် ကြီးမြို့နယ် စီမံအုပ်ချုပ်ရေးနယ်မြေအတွင်းက ပြည်သူလူထုတွေနဲ့တွေ့ဆုံ ရှင်းလင်းဆွေးနွေးပွဲပြုလုပ်ခဲ့ပါတယ်။

အဆိုပါဆွေးနွေးပွဲအပြီး စစ်ကောင်စီဘက်က ကျောက်ကြီးမြို့နယ်ရှိ ဒေသခံပြည်တွေကို  စစ်အုပ်ချုပ်ရေးယန္တရားအောက် အတင်းသွတ်သွင်းဖို့အတွက် နည်းမျိုးမျိုးနဲ့ အကြပ်ကိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဇွန် ၂ ရက်က မဘီကြီးကျေးရွာအနီး စစ်ကောင်စီတပ်နဲ့ KNLA တပ်တို့ တိုက်ပွဲတကြိမ် ဖြစ်ပွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ မေ ၁၀ ရက်က စစ်ကောင်စီရဲ့ ခလရ ၆၀ တပ်ရင်းက ဗိုလ်ကြီးဇေယျာလင်းဦး ဆောင်ပြီး အင်းနက်ကျေးရွာ ဘုန်းကြီးကျောင်းကို ဒရုန်းနဲ့  ၆၀-မမဗုံးသီးပစ်ချခဲ့တဲ့အတွက် ၈ နှစ်အရွယ် ကလေးတယောက် ထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။

မေ ၁၂ ရက်က ဒလဆိပ်ကျေးရွာအုပ်စုနဲ့ အင်းနက်ကျေးရွာအုပ်စုအတွင်းကို စစ်ကောင်စီရဲ့တပ်တွေက နယ်မြေကျော် ထိုးစစ်ဆင်လာတဲ့အ တွက် နယ်မြေခံ KNLAတပ်တွေနဲ့ တိုက်ပွဲ နှစ်ကြိမ်ဖြစ်ပွားခဲ့ပါတယ်။

အဆိုပါအင်းနက်ကျေးရွာအုပ်စု၊ ငဗြက်အင်းကျေးရွာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ဒုတပ်ရင်းမှူးနဲ့ တပ်ခွဲမှူးအပါအဝင် ၃ ဦးသေ ဆုံးပြီး ၂ ဦးဒဏ်ရာရရှိခဲ့သလို ဒလဆိပ်ကျေးရွာအုပ်စုတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က  ၂ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရရှိခဲ့ပါတယ်။

ဒါအပြင် မေ ၂၀ ရက်က အင်းနက်ကျေးရွာအုပ်စုတွင်းက ကျေးရွာတွေအတွင်းကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ပစ်ခတ်လို့ ဒေသခံပြည်သူ ၂ ဦး ဒဏ်ရာရပြီး ပြည်သူပိုင် ကျွဲ ၊နွား တိရိစ္ဆာန်တချို့ ထိမှန်သေဆုံးခဲ့ပါတယ်။

စစ်ကောင်စီတပ်တွေက နယ်မြေကျော်ဝင်ရောက်ပြီး စစ်ရေးလှုပ်ရှားတာ၊ တပ်စခန်းတွေမှာ လူ၊ လက်နက်ခဲယမ်းဖြည့်တင်းတာတွေကြောင့် နေ့စဉ်တိုက်ပွဲတွေဖြစ်ပွားနေတဲ့အတွက် ဒေသခံပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေအတွက် စစ်ကောင်စီရဲ့ တပ်စခန်းတွေ အပြီးထွက်ခွာသွားဖို့ သက်ဆိုင်ရာ နယ်မြေတွေအလိုက် အသိပေးထုတ်ပြန်ချက်တွေ ထုတ်ပြန်ခဲ့ပါတယ်။

ကေအန်ယူ ထိန်းချုပ်နယ်မြေအတွင်း စစ်ကောင်စီရဲ့ပူးပေါင်းတပ်တွေက ကျေးရွာတွေအတွင်းနဲ့ လုပ်ငန်းခွင်တွေအတွင်းကို လက်နက်ကြီးတွေ နဲ့ ပစ်ခတ်တာ၊ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် ဒေသခံပြည်သူ ၇၀၀၀၀ ကျော်ဟာ တော၊ တောင်၊ လျှိုမြောင်နဲ့ သောင်းရင်းမြစ်တလျောက် ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ DVB

ပေါက်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ဇီးတောနှင့် တောင်ဘက် ရွာတို့ကို မီးရှို့ဖျက်ဆီး၊ နေအိမ် ၁၀၂ လုံး ပြာကျ

မကွေးတိုင်း ပေါက်မြို့နယ်ရှိ ဇီးတောနှင့် တောင်ဘက် ရွာတို့ကို အကြမ်းဖက် စစ်တပ်က ယနေ့ ဇွန်လ ၁၁ ရက်နေ့တွင် ဝင်ရောက်စီးနင်း မီးရှို့ခဲ့ပြီး ပြည်သူပိုင်နေအိမ် ၁၀၂ လုံး မီးလောင်ပြာကျခဲ့ကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အကြမ်းဖက် စစ်တပ်သည် ယနေ့ ညနေ ၄ နာရီခန့်က စတင်ကာ ဇီးတောရွာနှင့် တောင်ဘက်ရွာရှိ ပြည်သူပိုင်နေအိမ်များကို ဘေးပတ်ဝန်း ကျင် ကျေးရွာများရှိ ပျူစောထီး အဖွဲ့များနှင့် ပူးပေါင်းပြီး မီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

” ပေါက် တောင်ပိုင်းမှာရှိတဲ့ ဇီးတောနဲ့ တောင်ဘက် ရွာကို စစ်တပ်နဲ့ ပျူစောထီးတွေ ဒီနေ့ ညနေပိုင်းက ဝင်ရောက် စီးနင်းပြီး မီးရှို့နေတယ်။ အဲ ၂ ရွာမှာ ပြည်သူတွေ မရှိတော့ဘူး။ ရွာလုံးကျွတ် ထွက်ပြေးနေရတာ ၂ လလောက်ရှိတော့မယ်။ စစ်ခွေးတွေနဲ့ ပျူတွေက ရွာကို အမြဲတမ်း အဝင်အထွက် လုပ်နေပြီး အခု လာတဲ့အချိန်မှာ မီးရှို့သွားတာ” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။

အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးသောကြောင့် ဇီးတောရွာမှ ပြည်သူပိုင် နေအိမ် ၇၀ လုံးနှင့် တောင်ဘက်ရွာမှ ပြည်သူပိုင်နေအိမ် ၅၂ လုံးတို့ မီးလောင်ပြာကျခဲ့ပြီး ယင်းကျေးရွာများရှိ ပြည်သူ ၄ ထောင်ခန့်သည် ကျေးရွာကို စွန့်ခွာ ထွက်ပြေးနေရသည်မှာ ၂ လကျော်ခန့်ရှိပြီ ဖြစ် ကြောင်း သိရသည်။ khit thit

ပြည်သူများ၏ထောက်ပံ့ငွေဖြင့် ဝယ်ယူနိုင်ခဲ့သည့်လက်နက်များကို ကာကွယ်ရေးတပ်မှထုတ်ပြန်

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကာကွယ်ရေးတပ်ဖွဲ့မှ ပြည်သူများ၏ ကူညီထောက်ပံ့ လှူဒါန်းငွေဖြင့် လက်နက်များဝယ်ယူ၊ ထုတ်လုပ်နိုင်ခဲ့ကြောင်း ယနေ့ ဇွန်လ ၁၁ ရက်တွင် အမိမြေ တော်လှန်ရေးတပ်ဖွဲ့က ထုတ်ပြန်အသိပေးသည်။

အလှူငွေများဖြင့် ဖောက်ခွဲရေးပစ္စည်းများ၊ ကျည်တောင့်များဝယ်ယူနိုင်ခဲ့သည့်အပြင် စစ်ကောင်စီတပ်ကို ပိုမိုထိရောက်စွာတော်လှန်တိုက်ခိုက်နိုင်ရန် ချေမှုန်းရေး ရိုင်ဖက်တစ်လက် (M4 A1)၊ ကင်းထောက်ဒရုန်းတစ်စီး ၊ ကာဘိုင်အမျိုးအစား အဝေးပစ် ရိုင်ဖယ်တစ်လက် ဝယ်ယူနိုင်ခဲ့ကြောင်းဆိုသည်။

ဆက်လက်၍ အဖွဲ့ထုတ်လုပ်ရေးမှ အဝေးပစ်ရိုင်ဖယ်တစ်လက်နှင့် ရှော့ဒုံးများထုတ်လုပ်နိုင်ပြီဖြစ်ကြောင်းကိုလည်း ပြည်သူများသိစေရန် တင်ပြထားသည်။

ငွေကြေးရန်ပုံငွေမလုံလောက်သေးသော်လည်း ပိုမိုထိရောက်စွာ တော်လှန်တိုက်ခိုက်နိုင်ရန်အတွက် ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

ပစ္စည်းများကို အရစ်ကျငွေပေးချေနိုင်ရန်နှင့် ဆက်လက်ပြီး ရှော့ဒုံး အများအပြားထုတ်လုပ်နိုင်ရန် ပြည်သူများ၏ ထောက်ပံ့မှုဆက်လက်လိုအပ်နေသေးကြောင်း အမိမြေတော်လှန်ရေးအဖွဲ့မှ ထုတ်ပြန်ထားသည်။

ဇွန်လ ၅ ရက်နေ့ကလည်း ကနီမှ စစ်ကောင်စီ၏ကျောက်စိမ်းသင်္ဘောနှင့်အတူ ခြေလျင်ဆင်းလာသော စစ်ကြောင်းအား သပြေတောနှင့် တောင်ပျောက်တောင်ကြားတွင်တိုက်ခိုက်ခဲ့ကြသေးသည်။

အဆိုပါတိုက်ခိုက်မှုကို အမိမြေတော်လှန်ရေးတပ်ဖွဲ့နှင့်အတူ ချိုမိုင်မိုင်”ယင်းမာပင် – ကနီ” မဟာမိတ်တပ် ပေါင်းစု၊ ယင်းမာပင်ခရိုင် တပ်ရင်း (၃) ၊ Young People Force (YPF)၊ မဟာမိတ်တပ်ဖွဲ့များနှင့်အတူ ပူးပေါင်းပြီး မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်မှ ငါးဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာ ရသူ အများအပြားရှိကြောင်းသိရသည်။mizzima

« Older Entries