Monthly Archives: Jun 2022

ဒီမိုကရေစီလိုလားသော တက်ကြွလှုပ်ရှားသူ များကို သေဒဏ်စီရင်မည့် အစီအစဉ် စစ်ကောင်စီ စွန့်ပယ်သင့်

စစ်အာဏာသိမ်းမှု ဆန့်ကျင်သော တက်ကြွလှုပ်ရှားသူများကို သေဒဏ်ချမှတ်၊ ကွပ်မျက်မည့် အစီအစဉ်များကို ဆက်လုပ်သွားမည်ဆိုပြီး မြန်မာအာဏာသိမ်းစစ်ကောင်စီက ယခုလအစောပိုင်းတွင် ကြေညာခဲ့မှုအပေါ် စိုးရိမ်ပူပန်မှုများ တစ်ပြိုင်တည်း ထွက်ပေါ်ခဲ့သည်။

၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း အာဏာသိမ်းမှုကို ဆန့်ကျင်အတိုက်အခံပြုမှုအတွက် အသက် ၁၈ နှစ်အောက် ယောကျ်ားလေးနှစ်ဦး အပါအဝင် လူ ၁၁၄ ဦးကို စစ်ကောင်စီက သေဒဏ်ချမှတ်ထားခဲ့ကြောင်း မြန်မာ့ မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျူ့ (ISP-Myanmar) က ထုတ်ဖော်သည်။

သေဒဏ် ဥပဒေသည် ပြဋ္ဌာန်းထားသော ဥပဒေပေါင်းချုပ်တွင် ရှိနေဆဲဖြစ်သလို အာဏာသိမ်းမှုမတိုင်မီ တရားရုံးများက သေဒဏ်ပြစ်ဒဏ်ကို ဆက်လက်ချမှတ်နေခဲ့သော်ငြား မြန်မာတွင် နှစ်ပေါင်း ၃၀ ကျော်ကြာ သေဒဏ်စီရင်မှုများကို လုပ်ဆောင်ထားခဲ့ခြင်း မရှိပေ။

လူ့အသက်အားလုံးက အရေးကြီးသည် ဖြစ်သော်လည်း လက်ရှိအချိန်တွင် မြန်မာနိုင်ငံသားများနှင့် နိုင်ငံတကာအသိုင်းအဝိုင်း၏ အထူးအာရုံက လူသိများထင်ပေါ်သော တက်ကြွလှုပ်ရှားသူနှစ်ဦးအပေါ်တွင် ရှိနေသည်။ ထိုသူနှစ်ဦးမှာ နိုင်ငံတော်စီမံအုပ်ချုပ်မှုကောင်စီ (SAC) တဖြစ်လဲ အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်ပြီး ရွှေမြန်မာပြည်တွင် ဒီမိုကရေစီအရေးအတွက် တိုက်ပွဲဝင်ရင်း သေဒဏ်ချမှတ်ခံရသူများ ဖြစ်သည်။

၎င်းတို့နှစ်ဦးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ လွှတ်တော်အမတ်ဟောင်းတစ်ဦးဖြစ်သည့် ကိုဖြိုးဇေယျာသော်နှင့် ၈၈ မျိုးဆက် တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သည့် ကိုဂျင်မီ ခေါ် ကိုကျော်မင်းယု တို့ဖြစ်သည်။ ကိုဂျင်မီသည် ဤမတိုင်မီ ၂၀၀၇ ခုနှစ်နှင့် ၂၀၁၂ ခုနှစ်အကြာကလည်း အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုများအတွင်း ပါဝင်မှုအတွက် ထောင်ဒဏ်ချမှတ်ခံခဲ့ရသူဖြစ်သည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၁၈ ရက်တွင် စစ်ကောင်စီ စစ်သားများနှင့် ရဲများက ရန်ကုန်ရှိ အိမ်ရာတစ်ခုကို စီးနင်းမှုတစ်ခုအတွင်း အသက် ၄၁ နှစ်ရှိ ကိုဖြိုးဇေယျာသော်ကို ဖမ်းဆီးခဲ့ကြောင်း မီဒီယာသတင်းများက ဖော်ပြသည်။ စစ်တပ် ထောက်ခံသော ပစ်မှတ်များအား လူသေဆုံးစေသည့် ပစ်ခတ်မှုများကို ဦးဆောင်သည်ဟု ဆိုပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေနှင့် အများပြည်သူဆိုင်ရာ ပစ္စည်းဥစ္စာကာကွယ်ရေး အက်ဥပဒေတို့အောက်တွင် NLD အမတ်ဟောင်း၊ ဟစ်ဟော့ အဆိုတော်ကို စစ်တရားရုံးတစ်ခုက တရားစွဲခဲ့သည်။

၂၀၂၁ ခုနှစ် အောက်တိုဘာ ၂၄ ရက်တွင် စစ်ကောင်စီ စစ်သားများသည် ရန်ကုန်၊ မြောက်ဒဂုံမြို့နယ်တွင် အသက် ၅၂ နှစ်ရှိ ကိုဂျင်မီကို ဖမ်းဆီးခဲ့သည်။ ဆူပူမငြိမ်သက်မှုဖြစ်အောင် လှုံ့ဆော်ပြီး “အကြမ်းဖက်မှု” တွင် ပါဝင်သည်ဟု ဆိုကာ စစ်ကောင်စီအာဏာပိုင်တို့က ကိုဂျင်မီကို ၂၀၂၁ ဖေဖေါ်ဝါရီ ၁၃ ရက်တွင် ဖမ်းဝရန်းထုတ်ခဲ့သည်။ ထို ပြစ်မှုနှစ်ခုစလုံးသည် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေအောက်တွင် ရှိသည်။ စစ်ကောင်စီစစ်သားများသည် ကိုဂျင်မီကို ဖမ်းဆီးစဉ်အတွင်း အပြင်းအထန် ရိုက်နှက်ခဲ့သလို ထိန်းသိမ်းထားစဉ်အတွင်း ၎င်းအား ညှင်းပန်းနှိပ် စက်ခဲ့သည်ဟု ၎င်း၏ မိသားစုက ပြောသည်။

ကိုဖြိုးဇေယျာသော်၊ ကိုဂျင်မီတို့အပြင် စစ်တပ် သတင်းပေးတစ်ဦးကို သတ်ဖြတ်မှုဖြင့် ပြစ်ဒဏ်ချခံထားရသည့် အခြားအမျိုးသားနှစ်ဦးဖြစ်သော ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့သည် အယူခံဝင်နိုင်သည့် လမ်းကြောင်းအားလုံး ကုန်ဆုံးသွားပြီ ဖြစ်သဖြင့် ၎င်းတို့ကို ကြိုး ပေးကွပ်မျက်တော့မည်ဟု စစ်ကောင်စီ ပြန်ကြားရေးဒုဝန်ကြီးက ၂၀၂၂ ဇွန်လ ၂ ရက်တွင် ကြေညာခဲ့သည်။ သို့သော် ၎င်းတို့ကို သေဒဏ်စီရင်မှုကို မည်သည့် နေ့တွင် လုပ်ဆောင်မည်လဲ ဆိုသည်ကို မသိရပေ။

အဆိုပါ ပုဂ္ဂိုလ်များအတွက် သေဒဏ်ပယ်ဖျက်ခံရမည့် အခွင့်အလမ်းမရှိတော့သည့်အတွက် ၎င်းတို့ကို ကွပ်မျက်တော့မည် ဆိုသည့် စစ်ကောင်စီ၏ ပြောဆိုချက်ကြောင့် နိုင်ငံတကာ၏ အုတ်အော်သောင်းသဲ ကန့်ကွက်မှုကို ဖြစ်ပေါ်စေခဲ့သည်။ ယင်းအပေါ် ကုလသမဂ္ဂ အတွင်း ရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ထုတ်ဖော်ကန့်ကွက်ခဲ့ပြီး မြန်မာစစ်ကောင်စီ၏ သေဒဏ်စီရင်မည့် ဆုံးဖြတ်ချက်က “လူတိုင်း အသက်ရှင်ခွင့်၊ လွတ်လပ်ခွင့်၊ လုံခြုံခွင့် ရှိသည်” ဟု ဖော်ပြထားသည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ် ၃ ကို ချိုးဖောက်ခြင်း ဖြစ်ကြောင်း ပြောခဲ့သလို လူတိုင်းသည် လွတ်လပ်ပြီး ဘက်မလိုက်သော တရားရုံးတစ်ခု၌ အများပြည်သူဆိုင်ရာ ကြားနာမှုနှင့် ခုခံကာကွယ်မှု ရပိုင်ခွင့် ရှိသည်ဟု ပြောခဲ့သည်။ အလားတူ အမေရိကန်အစိုးရကလည်း ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး ယင်းတွင် ဒီမိုကရေစီ လိုလားသူများနှင့် အတိုက်အခံ ခေါင်းဆောင်များကို ကွပ်မျက်ရန် မြန်မာစစ်ကောင်စီဘက်က စီစဉ်နေမှုအပေါ် ပြင်းထန်စွာ ပြစ်တင်ရှုတ်ချခဲ့သည်။ လူ့အခွင့်အရေးနှင့် ဥပဒေစိုးမိုးရေးအပေါ် စစ်ကောင်စီ၏ အလေးမထား၊ ဥပေက္ခာပြုနေမှုကို ရည်ညွှန်းထုတ်ဖော်ခဲ့သည်။ ထို့ပြင် မတရားသဖြင့် ဖမ်းဆီးထိန်းသိမ်းခံထားရသူအားလုံးကို ပြန်လွှတ်ပေးရေး ၎င်းတို့က တိုက်တွန်းခဲ့သည်။

သေဒဏ်ပြစ်ဒဏ်များအပေါ် ရှုတ်ချပြီး မတရား ဖမ်းဆီးထိန်းသိမ်းခံထားရသူအားလုံးကို ပြန်လွှတ်ပေးရေး၊ စစ်ကောင်စီဘက်က အကြမ်းဖက်မှု အဆုံးသတ်ရေး၊ အားလုံးပါဝင်သော ညှိနှိုင်းဆွေးနွေးမှု လုပ်ဆောင်ရေး တောင်းဆိုသည့် ထုတ်ပြန်ချက်တစ်စောင်ကို ရန်ကုန်ရှိ ပြင်သစ်သံရုံးကလည်း ထုတ်ပြန်ခဲ့သည်။

ဤအဆင့်တွင် တရားမဝင်သော အစိုးရကို ဆန့်ကျင်လုပ်ဆောင်ထားခဲ့သည့် ဒီမိုကရေစီလိုလားသော တက်ကြွလှုပ်ရှားသူများအပေါ် ခြိမ်း ခြောက်ထားမှုကို မြန်မာစစ်ကောင်စီဘက်က မည်သည့်အချိန်တွင် မည်ကဲ့သို့ ဆက်လုပ်သွားမလဲဆိုသည်မှာ ရှင်းရှင်းလင်းလင်း မရှိသေးပေ။

အကယ်၍ စစ်ကောင်စီအနေဖြင့် နိုင်ငံတကာအလယ် ယင်း၏ စုတ်ပြတ်သတ်နေသော နာမည်ဂုဏ်သတင်းကို အဖတ်ဆယ်လိုသည် ဆိုပါက ယင်းအနေဖြင့် အဆိုပါ ရဲစွမ်းသတ္တိရှိသော တက်ကြွလှုပ်ရှားသူများကို ကွပ်မျက်မည် ဆိုသည့် ခြိမ်းခြောက်မှုကို ရပ်ဆိုင်းစွန့်ပယ်ရမည့် အချိန်ရောက်ပြီဖြစ်သည်။ mizzima

စစ်ဆေးရေးဂိတ်ဆုံးရှုံးပြီးနောက် စစ်တပ်က ချင်းတွင်းမြစ်အနောက်ဘက်ရွာများကို ဝင်စီး

ဇွန် ၉ ရက်က စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းအစပ် ချင်းတွင်းမြစ်ကူးတံတားထိပ်ရှိ စစ်ဆေးရေးဂိတ် အတိုက်ခံရပြီး တပ်ဖွဲ့ဝင်သုံးဦးနှင့် လက်နက်ခဲယမ်းများ ဆုံးရှုံးပြီးနောက် စစ်တပ်က ပတ်ဝန်းကျင်ကျေးရွာများကို မီးပတ်ရှို့နေကြောင်း ဒေသခံတို့က ပြောသည်။

ချင်းတွင်းမြစ်အနောက်ဘက်ကမ်း မကွေးတိုင်း ရေစကြိုမြို့နယ်အတွင်းရှိ ဆင်ဖြူရှင်တံတားထိပ်စစ်ဆေးရေးဂိတ်ကို ဒေသခံ ပြည်သူ့ကာ ကွယ်ရေးအဖွဲ့ (PDF) သုံးဖွဲ့ ပူးပေါင်းတိုက်ခိုက်စဉ် စစ်ကောင်စီဘက်မှ သုံးဦးသေဆုံးသည့်ပြင် ရဲတစ်ဦးအဖမ်းခံရကာ သေနတ် ၇ လက်နှင့် ကျည်ဆန်များ ဆုံးရှုံးခဲ့သည်။ 

ထို့နောက် စစ်တပ်က ချင်းတွင်းမြစ်အနောက်ဘက်ကမ်းရှိ ရွာများကို ဆက်တိုက်ဝင်ရောက်စီးနင်းကာ မီးရှို့နေသည့်ပြင် ပြည်သူ ၁၃ ဦးကို ဖမ်းဆီးထားသည်ဟု ရေစကြိုမြို့နယ် PDF အဖွဲ့ခေါင်းဆောင် ရဲဘော်ဝေကြီးက ယနေ့ (ဇွန် ၁၂) ပြောသည်။

စစ်တပ်က အင်အား ၃၀၀ ခန့်ဖြင့် နယ်မြေချင်းထိစပ်နေသော ရေစကြို၊ မြိုင်နှင့် ဆားလင်းကြီးမြို့နယ်အတွင်းရှိ ရွာများကို မွှေနှောက်မီးရှို့နေခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။ 

“အဲဒီနေ့ (ဇွန် ၉) ကတည်းက စစ်ကြောင်းထိုးနေတာ။ ဒီနေ့အထိပဲ။ သစ်ကြီးတောရွာကို မီးရှို့နေကြတာ ရှိတယ်။​ ကျန်တဲ့ရွာတွေကိုတော့ မွှေ နှောက်ရှာဖွေတာတွေလုပ်တယ်။ မီးတော့ မရှို့သေးဘူး” ဟု ရဲဘော်ဝေကြီးက ပြောသည်။

ဆင်ဖြူရှင်တံတားအနောက်ဘက် ၅ မိုင်အကွာရှိ ရေစကြိုမြို့နယ် သစ်ကြီးတောရွာကို ဇွန် ၁၀ တွင် စစ်တပ်က စီးနင်းမီးရှို့ခဲ့ခြင်းဖြစ်ပြီး အ နည်းဆုံး အိမ်ခြေ ၇၀ ခန့် မီးလောင်ပျက်စီးသွားကြောင်း ၎င်းက ဆိုသည်။

ထို့နေ့၌ပင် ကျေးရွာချင်းထိစပ်နေသော မြိုင်မြို့နယ် ဒါန်းပင်ကန်ရွာကို ဝင်ရောက်စီးနင်းကာ စစ်တပ်က ရွာသား ၁၃ ဦးကို ဖမ်းဆီးထားကြောင်း ရဲဘော်ဝေကြီးထံမှ သိရသည်။ 

ဒန်းပင်ကန်ရွာသားများကို ဖမ်းဆီးပြီးနောက် တစ်ညတပ်စွဲခဲ့ကြောင်း ထိုရွာနှင့် ကပ်လျက်ရှိ အခြားရွာတစ်ခုမှ ဒေသခံနှစ်ဦးက ပြောသည်။

ထို့ပြင် မီးရှို့ခံရသော သစ်ကြီးတောရွာမြောက်ဘက် ဆားလင်းကြီးမြို့နယ်အစပ်ရှိ ငါးခုံ၊ ငါးရတော စသည့်ကျေးရွာများကို စစ်တပ်က ဝင်ရောက်မွှေနှောက်ခဲ့ကြောင်း ထိုဒေသခံနှစ်ဦးက ဆိုသည်။

ရေစကြိုနှင့် ဆားလင်းမြို့နယ်အစပ်ရှိ ဂွေးဂုဏ်၊ ပြည့်ဝ (ဗြိဘ) တို့အပြင် ရှားတောရွာကိုလည်း စစ်တပ်က ဝင်ရောက်စီးနင်းသည်ဟု PDF ခေါင်းဆောင် ရဲဘော်ဝေကြီးက ပြောသည်။ 

ယနေ့ (ဇွန် ၁၂) တွင် စစ်တပ်က မြို့နယ်နှစ်ခု ဆက်စပ်ရာ လင်းစကျက်ရွာကို မီးရှို့နေကြောင်း၊ မီးလောင်နေဆဲဖြစ်သဖြင့် ပျက်စီးဆုံးရှုံးမှု အတိအကျမသိရကြောင်းလည်း ၎င်းက ယနေ့ မွန်းလွဲပိုင်းတွင် ပြောသည်။ 

“ဒီနေ့က လင်းစကျက်ကို ရှို့တာ။ အခုထိ လောင်နေတုန်း။ စစ်ကြောင်းက ရေစကြိုနဲ့ ဆားလင်းကြီးအစပ်မှာ ပတ်ထိုးနေတာ” ဟု ရဲဘော်ဝေကြီးက ပြောသည်။

ယမန်နေ့ကလည်း လင်းစကျက်ရွာမြောက်ဘက် လေးမိုင်အကွာရှိ ငွေသာရွာကို စီးနင်းရင်း စစ်တပ်က အိမ်လေးလုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထိုနယ်တစ်ဝိုက်ရှိ ကျေးရွာများကို ဆက်တိုက်စီးနေခြင်းဖြစ်ကာ အသေးစိတ်မသိရသေးကြောင်း ဆားလင်းကြီးမြို့နယ် PDF အဖွဲ့ဝင်တစ်ဦးထံမှ သိရသည်။​

ဆင်ဖြူရှင်တံတားထိပ်ရှိ စစ်ဆေးရေးဂိတ်နှင့် ကင်းစခန်းတိုက်ခိုက်ခံရပြီးနောက် စစ်တပ်က ချင်းတွင်းမြစ်အနောက်ဘက်တစ်ကြောရှိ ကျေး ရွာများကို လိုက်လံစီးနင်းနေရာ ရွာပေါင်း ၃၀ ခန့်မှ သောင်းနှင့်ချီသော ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု သိရသည်။ myanmar now

အာဆီယံအနေဖြင့် မြန်မာ့အကျပ်အတည်းအတွက် ပိုမိုအသေးစိတ်ကျသော အစီအစဉ် လိုအပ်ဟု မလေးရှား ပြော

အာဆီယံအနေဖြင့် မြန်မာအကျပ်အတည်း ကိုင်တွယ်ဖြေရှင်းရာတွင် ပိုမို အသေးစိတ်ကျပြီး စေ့စပ်ပြည့်စုံသော လမ်းပြမြေပုံတစ်ခု လိုအပ်ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင် အဗ္ဗဒူလာက ဇွန်လ ၁၁ ရက်တွင် ပြောကြားလိုက်သည်။ အာဆီယံ၏ အစီအစဉ်အောက်တွင် မြန်မာပဋိပက္ခ ပြေလည်အဆုံးသတ်စေရေး အားထုတ်မှုများ၌ သတ်မှတ်ချိန်တစ်ခု ထားရှိရန်နှင့် သက်ဆိုင်ပတ်သက်သူများကို စာရင်းသွင်းရန် လိုကြောင်း ၎င်းက အကြံပြုခဲ့သည်။

အာဆီယံအုပ်စုသည် ပြီးခဲ့သည့်နှစ်က ရေးဆွဲအတည်ပြုခဲ့သည့် ဘုံသဘောတူညီချက် ငါးချက် အကောင်အထည်ဖော်ရာတွင် တိုးတက်မှု ကင်းမဲ့ခြင်းနှင့် ရင်ဆိုင်နေရစဉ် ယခုကဲ့သို့ မလေးရှားဝန်ကြီး၏ ပြောကြားချက် ထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။

ရန်လိုမှုများ အဆုံးသတ်ရပ်ဆိုင်းရေး၊ ညှိနှိုင်းဆွေးနွေးမှုများ စတင်ရေး၊ လူသားချင်းစာနာမှု အကူအညီ ဝင်ရောက်ခွင့်ပြုရေး၊ အာဆီယံအထူးသံတမန်ကို မြန်မာတွင် အပြည့်အဝ လာရောက်ခွင့်ပြုရေးနှင့် ညှိနှိုင်းဆွေးနွေးမှု လုပ်ငန်းစဉ်တွင် ကြားဝင် ညှိနှိုင်းစေရေး အတွက် ဘုံသဘော တူညီချက် ငါးချက်က တောင်းဆိုထားသည်။

စင်္ကာပူတွင် ကျင်းပသည့် ရှန်ဂရီလာ ဆွေးနွေးပွဲအတွင်း ပြောကြားရာတွင် ဒါတူဆရီ ဆိုင်ဖူဒင်က လက်ရှိ ဘုံသဘောတူညီချက်တွင် သတ် မှတ် အချိန်ကာလနှင့် သက်ဆိုင်ပတ်သက်သူများသည် လိုနေသော အချက်နှစ်ချက် ဖြစ်ကြောင်း ရည်ညွှန်းပြောဆိုခဲ့သည်။

“ကိစ္စရပ်တွေကို ဘယ်အချိန်မှာ ကျွန်တော်တို့ ပြီးစီးအောင် လုပ်မလဲ ဆိုတာနဲ့ ဘယ်သူတွေနဲ့ တွေ့မလဲ ဆိုတာနဲ့ပတ်သက်လို့ သတ်မှတ်အချိန်တစ်ခု ကျွန်တော်တို့မှာ ရှိမနေပါဘူး။ သက်ဆိုင်ပတ်သက်သူတွေက ဘယ်သူတွေလဲ ဆိုတာကိုလည်း ဘုံသဘောတူညီချက် ငါးချက်မှာ မဖော်ပြထားခဲ့ပါဘူး” ဟု ၎င်းက ပြောသည်။

သက်ဆိုင်ပတ်သက်သူများထဲတွင် ဖြုတ်ချခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ တို့ ပါဝင်ရလိမ့်မည် ဖြစ်ကြောင်း မစ္စတာ ဆိုင်ဖူဒင်က ယင်းနောက်ပိုင်း ဖေ့စ်ဘွတ်ခ်ပို့စ်တစ်ခုတွင် ရေးသည်။

လူသားချင်းစာနာမှု အကူအညီနှင့် COVID-19 ကာကွယ်ဆေးထိုးမှုက အဓိက ဦးစားပေးကိစ္စ ဖြစ်ရလိမ့်မည်ဟု ၎င်းက ပြောခဲ့သလို ပြည် တွင်း အရပ်ဘက်လူ့အဖွဲ့အစည်း အသင်းအဖွဲ့များ ပါဝင်ရမည့် လူသားချင်းစာနာမှုနှင့် နယ်စပ်ဖြတ်ကျော် အကူအညီပေးမှုအပေါ် နှောင့်ယှက်ဟန့်တားခြင်း သို့မဟုတ် ခွဲခြားဆက်ဆံခြင်းတို့ ရှိရလိမ့်မည် မဟုတ်ဟု ၎င်းကပြောခဲ့သည်။

မြန်မာတွင် ယမန်နှစ်က ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော ရွေးကောက်ခံအစိုးရထံမှ စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံသည် ဝရုန်း သုန်းကား အခြေအနေအောက် ရောက်ရှိနေခဲ့သည်။ mizzima

အရာတော်၊ မြင်းမူနှင့်ဆားတောင်မြို့တို့တွင် စစ်ကားများကို မိုင်းဆွဲခြင်းနှင့်တိုက်ခိုက်ခြင်းတို့ကြောင့် စစ်သား ၁၀ ဦးထက်မနည်းသေဆုံးနိုင်

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်နှင့် ဆားတောင်မြို့တို့တွင် အကြမ်းဖက်စစ်သားများ လိုက်ပါသော စစ်ကားများကို PDF များ မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၁၀ ဦးထက်မနည်း ထိခိုက်သေဆုံးမှုရှိကြောင်း PDF များက သတင်းထုတ်ပြန် သည်။

ဇွန်လ ၁၂ ရက်နေ့ နံနက် ၄ နာရီ ၁၅ မိနစ်အချိန် အုန်းတောဘက်မှ မောင်းနှင်လာသော အကြမ်းဖက်စစ်သားများ လိုက်ပါသည့် ၁၂ ဘီးကားတစ်စီးနှင့် ၆ ဘီးကားတစ်စီးသည် မိုးကာများအုပ်လျက် မောင်းနှင်လာစဉ် စစ်ကိုင်း-ရွှေဘို ကားလမ်းပေါ် ဆားတောင်မြို့အကျော်တွင် စစ်ကိုင်းခရိုင် PDF တပ်ရင်း ၁ နှင့် မိုးကြိုး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁၀ ဦးကျော် ထိခိုက်သေဆုံးနိုင်ပြီး ဒဏ်ရာများလည်း ရရှိသွားကြောင်း သိရှိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ မုံရွာဘက်သို ထွက်လာသည့် တွဲကားတစ်စီးကို မုံရွာ -မန္တလေးလမ်းကြောင်းပေါ်၌ ယနေ့ဇွန်လ ၁၂ ရက်နေ့၊ နံနက်ပိုင်းက ပဒေသာမိုင်းဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Black Eagle Defence Force-MMU က သတင်းထုတ်ပြန်သည်။

စစ်ကိုင်း တပ်မ(၃၃)အထွက်၌ ရပ်ထားသည့် တွဲကား(၁၂)စီးအနက် အင်အားအပြည့် တင်ဆောင်လာသည့် တွဲကားတစ်စီးကို မြင်းမူမြိုနယ်၊ အလ္လကပ္ပကျေးရွာနှင့် ဝမ်းပြည့်ကျေးရွားအကြားတွင် ပဒေသာမိုင်း(၅)လုံးဖြင့် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ၊ ဖောက်ခွဲမှုကြောင့် ကားကိုထိမှန်ခဲ့ပြီး စစ်ကောင်စီတပ်သား‌ သေဆုံးမှု အခြေအနေကိုမူ မသိရသေးကြောင်း၊ တိုက်ခိုက်မှုကို မြင်းမူမြို Black Eagle Defence Force-MMU (မြင်းမူလင်းယုန်နက် ကာကွယ်ရေးအဖွဲ)မှ ဦးဆောင်၍ People’s Defence Force Myinmu-MMU PDF၊Myinmu Civil Revolution Force-CRF Myinmu၊ Myinmu Lightning Guerrilla Force (မြင်းမူလျှပ်စီး ပြောက်ကျားအဖွဲ)၊ မြောင်မြိုနယ်ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ- CDSOMတို့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ ဇွန်လ (၁၁ )ရက်နေ့ နံနက် ၄ နာရီ ၅၉ မိနစ် အချိန်တွင် အရာတော်မြို့ နှင့် (၅)မိုင်ခန့် အကွာ စစ်ကောင်စီ ၏ ထောက်ပို့ကား နှစ်စီး အနက် မှ ပထမဆုံး ကား အား ပဒေသာမိုင်း(၁၀)လုံးဖြင့် မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ ၎င်းကား ထိခိုက်ပျက်စီးသွားပြီး ကားပေါ်ရှိစစ်ကောင်စီတပ် သားများ ထိခိုက်၊သေဆုံးခြင်းများ ရှိကြောင်း၊ ယနေ့တွင် အရာတော်-မုံရွာ ကားလမ်းမပေါ်၌ စစ်ကောင်စီနောက်လိုက်တပ်သားများ ခြေရှုပ်လျှက်ရှိကြောင်း ၊ Danger Force LPDF မှ ဦးဆောင်၍ AMT မြေပြင်ပျောက်ကြားတပ်ဖွဲ့၊ ပတ္တမြားညီနောင် ပျောက်ကြားတပ်ဖွဲ့၊ သပြေညိုပျောက် ကြားတပ်ဖွဲ့၊ Ayadaw Falcon Force(AF2) ၊Ayadaw Bone Naing (A.B.N.PDF) တို့က ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိ ရှိရသည်။ khit thit

အင်အားရာဂဏန်းရှိ စစ်တပ်ကို တူမီးအား ကိုး၍ ခုခံနေရဟု ချင်း CDF ပြော

ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့နယ်တွင် အင်အားရာဂဏန်းရှိ စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်ရာတွင် လက်လုပ် တူမီးသေနတ်ကို အားကိုးနေရဆဲဖြစ်သည်ဟု ချင်းဒေသကာကွယ်ရေးအဖွဲ့ (CDF) က ဆိုသည်။

ချင်းပြည်နယ်တောင်ပိုင်းတွင် ဇွန် ၉ ရက်မှစ၍ စစ်တပ်က အင်အားရာဂဏန်းဖြင့် သုံးရက်ဆက်တိုက်ခိုက်ရာ ဒေသခံ လက်နက်ကိုင်တော် လှန်ရေးအဖွဲ့များ ပူးပေါင်းခုခံသော်လည်း လက်နက်အင်အား မမျှသဖြင့် တပ်ရင်းစခန်းတစ်ခု ဆုံးရှုံးခဲ့ရသည်ဟု CDF-ကန်ပက်လက် တာဝန်ရှိသူက ပြောသည်။

ဇွန် ၉ ရက်တွင် အင်အား ၁၈၀ ကျော်ရှိ စစ်ကောင်စီစစ်ကြောင်းကို ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့များနှင့် ပူးပေါင်း၍ စတင်တိုက်ခိုက်ခဲ့ကြောင်း၊ နောက်တစ်ရက်တွင် စစ်တပ်က ကန်ပက်လက်မြို့အရှေ့မြောက်ဘက် မိုင် ၂၀ ခန့်အကွာရှိ ၎င်းတို့စခန်းကို ဝင်ရောက်တိုက်ခိုက်ကြောင်း CDF-ကန်ပက်လက်အဖွဲ့ ပြောခွင့်ရ ဆလိုင်းထွန်းလိဏ်းထန်းက ပြောသည်။

တိုက်ပွဲအတွင်း မင်းတပ်မြို့နယ်ရှိ စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း ၂၇၄ နှင့် ကျောက်ထုအမြောက်တပ်က လက်နက်ကြီးပစ်ကူခဲ့ကြောင်း၊ တိုက် ပွဲနှစ်ကြိမ်ဖြစ်ပြီးနောက် Vakok ဆိုသော စခန်းကို လက်လွှတ်ဆုံးရှုံးခဲ့ရသည်ဟု ၎င်းက ဆိုသည်။

“အဓိကကတော့ လက်နက်အင်အား မမျှတာပဲ၊ သူတို့ဘက်က လက်နက်အင်အားကောင်းပြီးတော့ အလုံးအရင်းနဲ့ ထိုးဖောက်လာတဲ့အတွက်ကြောင့် ဆုတ်ပေးလိုက်ရတဲ့သဘောပါပဲ။ ကျွန်တော်တို့ဘက်ကလည်း အတတ်နိုင်ဆုံးတော့ ရှိတဲ့လက်နက်နဲ့ ပြန်တိုက်တယ်” ဟု ဆလိုင်းထွန်းလိဏ်းထန်းက ပြောသည်။

စစ်တပ်က လက်နက်အပြည့်အစုံဖြင့် တိုက်ခိုက်နိုင်သော်လည်း ၎င်းတို့အနေဖြင့် မောင်းပြန်ရိုင်ဖယ်အနည်းငယ်သာ ပါဝင်ပြီး တူမီးသေနတ်ကို အဓိကထား အသုံးပြုနေရဆဲဖြစ်သည်ဟု ၎င်းက ပြောသည်။​

“အခုချိန်အထိ ကျွန်တော်တို့ တူမီးကိုင်နေရဆဲဖြစ်တယ်၊ တူမီးတွေက စခန်းကို ကာကွယ်ဖို့လောက်အထိတော့ ယုံကြည်မှုမပေးနိုင်ဘူး။ ဆိုတော့ လူအင်အားတော့ရှိတယ်၊ လက်နက်အင်အားမရှိတဲ့အခါမှာ ဆုတ်ပေးလိုက်ရတယ်” ဟု ဆလိုင်းထွန်းလိဏ်းထန်းက ပြောသည်။

လက်နက်အင်အား မမျှသော်လည်း ယမန်နေ့အထိ သုံးရက်ဆက်တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ ၁၅ ဦးထက်မနည်း သေဆုံးကာ ၃၀ ခန့် ဒဏ်ရာရနိုင်ကြောင်း၊ ၎င်းတို့ဘက်မှ ရဲဘော်နှစ်ဦး ဒဏ်ရာရသည်ဟု CDF-ကန်ပက်လက် ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ယမန်နေ့တွင် စစ်ကောင်စီတပ်က သိမ်းပိုက်ထားသည့် စခန်းကို သွားရောက်တိုက်ခိုက်ကြောင်း၊ စခန်းအပြင်ထွက်လာသော စစ်သားသုံးဦးကို သုတ်သင်နိုင်ခဲ့ကြောင်း၊ ပိတ်မိနေသော စစ်သားများကို ကယ်ထုတ်ရန် ကန်ပက်လက်မြို့ပေါ် အင်အား ၁၀၀ ခန့်ပါ စစ်ကြောင်းရောက်လာကြောင်းလည်း ဆလိုင်းထွန်းလိဏ်းထန်းက ပြောသည်။

ထိုသို့ စစ်ကောင်စီတပ် စစ်ကူထွက်သွားချိန်တွင် မြို့တွင်းရှိ စစ်သားများကို ပြောက်ကျားနည်းဖြင့် နံနက်တစ်ကြိမ် မွန်းလွဲပိုင်းတစ်ကြိမ် ဝင်ရောက်တိုက်ခိုက်ရာ စစ်သား ၆ ဦးထက်မနည်း သေဆုံးသည်ဟု ဆိုသည်။

“မြို့တွင်းမှာပါ တိုက်ခိုက်ခံရတော့ စစ်ကူပေးမဲ့ စစ်ကောင်စီတပ်က ကတင်းချောင်းရောက်ပြီးခါမှ မြို့ကို ပြန်လှည့်လာရပြီး ၅ နာရီလောက်မှ မြို့ကို ပြန်ရောက်လာတယ်” ဟု ဆလိုင်းထွန်းလိဏ်းထန်းက ပြောသည်။

ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့နယ်အတွင်း သုံးရက်ဆက်တိုက်ပွဲများဖြစ်စဉ် နှစ်ဖက် ထိခိုက်သေဆုံးမှုများနှင့် ပတ်သက်၍ သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။

မြေပြင်သတင်း မရသေးသဖြင့် ယနေ့ (ဇွန် ၁၂) တိုက်ပွဲအခြေအနေကို မသိရသေးကြောင်း CDF- ကန်ပက်လက် တာဝန်ရှိသူက ဆိုသည်။​

တိုက်ပွဲများကြောင့် ကျေးရွာ ၉ ရွာမှ ဒေသခံ ၂၀၀၀ ခန့် ထွက်ပြေးကာ တောင်ယာတဲများနှင့် တောတွင်းရှိ ကျောက်ဂူများတွင် ပုန်းခိုနေရသည်ဟု ဒေသခံများကို ကူညီပေးနေသော ကန်ပက်လက်မြို့မှ ခရစ်ယာန်သင်းအုပ်ဆရာတစ်ဦးက ပြောသည်။​

တိုက်ပွဲစတင်သော ဇွန် ၉ ရက်မှစ၍ စမ္မသား၊ စံအိမ်နူး၊ မဆီးတွီ၊ အံပုံ၊ ကျော့တော်၊ ငုံလောင်း၊ ကန်း လောင်း၊ ရလောင်းပန်းနှင့် ချင်းလက်မွန်ရွာတို့မှ ဒေသခံများ တိမ်းရှောင်နေရခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။

“မိုးကလည်း ရွာနေတာဆိုတော့လေ၊ ပြေးရမဲ့နေရာကလည်း အဆင်မပြေကြတော့ တောထဲတောင်ထဲနဲ့ တောင်ယာမှာ အိမ်ရှိတဲ့သူက တောင်ယာကို ပြေး၊ တောထဲက ကျောက်ဂူထဲ နေတဲ့သူကနေပေါ့” ဟု ယင်းသင်းအုပ်ဆရာက ပြောသည်။

ကန်ပက်လက်မြို့ပေါ်တွင် စစ်ကောင်စီက တပ်မ ၉၉ လက်အောက်ခံတပ်များနှင့် အခြားတပ်များ ပူးပေါင်းကာ အင်အား ၃၀၀ ခန့်ဖြင့် စာသင်ကျောင်း၊ ရဲစခန်းနှင့် မြို့နယ်ပညာရေးမှူးရုံးတို့တွင် ဆက်လက် တပ်စွဲထားသည်ဟု CDF-ကန်ပက်လက်အဖွဲ့ထံမှ သိရသည်။

ပြီးခဲ့သည့် မတ်လအတွင်းကလည်း စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်ရာ ကန်ပက်လက်မြို့မြောက်ဘက် မိုင်အနည်းငယ်အကွာရှိ  CDF-ကန်ပက်လက် တပ်မဟာဌာနချုပ်ကို လက်လွှတ်ဆုံးရှုံးခဲ့ရဖူးသည်။

ချင်းပြည်နယ်တောင်ပိုင်းကို ထိန်းချုပ်ရန် ကြိုးပမ်းနေသော စစ်ကောင်စီတပ်ကို ချင်းဒေသကာကွယ်ရေးအဖွဲ့များနှင့်အတူ နယ်မြေချင်း ထိစပ်နေသော မကွေးတိုင်းအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များ ပူးပေါင်း၍ ခုခံတိုက်ခိုက်နေသည်။ 

လက်နက်အင်အားမမျှတသောကြောင့် အထိုင်စခန်းများ မကြာခဏ ဆုံးရှုံးနေရသည့်အတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် လက်နက်များပံ့ပိုးပေးစေလိုကြောင်း၊ ၎င်းတို့အဖွဲ့ကို ဆက်လက် လှူဒါန်းရန်လည်း CDF-ကန်ပက်လက်အဖွဲ့က တောင်းဆိုသည်။

NUG ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန် ဦးနိုင်ထူးအောင်က နိုင်ငံအနှံ့ရှိ တော်လှန်ရေးအဖွဲ့များကို ပံ့ပိုးမှုများ တိုး၍ လုပ်နေသည်ဟု Myanmar Now ကို ပြောဖူးသော်လည်း ထောက်ပံ့မှုအခြေအနေနှင့် ပတ်သက်၍ တိကျစွာ သိရခြင်းမရှိသေးပေ။

၂၀၂၁ ဖေဖော်ဝါရီတွင် စစ်တပ်က ရွေးကောက်ခံ ပြည်သူ့အစိုးရကို ဖြုတ်ချကာ အာဏာသိမ်းပြီးနောက် ငြိမ်းချမ်းစွာ ဆန္ဒပြသူများကိုပင် ပစ်သတ်ရာ လက်နက်ကိုင်တော်လှန်ရေးများ နိုင်ငံအနှံ့ ပေါ်ပေါက်နေသည်။ myanmar now

စစ်ကောင်စီ စီစဉ်နေသည့် ရွေးကောက်ပွဲကို အမေရိကန်က ထောက်ခံမည်မဟုတ်ဟု နိုင်ငံ ခြားရေးအတိုင်ပင်ခံ ပြော

မြန်မာအာဏာသိမ်းစစ်ကောင်စီက ၂၀၂၃ ခုနှစ်ထဲ ကျင်းပရန် စီစဉ်ထားသည့် ရွေးကောက်ပွဲကို အမေရိကန်ဘက်က ထောက်ခံသွားမည် မဟုတ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံ ဒဲရက်ခ် ချိုလက်က ဇွန်လ ၁၁ ရက်တွင် ပြောကြားလိုက်သည်။

စစ်ကောင်စီ စီစဉ်နေသည့် လာမည့်နှစ် ရွေးကောက်ပွဲများက လွတ်လပ်တရားမျှတမှု ရှိလိမ့်မည် မဟုတ်ကြောင်းလည်း အမေရိကန်အစိုးရ အဆင့်မြင့်အရာရှိကြီးက ပြောသည်။

မြန်မာတွင် ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလက စစ်တပ်က အာဏာသိမ်းပြီး အရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အစိုးရကို ဖြုတ်ချပြီးနောက်ပိုင်း ဝရုန်းသုန်းကားအခြေအနေအောက် ကျရောက်နေသလို စီးပွားရေးသည်လည်း တုံ့ဆိုင်းရပ်တန့်နေသည်။

ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီသည် ၂၀၂၀ နိုဝင်ဘာ ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရခဲ့သော်လည်း မဲမသမာမှုများ ရှိသည်ဟု စစ်တပ်က စွပ်စွဲပြီး အာဏာသိမ်းခဲ့သည်။

၂၀၂၃ ခုနှစ် ဩဂုတ်လတွင် ရွေးကောက်ပွဲအသစ် ကျင်းပမည် ဆိုသည့် အာဏာသိမ်းစစ်ကောင်စီ၏ ကတိနှင့်ပတ်သက်ပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံ ဒဲရက် ချိုလက်က သံသယ ရှိနေသည်။

“အဲဒီ ရွေးကောက်ပွဲက လွတ်လပ်မှု၊ တရားမျှတမှု ရှိနိုင်မှာ မဟုတ်ဘူးလို့ ကျွန်တော် ထင်မြင်မိပါတယ်။ အဲဒါက ဒေသနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းကို ခြယ်လှယ်ဖို့ ကြိုးပမ်းမှုတစ်ခု ဖြစ်နိုင်ပါတယ်” ဟု ချိုလက်က စင်္ကာပူတွင် ကျင်းပသည့် ရှန်ဂရီလာ ဆွေးနွေးပွဲတွင် ပြောသည်။

မြန်မာတွင် အာဏာသိမ်းစစ်တပ်က အာဏာသိမ်းမှုကို ဆန့်ကျင်သူများအပေါ် ဖြိုခွင်းနှိမ်နင်းခဲ့ရာတွင် အရပ်သား ၂,၀၀၀ နီးပါး သေဆုံးခဲ့ကာ လူပေါင်း ၁၄,၀၀၀ ကျော် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။

ယမန်နှစ်ကုန်ပိုင်း ရာထူးတာဝန် စတင်လက်ခံပြီးကတည်းက မြန်မာသို့ လာရောက်ခွင့်မရသေးသည့် မြန်မာဆိုင်ရာ ကုလ အထူးကိုယ်စားလှယ် နိုလင်း ဟေဇာက တရားမဝင်သော ရွေးကောက်ပွဲကြောင့် နောက်ထပ် မငြိမ်မသက်မှုကို ထပ်ဖြစ်စေနိုင်သည့်အပေါ် စိုးရိမ်ပူပန်နေသည်။

ရွေးကောက်ပွဲက နိုင်ငံကို “မှန်ကန်သော အရပ်သားအုပ်ချုပ်မှု” ဆီ ပြန်ရောက်စေရန် ဦးတည်စေလိမ့်မည် ဆိုသည်နှင့် ပြည်သူတို့၏ သဘောဆန္ဒများကို လေးစားလိုက်နာလိမ့်မည် ဆိုပြီး မြန်မာနိုင်ငံသားများ မယုံကြည်သရွေ့ ယင်းက ပိုမိုကြီးမားသော အကြမ်းဖက်မှုအတွက် အစပျိုးစေသည့် အချက်တစ်ခု ဖြစ်နိုင်သည်ဟု သူမက ပြောသည်။

သို့သော် နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် အစီအစဉ်ဖျက်မှု ပြောစကားများထဲ ပိတ်မိမနေသင့်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ကိုယ်စားလှယ် ဖွန်ပီမိုလ် ကန်ချန်နာလက်ခ်က ပြောသည်။

“ပြစ်တင်ရှုတ်ချမှုတွေ၊ ဒဏ်ခတ်ပိတ်ဆို့မှုတွေ၊ ဝိုင်းကြဉ်မှုတွေက ထိရောက်မှု သိပ်မရှိတဲ့ အခြေအနေတွေဆီ ရောက်နေခဲ့ပါပြီ” ဟု ၎င်းက ပြောသည်။

လာမည့် ရွေးကောက်ပွဲအတွက် စိုးရိမ်ပူပန်မှုများ ရှိနေသည်ကို လက်ခံကြောင်း ဖွန်ပီမိုလ်က ပြောခဲ့သော်လည်း နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ရွေးကောက်ပွဲ ကျင်းပမည် ဆိုသည့် စစ်ကောင်စီ၏ ကတိကဝတ်ကို လက်ခံသင့်ကြောင်း သူမက ပြောသည်။

မြန်မာ အပါအဝင် နိုင်ငံပေါင်း ၁၀ နိုင်ငံ ပါသည့် အာဆီယံသည် မြန်မာအကျပ်အတည်းကို ပြေလည်အောင် ဖြေရှင်းရန် ရည်ရွယ်သည့် အ ရှိန်သေနေသော သံတမန်ရေး အားထုတ်မှုများကို ဦးဆောင်ထားသည်။

အာဆီယံနိုင်ငံများအနေဖြင့် မြန်မာတွင် အကြမ်းဖက်မှု ရပ်စဲရေး၊ အပြုသဘောဆောင် ညှိနှိုင်းဆွေးနွေးရေး တောင်းဆိုသည့် ၂၀၂၁ ခုနှစ် ဧပြီ လ ဂျကာတာ၌ သဘောတူခဲ့သော “ဘုံသဘောတူညီချက် ငါးချက်” နှင့်ပတ်သက်ပြီး နောက်ဆုံးသတ်မှတ်ချိန် သတ်မှတ်ထားရှိရန်နှင့် တစ်က ပြန်စရန် မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင် အဗ္ဗဒူလာက တိုက်တွန်းခဲ့သည်။

မြန်မာကို အာဆီယံအုပ်စုမှ ထုတ်ပယ်ရန် ဆွေးနွေးမှုများ မရှိခဲ့ဟု ၎င်းက ပြောသည်။

တစ်ချိန်တည်းမှာပင် ရုရှကျူးကျော်မှုနောက်ပိုင်း ယူကရိန်းထံ ပေးအပ်နေတဲ့ အကူအညီများကဲ့သို့ အထောက်အပံ့များ ပေးအပ်ရန် ပန်ကြားမှုများ ရှိနေလင့်ကစား မြန်မာနိုင်ငံရှိ စစ်အာဏာသိမ်းဆန့်ကျင်နေသော တိုက်ခိုက်ရေးသမားများကို လက်နက်ထောက်ပံ့ရန် ဝါရှင်တန်ဘက်က လက်တလော စဉ်းစားထားခြင်း မရှိသေးကြောင်း ချိုလက်က အတည်ပြုသည်။

အာဏာသိမ်းမှုအလွန် အကြမ်းဖက်မှုများကြောင့် မြန်မာနိုင်ငံတွင် နေရပ်စွန့်ခွာထွက်ပြေးသူဦးရေသည် ပထမဆုံးအကြိမ်အဖြစ် တစ်သန်းကျော် အထိ ရှိလာခဲ့ကြောင်း ကုလသမဂ္ဂက ဇွန်လအစောပိုင်းတွင် ပြောသည်။ မုတ်သုံရာသီနှင့်အတူ လူသားချင်းစာနာမှု အကူအညီများ ကင်းမဲ့နေမှုအပေါ် စိုးရိမ်ပူပန်ကြောင်း ယင်းက ထုတ်ဖော်ခဲ့သည်။

ဖြုတ်ချခံရပြီးနောက် ဒေါ်အောင်ဆန်းစုကြည်သည် စစ်တပ်၏ ထိန်းသိမ်းခြင်းကို ခံထားရပြီး သူမကို ထောင်ဒဏ်နှစ် ၁၅၀ ကျော်အထိ ချနိုင်သော စွဲချက်များနှင့် ရင်ဆိုင်နေရသည်။ mizzima

မကွေးတိုင်းအတွင်း ဖေ့စ်ဘွတ်ခ်သုံးသည့် ပြည်သူ ၃ ဦးကို စစ်ကောင်စီက ဖမ်းဆီး

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်နဲ့  ဆောမြို့နယ်မှာ  ဒေသခံပြည်သူ  သုံးယောက်ကို စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေက မမှန်သတင်းဖြန့်ဝေသူ၊ PDF သင်တန်းဆင်းလို့ စွပ်စွဲပြီး ဇွန် ၁၀ ရက်မှာ ဖမ်းဆီးလိုက်တယ်လို့  ဒေသခံတွေဆီကနေ သိရပါတယ်။

ပခုက္ကူမြို့ အမှတ်(၁) ရပ်ကွက်က ကိုထက်အောင်လင်း(ခ)အာကာမိုးမာန်ကို  ဖေ့စ်ဘွတ်ခ် လူမှုကွန်ယက်မှာ မမှန်သတင်းဖြန့်ဝေပြီး အများပြည်သူထိတ်လန့်အောင် ပြောဆိုရေးသားတယ်လို့ စွပ်စွဲပြီး ဇွန် ၁၀ ရက် ညနေ ၅ နာရီခွဲလောက်မှာ   စစ်ကောင်စီတပ်တွေက နေအိမ်မှာ လာဖမ်းသွားကြတာလို့ ပခုက္ကူမြို့ခံတစ်ယောက်က ပြောပါတယ်။

ဒါအပြင် အမှတ် ၆ ရပ်ကွက် ၁၃ လမ်းမှာနေထိုင်တဲ့ ကိုသာရှိုင်းကိုလည်း ဖေ့စ်ဘွတ်ခ် လူမှုကွန်ယက်မှာမမှန်သတင်းဖြန့်ဝေပြီး PDFကို ထောက် ခံအားပေးတဲ့စာတွေရေးသား ဖြန့်ဝေတယ်လို့ စွပ်စွဲပြီး ဇွန် ၁၀ ရက် ည ၈ နာရီလောက်မှာ စစ်ကောင်စီလက်ပါးစေတွေက နေအိမ်မှာ လာဖမ်းသွားကြတယ်လို့ ဆိုပါတယ်။

အလားတူ ဆောမြို့နယ် ထန်းတောလယ်ကျေးရွာက ကိုခိုင်လင်းကိုလည်း PDF သင်တန်းဆင်းလို့ စွပ်စွဲပြီး ဇွန် ၁၀ ရက် မွန်းလွဲ ၁ နာရီခွဲလောက်က ပေါက်မြို့  အောင်တော်မူရပ်ကွက် မြို့အဝင် စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးသွားကြတယ်လို့ ပေါက်မြို့ဒေသခံက ပြောပါတယ်။

ပေါက်မြို့နယ် ယာကြီးပြင်ရွာမှာ ဇွန် ၈ ရက် မနက်ပိုင်းကလည်း ဒေသခံပြည်သူ  ခြောက်ယောက်နဲ့ ဇွန် ၉ ရက် မနက်ပိုင်းမှာ ပြည်သူတယောက်ကို  ပြည်သူကာကွယ်ရေးတပ်ဖွဲ့ PDF ကို ထောက်ပံ့ပေးသူတွေလို့ စွပ်စွဲပြီး စစ်ကောင်စီတပ်တွေက ဖမ်းစီးသွားတယ်လို့ သိရပါတယ်။

ပခုက္ကူခရိုင်အတွင်းမှာ အခုနှစ်  ဖေဖော်ဝါရီလကနေ ယနေ့အချိန်အထိ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ မတရားစွပ်စွဲ ဖမ်းဆီးခံထားရသူ ၂၀၀ ကျော်လောက်ရှိနေပြီး ပြီးခဲ့တဲ့ မေလအတွင်းမှာ ၈၀ ကျော်​လောက် မတရားဖမ်းဆီးခံထားရတယ်လို့ သိရပါတယ်။

စစ်ကောင်စီဟာ နိုင်ငံတဝန်းက ပြည်သူတွေရဲ့ လူမှုကွန်ရက်အသုံးပြုမှုကို စောင့်ကြည့်ပြီး NUG/ PDF စတဲ့ သတင်းတွေကို Share လုပ်သူ၊ Like လုပ်သူ၊ Comment ရေးသားသူတွေကို နေ့စဉ် ပျမ်းမျှ ၁၀ ယောက်နှုန်းလောက်နဲ့  ဖမ်းဆီးအရေးယူနေတာဖြစ်ပါတယ်။   DVB

မင်းကင်းမြို့နယ်တွင် စစ်ကောင်စီတပ်ရိက္ခာ ဆန်အိတ် ၇၀ ကို PDF အဖွဲ့က သိမ်းယူ

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ရဲ့ ရိက္ခာဆန်အိတ်တွေကို ဒေသခံ PDF အဖွဲ့တွေက ဇွန် ၁၁ ရက် ညနေပိုင်းမှာ  သိမ်းယူဆောင်သွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မင်းကင်းမြို့နယ် တောင်တွင်းဒေသ မြို့မကျေးရွာရှိ ဒေါ်ဝင်းနုအေး နေအိမ်အတွင်းမှာထားရှိတဲ့ တပ်ရိက္ခာဆန်အိတ်တွေကို MKPDF တပ်ရင်း ၂၊ တပ်ခွဲ ၁ နဲ့ တောင်တွင်းမြွေပွေး(ပကဖ)အဖွဲ့တို့က ယူဆောင်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ပိုင် ၁ တင်းခွဲဝင် ဆန်အိတ်ပေါင်း အလုံး ၇၀ ကို သိမ်းယူခဲ့တာ ဖြစ်ပါတယ်။

သိမ်းယူခဲ့တဲ့ ဆန်အိတ်တွေကို မင်းကင်းမြို့နယ်အတွင်းမှာရှိ စစ်ဘေးသင့်ပြည်သူတွေအတွက် ပြန်လည်ပေးဝေသွားမှာဖြစ်တယ်လို့ PDF ခေါင်း ဆောင်တဦးက ပြောပါတယ်။ 

စစ်ကောင်စီတပ်ဖွဲ့တွေဟာ  ဇွန် ၁၀ ရက်က တောင်တွင်းဒေသမှာရှိတဲ့  နေအိမ်တချို့ကို မီးရှို့ဖျက်ဆီးခဲ့သလို၊ အပြစ်မဲ့ပြည်သူ ၁ ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

ဖမ်းဆီးခံရသူဟာ ထမင်းဆိုင်ဖွင့်ပြီး လုပ်ကိုင်စားသောက်နေတဲ့ မြို့မကျေးရွာနေ ဦးမြင့်ဖြစ်ပြီး ဘာကြောင့်ဖမ်းတယ်ဆိုတာလည်း မသိရသလို လက်ရှိအချိန်ထိလည်း အဆက်အသွယ်မရဘူးလို့ ဒေသခံတွေထံက သိရတယ်။ DVB

မောတောင် နယ်စပ်ဂိတ်မှ တစ်ဆင့် စစ်အုပ်စုက လက်နက် မှောင်ခိုဝယ်ယူနေကြောင်း ဒေ သခံများ ပြောဆို

မြန်မာ-ထိုင်း မောတောင်-ဆင်ခွန်း နယ်စပ်ဂိတ်မှ တစ်ဆင့် စစ်အုပ်စုက ထိုင်းစစ်တပ်နှင့် ချိတ်ဆက်ကာ လက်နက်မှောင်ခို တင်သွင်း ဝယ်ယူနေကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ နယ်စပ်ဂိတ်သည် တနင်္သာရီမြို့နယ်၊ မောတောင်နယ်စပ် တစ်ဖက်ရှိ ထိုင်းနိုင်ငံ ပရာကျွတ် ခရီခန်ခရိုင်အတွင်း သေနတ်နှင့် အခြားဆက်စပ် လက်နက် ပစ္စည်းများကို စစ်ကောင်စီ တပ်သားများနှင့် ပျူစောထီးအဖွဲ့တို့က ပူးပေါင်းကာ လျှို့ဝှက်ပြီး ဝယ်ယူနေသည်ဟု ဒေသခံ တစ်ဦးက ပြော သည်။

မောတောင် ဒေသခံ တစ်ဦးက“စစ်တပ်က ပျူစောထီးတွေကို ဝယ်ခိုင်းတာပါ၊ ထိုင်းထဲက မြန်မာစကားပြန်တွေနဲ့ ထိုင်းစစ်သားတွေကို သေ နတ် တွေ ရှာခိုင်းပြီး ဝယ်ယူတာ ဖြစ်တယ်”ဟု ပြော သည်။

ထို့အပြင် အခုလို စစ်ကောင်စီက ထိုင်းနိုင်ငံထဲက သေနတ်များကို မှောင်ခို ဝယ်ယူမှု ပြုလုပ်နေချိန် အတွင်း PDF တပ်ဖွဲ့ဝင်များကို ယခင်က သေနတ်နှင့် အခြားလက်နက်ပစ္စည်းများ ဝယ်ယူပေးနေသည့် မြန်မာနိုင်ငံသားအဖွဲ့ကိုလည်း မြန်မာစစ်တပ်က ထိုင်းစစ်တပ်ကို စာရင်းနှင့် တကွ ဖမ်းဆီးပေးဖို့ အကူညီ တောင်းခံခဲ့ကြောင်း မောတောင် ဒေသခံများထံမှ သိရ သည်။

မြန်မာ-ထိုင်း မောတောင်-ဆင်ခွန်း နယ်စပ်ဂိတ် သည် (အထူးယာယီနယ်စပ်ဂိတ်) တစ်ခုသာ ဖြစ်သည်။ mizzima

« Older Entries