စစ်ကောင်စီအခြေစိုက်နေရာများအထိတိုက် ခိုက်နိုင်သည့် တာဝေးပစ်လက်နက်ကြီးများ Eastern Red Lion အဖွဲ့က အောင်မြင်စွာ ထုတ်လုပ်နိုင်
စစ်ကောင်စီအခြေစိုက် နေရာများအထိပါတိုက်ခိုက်နိုင်ပြီး တိုက်ပွဲအရှိန်မြှင့်နိုင်ရန်အတွက် တာဝေးပစ် လက်နက်ကြီးများထုတ်လုပ်၍ အောင်မြင်စွာပစ်ခတ်နိုင်ပြီဖြစ်ကြောင်း Eastern Red Lion အဖွဲ့ တာဝန် ရှိသူထံမှသိရသည်။
Eastern Red Lion အဖွဲ့မှ ယခုထုတ်လုပ်လိုက်သည့် တာဝေးပစ်လက်နက်ကြီးများသည် သယ်ဆောင် ရန်ပေါ့ပါးပြီး ဖြုတ်ယူသိမ်းဆည်းရန် လွယ်ကူကြောင်းသိရသည်။ Eastern Red Lion အဖွဲ့သည် ယနေ့ ဇွန်လ ၁၂ ရက်နေ့တွင် တာဝေးပစ် ၆၀ မမ လက်နက်ကြီးနှင့် ၄၀ မမလက် နက်ကြီးများ အောင်မြင်စွာ ပစ်ခတ်နိုင်ခဲ့သည့် အကြောင်းကို ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာတွင် ဗီဒီယိုဖိုင်နှင့်တကွ ပြသခဲ့သည်။
“ထုတ်လုပ်ခဲ့တာက လက်နက်ကြီးတွေဝယ်ဖို့ ငွေကြေးမပြည့်စုံတာကြောင့်ပါ။ အရင်ကလည်း ဖောက်ခွဲ ရေးတွေလုပ်နေတယ်ဆိုတော့ စမ်းရင်းစမ်းရင်းနဲ့ အဆင်ပြေသွားတာပါ။ အခု ထုတ်လုပ်လိုက်တဲ့ ပစ္စည်း တွေအတွက် လိုအပ်တဲ့ကုန်ကြမ်းကလည်း အလွယ်တကူရှာလို့ရတော့ ဘယ်အဖွဲ့အတွက်မဆို အဆင်ပြေ နိုင်ပါတယ်။ လက်နက်ငယ်တွေ ထပ်ထုတ်သွားဖို့ရှိပါတယ်” ဟု Eastern Red Lion အဖွဲ့ တာဝန်ရှိ သူက မဇ္ဈိမကို ပြောသည်။
ထုတ်လုပ်ခဲ့သည့် တာဝေးပစ် ၆၀ မမလက်နက်ကြီးနှင့် ၄၀ မမလက်နက်ကြီးများသည် တစ်မိုင်နီးပါး အကွာအဝေးအထိပစ်ခတ်နိုင်ပြီး ပစ် မှတ်ချိန်ဆမှုနှင့်ပစ်ခတ်မှုတွင်လည်းလွယ်ကူသလို ထုတ်လုပ်မှု ကုန်ကျစရိတ်လည်း နည်းပါးကြောင်း ကာကွယ်ရေးတပ်ဖွဲ့ထံမှသိရသည်။
Eastern Red Lion တပ်ဖွဲ့အနေဖြင့် စစ်ကောင်စီတပ်ကို တိုက်ခိုက်မှု အရှိန်တိုးမြှင့်နိုင်ရန် လက်နက်ကြီး အမြောက်အမြားထုတ်လုပ်နိုင်ရန် ဆောင်ရွက်နေသလို လက်နက်ငယ်များလည်း ထုတ်လုပ်ရန်ပြင်ဆင် လျှက်ရှိသည်။
ပြည်သူများအနေဖြင့်လည်း ပြိုင်တူတွန်းမှရွေ့နိုင်မည်ကိုသိရှိသည့်အတွက် မဆိုင်သလိုမနေကြရန်နှင့် စစ်အာဏာရှင်စနစ်ကျဆုံးစေရန် တတ်နိုင်သည့်ဘက်မှ ဝိုင်းဝန်းကူညီပေးကြရန် Eastern Red Lion တပ်ဖွဲ့ တာဝန်ရှိသူက တိုက်တွန်းထားသည်။ mizzima