စစ်ကောင်စီ စီစဉ်နေသည့် ရွေးကောက်ပွဲကို အမေရိကန်က ထောက်ခံမည်မဟုတ်ဟု နိုင်ငံ ခြားရေးအတိုင်ပင်ခံ ပြော

မြန်မာအာဏာသိမ်းစစ်ကောင်စီက ၂၀၂၃ ခုနှစ်ထဲ ကျင်းပရန် စီစဉ်ထားသည့် ရွေးကောက်ပွဲကို အမေရိကန်ဘက်က ထောက်ခံသွားမည် မဟုတ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံ ဒဲရက်ခ် ချိုလက်က ဇွန်လ ၁၁ ရက်တွင် ပြောကြားလိုက်သည်။

စစ်ကောင်စီ စီစဉ်နေသည့် လာမည့်နှစ် ရွေးကောက်ပွဲများက လွတ်လပ်တရားမျှတမှု ရှိလိမ့်မည် မဟုတ်ကြောင်းလည်း အမေရိကန်အစိုးရ အဆင့်မြင့်အရာရှိကြီးက ပြောသည်။

မြန်မာတွင် ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလက စစ်တပ်က အာဏာသိမ်းပြီး အရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အစိုးရကို ဖြုတ်ချပြီးနောက်ပိုင်း ဝရုန်းသုန်းကားအခြေအနေအောက် ကျရောက်နေသလို စီးပွားရေးသည်လည်း တုံ့ဆိုင်းရပ်တန့်နေသည်။

ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီသည် ၂၀၂၀ နိုဝင်ဘာ ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရခဲ့သော်လည်း မဲမသမာမှုများ ရှိသည်ဟု စစ်တပ်က စွပ်စွဲပြီး အာဏာသိမ်းခဲ့သည်။

၂၀၂၃ ခုနှစ် ဩဂုတ်လတွင် ရွေးကောက်ပွဲအသစ် ကျင်းပမည် ဆိုသည့် အာဏာသိမ်းစစ်ကောင်စီ၏ ကတိနှင့်ပတ်သက်ပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံ ဒဲရက် ချိုလက်က သံသယ ရှိနေသည်။

“အဲဒီ ရွေးကောက်ပွဲက လွတ်လပ်မှု၊ တရားမျှတမှု ရှိနိုင်မှာ မဟုတ်ဘူးလို့ ကျွန်တော် ထင်မြင်မိပါတယ်။ အဲဒါက ဒေသနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းကို ခြယ်လှယ်ဖို့ ကြိုးပမ်းမှုတစ်ခု ဖြစ်နိုင်ပါတယ်” ဟု ချိုလက်က စင်္ကာပူတွင် ကျင်းပသည့် ရှန်ဂရီလာ ဆွေးနွေးပွဲတွင် ပြောသည်။

မြန်မာတွင် အာဏာသိမ်းစစ်တပ်က အာဏာသိမ်းမှုကို ဆန့်ကျင်သူများအပေါ် ဖြိုခွင်းနှိမ်နင်းခဲ့ရာတွင် အရပ်သား ၂,၀၀၀ နီးပါး သေဆုံးခဲ့ကာ လူပေါင်း ၁၄,၀၀၀ ကျော် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။

ယမန်နှစ်ကုန်ပိုင်း ရာထူးတာဝန် စတင်လက်ခံပြီးကတည်းက မြန်မာသို့ လာရောက်ခွင့်မရသေးသည့် မြန်မာဆိုင်ရာ ကုလ အထူးကိုယ်စားလှယ် နိုလင်း ဟေဇာက တရားမဝင်သော ရွေးကောက်ပွဲကြောင့် နောက်ထပ် မငြိမ်မသက်မှုကို ထပ်ဖြစ်စေနိုင်သည့်အပေါ် စိုးရိမ်ပူပန်နေသည်။

ရွေးကောက်ပွဲက နိုင်ငံကို “မှန်ကန်သော အရပ်သားအုပ်ချုပ်မှု” ဆီ ပြန်ရောက်စေရန် ဦးတည်စေလိမ့်မည် ဆိုသည်နှင့် ပြည်သူတို့၏ သဘောဆန္ဒများကို လေးစားလိုက်နာလိမ့်မည် ဆိုပြီး မြန်မာနိုင်ငံသားများ မယုံကြည်သရွေ့ ယင်းက ပိုမိုကြီးမားသော အကြမ်းဖက်မှုအတွက် အစပျိုးစေသည့် အချက်တစ်ခု ဖြစ်နိုင်သည်ဟု သူမက ပြောသည်။

သို့သော် နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် အစီအစဉ်ဖျက်မှု ပြောစကားများထဲ ပိတ်မိမနေသင့်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ကိုယ်စားလှယ် ဖွန်ပီမိုလ် ကန်ချန်နာလက်ခ်က ပြောသည်။

“ပြစ်တင်ရှုတ်ချမှုတွေ၊ ဒဏ်ခတ်ပိတ်ဆို့မှုတွေ၊ ဝိုင်းကြဉ်မှုတွေက ထိရောက်မှု သိပ်မရှိတဲ့ အခြေအနေတွေဆီ ရောက်နေခဲ့ပါပြီ” ဟု ၎င်းက ပြောသည်။

လာမည့် ရွေးကောက်ပွဲအတွက် စိုးရိမ်ပူပန်မှုများ ရှိနေသည်ကို လက်ခံကြောင်း ဖွန်ပီမိုလ်က ပြောခဲ့သော်လည်း နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ရွေးကောက်ပွဲ ကျင်းပမည် ဆိုသည့် စစ်ကောင်စီ၏ ကတိကဝတ်ကို လက်ခံသင့်ကြောင်း သူမက ပြောသည်။

မြန်မာ အပါအဝင် နိုင်ငံပေါင်း ၁၀ နိုင်ငံ ပါသည့် အာဆီယံသည် မြန်မာအကျပ်အတည်းကို ပြေလည်အောင် ဖြေရှင်းရန် ရည်ရွယ်သည့် အ ရှိန်သေနေသော သံတမန်ရေး အားထုတ်မှုများကို ဦးဆောင်ထားသည်။

အာဆီယံနိုင်ငံများအနေဖြင့် မြန်မာတွင် အကြမ်းဖက်မှု ရပ်စဲရေး၊ အပြုသဘောဆောင် ညှိနှိုင်းဆွေးနွေးရေး တောင်းဆိုသည့် ၂၀၂၁ ခုနှစ် ဧပြီ လ ဂျကာတာ၌ သဘောတူခဲ့သော “ဘုံသဘောတူညီချက် ငါးချက်” နှင့်ပတ်သက်ပြီး နောက်ဆုံးသတ်မှတ်ချိန် သတ်မှတ်ထားရှိရန်နှင့် တစ်က ပြန်စရန် မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင် အဗ္ဗဒူလာက တိုက်တွန်းခဲ့သည်။

မြန်မာကို အာဆီယံအုပ်စုမှ ထုတ်ပယ်ရန် ဆွေးနွေးမှုများ မရှိခဲ့ဟု ၎င်းက ပြောသည်။

တစ်ချိန်တည်းမှာပင် ရုရှကျူးကျော်မှုနောက်ပိုင်း ယူကရိန်းထံ ပေးအပ်နေတဲ့ အကူအညီများကဲ့သို့ အထောက်အပံ့များ ပေးအပ်ရန် ပန်ကြားမှုများ ရှိနေလင့်ကစား မြန်မာနိုင်ငံရှိ စစ်အာဏာသိမ်းဆန့်ကျင်နေသော တိုက်ခိုက်ရေးသမားများကို လက်နက်ထောက်ပံ့ရန် ဝါရှင်တန်ဘက်က လက်တလော စဉ်းစားထားခြင်း မရှိသေးကြောင်း ချိုလက်က အတည်ပြုသည်။

အာဏာသိမ်းမှုအလွန် အကြမ်းဖက်မှုများကြောင့် မြန်မာနိုင်ငံတွင် နေရပ်စွန့်ခွာထွက်ပြေးသူဦးရေသည် ပထမဆုံးအကြိမ်အဖြစ် တစ်သန်းကျော် အထိ ရှိလာခဲ့ကြောင်း ကုလသမဂ္ဂက ဇွန်လအစောပိုင်းတွင် ပြောသည်။ မုတ်သုံရာသီနှင့်အတူ လူသားချင်းစာနာမှု အကူအညီများ ကင်းမဲ့နေမှုအပေါ် စိုးရိမ်ပူပန်ကြောင်း ယင်းက ထုတ်ဖော်ခဲ့သည်။

ဖြုတ်ချခံရပြီးနောက် ဒေါ်အောင်ဆန်းစုကြည်သည် စစ်တပ်၏ ထိန်းသိမ်းခြင်းကို ခံထားရပြီး သူမကို ထောင်ဒဏ်နှစ် ၁၅၀ ကျော်အထိ ချနိုင်သော စွဲချက်များနှင့် ရင်ဆိုင်နေရသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s