မင်းအောင်လှိုင် အပါအဝင် အကြမ်းဖက် စစ်ခေါင်းဆောင်တွေနဲ့ အကျိုးစီးပွား ပတ်သက်နေတဲ့ Star Sapphire ကုမ္ပဏီ တနင်္သာရီမှာ စွမ်းအင်စီမံကိန်း အကောင် အထည်ဖော်နေ

Star Sapphire ကုမ္ပဏီရဲ့ ခေါင်းဆောင် ဒေါက်တာထွန်းမင်းလတ်နဲ့ ၎င်းရဲ့မိတ်ဘက်တွေဟာ စစ်တပ်ဆက်နွယ်တဲ့ စီးပွါးရေးလုပ်ငန်း ကွန်ယက်ရဲ့ အစိတ် အပိုင်း တစ်ခုအနေနဲ့ တနင်္သာရီတိုင်းဒေသကြီး၊ ကံဘောက်မှာ ဓါတ်ငွေ့သုံး ဓါတ် အားပေးစက်ရုံတစ်ခုကို တည်ဆောက်နေတယ်လို့ Justice for Myanmar အဖွဲ့က ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။

ဒီစီမံကိန်းတည်ဆောက်မှုဟာ ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၄ ခုနှစ်မှာ ချုပ် ဆိုခဲ့တဲ့ သဘောတူစာချုပ်အရ တနင်္သာရီတိုင်းဒေသကြီးအစိုးရက ပေးအပ်တဲ့ မြေနေရာ ၃ ဧကပေါ်မှာ ၂၀ မဂ္ဂါဝပ် စမ်းသပ်ဓါတ်အား ထုတ်လုပ်ရေးစီမံ ကိန်းတစ်ခုကို တည်ဆောက်နေတာပါ။

စာချုပ်ကိုတော့ စစ်တပ်ကျောထောက်နောက်ခံပြုပါတီ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ ဦးဆောင်တဲ့ တနင်္သာရီတိုင်းဒေသကြီးအစိုးရ၊ Star Sapphire Company Limited၊ Andaman Power နဲ့ Utility Company Limited တို့အကြား ချုပ်ဆိုခဲ့ကြတာပါ။

စီမံကိန်း ဒုတိယအဆင့်အနေနဲ့ ၂၀၀ မဂ္ဂါဝပ်ဓါတ်အားပေးစက်ရုံ တည်ဆောက်လည်ပတ်ရေး တည်ဆောက်ဆဲကာလဖြစ်ပြီး ၂၀၁၆ ခုနှစ် မတ်လ ၂၈ ရက်နေ့မှာ နိုင်ငံပိုင်လုပ်ငန်း လျှပ်စစ်ဓါတ်အား ထုတ်လုပ်ရေးလုပ်ငန်းနဲ့ လက်မှတ်ရေးထိုးခဲ့တဲ့ ဓါတ်အား ဝယ်ယူရေး စာချုပ်တစ်ရပ်လည်း ပါဝင်ပါတယ်။ ဒီစီမံကိန်းမှာ PTTEP ရဲ့ ဇောတိကစီမံကိန်းက ဓါတ်ငွေ့ ထောက်ပံ့နိုင်ဖို့ ပိုက်လိုင်းတစ်လိုင်း တည်ဆောက်ဖို့လည်း ပါဝင်ပါတယ်။

ထိုင်းနိုင်ငံသား Upakhit Pachariyangkun နဲ့ ထွန်းမင်းလတ်တို့ဟာ Andaman Power and Utility Company Limited (ယခင်နာမည် Dawei Power and Utility Company Limited) တို့မှာ ဒါရိုက်တာတွေ ဖြစ်ကြပါတယ်။

Chakris Kajkumjorndej နဲ့ All Asia Asset Capital ရဲ့ British Virgin Islands မှာမှတ်ပုံတင် ထားတဲ့ ကုမ္ပဏီခွဲတစ်ခုတို့က ရှယ်ယာရှင်တွေ ဖြစ်ကြပြီး Andaman Power ရဲ့ ဝဘ်ဆိုဒ်မှာရှိတဲ့ မှတ်တမ်းတွေအရ ထိုင်းနိုင်ငံသား Upakit ကို ဥက္ကဌနဲ့ တည်ထောင်သူအဖြစ် ဖော်ပြထားသလို Upakit ဟာ လက်ရှိ ထိုင်းနိုင်ငံ လွှတ်တော်အမတ်တစ်ဦး ဖြစ်ပါတယ်။

Andaman Power and Utility ကုမ္ပဏီက စွမ်းအင်ကဏ္ဍမှာ အတွေ့အကြုံမရှိပါဘူး။ ဒါပေမဲ့ ၎င်းတို့ဟာ အငြင်းပွားဖွယ် အထူးစီးပွားရေးဇုံနဲ့ ရေနက်ဆိပ် ကမ်းစီမံကိန်းရှိတဲ့ ထားဝယ်ဒေသမှာ အဓိက စွမ်းအင်ရအောင် လုပ်ဆောင်ပေးနေသူ ဖြစ်တယ်လို့ အရင်ကြံ့ဖွတ်ပါတီ ဦးဆောင်တဲ့ စစ်တပ်ကျောက်ထောက်နောက်ခံ အစိုးရက သတ်မှတ်ဖော်ပြထားတယ်လို့ ၎င်းတို့က ဆိုပါတယ်။

၂၀၁၅ ခုနှစ်မှာ Andaman Power and Utility ကုမ္ပဏီကို ဗွီဒီယိုဂိမ်းဖန်တီးတဲ့ ကုမ္ပဏီ United Power of Asia (ယခင်နာမည် CyberPlanet Interactive Public Company) က ရယူပိုင်ဆိုင်ခဲ့ပြီး၊ ထိုင်း စတော့အိတ်ချိန်းမှာ စာရင်းသွင်းခဲ့တာဖြစ်တယ်လို့ Justice For Myanmar က ထုတ်ပြန်ပါတယ်။

အဆိုပါ လွှဲပြောင်းရောင်းဝယ်မှုမှာ လွတ်လပ်တဲ့ဘဏ္ဍာရေးအကြံပေးက ဝယ်ဈေးနှုန်း ကြီးမြင့်နေတဲ့အချက်၊ စီမံကိန်းရဲ့ မရေရာမှု၊ စွမ်းအင်ကဏ္ဍမှာ United Power of Asia က အတွေ့အကြုံမရှိတဲ့အချက်၊ ကုမ္ပဏီနှစ်ရပ် လုံးမှာ Upakit Pachariyangkun က အကြီးဆုံးရှယ်ယာရှင်အဖြစ် ပါဝင်နေတဲ့ အချက်တွေကြောင့် အကျိုးစီးပွား ပဋိပက္ခရှိနေတဲ့အတွက် ဒီလွှဲပြောင်းဝယ်ယူတာကို မလုပ်ဖို့ အကြံပေးခဲ့ပေမယ့် United Power of Asia ရှယ်ယာရှင်တွေက ကုမ္ပဏီဝယ်တဲ့ကိစ္စကို အတည်ပြုပေးခဲ့ပါတယ်။

United Power of Asia ရဲ့ အများစုပိုင် မြန်မာကုမ္ပဏီခွဲ Myanmar UPA ကုမ္ပဏီကို နေပြည်တော်မှာ Star Sapphire ကုမ္ပဏီလိပ်စာနဲ့ မှတ်ပုံတင် ထားပြီး ကုမ္ပဏီဘုတ်အဖွဲ့ကိုလည်း Star Sapphire ကုမ္ပဏီတွေမှာ ရှယ်ယာရှင် ခိုင်ဝင့်မွန်၊ ထွန်းမင်းလတ်နဲ့ နီးကပ်ဆက်နွယ်တဲ့ လူပုဂ္ဂိုလ်တွေနဲ့ ဖွဲ့စည်းထားတာ တွေ့ရပါတယ်။

ထိုင်းနိုင်ငံရဲ့ ကုမ္ပဏီမှတ်ပုံတင်စာရင်းအရ ထွန်းမင်းလတ်ဟာ တာချီလိတ်မြို့ရဲ့ မြစ်တစ်ဘက်ကမ်းက ထိုင်းမြို့တစ်မြို့ဖြစ်တဲ့ မဲ့ဆိုင်မှာ မှတ်ပုံတင်ထားတဲ့ Myanmar Allure Group (P&E) ရဲ့ လက်ရှိ အဓိကရှယ်ယာရှင်တစ်ဦး ဖြစ်ပါတယ်။

Andaman Power & Utility ရဲ့ ဝဘ်ဆိုဒ်မှတ်တမ်းတွေက ကုမ္ပဏီဟာ တာချီလိတ်မြို့ကို လျှပ်စစ်မီးပေးခဲ့ကြောင်း၊ မဲ့ဆိုင်မြို့ပါတဲ့ ထိုင်းမြောက်ပိုင်းခရိုင် ချိုင်းရိုင်မှာ ရုံးတစ်ရုံးဖွင့်ထားတယ်လို့ ဖော်ပြထားပါတယ်။

Andaman Power and Utility ကုမ္ပဏီကို မရခင် အဆိုပါကုမ္ပဏီရဲ့ ရှယ်ယာရှင် ၉ ဦးထဲက ရှယ်ယာရှင် ၃ ဦးဟာ တာချီလိတ်မြို့က Allure Resort ကာစီနိုရုံ ကဲ့သို့သော လောင်းကစား စီးပွားရေးလုပ်ငန်းများ နဲ့ ပတ်သက်နေတဲ့ Myanmar Allure Group ရဲ့ လက်ရှိရှယ်ယာရှင်တွေ ဒါမှမဟုတ် ယခင်ရှယ်ယာရှင်ဟောင်းတွေ ဖြစ်ကြတယ်လို့ JFM က ဆိုပါတယ်။

ဒါ့ကြောင့် အကြမ်းဖက်စစ်တပ်နဲ့ ဆက်နွယ်နေတဲ့ Star Sapphire Group ရဲ့ ခေါင်းဆောင်ဖြစ်သူ ထွန်းမင်းလတ်၊ Star Sapphire Group ကုမ္ပဏီအုပ်စုတွေနဲ့ ၎င်းတို့ရဲ့ ဒါရိုက်တာတွေ၊ ရှယ်ယာရှင်တွေ အပေါ် ပစ်မှတ်ထားဒဏ်ခတ်ပိတ်ဆို့မှုတွေ ချက်ချင်းချမှတ်ဖို့ Justice For Myanmar က တောင်းဆိုထားပါတယ်။

(မင်းအောင်လှိုင် မိသားစုနှင့် ပတ်သက်ဆက်နွယ်နေတဲ့ ထွန်းမင်းလတ် ခေါင်းဆောင်တဲ့ စစ်လက်နက်ပွဲစား Star Sapphire group အကြောင်း ဖတ်ရှုလိုပါက အောက်ဖော်ပြပါ လင့်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်). khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s