မန္တလေး၊ ပြည်ကြီးတံခွန် တွင် ဂရန်မရှိသော အိမ်မှန်သမျှ ကျူးကျော်ဟုဆိုကာ အိမ်ကြီး အိမ်ကောင်းများ၊ နှစ်ပေါင်း ၃၀ ကျော်နေလာသော ရပ်ကွက်ကို စစ်တပ် ဖြိုချဖျက်ဆီး
မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ ဋ ရပ်ကွက်၊ အပိုင်း ၇ ရှိ ပြည်သူပိုင် နေအိမ်များကို အကြမ်းဖက် စစ်တပ်နှင့် ရဲများက ဂရန်မရှိသော အိမ်မှန်သမျှ ကျူးကျော်များဟု အမည် တပ်ကာ ဇွန်လ ၁၀ ရက်နေ့ နံနက်ပိုင်းမှ စတင်ဖြိုချဖျက်ဆီးခဲ့ပြီး ယနေ့အထိ အိမ်ခြေ ၃၀၀ နီးပါး ဖျက်ဆီးခံလိုက်ရကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။
ဇွန်လ ၁၀ ရက်နေ့မှ စတင်ကာ အကြမ်းဖက် စစ်တပ်နှင့် ရဲများက မြေကော်စက် ၄ စီး၊ အင်အား ၁ဝဝ ခန့်ဖြင့် ပြည်သူပိုင်အိမ်များကို ဖျက်ဆီးနေခြင်း ဖြစ်ကာ ဖျက်ဆီးခံရသည့် အိမ်ခြေ၃၀၀ နီးပါးကို ဒေသခံများက ပြောဆိုသည်။
“ဖျက်ဆီးတာက တိုက်တွေလည်းပါတယ်။ အိမ်ကြီးအိမ်ကောင်းတွေ။ နေလာတာ နှစ်ပေါင်း ၃၀ ကျော် ၄၀ လောက်ရှိနေတဲ့ ရပ်ကွက်တွေ။ စစ်တပ်ကတော့ ဂရန်မရှိရင် ကျူးကျော်ဆိုပြီး ဖျက်တာ။ စစ်တပ်ကို ဆန့်ကျင်တဲ့ ရပ်ကွက်တွေမို့ အငြိုးနဲ့ဖျက်တာ။ အိမ်ခြေ ၃၀၀ နီးပါးလောက် အဖျက်ခံရတယ်” ဟုဒေသခံတစ်ဦးက ပြောသည်။ khit thit