ရွှေဘိုမြို့နယ်၊ ပေါက်ချိုင်ကျေးရွာကို စစ်တပ်က ရွာလုံးကျွတ် မီးတင်ရှို့၊ ကျေးရွာ များကို ဦးတည်၍ စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ပေါက်ချိုင်ကျေးရွာကို ယနေ့ နံနက် ၆ နာရီခွဲအချိန်တွင် စစ်တပ်က ပစ်ခတ်ဝင်ရောက်လာပြီး ရွာလုံးကျွတ်ကို မီးတင်ရှို့လိုက်ကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။
“ရွှေဘိုမြို့နယ် ရွာစိုးကျေးရွာ၊ ပေါက်ချိုင်ကျေးရွာ၊ သပြေကန်ရွာတွေကို စစ်ခွေးတွေ မနေ့ကစပြီး စစ်ကြောင်းထိုးလာပါတယ် ။ ရွာတွေကို ဦး တည်ပြီး လက် နက်ကြီးတွေ ပစ်ပါတယ်။ မည်းမည်းမြင်ရာ ပစ်ခတ်နေတယ်။ ဒီမနက်တော့ ပေါက်ချိုင်ကျေးရွာကို ၂ ကြိမ်မြောက်မီးထပ်ရှို့တယ်။ တရွာလုံးကုန်သ လောက် နီးပါး ရှိသွားပြီ”ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။
အင်အား ၁၅၀ ခန့်ပါ စစ်တပ်နှင့် ပျူစောထီး ပူးပေါင်း စစ်ကြောင်းက ပေါက်ချိုင်ကျေးရွာကို မီးရှို့ပြီးနောက် သပြေကန်ကျေးရွာဘက်သို့ ၆၀ မမ၊ ၄၀ မမ လက် နက်ကြီးများ ဖြင့် စတင်ပစ်ခတ်နေကြောင်း သိရှိရသည်။
“အရင်ရက်ကတော့ ပျူစောထီးရွာဖြစ်တဲ့တည်သီးတောရွာနဲ့ PDF တွေ တိုက်ပွဲဖြစ်ပါတယ်။ အဲဒါကြောင့်ထိုးစစ်ဆင်တာဖြစ်နိုင်ပါတယ်။ စစ် ကြောင်းက အင်အား ၁၅၀ လောက်ပါတယ်။ ခုပေါက်ချိုင်ကိုမီးရှို့ပြီး သပြေကန်ဘက်ကို လက်နက်ကြီးနဲ့စပစ်နေပါပြီ။ ငိုစရာ မျက်ရည်မကျန်တော့ပါဘူး။ ဝမ်းနည်း စိတ်မကောင်းဘူး” ဟု ပေါက်ချိုင်ကျေးရွာသားတစ်ဦးက ပြောဆိုသည်။
အကြမ်းဖက်စစ်ကောင်စီသည် ရွှေဘိုမြို့နယ်အတွင်းရှိ ကျေးရွာများကို ယခုရက် ပိုင်းအတွင် စစ်ကြောင်းထိုး၍ မီးရှို့ဖျက်ဆီးမှုများ၊ ပြည်သူ များကို ဖမ်းဆီးသတ်ဖြတ်မှုများကို လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ဒေသခံများက ပြောဆိုကြသည်။ khit thit