အာဆီယံအနေဖြင့် မြန်မာ့အကျပ်အတည်းအတွက် ပိုမိုအသေးစိတ်ကျသော အစီအစဉ် လိုအပ်ဟု မလေးရှား ပြော

အာဆီယံအနေဖြင့် မြန်မာအကျပ်အတည်း ကိုင်တွယ်ဖြေရှင်းရာတွင် ပိုမို အသေးစိတ်ကျပြီး စေ့စပ်ပြည့်စုံသော လမ်းပြမြေပုံတစ်ခု လိုအပ်ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင် အဗ္ဗဒူလာက ဇွန်လ ၁၁ ရက်တွင် ပြောကြားလိုက်သည်။ အာဆီယံ၏ အစီအစဉ်အောက်တွင် မြန်မာပဋိပက္ခ ပြေလည်အဆုံးသတ်စေရေး အားထုတ်မှုများ၌ သတ်မှတ်ချိန်တစ်ခု ထားရှိရန်နှင့် သက်ဆိုင်ပတ်သက်သူများကို စာရင်းသွင်းရန် လိုကြောင်း ၎င်းက အကြံပြုခဲ့သည်။
အာဆီယံအုပ်စုသည် ပြီးခဲ့သည့်နှစ်က ရေးဆွဲအတည်ပြုခဲ့သည့် ဘုံသဘောတူညီချက် ငါးချက် အကောင်အထည်ဖော်ရာတွင် တိုးတက်မှု ကင်းမဲ့ခြင်းနှင့် ရင်ဆိုင်နေရစဉ် ယခုကဲ့သို့ မလေးရှားဝန်ကြီး၏ ပြောကြားချက် ထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။
ရန်လိုမှုများ အဆုံးသတ်ရပ်ဆိုင်းရေး၊ ညှိနှိုင်းဆွေးနွေးမှုများ စတင်ရေး၊ လူသားချင်းစာနာမှု အကူအညီ ဝင်ရောက်ခွင့်ပြုရေး၊ အာဆီယံအထူးသံတမန်ကို မြန်မာတွင် အပြည့်အဝ လာရောက်ခွင့်ပြုရေးနှင့် ညှိနှိုင်းဆွေးနွေးမှု လုပ်ငန်းစဉ်တွင် ကြားဝင် ညှိနှိုင်းစေရေး အတွက် ဘုံသဘော တူညီချက် ငါးချက်က တောင်းဆိုထားသည်။
စင်္ကာပူတွင် ကျင်းပသည့် ရှန်ဂရီလာ ဆွေးနွေးပွဲအတွင်း ပြောကြားရာတွင် ဒါတူဆရီ ဆိုင်ဖူဒင်က လက်ရှိ ဘုံသဘောတူညီချက်တွင် သတ် မှတ် အချိန်ကာလနှင့် သက်ဆိုင်ပတ်သက်သူများသည် လိုနေသော အချက်နှစ်ချက် ဖြစ်ကြောင်း ရည်ညွှန်းပြောဆိုခဲ့သည်။
“ကိစ္စရပ်တွေကို ဘယ်အချိန်မှာ ကျွန်တော်တို့ ပြီးစီးအောင် လုပ်မလဲ ဆိုတာနဲ့ ဘယ်သူတွေနဲ့ တွေ့မလဲ ဆိုတာနဲ့ပတ်သက်လို့ သတ်မှတ်အချိန်တစ်ခု ကျွန်တော်တို့မှာ ရှိမနေပါဘူး။ သက်ဆိုင်ပတ်သက်သူတွေက ဘယ်သူတွေလဲ ဆိုတာကိုလည်း ဘုံသဘောတူညီချက် ငါးချက်မှာ မဖော်ပြထားခဲ့ပါဘူး” ဟု ၎င်းက ပြောသည်။
သက်ဆိုင်ပတ်သက်သူများထဲတွင် ဖြုတ်ချခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ တို့ ပါဝင်ရလိမ့်မည် ဖြစ်ကြောင်း မစ္စတာ ဆိုင်ဖူဒင်က ယင်းနောက်ပိုင်း ဖေ့စ်ဘွတ်ခ်ပို့စ်တစ်ခုတွင် ရေးသည်။
လူသားချင်းစာနာမှု အကူအညီနှင့် COVID-19 ကာကွယ်ဆေးထိုးမှုက အဓိက ဦးစားပေးကိစ္စ ဖြစ်ရလိမ့်မည်ဟု ၎င်းက ပြောခဲ့သလို ပြည် တွင်း အရပ်ဘက်လူ့အဖွဲ့အစည်း အသင်းအဖွဲ့များ ပါဝင်ရမည့် လူသားချင်းစာနာမှုနှင့် နယ်စပ်ဖြတ်ကျော် အကူအညီပေးမှုအပေါ် နှောင့်ယှက်ဟန့်တားခြင်း သို့မဟုတ် ခွဲခြားဆက်ဆံခြင်းတို့ ရှိရလိမ့်မည် မဟုတ်ဟု ၎င်းကပြောခဲ့သည်။
မြန်မာတွင် ယမန်နှစ်က ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော ရွေးကောက်ခံအစိုးရထံမှ စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံသည် ဝရုန်း သုန်းကား အခြေအနေအောက် ရောက်ရှိနေခဲ့သည်။ mizzima