အိုးဘိုထောင်ဆူပူမှုတွင် ရိုက်နှက်ခံရသည့် မန္တလေးသပိတ်အင်အားစုဝင် ဒဏ်ရာပြင်းထန်

မန္တလေး အိုးဘိုထောင်တွင် ပြီးခဲ့သည့် ဇွန်လ ၅ ရက်နေ့က ထောင်တွင်းဆူပူမှုကြောင့် ရိုက်နှက်ခံခဲ့ရသည့် မန္တလေးသပိတ်အင်အားစုအဖွဲ့ဝင် ကိုခင်ဇော်သက် ဒဏ်ရာအပြင်း အထန်ရရှိ၍ ထောင်တွင်းဆေးရုံတွင် ကုသမှုခံယူနေရကြောင်း သိရသည်။

ကိုခင်ဇော်သက်အား စစ်ကောင်စီ၏ လက်ဝေခံဖြစ်သည့် အကျဉ်းဦးစီးဌာနထောင်ပိုင် နှင့် ထောင်ဝန်ထမ်းများက အကြမ်းဖက်ဝိုင်းဝန်းရိုက်နှက်သဖြင့် ဒဏ်ရာအပြင်းအထန် ရရှိခဲ့ကြောင်းကို စုံစမ်းသိရှိရသည်ဟု မန္တလေးသပိတ်အင်အားစုက ဇွန်လ ၁၁ ရက် ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

ထောင်ဝန်ထမ်းများ၏ရိုက်နှက်မှုကြောင့် နှစ်ဦးဒဏ်ရာရကာ ၁၂ ဦး တိုက်ပိတ်ခံထားရကြောင်း မန္တလေးသပိတ်အင်အားစုထံက သိရပြီး ယင်းဖြစ်စဉ်တွင် အကျဉ်းသားတစ်ဦးသေဆုံးကြောင်း သတင်းများထွက်ပေါ်နေသော်လည်း မဇ္ဈိမက သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။

“ကျွန်တော်သိရသလောက် ဇွန်လ ၅ ရက်နေ့မှာ ထောင်ဝန်ထမ်းတွေနဲ့ နိုင်ကျဉ်းရဲဘော်တွေနဲ့ ပြဿနာတက်ကြတယ်ဗျ။ အခန်း (၁ ) ကလို့ သိရတယ်။ အဲ့ဒီမှာ ကျန်တဲ့ နိုင်ကျဉ်းရဲဘော်တွေရဲ့အခန်းတွေပိတ်ပြီး ပြဿနာတက်တဲ့ ရဲဘော်တွေရဲ့ အခန်းကို အင်အားသုံးပြီး ရိုက်နှက်တယ်ဗျာ။ အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ရဲဘော် ၁၂ ယောက် တိုက်ပိတ်ခံရပြီး နှစ်ဦးကတော့ ထောင်ဆေးရုံမှာ စိုးရိမ်ရတယ်လို့ သိရပါတယ်။ ထောင်ဝန်ထမ်းတွေနဲ့ နီးစပ်တဲ့သူတွေဆီက သိရတာပါဗျ” ဟု မန္တလေးသပိတ် အင်အားစုအဖွဲ့ဝင်က ပြောသည်။

ထောင်တွင်းဆူပူမှု ဖြစ်ပွားရသည့် အကြောင်းအရင်း အတိအကျနှင့် ဖြစ်စဉ် အသေးစိတ်ကိုမူ မသိရှိသေးကြောင်း ၎င်းက ထပ်မံပြောကြား သည်။

“အဲ့ဒီမှာ ထောင်ဝန်ထမ်းတွေက အင်အားသုံးဖြိုခွင်းတယ်လို့ပဲ သိရတယ်။ ကျွန်တော့် ယူဆချက်ကတော့ နည်းလမ်းမျိုးစုံသုံးပြီး လူ့အခွင့်အ ရေးချိုးဖောက်တာတွေကို မခံနိုင်လို့ ဆန္ဒပြတယ်။ ဒါကို အင်အားသုံးဖြိုခွင်းတယ်လို့မြင်တယ်ဗျ။ ဝန်ထမ်းအင်အား များတယ်လို့ပဲ သိရတယ်။ ခန့်မှန်း ၅၀ လောက်ရှိနိုင်တယ်” ဟု မန္တလေး သပိတ်အင်အားစုအဖွဲ့ဝင်က ပြောသည်။

စစ်ကောင်စီသည် အသက် ၄၀ ဝန်းကျင်အရွယ် ကိုခင်ဇော်သက်ကို ပထမအကြိမ်တွင် ပုဒ်မ ၅၀၅ (က) ဖြင့်ဖမ်းဆီးခဲ့ပြီး ၂၀၂၁ ခုနစ် ဇွန်လတွင် ပြန်လည်လွတ်မြောက်လာသည်။ ၂၀၂၂ ခုနစ် မေလ ၁၁ ရက်နေ့တွင် စိန်ပန်းရပ်ကွက်၌ ကိုခင်ဇော်သက်ကို ထပ်မံဖမ်းဆီးခဲ့ပြီး ပုဒ်မသုံးခုဖြင့် တရားစွဲဆိုထားကြောင်း မန္တလေးသပိတ်အင်အားစုထံက သိရသည်။

“ကိုခင်ဇော်သက်သည် ဖမ်းဆီးခံရစဉ်က ကျန်းမာရေးကောင်းမွန်သူဖြစ်သည်။ ကိုခင်ဇော်သက်နှင့်ပတ်သက်သော နောက်ဆက်တွဲကိစ္စရပ်များကို စစ်ကောင်စီနှင့် ယခု ဖြစ်ရပ်များတွင်ပါဝင်သူများတာဝန်ခံရမည်ဖြစ်သည်။နိုင်ငံရေးအကျဉ်းသားများ အပေါ် မတရားညှဉ်းပန်းနှိပ်စက်မှုများသည်လူ အခွင့်အရေးနှင့်ညီညွတ်မှုမရှိခြင်းကြောင့် ပြင်းထန်စွာရှုတ်ချလိုက်သည်”ဟု မန္တလေးသပိတ်အင်အားစုက ၎င်းတို့၏ လူမှုကွန် ရက်စာမျက်နှာတွင် ထုတ်ပြန် ကြေညာထားသည်။

မန္တလေးသပိတ်အင်အားစုသည် ယနေ့ ဇွန်လ ၁၂ ရက်နေ့ နံနက်ပိုင်းက မန္တလေးမြို့ရှိ လူစည်ကားရာဈေးတစ်ခု၏ တံတားပေါ်တွင် “ထောင်တွင်း တိုက်ပွဲများနှင့် အတူ ရပ်တည်ကြ” ဟူသော စာသားပါဘန်နာကို ချိတ်ဆွဲခဲ့ပြီး ထောင်တွင်း ရဲဘော်များနှင့် အတူ ရပ်တည်ကြရန် နှိုးဆော်မှုတစ်ခုပြုလုပ်ခဲ့သည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s