PDF အပါအဝင်လက်နက်ကိုင်ဆန့်ကျင်သူမျာလက်နက်အပ်နှံပါက လက်ခံမည်ဟု စစ်ကောင်စီဆိုး

PDF အပါအဝင်လက်နက်ကိုင်ဆန့်ကျင်သူများ
လက်နက်အပ်နှံပါက လက်ခံမည်ဟု စစ်ကောင်စီက ထုတ်ပြန်သည်။
CRPH နှင့် NUG က အလုံးစုံပျက်သုဥ်းရန် လုပ်ဆောင်နေကြောင်း၊ ၎င်းတို့၏ စည်းရုံးသိမ်းသွင်းခံထားရသူများက PDF အပါအဝင်အဖွဲ့အစည်းအမျိုးမျိုး အမည်ခံကာ လက်နက်ကိုင်ဆန့်ကျင်နေကြောင်း စစ်ကောင်စီကဆိုသည်။
စစ်ကောင်စီ၏ထုတ်ပြန်ချက်တွင် အရေးပေါ်ကာလ ပြီးဆုံးပါက ရွေးကောက်ပွဲကျင်းပကာ အနိုင်ရပါတီကို လွှဲပေးမည်ဖြစ်ကြောင်း၊ PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးတွင်ပါဝင်နေကြသူများအနေဖြင့် လက်နက်အပ်နှံမည်ဆိုပါက ကြိုဆိုလက်ခံမည်ဖြစ်ကြောင်း ရေးသားထားသည်ကိုတွေ့ရသည်။
စစ်ကောင်စီက အကြမ်းဖက်အဖွဲ့များဟု ကြေညာထားသည့် CRPH နှင့် NUG တို့အား နိုင်ငံအချို့ရှိ ထိပ်တန်းတာဝန်ရှိသူများက တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်လျက်ရှိသည်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ (CRPH) အား International IDEA မှ ထိပ်တန်းတာ ဝန်ရှိသူတစ်ဦးက ဇွန် ၃ ရက်တွင် တွေ့ဆုံကာဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။
အလားတူ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကိုလည်း နိုင်ငံတကာထိပ်တန်းခေါင်းဆောင်အချို့က ယခုနှစ်အတွင်း တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်လျက်ရှိသည်။
အထင်ရှားဆုံးဖြစ်စဥ်မှာ ဝါရှင်တန်တွင်ပြုလုပ်သည့် အမေရိကန်- အာဆီယံထိပ်သီးအစည်းအဝေးတွင် NUG ၏ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်အား ဖိတ်ကြားကာ အမေရိကန်မှ ဒုနိုင်ငံခြားရေးဝန်ကြီးအပါအဝင် အာဆီယံခေါင်းဆောင်အချို့က တွေ့ဆုံခဲ့သည်။
အာဏာသိမ်းထားသည့် စစ်ကောင်စီမှာမူ ဒေသတွင်းအစည်းအဝေးဖြစ်သည့် အာဆီယံထိပ်သီးအစည်းအဝေးကိုပင် တက်ရောက်ခွင့်မရသေးဘဲ နိုင်ငံရေးနှင့်မသက်ဆိုင်သူကိုသာ တက်ရောက်ခွင့်ပြုထားသည်။ mizzima