Monthly Archives: Jun 2022

PDF-ဆောက မိုင်တဲလ် မမ လက်နက်ကြီး ထုတ်လုပ်အောင်မြင်

မကွေးတိုင်း ဆောမြို့နယ်မှာ PDF-ဆော WE ARE THE ONEတပ်ခွဲက စစ်ကောင်စီရဲ့ စီပွားရေးဒေါက်တိုင်တစ်ခုဖြစ်တဲ့ မိုင်တဲလ် တာဝါတိုင်ကရရှိတဲ့ ကုန်ကြမ်းတွေနဲ့ မိုင်တဲလ်မမ တာဝေးပစ်လက်နက်ကြီးကို အောင်မြင်စွာ စမ်းသပ်ထုတ်လုပ်နိုင်ခဲ့တယ်လို့ PDF-ဆောက ပြောပါတယ်။

“မိုင်တဲလ် ပိုက်ရဲ့ အချင်းက ၂ လက်မခွဲ ရှိတဲ့ မိုင်တဲလ်မမကို တလလောက်အချိန်ပေးပြီး ခက်ခက်ခဲခဲ တီထွင်ထုတ်လုပ်ခဲ့တာပါ။ အရွယ်အစားကတော့ ၆၀ မမအရွယ်အစားဖြစ်တယ်။ အကွာအဝေး ဘယ်လောက်ထိ ရောက်တယ်ဆိုတာကိုတော့ မသိရသေးဘူး” လို့ PDF-ဆောရဲ့ ပြန် ကြားရေးတာဝန်ခံဗိုလ်မင်းက ဒီဗွီဘီကိုပြောပါတယ်။

အဲဒီလက်နက်ကြီးမှာ အသုံးပြုဖို့ ယမ်းစိမ် ၁ ပိဿာကို ၄၅၀၀၀ လောက် ပေးရပြီး သယ်ယူရတဲ့ လမ်းကြောင်းတွေ အရမ်းခက်ခဲကြောင်း၊ မိုင်တဲလ်မမ ကျည် ၁ တောင့်ကို ၁၀၀၀၀ ကျပ်လောက်ကုန်ကျပြီး ပြောင်းအတွက်တော့ ၄၀၀၀ ကျပ်လောက်ပဲ ကုန်ကျတဲ့ အတွက် ကုန်ကျစ ရိတ် သက်သာတယ်လို့ ဆိုပါတယ်။

PDF-ဆောက ရဲဘော် ၂ ယောက်ဟာ ဖေဖော်ဝါရီလလောက်က တာဝေးပစ်လက်နက်ကြီးတွေ စမ်းသပ်ထုတ်လုပ်ရာမှာ ပြောင်းကွဲပြီးတော့ တိုင်းပြည်အတွက် အသက်ပေးလှူလိုက်ရကြောင်း ဒီတကြိမ် မိုင်တဲလ်မမ ထုတ်လုပ်ရာမှာတော့ ထိခိုက်မှု မရှိပေမယ့် အသက်နဲ့ ရင်းပြီးစမ်း သပ်ထုတ်လုပ်ခဲ့ရတာလို့ ဆိုပါတယ်။

နိုင်ငံတဝှမ်းလုံးမှာရှိတဲ့ ပြည်သူကာကွယ်ရေးတပ်ဖွဲ့ PDF တွေဟာ လက်နက်ခဲယမ်း ပြည့်စုံလုံလောက်မှုမရှိတာကြောင့် လက်လုပ်သေနတ်တွေ၊ တာဝေးပစ် လက်လုပ်လက်နက်ကြီးတွေကို နည်းလမ်းအမျိုးမျိုးရှာဖွေပြီး တီထွင်ထုတ်လုပ်ကာ စစ်အာဏာရှင်ကျဆုံးရေးတွက် တိုက်ပွဲဝင်နေကြပါတယ်။ DVB

ဝက်လက်မြို့နယ်၊ တမာကုန်းရွာကို စစ်တပ်က မီးတင်ရှို့နေပြီး အမျိုးသမီး ၅ ဦးကို ရွာထဲတွင် ဖမ်းဆီးထား

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် တမာကုန်းရွာကို အကြမ်းဖက် စစ်တပ်က ယနေ့ဇွန်လ ၁၃ ရက်နေ့ ညနေ ၄ နာရီကျော်ခန့်တွင် ဝင်ရောက် စီး နင်း မီးရှို့နေပြီး ကျေးရွာနေပြည်သူ အမျိုးသမီး ၅ ဦးကို ရွာထဲ၌ ဖမ်းဆီးထားကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အကြမ်းဖက် စစ်တပ်သည် ယနေ့ မွန်းလွဲ ၂ နာရီ ၃ဝ မိနစ်တွင် ပင်းဇင်းရွာဘက်မှ တမာကုန်းရွာကို လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ် ခတ်ပြီးနောက် မွန်းလွဲ ၃ နာရီခန့်တွင် တမာကုန်းရွာ ဘုန်းကြီးကျောင်းတွင် ဝင်ရောက် တပ်စွဲပြီးနောက် ညနေ ၄ နာရီကျော်ခန့်တွင် ကျေးရွာအတွင်းရှိ ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးနေခြင်း ဖြစ်ကြောင်းသိရသည်။

” ဝက်လက်မြို့နယ် တမာကုန်းရွာကို စစ်ခွေးတွေ မီးရှို့နေပြီ မွန်းလွဲ ၂ နာရီ ခွဲလောက်က ပင်းဇင်းဘက်ကနေ စစ်ခွေးတွေက လက်နက်ကြီးတွေ လက်နက်ငယ်တွေနဲ့ ရွာထဲကို ပစ်ထည့်တယ်။ ညနေ ၃ နာရီလောက်မှာ ရွာဘုန်းကြီးကျောင်းထဲမှာ ဝင်ရောက် တပ်စွဲတယ်။ ညနေ ၄ နာရီလောက်မှာ တမာကုန်းကျေးရွာထဲဝင်ပြီးတော့ ပြည်သူပိုင်နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတယ်။ အမျိုးသမီး ၅ ဦးလည်း ရွာထဲမှာ ဖမ်းဆီးခံထားရတယ်လို့ သိရတယ်” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။

လက်ရှိချိန်တွင် ကျေးရွာအတွင်းရှိ ပြည်သူအများစုသည် ဘေးလွတ်ရာကို ထွက်ပြေးနေရပြီး ရွာထဲ၌ ပျက်စီးဆုံးရှုံးမှု အခြေအနေကို အတည်မပြုနိုင်သေးဘဲ မီးငြိမ်းသတ်မည့်သူ မရှိလျှင် မီးလောင် ပျက်စီးမှု များပြားနိုင်ကြောင်း ဒေသခံများက ပြောဆိုသည်။ khit thit

ချောင်းမီးတိုကျေးရွာ မီးရှို့ခံရမှု ဒေသခံ ၂ ဦး မီးလောင်ဒဏ်ရာရပြီး စစ်တပ်၏ ပစ်ခတ်မှုကြောင့် ဒေသခံ ၂ ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်၊ချောင်းမီးတိုကျေးရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး မီးရှို့ခံရစဥ် ထွက်ပြေးသည့် ဒေသခံများကိုလည်း သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။

ယမန်နေ့ ဇွန်လ ၈ရက်နေ့ ညနေပိုင်းက စစ်တပ်ကအရပ်ဝတ်၊ အိမ်စီးကားများနှင့် အယောင်ဆောင်ကာ ဝင်ရောက်လာပြီး ပစ်ခတ်ကာ ကျေး ရွာကို မီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။ မီးလောင်မှုကြောင့် သက်ကြီးရွယ်အို အမျိုးသမီးနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထို့နောက် ည ၈နာရီခွဲခန့်တွင် ဒေသခံကာကွယ်ရေးတပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ကာကွယ်ရေးတပ်ဖွဲ့ဖက်မှ နှစ်ဦးကျဆုံးကာ ဒဏ်ရာရသူများရှိခဲ့ကြောင်း ကာကွယ်ရေးတပ်ဖွဲ့ဝင် တချို့ထံက သိရသည်။

“ကင်းပုန်းချပြီးပစ်တာ၊ ရွာထဲကထွက်ပြေးလာတဲ့ ဒေသခံနှစ်ယောက်လည်း ဒဏ်ရာရတယ်၊ ရွာကတော့ ရွာလုံးကျွတ်နီးပါး ပျက်စီးသွားတယ် “ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

မီးရှို့ဖျက်ဆီးခံရမှုကြောင့် ဒေသခံများ အရေးပေါ်စားသောက်စရာများလိုအပ်နေပြီး ရွာသားအများစုမှာ ကျေးရွာအတွင်း ပြန်မဝင်ရဲဘဲ တော စပ်များတွင် ဖြစ်သလိုနေထိုင်နေရကြောင်း သိရသည်။mizzima

မင်းကင်းမြို့နယ်တွင် စစ်ကောင်စီတပ် မီးရှို့မှုကြောင့် နေအိမ် ၁၁၀ ကျော် ပျက်စီးဆုံးရှုံး

စစ်ကိုင်းတိုင်း ကလေးခရိုင် မင်းကင်းမြို့နယ် တောင်တွင်းဒေသမှာ ဇွန် ၁၃ ရက်မနက်ပိုင်းက ဒေသခံပြည်သူတွေရဲ့နေအိမ်တွေကို စစ်ကောင်စီတပ်ဖွဲ့က မီးရှို့ဖျက်ဆီးခဲ့သလို လက်နက်ကြီးကြောင့် ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့ ကျေးရွာတွေဟာ ကုန်းမော်ကျေးရွာနဲ့ လက်ပန်တောကျေးရွာတို့မှ နေအိမ်အဆောက်အဦးတွေဖြစ်ပြီး ကုန်းမော်ကျေးရွာက အိမ်ခြေ ၇၀ ကျော်နဲ့ လက်ပန်တောကျေးရွာက အိမ်ခြေ ၄၀ ကျော်တို့ မီးလောင်ပျက်ဆီးခဲ့ကာ ပြည်သူတွေမွေးမြူထားတဲ့ ဝက်ကောင်ရေ ၅၀ ကျော်လည်း မီးလောင်သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပြည်သူတွေမွေးမြူထားတဲ့ နွား ၅ ကောင်ကို စစ်ကောင်စီတပ်ဖွဲ့က ပစ်သတ်ထားခဲ့သလို နွားအကောင် ၂၀ ကိုလည်း ယူဆောင်သွားခဲ့ကြောင်း၊ စစ်ကောင်စီတပ်ရဲ့ပစ်ခတ်မှုကြောင့် လက်နက်ကြီးထိမှန်ခဲ့တဲ့ ဒေသခံပြည်သူ ၁ ဦးကလည်း အသက်အန္တရာယ်စိုးရိမ်ရတဲ့ အနေအ ထားရှိတယ်လို့ ပြောပါတယ်။

မီးရှို့ဖျက်ဆီးခဲ့တာဟာ ဇွန် ၁၃ ရက် မနက်ပိုင်း ၁၁ နာရီလောက်မှာဖြစ်ပြီး အခုလို ပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးသွားတဲ့အဖွဲ့ဟာ ကျော်ရွာကျေးရွာအတွင်းမှာ တပ်စွဲနေထိုင်တဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဖြစ်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

ဒီနေ့မနက်ပိုင်း ၈ နာရီလောက်က ကျော်ရွာကျေးရွာအတွင်းကနေ အခြားကျေးရွာတွေဘက်ကို စစ်ကြောင်းထိုးလှုပ်ရှားလာတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသခံ PDF ပူးပေါင်းအဖွဲ့တွေ ကျော်ရွာကျေးရွာနဲ့ ကုန်းမော်ကျေးရွာအကြား လမ်းခုလပ်တနေရာမှာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် အခုလို အပြစ်မဲ့ပြည်သူတွေရဲ့နေအိမ်အဆောက်အဦတွေကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တာလို့ ဆိုပါတယ်။

ဒီနေ့မနက် ၈ နာရီခွဲလောက်မှာ စတင်တိုက်ပွဲဖြစ်ပွားခဲ့ပြီး ၁၀ နာရီခွဲလောက်မှာတော့ တိုက်ပွဲပြီးဆုံးသွားကြောင်း၊ ထိတွေ့တိုက်ပွဲမှာ စစ်ကောင် စီဘက်က ၅ ဦးလောက် ကျဆုံးခဲ့ပြီး PDF အဖွဲ့ဘက်က ၂ ဦးဒဏ်ရာရရှိခဲ့ကာ အသက်အန္တရာယ်မစိုးရိမ်ရဘူးလို့ PDF ခေါင်းဆောင်တဦးက ပြောပါတယ်။

မင်းကင်းမြို့နယ်အတွင်းမှာ ဒေသခံ PDF ပူးပေါင်းအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တို့ တိုက်ပွဲတွေ မကြာခဏဖြစ်ပွားနေသလို ဇွန် ၁၁ ရက်နေ့ကလည်း စစ်ကောင်စီတပ်ရိက္ခာ ဆန်အိတ်တွေကို PDF အဖွဲ့တွေက သိမ်းယူထားတဲ့ဖြစ်စဥ်လည်း ရှိခဲ့ပါတယ်။ DVB

လပြည့်​နေ့၊ မန္တလေး၊ ပြည်ကြီးတံခွန်တွင် ဂရန်မရှိသော အိမ်မှန်သမျှ ကျူးကျော်ဟုဆိုကာ အိမ်ကြီး အိမ်ကောင်း ရာ​ပေါင်းများစွာကို စစ်တပ်က ထပ်မံဖျက်ဆီး

မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ ဋ ရပ်ကွက်၊ အပိုင်း ၇ ရှိ ပြည်သူပိုင် နေအိမ်များကို အကြမ်းဖက် စစ်တပ်နှင့် ရဲများက ဂရန်မရှိသော အိမ်မှန်သမျှ ကျူးကျော်များဟု အမည် တပ်ကာ ဇွန်လ ၁၀ ရက်နေ့ နံနက်ပိုင်းမှ စတင်ဖြိုချဖျက်ဆီးခဲ့ပြီး ယနေ့ လပြည့်​နေ့တွင် အိမ်ခြေ ၂၀၀ ​ကျော် ထပ်မံဖျက်ဆီးခံလိုက်ရကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။

ဇွန်လ ၁၀ ရက်နေ့မှ စတင်ကာ အကြမ်းဖက် စစ်တပ်နှင့် ရဲများက မြေကော်စက် ၄ စီး၊ အင်အား ၁ဝဝ ခန့်ဖြင့် ပြည်သူပိုင်အိမ်များကို ဖျက်ဆီးနေခြင်း ဖြစ်ကာ ယ​နေ့အထိ ဖျက်ဆီးခံရသည့် အိမ်ခြေ ၅၀၀ နီးပါးကို ဒေသခံများက ပြောဆိုသည်။

“ဒီ​နေ့ ၁၂၉၊ ၁၃၀ ၊ ၁၃၁ ဘက်​တွေမှာ အကုန်ဖျက်ဆီးတာ။ အိမ်ကြီးအိမ်​ကောင်း တိုက်တွေလည်းပါတယ်။ အိမ်ကြီးအိမ်ကောင်းတွေ” ဟုဒေ သ ခံတစ်ဦးက ပြောသည်။khit thit

မိသားစုဝင်တွေ ဓားစာခံအဖြစ် အဖမ်းခံရသော ရှေ့နေအမျိုးသမီး ပိုးသတ်ဆေးသောက်သေ

မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ်၊ အုန်းချောကျေးရွာ၌ မိသားစုကို ဓားစာခံအဖြစ် စစ်အုပ်စုက ဖမ်းဆီးခံလိုက်ရသည့် ရှေ့နေအမျိုးသမီး ပိုး သတ်ဆေးသောက်ကာ သေကြောင်းကြံစည်ခဲ့ပြီး ယနေ့ညနေပိုင်းမှာ သေဆုံးသွားကြောင်း နီးစပ်သူများထံက သိရသည်။

“သေတယ်ဆိုတာ အတည်ပြုချက် ရပါတယ်၊ အရေးပေါ်ဆေးကုသမှုပြုလုပ်ခဲ့ကြပေမယ့် မရခဲ့ဘူး”ဟု နီးစပ်သူတစ်ဦးက အတည်ပြုသည်။

စစ်အာဏာရှင်ဆန့်ကျင်ရေး ရှေ့နေသပိတ်နှင့် ပုသိမ်ကြီးမြို့နယ်သပိတ်များတွင် ပါဝင်ခဲ့သည်ဟုဆိုကာ အသက်၂၉နှစ်အရွယ် ရှေ့နေ မဖြူဖြူခိုင်ကို ဇွန်လ ၈ရက်နေ့ နေ့ခင်းပိုင်းက စစ်တပ်က လာရောက်ဖမ်းဆီးစဥ် သူမကို မတွေ့တာကြောင့် မိသားစုဝင်တွေကို နေအိမ်မှာပင် နှိပ်စက်ခြင်းများပြုလုပ်ခဲ့ကာ မောင်ဖြစ်သူနဲ့ ညီမနှစ်ဦးကို ဖမ်းဆီးသွားကြောင်း သိရသည်။

ထို့နောက် ဖမ်းဆီးခံ မောင်နှမများနှင့် လေးရက်တာ အဆက်အသွယ်မရသောကြောင့် ယမန်နေ့ ဇွန်လ၁၂ရက်နေ့က ပိုးသတ်ဆေးသောက်ခဲ့ကာ သေကြောင်းကြံစည်ခဲ့ကြောင်း သိရသည်။

ထို့အပြင် မဖြူဖြူခိုင်အား PDFများကို ထောက်ပို့လုပ်သည်ဟု စစ်တပ်ကစွပ်စွဲထားကြောင်း ဒေသခံများထံက သိရသည်။

စစ်အုပ်စုက ၎င်းတို့အား ဆန့်ကျင်သူများကို လိုက်လံဖမ်းဆီးနေပြီး သပိတ်အဖွဲ့ဝင်များကို မတွေ့၍ မိသားစုဝင်များကို ဖမ်းဆီးမှုများလည်း ပြုလုပ်လျက်ရှိသည်။ mizzima

စက်သုံးဆီဆိုင်များ ဆီပြတ်လပ်ပါက အရေး ယူခံရမည်ဟု သတိပေး

စက်သုံးဆီဆိုင်တွေမှာ စက်သုံးဆီ ပြတ်လပ်ခဲ့ရင် အရေးယူခံရမယ်လို့ မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်း (MPTA) က စက်သုံးဆီကုမ္ပဏီတွေနဲ့ အရောင်းဆိုင်တွေကို သတိပေးစာထုတ်ထားပါတယ်။

တိုင်းနဲ့ ပြည်နယ်အသီးသီးမှာ စက်သုံးဆီ မပြတ်လပ်စေဖို့ တင်သွင်းတဲ့ ကုမ္ပဏီတွေ၊ Terminal ကုမ္ပဏီတွေ၊ စက်သုံးဆီဆိုင်တွေနဲ့ SME စက်သုံးဆီဆိုင်တွေအနေနဲ့ ကြိုတင်စီမံဆောင်ရွက်ထားရမယ်လို့ ဇွန် ၁၂ နေ့စွဲနဲ့ ထုတ်ပြန်တဲ့စာမှာ ဖော်ပြထားပါတယ်။

မိမိဆိုင်မှာ  ဆီပြတ်လပ်မယ့်အခြေအနေဖြစ်လာရင်  အချိန်နဲ့ တပြေးညီတာဝန်ရှိသူတွေထံ ဆက်သွယ်တင်ဖို့နဲ့ ဒီလိုမဆောင်ရွက်ဘဲ ဆီပြတ် လပ်ခဲ့ရင် ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနက  ထိုက်သင့်တဲ့ အရေးယူ ဆောင်ရွက်မယ်လို့ သတိပေးထားတာပါ။

အဲဒီလို MPTA ရဲ့သတိပေးချက်ဟာ  စက်သုံးဆီရောင်းဝယ်ရေးလုပ်ငန်းအပေါ် ဖိအားပိုဖြစ်စေတယ်လို့  အဲဒီလုပ်ငန်းအသိုင်းအဝိုင်းက ဝေဖန်ပါတယ်။

အလတ်စား စက်သုံးဆီအရောင်းဆိုင်ရှင်တစ်ဦးက “ဆီဆိုင်တွေ၊ အထူးသဖြင့် SME တွေက ခံဘက်ချည်းပဲ။ ရောင်းစရာမှ မရှိတာ” ပြောပါတယ်။

လက်ရှိမှာ ပြည်တွင်းမှာ ဆီတင်သွင်းမှု လျော့နည်းလာလို့ ရန်ကုန်၊ မန္တလေးနဲ့ တခြားနယ်မြို့တွေမှာပါ ဆီဆိုင်တွေ ဆီပြတ်လပ်မှုတွေ မကြာ ခဏဖြစ်နေပြီး ဆီဈေးနှုန်းကြီးမြင့်တာ၊ လိုအပ်တဲ့ဆီအမျိုးအစားမရှိတာ၊ လိုသလောက် ဝယ်မရတာ၊ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းတန်းစီဝယ်ယူရတာ စတဲ့ အခက်အခဲတွေ ပြည်သူတွေ ရင်ဆိုင်ကြုံတွေ့နေရရပါတယ်။

စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့  လောင်စာဆီတွေ အလျှံအပယ်သိုလှောင်ထားတာ ရှိတယ်လို့ ပြီးခဲ့တဲ့ ဇွန် ၁ ရက် နေပြည်တော်သတင်းစာရှင်းလင်းပွဲမှာ မေးမြန်းတဲ့ သတင်းထောက်ကို  စိန်ခေါ်ပြောဆိုခဲ့ပါတယ်။ DVB

ထန်းတပင်မြို့နယ်၊ ဇရပ်ကြီး အခြေစိုက် ခလ ရ ၇၃ ကို KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့ တိုက် ခိုက်၊ စစ်သား ၃ ဦးသေဆုံးပြီး ဒဏ်ရာရသူ များလည်း ရှိ

ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးမြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ ခလရ ၇၃ တပ်ရင်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် PDF ပူးပေါင်းအဖွဲ့က ယမန်‌နေ့ ဇွန်လ ၁၂ ရက် ည ၉ နာရီဝန်းကျင်တွင် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ ၃ ဦး သေဆုံးပြီး ဒဏ်ရာရသူများလည်း ရှိကြောင်း ဒေသသတင်းရင်းမြစ်ထံမှ သိရှိရသည်။

“KNLA၊ တောင်ငူ PDF၊ ထန်းတပင် PDF ပူးပေါင်းပြီး ခလရ ၇၃ ထဲကို ၄၀ မမ ၂ လုံးသွား ပစ်ထည့်တာပါ၊ အပြန်လှန်ပစ်ခတ်တာက နာရီဝက်လောက် ကြာတယ်” ဟု PDF သတင်းရင်းမြစ်ထံမှ သိရှိရသည်။

“၆ ဦး သေတယ်တော့ပြောပေမယ့် ၃ ယောက်တော့ အတည်ပြုလို့ရတယ်၊ တောင်ငူ စစ်ဆေးရုံမှာ ဒီမနက် အစောပိုင်း လူနာတင်ကား ၁ စီး ဝင်လာတယ်၊ ဇရပ်ကြီးကနေ လာတာ” ဟု ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

နာရီဝက်ခန့် အပြန်အလှန်ပစ်ခတ်ပြီးနောက် စစ်ကောင်စီဘက်က ၂ နာရီခန့် တဖက်သတ် ရမ်းသန်းပစ်ခတ်ခဲ့ကြောင်း KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့ဘက်မှ အထိအခိုက်မရှိခဲ့ကြောင်း သတင်းရရှိသည်။ khit thit

ကာကွယ်ရေးတပ်ဖွဲ့မှ မြို့ပြန်ရန် ခွင့်ပြုလိုက်သူကို စစ်ကောင်စီတပ်ဖွဲ့က အလင်းဝင် သက်သေခံကဒ် ထုတ်ပေး

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၌ PDF သင်တန်းဆင်းထားသည့် မြို့ပြန်ရန် ခွင့်ပြုပေးလိုက်သူကို စစ်ကောင်စီတပ်ဖွဲ့က အလင်းဝင်အသိအမှတ်ပြုကဒ်ပြား ထုတ်ပေးထားကြောင်း ကာကွယ်ရေးတပ်ဖွဲ့ဝင် များထံမှ သိရသည်။

“သူက ခွင့်ဆိုပြီး မြို့ပေါ်ပြန်သွားတယ်။ အခုပြန်မိတော့ အရက်တွေ တော်တော်သောက်ထားတယ်။ အရက်ကြောင်နေတာ တွေ့ရတယ်။ အရက် သောက်တာ များလွန်းလို့ ပုံမှန်စိတ်အခြေအနေမရှိဘူး” ဟု ကလေးမြို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

အဆိုပါ ပုဂ္ဂိုလ်အား မသင်္ကာဖွယ် ခရီးထွက်မည့် အခြေအနေသိသောကြောင့် ကာကွယ်ရေးတပ်ဖွဲ့ဝင်များမှ ဖမ်းဆီးစစ်ဆေးရာ စိတ်အခြေ အနေပုံမှန်မရှိဘဲ အမျိုးမျိုး ပြောဆိုနေကြောင်း သိရသည်။

၎င်းထံမှ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ကလေး) စစ်ဦးစီးဌာန (စစ်ဘက်ရေးရာလုံခြုံရေး) မှ ထုတ်ပေးထားသော အလင်းဝင် အသိအမှတ်ပြုကဒ်ပြားအား တွေ့ရှိရပြီး ကဒ်ပြားအတွင်းတွင် အမည် ၊ အသက် ၊ အမျိုးသား/နိုင်ငံသား ၊မှတ်ပုံတင် ၊ ထင်ရှားသောအမှတ်အသား ၊ လိပ်စာနှင့် လက်မှတ်များပါဝင်ပြီး အလင်းဝင်သူအမှတ်စဉ် ၊တောခို /အဖမ်းခံရသည့်ရက်စွဲ ၊ သောင်းကျန်းသူအမျိုးအစား ၊ တပ်အမှတ် ၊ထမ်းဆောင်ခဲ့သည့်တာဝန် ၊ ယူဆောင်လာသည့်လက်နက်များတွင် ဖြည့်စွက်ပြီး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့်အတူ စစ်ဦးစီး ပထမတန်း (ဒေသကွပ်ကဲမှုစစ်ဌာချုပ်)မှ ထပ်ဆင့်လက်မှတ်ထိုး၍ ထုတ်ပေးထားခြင်းဖြစ်သည်။

ကဒ်ပြား၏ ကျောဘက်တွင် အလင်းဝင်လိုက်နာရန်ပါရှိပြီး ကဒ်ပြားအား အခြားသူ လက်သို့ လွှဲပြောင်းကိုင်ဆောင်ခြင်းမပြုရ ၊ ခိုးယူခံရခြင်း ၊ စုတ်ပြဲပျောက်ဆုံးသွားပါက (ဒစက) ကလေးသို့ အမြန်ဆုံးအကြောင်းကြားရမည်ဖြစ်ကြောင်း ပါရှိသည်။

ထို့အပြင် မှတ်ချက်အဖြစ် လက်မှတ်ကိုင်ဆောင်သူနှင့်ပတ်သက်၍ မသင်္ကာဖွယ်ရာ စစ်ဆေးတွေ့ရှိပါက အမြဲတမ်းနေထိုင်သည့် နေရပ်လိပ် စာ ၊ မိဘအမည် ၊ အမျိုးသား မှတ်ပုံတင် ၊ ကိုယ်ပေါ်ပါ အမှတ်အသားများဖြင့် တိုက်ဆိုင်စစ်ဆေးသွားရန်ဖြစ်ကြောင်း ပါရှိသည်။

စစ်ကောင်စီက ဇွန်လ ၇ရက်နေ့တွင် ကလေးမြို့၌ ပြစ်မှုကျူးလွန်ခြင်းမရှိသော PDF သင်တန်းဆင်း အလင်းဝင်ရောက်လာသူများအား အုပ် ထိန်းသူ လွှဲပြောင်းလက်ခံပွဲဆိုသည့် အခမ်းအနားကျင်းပခဲ့ပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင် အရေအတွက် မည်မျှဝင်ရောက်ခဲ့ကြောင်း ဖော်ပြထားခြင်းမရှိခဲ့ပါ။

ဇွန်လ ၁၁ရက်နေ့က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF များအပါအဝင် အခြားအဖွဲ့အစည်းများအနေနဲ့ နိုင်ငံတော် ရှေ့လုပ်ငန်းစဉ်များမှာ ပူး ပေါင်းပါဝင် ဆောင်ရွက်ဖို့ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဥပဒေဘောင်အတွင်း လက်နက်အပ်နှံပြီး ပြည်သူ့ဘဝသို့ ပြန်လည်ဝင်ရောက်လျှင် လက်ခံကြိုဆို ဖြစ်ကြောင်း စစ်ကောင်စီမှ ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ mizzima

« Older Entries