ကလေးမြို့ တာဟန်းရပ်ကွက်တွင် လက်နက် ကြီးကျည်ကျသဖြင့် နေအိမ် ၁ လုံးပျက်စီး

စစ်ကိုင်းတိုင်း ကလေးမြို့မှာ ဇွန် ၁၂ ရက်နေ့ညက စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်ခဲ့တာကြောင့် နေအိမ်တလုံး ပျက်စီးခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
ကလေးမြို့ အနောက်ပိုင်းရပ်ကွက်တွေမှာ ဇွန် ၁၂ ရက် ညအစောပိုင်းကတည်းက ပစ်ခတ်သံတွေ ထွက်ပေါ်ခဲ့ပြီးနောက် ည ၈ နာရီဝန်းကျင်လောက်မှာ တာဟန်းရပ်ကွက်က လူနေအိမ်တလုံးပေါ် လက်နက်ကြီး ကျရောက်တာကြောင့် နေအိမ်ပျက်စီးသွားတာလို့ ရပ်ကွက်နေ ဒေသခံတဦးက ဒီဗွီဘီကိုပြောပါတယ်။
“လက်နက်ကြီးက ညပိုင်းမှာကျတာ။ ညနေမှောင်ရီပျိုးကတည်းကစ ပစ်ခတ်သံတွေကြားနေရတာ။ အရင်တခါကလည်း မင်းကင်းဘက်က စစ်ရှောင်တွေ လက်နက်ကြီးမှန်ပြီး ဆုံးသွားကြတယ်။ ကိုယ့်အိမ်နဲ့ကိုယ်နေတာတောင် လုံခြုံမှုမရှိတော့ဘူး။”
ပြီးခဲ့တဲ့ မေ ၂၈ ရက်နေ့ကလည်း မင်းကင်းဘက်မှ ကလေးမြို့ထဲ စစ်ဘေးရှောင်လာတဲ့ စစ်ဘေးရှောင်မိသားစုဝင် ၃ ဦးဟာ စစ်ကောင်စီရဲ့လက်နက်ကြီးကျည် ထိမှန်ပြီး သေဆုံးခဲ့ရပါသေးတယ်။
မေ ၁၀ ရက်နေ့နဲ့ ၂၅ ရက်နေ့ညကလည်း တောင်ဖီလာတောင်ပေါ်ကနေ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ရမ်းသန်းပစ်ခတ်ခဲ့တာကြောင့် တာဟန်းရပ်ကွက်က နေအိမ်တွေပေါ် လက်နက်ကြီးကျရောက်ပြီး အိမ်ရှင်မိသားစုဝင်တွေ ထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။
ဧပြီလ ၂၉ ရက်နေ့ညကလည်း တာဟန်းရပ်ကွက် ဘူတာရုံလမ်းကြား ဧမာနွေလ ဘုရားကျောင်းအနီး နေအိမ်ပေါ်ကို တိုက်ပွဲတွင်းက လက် နက်ကြီးကျရောက်လို့ ဒေသခံတဦး အသက်ဆုံးရှုံးခဲ့ရပါသေးတယ်။
ကလေးမြို့မှာ စစ်ကောင်စီက မြို့တွင်းကို လက်နက်ကြီးများနဲ့ မကြာခဏပစ်ခတ်နေတာကြောင့် ဒေသခံတွေ ထိတ်လန့်ကြောက်ရွံ့နေကြပါတယ်။ DVB