ကာကွယ်ရေးတပ်ဖွဲ့မှ မြို့ပြန်ရန် ခွင့်ပြုလိုက်သူကို စစ်ကောင်စီတပ်ဖွဲ့က အလင်းဝင် သက်သေခံကဒ် ထုတ်ပေး

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၌ PDF သင်တန်းဆင်းထားသည့် မြို့ပြန်ရန် ခွင့်ပြုပေးလိုက်သူကို စစ်ကောင်စီတပ်ဖွဲ့က အလင်းဝင်အသိအမှတ်ပြုကဒ်ပြား ထုတ်ပေးထားကြောင်း ကာကွယ်ရေးတပ်ဖွဲ့ဝင် များထံမှ သိရသည်။
“သူက ခွင့်ဆိုပြီး မြို့ပေါ်ပြန်သွားတယ်။ အခုပြန်မိတော့ အရက်တွေ တော်တော်သောက်ထားတယ်။ အရက်ကြောင်နေတာ တွေ့ရတယ်။ အရက် သောက်တာ များလွန်းလို့ ပုံမှန်စိတ်အခြေအနေမရှိဘူး” ဟု ကလေးမြို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
အဆိုပါ ပုဂ္ဂိုလ်အား မသင်္ကာဖွယ် ခရီးထွက်မည့် အခြေအနေသိသောကြောင့် ကာကွယ်ရေးတပ်ဖွဲ့ဝင်များမှ ဖမ်းဆီးစစ်ဆေးရာ စိတ်အခြေ အနေပုံမှန်မရှိဘဲ အမျိုးမျိုး ပြောဆိုနေကြောင်း သိရသည်။
၎င်းထံမှ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ကလေး) စစ်ဦးစီးဌာန (စစ်ဘက်ရေးရာလုံခြုံရေး) မှ ထုတ်ပေးထားသော အလင်းဝင် အသိအမှတ်ပြုကဒ်ပြားအား တွေ့ရှိရပြီး ကဒ်ပြားအတွင်းတွင် အမည် ၊ အသက် ၊ အမျိုးသား/နိုင်ငံသား ၊မှတ်ပုံတင် ၊ ထင်ရှားသောအမှတ်အသား ၊ လိပ်စာနှင့် လက်မှတ်များပါဝင်ပြီး အလင်းဝင်သူအမှတ်စဉ် ၊တောခို /အဖမ်းခံရသည့်ရက်စွဲ ၊ သောင်းကျန်းသူအမျိုးအစား ၊ တပ်အမှတ် ၊ထမ်းဆောင်ခဲ့သည့်တာဝန် ၊ ယူဆောင်လာသည့်လက်နက်များတွင် ဖြည့်စွက်ပြီး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့်အတူ စစ်ဦးစီး ပထမတန်း (ဒေသကွပ်ကဲမှုစစ်ဌာချုပ်)မှ ထပ်ဆင့်လက်မှတ်ထိုး၍ ထုတ်ပေးထားခြင်းဖြစ်သည်။
ကဒ်ပြား၏ ကျောဘက်တွင် အလင်းဝင်လိုက်နာရန်ပါရှိပြီး ကဒ်ပြားအား အခြားသူ လက်သို့ လွှဲပြောင်းကိုင်ဆောင်ခြင်းမပြုရ ၊ ခိုးယူခံရခြင်း ၊ စုတ်ပြဲပျောက်ဆုံးသွားပါက (ဒစက) ကလေးသို့ အမြန်ဆုံးအကြောင်းကြားရမည်ဖြစ်ကြောင်း ပါရှိသည်။
ထို့အပြင် မှတ်ချက်အဖြစ် လက်မှတ်ကိုင်ဆောင်သူနှင့်ပတ်သက်၍ မသင်္ကာဖွယ်ရာ စစ်ဆေးတွေ့ရှိပါက အမြဲတမ်းနေထိုင်သည့် နေရပ်လိပ် စာ ၊ မိဘအမည် ၊ အမျိုးသား မှတ်ပုံတင် ၊ ကိုယ်ပေါ်ပါ အမှတ်အသားများဖြင့် တိုက်ဆိုင်စစ်ဆေးသွားရန်ဖြစ်ကြောင်း ပါရှိသည်။
စစ်ကောင်စီက ဇွန်လ ၇ရက်နေ့တွင် ကလေးမြို့၌ ပြစ်မှုကျူးလွန်ခြင်းမရှိသော PDF သင်တန်းဆင်း အလင်းဝင်ရောက်လာသူများအား အုပ် ထိန်းသူ လွှဲပြောင်းလက်ခံပွဲဆိုသည့် အခမ်းအနားကျင်းပခဲ့ပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင် အရေအတွက် မည်မျှဝင်ရောက်ခဲ့ကြောင်း ဖော်ပြထားခြင်းမရှိခဲ့ပါ။
ဇွန်လ ၁၁ရက်နေ့က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF များအပါအဝင် အခြားအဖွဲ့အစည်းများအနေနဲ့ နိုင်ငံတော် ရှေ့လုပ်ငန်းစဉ်များမှာ ပူး ပေါင်းပါဝင် ဆောင်ရွက်ဖို့ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဥပဒေဘောင်အတွင်း လက်နက်အပ်နှံပြီး ပြည်သူ့ဘဝသို့ ပြန်လည်ဝင်ရောက်လျှင် လက်ခံကြိုဆို ဖြစ်ကြောင်း စစ်ကောင်စီမှ ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ mizzima