ခင်ဦးမြို့ ကြို့ကန်ကျေးရွာ အနီးတွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးပူးပေါင်းအဖွဲ့ မိုင်းဆွဲတိုက်ခိုက်ခံရ ၂၀ ကျော်သေဆုံး

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့ အရှေ့ဘက်ခြမ်း ရွှေဘို-မြစ်ကြီးနား ဗျူဟာလမ်းမပေါ်နှင့် ကြို့ကန်ကျေးရွာအနီးတွင် စစ်ကောင်စီတပ် နှင့် ပျူစောထီးပူးပေါင်း အဖွဲ့ကို ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက ဇွန်လ ၁၁ ရက် ညနေ၅နာရီခန့်တွင် မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်းသိရသည်။
မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ် နှင့် ပျူစောထီး ပူးပေါင်းအဖွဲ့မှ ၂၀ ကျော် သေဆုံးနိုင်ပြီး ၁၀ ဦး ခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ခင်ဦးဒေသခံ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်တစ်ဦး၏ ပြောကြားချက်အရ သိရသည်။
“စစ်ကောင်စီ တပ်ရဲ့ ခန့်မှန်း အင်အားကတော့ ၈၀ လောက်ပါမယ်ဗျ။ ဗျူဟာလမ်းပေါ်မှာတော့ ပဒေသာမိုင်းနဲ့ ရှေ့ထွက်မိုင်းတွေ အသုံးပြုတိုက်ခဲ့တာ။ စစ်ကောင်စီ အင်အား ၃ဝ လောက် လိုက်ပါလာတဲ့ Light truck ကားကို အမိအရ ခွဲလိုက်ရတယ်။ အဲ့ဒီကားထဲက ပါလာတဲ့သူတွေထဲမှာ စစ်သား နှစ် ယောက်ပဲ အသက်ရှင်နိုင်ခြေရှိတယ်။ အဲ့ဒီ နှစ်ယောက်ကပဲ ကျွန်တော်တို့ကို ပြန်ပစ်နိုင်တယ်။ ကျန်တဲ့ စစ်သားတွေကတော့ အတုံးအရုံး ဖြစ်သွားတယ်။ ကားကလည်း အဲ့ဒီ နေရာတင် မီးလောင်ပျက်စီးသွားတယ်။ နောက်ထပ်တစ်နေရာကတော့ ကြို့ကန်ကျေးရွာက PDF ခေါင်းဆောင်အိမ်ကို မီးရှို့ ဖျက်ဆီးဖို့ အဝင် တံခါးကို ဆွဲပြီး အဖွင့်မှာ မိုင်းထပ်မိတယ်ဗျ။ စစ်ကောင်စီ တပ်ရဲ့ သေဆုံးမှုက ၂၀ အထက်မှာ ရှိတယ်။ ပျူအလောင်း နှစ်ခုကိုတော့ ပစ်ထားခဲ့တယ်။ သေဆုံးစစ်သား ၂၀ ကျော်ကိုတော့ ခင်ဦး ဆေးရုံကနေတစ်ဆင့် တောင်သုသာန်ကို ပို့ဆောင် သင်္ဂြိုဟ်ခဲ့တယ်ဗျ” ခင်ဦး ဒေသခံကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်တစ်ဦးက ပြောသည် ။
အဆိုပါတိုက်ပွဲတွင် ရွှေဘိုခရိုင် တပ်ရင်း (၃) ၊ ဗိုလ်ကြိမ် ၊ လင်းယုန်နက် နှင့် ဒေသခံကာကွယ်ရေးအဖွဲ့များမှ ပူးပေါင်း၍တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဒေသခံပြည်သူ့ ကာကွယ်ရေး တပ်ဘက်မှ အကျအဆုံးမရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်၊
စစ်ကောင်စီတပ်သည် ကြို့ကန်ကျေးရွာရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံများ၏ နေအိမ် ၃၄ လုံး မီးလောင်ပြာကျခဲ့ကြောင်း သိရသည် ။ mizzima