ခရိုင်ပြင်ပ လွတ်လပ်စွာခရီးသွားလာခွင့်ပြုရန် မောင်တောမွတ်စလင်များ တောင်းဆို

ရခိုင်ပြည်နယ်၊ မောင်တော၊ ဘူးသီးတောင် မြို့နယ်တွေက ဒေသခံမွတ်စလင်တွေကို နိုင်ငံသားစိစစ်ရေးကတ်တွေ ထုတ်ပေးနေပေမယ့် ခရိုင်ပြင်ပ  ခရီးသွားလာခွင့်ရရေး ခွင့်ပြုချက်တောင်းနေရတာကြောင့် အခက်အခဲကြုံနေကြရပါတယ်။

“NVC ကတ်နဲ့ မြို့နယ်အတွင်းသာသွားလာလို့ရတာပါ။ မြို့နယ်ပြင်ပကိုသွားမယ်ဆိုရင် ခရီးသွားလာခွင့် လက်မှတ် ပုံစံ ၄ ပါမှသွားလို့ရပါတယ်။ အခက်တွေ့တာက NVC  ကို ခရီးသွားလာခွင့်လွယ်ကူစွာရရှိဖို့ ပြုလုပ်ထားကြတာ လွယ်ကူစွာသွားလာခွင့်ပြုဖို့လိုပါတယ်” လို့ မောင်တောဒေသခံမွတ်စလင်တဦးက ပြောပါတယ်။ 

မောင်တောခရိုင်ဒေသခံ မွတ်စလင်တွေဟာ နိုင်ငံသားစိစစ်ရေးကတ် (NVC) ပြုလုပ်ထားရှိကြပေမယ့် စစ်တွေ၊ ရန်ကုန် စတဲ့ ခရိုင်ပြင်ပရှိမြို့ နယ်တွေကို လွတ်လပ်စွာသွားလာခွင့်မရရှိကြသေးဘဲ ခရီးသွားလာခွင့်ပုံစံ ၄ လျှောက်ထားနေကြရတာကြောင့် အခက်အခဲကြုံနေကြရတာလို့ ဆိုပါတယ်။

ပုံစံ ၄ လျှောက်ထားရာမှာလည်း ရပ်ကွက်အုပ်ချုပ်ရေးမှူးထောက်ခံစာ၊ ရဲစခန်းထောက်ခံစာ၊ ကိုဗစ်ဆေးထိုးပြီးကြောင်းထောက်ခံစာနဲ့ မြို့နယ်ထွေအုပ်ထောက်ခံစာတွေ ပါရှိပြီးမှ ခရိုင်လ.ဝ.ကမှာ လျှောက်ထားရတာပါ။

ဘူးသီးတောမြို့နယ်နေ မွတ်စလင်တဦးက “ကျနော်တို့မှာ ယခင်တုန်းကဆိုရင် အမျိုးသားမှတ်ပုံတင်တွေဆိုပြီး ၃ ခေါက်ချိုး မှတ်ပုံတင်တွေရှိတယ်။ အဲဒီမှတ်ပုံတင်တွေအချို့မှာ ရိုဟင်ဂျာရေးလို့ ရေးထားတာရှိသလို မွတ်ဆလင်လို့ ရေးထားတာတွေလည်းရှိတယ်။ ၁၉၉၁/၉၂ မှာ ထုတ် ပေးလာတဲ့ White Card မှာ အချို့မှာကျတော့ မွတ်စလင်တွေရှိသလို ဘင်္ဂါလီလို့ရေးထားလည်းရှိတယ်။ ၂၀၁၅ မှာထုတ်ပေးတဲ့ NVC ကတ်မှာကျတော့ အားလုံး ဘင်္ဂါလီလို့သာ ရေးသားတာတွေ့ရပါတယ်”  လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်ရှိ မွတ်စလင်တွေကို ၁၉၉၁/၉၂ ခုနှစ်မှာ White Card ခေါ် ယာယီသက်သေခံ လက်မှတ်တွေ ထုတ်ပေးခဲ့ကြပြီး အဲဒီကတ် သက် တမ်းကုန်ဆုံးချိန် ၂၀၁၅ ခုနှစ် ဧပြီလမှစတင်ကာ အစိမ်းရောင် သက်သေခံကတ်ပြား National verification card (NVC) ထုတ်ပေးတဲ့ လုပ် ငန်းစဉ်ကို ရခိုင်ပြည်နယ်တခုလုံးမှာ လုပ်ဆောင်ပေးခဲ့ကြတာပါ။

၂၀၁၅ ခုနှစ်က မောင်တောခရိုင်မှာ မွတ်စလင် လူဦးရေဟာ ၈ သိန်းနီးပါး ရှိနေခဲ့ပေမယ့် NVC ကတ် ထုတ်ယူထားတဲ့ လူဦးရေဟာ ၄၀၀၀ ကျော် သာရှိခဲ့တယ်လို့ ဆိုပါတယ်။

၂၀၁၇ ခုနှစ် အကြမ်းဖက်မှုဖြစ်စဉ်ကြောင့် မောင်တောခရိုင်က လူ ၆ သိန်းကျော် နေရပ်စွန့်ခွာခဲ့ကြရပြီး ကျန်ရှိ လူဦးရေ ၂ သိန်းအနက် ၂၀၂၂ ခုနှစ် ဇွန် ၁၃ ရက် ဒီနေ့အထိ NVC ကတ်ရရှိထားသူ ၁ သောင်းကျော်သာ ရှိတယ်လို့ ခရိုင်လ.ဝ.က ရဲ့ စာရင်းတွေအရ သိရပါတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s