စစ်ကောင်စီတပ်များ ပြည်သူထံ ဝန်ချတောင်း ပန်ပြီး လက်နက်ချ အလင်းဝင်ရန် PDF ပြန် လည်ဖိတ်ခေါ်

PDF တွေ လက်နက်အပ်နှံဖို့ အာဏာသိမ်းစစ်ကောင်စီအကြမ်းဖက်အဖွဲ့ရဲ့ ကမ်းလှမ်းချက်ဟာ လက်ခံနိုင်စရာမရှိကြောင်းနဲ့ စစ်ကောင်စီတပ်တွေအနေနဲ့ ပြည်သူကို ဝန်ချတောင်းပန် လက်နက်ချပြီး ပြည်သူ့ထံ အလင်းဝင်ကြဖို့ စစ်အာဏာရှင် ပြုတ်ကျရေး တိုက်ပွဲဝင်နေတဲ့ တော် လှန်ရေးအင်အားစုတွေက တုံ့ပြန်လိုက်ပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေ အပါအဝင် တခြားအဖွဲ့အစည်းတွေအနေနဲ့ နိုင်ငံတော် ရှေ့လုပ်ငန်းစဉ်တွေမှာ ပူးပေါင်း ပါဝင်ဆောင် ရွက် ဖို့ သတ်မှတ်စည်းကမ်းချက်တွေနဲ့အညီ ဥပဒေဘောင်အတွင်း လက်နက်အပ်နှံပြီး ပြည်သူ့ဘဝသို့ ပြန်လည် ဝင်ရောက်ရင် လက်ခံကြိုဆိုသွားမယ်လို့ စစ်ကောင်စီက ဇွန် ၁၁ ရက်က ထုတ်ပြန်ခဲ့တာပါတယ်။

နိုင်ငံရေး သဘောထားကွဲလွဲတာ၊ တိုင်းရင်းသားအရေး သဘောထားကွဲလွဲတာတွေကြောင့် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခတွေဖြစ်ပွားခဲ့ရပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို ထိခိုက်ခဲ့ရတယ်လို့ လည်း စစ်ကောင်စီက ဆိုထားပါတယ်။

ဒါနဲ့ပတ်သက်ပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကတော့ စစ်ကောင်စီရဲ့ မတရားအာဏာသိမ်းယူမှုကြောင့်သာ နိုင်ငံတော် ထိခိုက်ပျက်စီးခဲ့တာလို့ တုံ့ပြန်လိုက်ပြီး စစ်ကောင်စီရဲ့ ကမ်းလှမ်းချက်ဟာ လက်ခံနိုင်စရာဘူးလို့ သထုံပြည်သူ့ပြောက်ကျားများအဖွဲ့ တာဝန်ခံက ပြောပါတယ်။

“သူတို့ပြောတဲ့ဟာကတော့ သူတို့ပြောသလောက်ပေါ့ဗျာ။ ကျနော်တို့ကတော့  သူတို့တွေ စနစ် မပြောင်းမချင်း ဘယ်လိုမျိုးပုံစံတွေ ဆက်ပြီးတော့ မလုပ်မချင်း မပြောင်းမချင်း ကျနော်တို့က တိုက်ဦးမှာပဲလေ။ တိုက်လို့ရသလောက် ကျနော်တို့ တိုက်မှာပဲ။ သူတို့ဖိတ်ခေါ်တာတွေကို ကျနော်တို့ ဘက်ကနေပြီးတော့ လက်ခံမှာလည်းမဟုတ်ဘူး။ လိုက်လျောမှာလည်း မဟုတ်ဘူး။ သူတို့ ဘယ်လိုပဲ ကျနော်တို့ကို ပြောပြော၊ ကျနော်တို့ ဘက်နေပြီးတော့ ပြန်သွားဖို့လည်း အစီအစဉ်မရှိဘူး။” 

ဒါအပြင် စစ်ကောင်စီအနေနဲ့ မိမိတို့လုပ်ရပ်အပေါ် ပြန်လည်သုံးသပ်ပြီး ပြည်သူတွေကို ဝန်ချတောင်းပန်ဖို့နဲ့ လက်နက်ချပြီး ပြည်သူ့ထံ အလင်းဝင်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။

မွန်ပြည်နယ်အခြေစိုက် တော်လှန်ရေးအဖွဲ့ တွဲဘက်တာဝန်ခံကလည်း တော်လှန်ရေးအဖွဲ့အစည်းတွေဟာ လက်နက်အပ်ဖို့ ပေါ်ပေါက်လာတာ မဟုတ်တဲ့အတွက်ကြောင့် စစ်အာဏာရှင် အမြစ်ပြတ်ရေးအတွက်သာ ဆက်လက် လုပ်ဆောင်သွားမယ်လို့ပြောပါတယ်။

“စစ်ကောင်စီက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ လက်နက်အပ်မယ်ဆိုရင် လက်ခံကြိုဆိုသွားမယ်လို့ ထုတ်ပြန်တဲ့အပေါ်မှာတော့ လက်ခံနိုင်စရာအကြောင်းကို မရှိတဲ့အပြင် ဟာသ တပုဒ်လို့ပဲ ကျနော်တို့သတ်မှတ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ဒီ‌အဖွဲ့အစည်းအပါအဝင် UG တွေ၊ local PDF တွေ၊ PDFတွေက လက်နက်အပ်ဖို့အတွက် ပေါ်ပေါက်လာတဲ့ အဖွဲ့အစည်းတွေမဟုတ်ဘူးလေနော်။” 

ကျိုက်ထိုတော်လှန်ရေးအင်အားစု တာဝန်ခံကတော့ “အာဏာရှင်စနစ်ကို မကြိုက်လို့ဆက်တော်လှန်နေတာပဲလေ။ သူတို့ဘယ်လိုပဲ ခေါ်ခေါ် ဒို့ကတော့ သူတို့ကို ယုံကြည်မှုလည်းမရှိဘူးလေ။ ပြီးတော့ သူတို့ရဲ့ ရည်ရွယ်ချက်လည်း လက်မခံဘူးလေ။ ကျနော်တို့ လုပ်ရမယ့်အလုပ်က စစ်အာရှင်အမြစ်ပြတ်ဖို့ပဲ အဓိကလုပ်နေတယ်။ မှာချင်တာကတော့ဗျာ ဒို့ကို ဒီလိုမျိုးပြောတဲ့ သူတွေကို သူတို့လည်း CDM ဝင်ပါလို့ တိုက်တွန်းချင်တာပေါ့”လို့ ပြောပါတယ်။

စစ်ကောင်စီရဲ့ ကမ်းလှမ်းချက်နဲ့ ပတ်သက်လို့ လက်မခံတဲ့အကြောင်း နိုင်ငံအနှံ့ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အသီးသီးကလည်း သဘောထားကြေညာချက်တွေ ထုတ်ပြန်ထားပါတယ်။

ကချင်ပြည်နယ် ပူတာအိုခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( PDF- Putao )ကတော့  “ကျနော်တို့ ပူတာအိုခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဟာ နိုင်ငံတော်နဲ့ ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်မှာဖြစ်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုရရှိတဲ့အထိ  တိုက်ပွဲဝင်သွားမယ်၊ အကြမ်းဖက်စစ်ကောင်စီရဲ့ လက်နက်ချအလင်းဝင် ဖိတ်ခေါ်မှုကို ဘယ်သောအခါမှ လက်နက်ချမှာမဟုတ်လို့ သစ္စာဆိုခဲ့ပြီးဖြစ်တယ်။ တစ်စုံတယောက်က စကစထံ လက်နက်ချ ဝင်သွားတာရှိရင် ဒီလူတွေကို အရေးတော်ပုံ အောင်မြင်ပြီးချိန်မှာ ထိရောက်စွာ အရေးယူသွားမယ်” လို့ ဇွန် ၁၃ ရက်က  ထုတ်ပြန်ထားပါတယ်။

တော်လှန်ရေအင်အားစုတွေကို လက်နက်ချဖို့ ကမ်းလှမ်းချက်ဟာ စစ်ကောင်စီတပ်မှာ အင်အားချိနဲ့လာတဲ့ အခြေအနေကို ဖော်ပြနေတာလို့ သုံးသပ်ချက်တွေလည်းရှိပါတယ်။

အာဏာသိမ်းစစ်ကောင်စီက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို လက်နက်အပ်နှံဖို့ ပြောဆိုနေပေမယ့် စစ်ကောင်စီတပ်ကနေ စွန့်ခွာလာတဲ့ စစ်ကောင်စီတပ်နဲ့ရဲတပ်ဖွဲ့ဝင် တစ်သောင်းကျော်ထိ ရှိလာပြီးလို့ ပြည်သူ့စစ်သားများအဖွဲ့က ထုတ်ပြန်ထားပါတယ်။

လက်ရှိမှာတော့ အမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ရင်း၊ တပ်ဖွဲ့ပေါင်း ၂၅၀ ကျော်ရှိနေပြီး တပ်အင်အားအနေနဲ့ တစ်သိန်းကျော်ထိ ရှိလာပြီးလို့ NUG ကာကွယ်ရေးဝန်ကြီးဌာန ဆိုထားပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက စစ်ကိုင်းတိုင်း ကလေးမြို့မှာ PDF သင်တန်းဆင်း ၅ ယောက်ကို မိဘတွေထံ ပြန်အပ်နှံခဲ့တယ်လို့ စစ်ကောင်စီပြန်ကြား ရေးက သတင်းထုတ်ပြန်ထားပါတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s