တီးတိန်တွင် စစ်ကောင်စီတပ်၏ လက်နက် ကြီးဖြင့် ရမ်းသန်းပစ်ခတ်မှုကြောင့် လူနေအိမ်နှင့်အဆောက်အဦအချို့ ထိခိုက်ပျက်စီး

ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်မှုကြောင့် လူနေအိမ်နှင့် အဆောက်အဦအချို့ ထိခိုက်ပျက်စီးမှုများရှိကြောင်း တီးတိန်မြို့ ဒေသခံတစ်ဦးထံက သိရသည်။
တီးတိန်မြို့ပေါ် မြို့မရဲစခန်းနှင့် အ.ထ.က (၁) စာသင်ကျောင်းတို့တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့အကြားအပြန်အလှန် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်သည် ဇွန်လ ၁၂ရက်နေ့ ည ၉နာရီခန့်က စကော့လမ်း ရပ်ကွက်ရှိ တပ်ကုန်းဘက်မှနေ၍ မြို့ထဲသို့ လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်ခဲ့ ခြင်းဖြစ်သည်။
စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သည့်လက်နက်ကြီး ကျည်စများကြောင့် မြို့မ ရပ်ကွက်ရှိ နာရီစင်အနီး CiimNuai GuestHouse ၊ တိုင်းရင်းဆေးရုံ ၊ ၅၂၈ ထမင်းဆိုင်၊ သမဝါယမရုံးနှင့် Zomi Congress for Democracy ရုံးစသည့် နေရာများ ထိမှန်ပျက်စီးခဲ့ကြောင်း ဒေသတွင်း မီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။
“ည ၉နာရီလောက်က စပြီးပစ်ခတ်သံတွေကြားနေရတာ။ မြို့မရဲစခန်းမှာပါ။ ပစ်ခတ်သံ တွေကြောင့် ကြောက်လန့်နေရတယ်။ ကျွန်မတို့အိမ်နီးနားက နေအိမ်တွေကတော့ ပြတင်းပေါက်မှန်ကွဲတာ၊ အိမ်နံရံတွေ ပွန်းပဲ့တာမျိုးတော့ ရှိတယ်။ လူထိခိုက်တာမျိုးတော့ မကြားမိဘူးရှင့်။ ပစ် ခတ်တာက ည ၁၀နာရီလောက်မှ တိတ်သွားတယ်” ဟု မြို့နေဒေသ ခံတစ်ဦးကပြောသည်။
စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးများသည် မြို့မဈေး အနီးဝန်းကျင်တွင် ကျရောက်ခဲ့ပြီး လက်နက်ကြီးကျည်တစ်လုံးမှာ ပေါက်ကွဲမှု မရှိဘဲ မြေပြင်ပေါ်စိုက် ကျန်ရှိနေကြောင်း သိရသည်။
စစ်ကောင်စီတပ်က ယနေ့ဇွန်လ ၁၃က်နေ့တွင် အခြေခံပညာကျောင်းများဖွင့်လှစ်ရန် စီစဉ်နေကြောင်း သတင်းများ ထွက်ပေါ်ပြီးနောက် ယ ခုကဲ့သို့ ပစ်ခတ်မှုများ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ mizzima