ထားဝယ်-ထီးခီး လမ်းပိုင်းတွင် စစ်ကောင်စီ ယာဉ်တန်း ၃ ကြိမ် တိုက်ခိုက်ခံရ ထိခိုက် သေ ဆုံးမှု များဟုဆို

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ထားဝယ်-ထီးခီး လမ်းပိုင်းတွင် ဇွန်လ ၁၂ ရက် နံနက်ပိုင်းက အင်အား ၁၀၀ ကျော် ပါဝင်သော စစ်ကောင်စီ ယာဉ်တန်း ၁၀ စီးကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ သုံးကြိမ်တိုင် တိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများကြောင်း Eastern Defense Force EDF အဖွဲ့၏ ထုတ်ပြန်ချက် အရ သိရသည်။
အဆိုပါစစ်ကောင်စီ ယာဉ်တန်းသည် ထားဝယ်-ထီးခီးလမ်းအတိုင်း ကျောက်မဲတောင်ရွာမှ ထားဝယ်မြို့ဘက်သို့ ဦးတည် မောင်းနှင်လာစဉ် ဝကုန်းကျေးရွာ အနီးတွင် တစ်ကြိမ်၊ သင်္ကန်းတုန်းကျေးရွာ အနီးတွင် တစ်ကြိမ်နှင့် သရက်ငုတ်ကျေးရွာ အနီးတွင် တစ်ကြိမ် စုစုပေါင်း သုံးကြိမ်တိုင်တိုင် ပစ်ခတ် တိုက်ခိုက်ခံခဲ့ရ ခြင်းဖြစ်သည်ဟု PDF တပ်ဖွဲ့ဝင်များ ထံက သိရသည်။
“ပထမဆုံး ဝကုန်းကျေးရွာနားက ဘုရားတောင်ကွေ့မှာ ပစ်ခတ် တိုက်ခိုက်တာ စစ်တပ်က ငါးယောက် သေတယ်။ နှစ်ယောက် ထိခိုက်တယ်။ ကျွန်တော်တို့ EDF အဖွဲ့က အထိအခိုက် မရှိဘူး”ဟု Eastern Defense Force EDF အဖွဲ့မှ ရဲဘော် တစ်ဦးကပြောသည်။
ထိခိုက်ကျဆုံးမှုများရှိသည့် စစ်ကောင်စီယာဉ်တန်းသည် ထားဝယ်မြို့ဘက်သို့ ဦးတည် မောင်းနှင်ခဲ့ပြီး အဆိုပါလမ်းတစ်လျှောက် လက်နက် ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသန်းပစ်ခတ်ခဲ့သည်။ စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် ဒေသခံတစ်ချို့ ထိခိုက်မှု ရှိနိုင်ကြောင်း ပြည်သူ့ ကာ ကွယ်ရေး တပ်ဖွဲ့ဝင်များထံက သိရသည်။
စစ်ကောင်စီယာဉ်တန်းသည် သင်္ကန်းတုန်းနှင့် သရက်ငုတ်ကျေးရွာများတွင် ထပ်မံ တိုက်ခိုက်ခံရပြီး ၁၅ ဦးခန့် သေဆုံးကာ ထိခိုက်မှုများနိုင်ကြောင်း ဝကုန်းကျေးရွာ ဒေသခံ တစ်ဦး၏ ပြောကြားချက်အရသိရသည်။
ပြည်သူ့ကာကွယ်ရေး တပ်များ၏ သုံးကြိမ် တိုက်ခိုက်မှုတွင် တစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ကျန်နှစ်ကြိမ်မှာ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ် ကြောင်း သိရသည်။
စစ်ကောင်စီယာဉ်တန်းတွင် ပုလောမြို့နယ် မီးလောင်ချောင်း အခြေစိုက် အမတ ၂၀၁ ၊ ပလောက်မြို့ အခြေစိုက် ခလရ ၂၈၀ နှင့် လောင်းလုံး အခြေစိုက် ခလရ ၁၀၄ တပ်ရင်းမှ စစ်ကောင်စီ တပ်သားများ လိုက်ပါလာခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ စစ်ကောင်စီယာဉ်တန်းသည် ညပိုင်းတွင် ထားဝယ်မြို့၊ သဗြေချောင်းရွာရှိ ခလရ ၂၅ တပ်ရင်းသို့ ဝင်ရောက်သွားကြောင်း ဒေသခံများထံက သိရသည်။
ထားဝယ်-ထီးခီးလမ်းပိုင်းသည် မကြာခင် ရက်ပိုင်းအတွင်းက ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ၏ ခရီးသွားလာခွင့် ရက်အကန့်သတ်မရှိ ပိတ်ပင်ထားသည့် လမ်းဖြစ်သည်။ mizzima