ဒီးမော့ဆိုမြို့နယ် ၊ ပူဖားကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် KNDF B- 06 တို့ တိုက်ပွဲဖြစ်ပွား ၊ အမျိုးသမီးကွန်မန်ဒို ၂ ဦးပါဝင်တိုက်ခိုက်

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ပူဖားကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် KNDF B-06 တို့ ယနေ့ ဇွန်လ ၁၂ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ် ဝန်းကျင်က ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရသည်။
စစ်ကောင်စီတပ်နှင့်ထိတွေ့တိုက်ပွဲတွင် ကရင်နီအမျိုးသား ကာကွယ်ရေးတပ် (KNDF) မှ အမျိုးသမီးကွန်မန်ဒို နှစ်ဦး ပါဝင်တိုက်ခိုက်ခဲ့ကြောင်း KNDF B-06 က သိရသည်။
နှစ်ဖက်ထိတွေ့တိုက်ပွဲသည် ၄၅ မိနစ်ခန့်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်မှ သုံးဦးနှင့် အထက် ထိခိုက်ဒဏ်ရာရနိုင်သည်ဟု KNDF B-06 က ထုတ် ပြန်ထားသည်။
အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီတပ်မှပစ်ခတ်လိုက်သည့် လက်နက်ကြီးကြောင့် ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF B-06 မှ ရဲဘော် နှစ်ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး စိုးရိမ်မှုမရှိကြောင်း ဖော်ပြထားသည်။
စစ်ကောင်စီတပ်များ တပ်စွဲထားသောနေရာများတွင် အချိန်မရွေးထိတွေ့ တိုက်ပွဲများ ပြင်းထန်နိုင်ပါသဖြင့် ရွာသားများအနေဖြင့် ဖြတ်သန်းသွားလာခြင်းများ ရှောင်ကြဉ်ကြ ရန် အထူးမေတ္တာရပ်ခံကြောင်း KNDF B-06 ၏ ထုတ်ပြန်ချက်တွင် တိုက်တွန်း ထားသည်။ mizzima