မုံရွာ-မန္တလေးလမ်း မြင်းမူမြို့နယ်တွင် စစ်ကောင်စီကား မိုင်းထိမှန်

စစ်ကိုင်းတပ်မ (၃၃)မှတစ်ဆင့် မုံရွာမြို့ပေါ်သို့ အင်အားအပြည့်ဖြင့်ထွက်လာသည့် စစ်ကောင်စီယာဥ်အား မြင်းမူမြို့နယ်၊ အလ္လကပ္ပကျေးရွာနှင့် ဝမ်းပြည့်ကျေးရွာကြား၌ မြင်းမူအခြေစိုက် Black Eagle Defense Force- MMU ဦးဆောင်သည့် မဟာမိတ်အဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။
ယမန်နေ့ ဇွန်လ ၁၂ ရက် နံနက် ၄ နာရီ ၃၀ မိနစ်ဝန်းကျင်တွင် အဆိုပါစစ်ကောင်စီယာဉ်အား ပဒေသာမိုင်း ငါးလုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ရာ ထိမှန်သွားကြောင်း ဆိုသည်။
“စစ်ကားအကြီးပါ။ စစ်ကိုင်းကထွက်လာတဲ့ ပထမဆုံးကားပါဗျ။ မြင်းမူနယ်ထဲမှာ ပဒေသာငါးလုံးတွဲနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တာ။ ကားခါးပိုင်းကို ထိထိမိမိ ထိခဲ့ပါတယ်။ မိုင်းဆွဲတိုက်ခိုက်ပြီး ကျနော်တို့လည်း ပြန်ဆုတ်ခွာခဲ့ရတော့ အခြေနေအရပ်ရပ်ကိုတော့ အတိအကျမပြောနိုင်ပါဘူး။ ထိတာတော့ တော်တော် ထိသွားပါတယ်”ဟု Black Eagle Defense Force ပြန်ကြားရေးဌာနမှ ဗိုလ်သုံးဆယ်က ပြောသည်။
၎င်းမိုင်းဆွဲတိုက်ခိုက်မှုကို Black Eagle Defense Force – MMU (မြင်းမူလင်းယုန်နက် ကာကွယ်ရေး အဖွဲ့)မှ ဦးဆောင်၍ မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ – CDSOM၊ People’s Defence Force Myinmu – MMU PDF၊ Myinmu Civil Revolution Force – CRF Myinmu၊ Myinmu Lightning Guerrilla Force (မြင်းမူလျှပ်စီးပြောက်ကျားအဖွဲ့) စသည့် ညီနောင်မဟာမိတ်အဖွဲ့ငါးဖွဲ့မှ ပူးပေါင်းတိုက် ခိုက်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါယာဉ်ပေါ်ရှိ စစ်ကောင်စီတပ်သားများ၏ ထိခိုက်မှုအခြေအနေကိုမူ စုံစမ်းနေဆဲဖြစ်ပြီး လက်ရှိတွင် ထိုစစ်ကောင်စီကားမှာ မုံရွာသို့ရောက်ရှိနေကြောင်း ကာကွယ်ရေးတပ်ကဆိုသည်။
ယမန်နေ့ နံနက် ၆ နာရီကျော်ဝန်းကျင်ကလည်း စစ်ကိုင်းတပ်မ (၃၃)မှထွက်ခွာလာသည့် စစ်ကောင်စီ ယာဉ် ၁၁ စီး မြင်းမူနယ်မှဖြတ်ကာ မုံရွာမြို့ပေါ်သို့ တက်သွားသေးသည်။ mizzima