ရွှေကူနယ်တွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး အတုံးအရုံး သေဆုံး
ကချင်ပြည်နယ် ၊ ရွှေကူမြို့နယ် ရွှေငြိမ်းချမ်းရွာမှ ကျောက်ကြီးရွာဘက်သို့ ခြေလျင် စစ်ကြောင်း ထိုးလာသည့် အကြမ်းဖက် စစ်ကောင်စီတပ်အား မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ အတုံးအရုံးကျဆုံးကြောင်း မြို့လှ KPDF ထံက သိရသည်။
ယမန်နေ့ ဇွန်လ ၁၂ ရက် နံနက် ၉ နာရီ ၅၀ မိနစ်က ရွှေကူမြို့နယ် ဧရာဝတီမြစ်အနောက်ဘက် တောလမ်းတစ်နေရာတွင် စစ်ကောင်စီတပ်ကို မြို့လှ KPDF မှ မိုင်း ရှစ်လုံးဆွဲကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“စစ်ကောင်စီဘက်က တက်လာတာ မိုင်းကွင်းထဲကို။ မိုင်းကွင်းထဲ တည့်တည့်ဝင်လာပြီး သူတို့တစ်ခုခုတိုင်ပင် ပြောဆိုနေချိန် မိုင်းဆွဲလိုက်တာပါ။မီတာ ၅၀ အကွာ ကနေ သူတို့ကို အနီးကပ် မြင်နေရတယ်။ မိုင်းဆွဲလိုက်ချိန်မှာ မြောက်တက်သွားတာကအစ ကျွန်တော်တို့ဘက်က မြင်ရတယ်။ သူတို့ဘက်က ကျဆုံးမှုက အတုံးအရုံးပဲ” ဟု မြို့လှ KPDF ပြန်ကြားရေးတာဝန်ခံကပြောသည်။
မိုင်းဆွဲတိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်သည် ခမရ ၄၁၅ တပ်ဖြစ်ပြီး အင်အား ၈၀ ကျော်ပါဝင်ကာ ရွှေကူမြို့နယ် ရွှေငြိမ်းချမ်းကျေးရွာဘက်မှ ကျောက်ကြီးကျေးရွာ ဘက်သို့ ခြေလျင် စစ်ကြောင်းထိုးလာချိန်တွင် အလစ်ငိုက် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
ထိုသို့မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်မှ ခဏကြာပြန်လည် ပစ်ခတ်မှုများရှိခဲ့ပြီး မြို့လှ KPDF သည် တိုက်ပွဲငြိမ်သက်၍ နယ်မြေရှင်းလင်းရန် ရှေ့တက်ချိန်တွင် စစ်ကောင်စီတပ် တပ်ကူများဖြင့် တစ်နေကုန်နီးပါး တိုက်ပွဲ ဆက်လက် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“ကျွန်တော်တို့ဘက်က နယ်မြေရှင်းလင်းဖို့ ပတ်ဝိုက်သွားချိန်မှာ သူတို့ဘက်က ၁၂၁ ငအိုးတပ်တွေ စစ်ကူလာတာနဲ့ ထိပ်တိုက်တွေ့ပြီး ထပ်မံတိုက်ပွဲ ဆက်ဖြစ်တယ်။ သူတို့ဘက်က အဝေးကြီး မဆုတ်ခွာသေးပဲ ခပ်လှမ်းလှမ်းမှာ ရှိနေတာပါ။ သူတို့ဘက်က စစ်ကူလာချိန် နှစ်ဘက် တိုက်ပွဲဖြစ်ချိန်မှာ သူတို့ရဲ့အလောင်းတွေကို အမိအရ ကောက်သွားတယ်ဗျ” ဟု မြို့လှ KPDFပြန်ကြားရေးတာဝန်ခံက ပြောသည်။
အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၅၀ ဦးခန့် ထိခိုက်သေဆုံးနိုင်သည်ဟု KPDF ၏ ထုတ်ပြန်ချက်အရသိရပြီး တပ်ခွဲမှူး မိုးကြိုးဦး ဆောင်သော တပ်ခွဲ (၁) မြို့လှ KPDF ကဦးဆောင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ပြီးခဲ့သည့် ဇွန်လ ၅ ရက်နေ့က ပန်ခေါန်ယာန် ကျေးရွာတွင် အခြေချ တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းကို ကချင်လွတ်မြောက်ရေး တပ် မတော် KIA မှ တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီး စကစ အင်အားအချို့ ဆုတ်ခွာသွားခဲ့သည်။
ပန်ခေါန်ယာန်ဒေသမှ ဆုတ်ခွာလာသော အကြမ်းဖက် စစ်ကောင်စီတပ်များသည် ကျောက်ကြီးရွာဘက်သို့ ဦးတည်ဆုတ်ခွာစဉ် ယမန်နေ့ ဇွန် လ ၁၂ ရက်နေ့က မြို့လှ KPDF တပ်မှ ယခုကဲ့သို့ စောင့်ကြိုတိုက်ခိုက် ခဲ့ခြင်းဖြစ်သည်။ mizzima