KNU တပ်မဟာ (၁) နယ်မြေရှိ စစ်ကောင်စီတပ်စခန်းနှင့် စစ်ကြောင်းများကို ဝေဟင်မှ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်
မွန်ပြည်နယ်၊ သထုံခရိုင်၊ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၁ နယ်မြေအတွင်းရှိ စစ်ကောင်စီ တပ်စခန်းများနှင့် စစ်ကြောင်းများကို KNUပူးပေါင်းတပ်ဖွဲ့က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့် ရုပ်သံဗီဒီယိုဖိုင်ကို မိတ်ဖက်ရေးရာကြီးကြပ်မှုကော်မတီ KNUသထုံခရိုင် တပ်မဟာ (၁) က ဇွန်လ ၁၂ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
အဆိုပါတိုက်ခိုက်မှုကို People’s Force drone team(ပြည်သူ့အင်အားစု)က တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မိတ်ဖက်ရေးရာ ကြီးကြပ်မှုကော်မတီသည် KNUသထုံခရိုင် တပ်မဟာ (၁) နယ်မြေအတွင်းရှိ စစ်အာဏာရှင်ကို အမြစ်ဖြတ် တော်လှန်နေသည့် အဖွဲ့အစည်းအားလုံးကို စုစည်းဖွဲ့စည်းထားသည့် အဖွဲ့ဖြစ်ပြီး ဇွန်လ ၈ ရက်နေ့မှစတင်ပြီး “ဗျူဟာမြောက်ခုခံစစ်” အဆင့်အား လွန် မြောက်၍ စခန်းသိမ်းတိုက်ပွဲနှင့် နယ်မြေစိုးမိုးရေး တိုက်ပွဲများဆင်နွှဲလာနိုင်သည့် “ဗျူဟာမြောက်မျှခြေ” အဆင့်သို့ တက်လှမ်းလာနိုင်ပြီဖြစ်ပြီး မကြာတော့သည့်အချိန်တွင် “ဗျူဟာမြောက်တိုက်စစ်”များ ဖော်ဆောင်လာနိုင်တော့မည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ mizzima