ကျိုက်ထိုနှင့် ဘီးလင်းကြားရှိ သံတံတားဂိတ်မှ ကင်းစခန်းအား ပစ်ခတ်တိုက်ခိုက်

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်နှင့် ဘီးလင်းမြို့နယ်အစပ် သံတံတားတွင် စောင့်ကြပ်နေသော အကြမ်းဖက်စစ်ကောင်စီ၏ ကင်းစခန်းအား ဇွန် လ ၁၃ရက် နံနက် ၁၁နာရီဝန်းကျင်တွင် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကင်းစခန်းအား ပစ်ခတ်တိုက်ခိုက်ရာတွင် ကျိုက်ထိုတော်လှန်ရေးအင်အားစု ( KRF )၊ ကျိုက်ထို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် KN U/KNLA ပူးပေါင်းအဖွဲ့များမှ စစ်ရေးပစ်မှတ် သတ်မှတ်၍ ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု KRF အဖွဲ့မှ ဇွန်လ ၁၃ရက် ညပိုင်းတွင် ထုတ် ပြန်သည်။
“ပစ်ခတ်မှုကြောင့် အကြမ်းဖက်အဖွဲ့၏ အသေအပျောက် အထိအခိုက်စာရင်းကို အတိအကျ မသိရသေးသော်လည်း ပူးပေါင်းအဖွဲ့မှ အထိ အ ခိုက်မရှိ ပြန်ဆုတ်နိုင်ခဲ့သည်” ဟု KRF အဖွဲ့က ဆိုသည်။
KRF အနေဖြင့် စစ်အာဏာရှင်စနစ်ကျဆုံးသည်အထိ ဆက်လက် တိုက်ပွဲဝင်သွားမည်ဖြစ်ပြီး ပြည်သူလူထု၏ အသက် အိုးအိမ် စည်းစိမ်ကို ကာ ကွယ်စောင့်ရှောက်သွားမည် ဖြစ်ပါကြောင်းနှင့် စကစ လက်ပါးစေများ၊ သတင်းပေးဒလန်များနှင့် စကစ ဒေါက်တိုင်များအား ဆက်လက် ၍ တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်ကြောင်း သိရသည်။ mizzima