ဒေါ်အောင်ဆန်းစုကြည်အရေးနိမ့်မှုနှင့်အတူ ကြေမွသွားသော ကော့မှူးက အိမ်မက်များ 

စစ်တပ်၏ တစ်ဖက်သတ်စိတ်ကြိုက်ရေးဆွဲထားသော နိုင်ငံရေးကစားကွင်းထဲသို့ မဝင်ရောက်သင့်ဟု ဟံသာဝတီဦးဝင်တင်ကဲ့သို့သော လုပ် ဖော်ကိုင်ဖက်နိုင်ငံရေးသမားတစ်ချို့က ထောက်ပြခဲ့ကြသော်လည်း ဒေါ်အောင်ဆန်းစုကြည်ကမူ အတိတ်ကာလ၏ ကျေးကျွန်အဖြစ်မခံဘဲ ပေါ်ပေါက်လာသည့် အခင်းအကျင်းအတိုင်း လိုက်ပါပြောင်းလဲနိုင်ရမည်ဟူသော မူကို ထုတ်ဖော်ပြောကြားခဲ့ဖူးသည်။

ထိုမူဝါဒကို အကောင်အထည်ဖော်သည့်အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၂ က ကျင်းပခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ရန် ကုန်တိုင်း၏ အနောက်တောင်ဘက်အစွန်ဆုံး ပင်လယ်ဝမြို့နယ်ဖြစ်သော ကော့မှူးမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့လေသည်။ နောင်ကျင်းပသည့် ၂၀၁၅ နှင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲများတွင်လည်း ကော့မှူးမှပင် သူဝင်ရောက်ယှဉ်ပြိုင်ပြီး အနိုင်ရခဲ့သည်။ 

ရန်ကုန်မြို့၏ အချက်အချာကျသော ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်းတွင် နေထိုင်သူ ဒေါ်အောင်ဆန်းစုကြည်က လူသိထင်ရှားမရှိ ဖွံ့ဖြိုးမှုနည်းသော ကော့မှူးမှ ဝင်ရောက်ယှဉ်ပြိုင်ခြင်းကြောင့် ဒေသဖွံ့ဖြိုးရေးအတွက် မျှော်လင့်ချက်နှင့် အိပ်မက်များမက်ခွင့် ဒေသခံများ ရလာခဲ့ကြသည်။ အနိမ့်ဆုံးအားဖြင့် ၎င်းတို့၏ ဒေသကို ကိုယ်စားပြုသူမှာ ဒေါ်အောင်ဆန်းစုကြည်ဆိုခြင်းကြောင့် စိတ်ပိုင်းဆိုင်ရာတွင် ဂုဏ်ယူဝင့် ကြွားစရာတစ်ခု ဖြစ်ခဲ့သည်။ 

“ကော့မှူးဆိုတာ ရွာကြီးကြီးလောက်ပဲရှိတဲ့အဆင့်ပါ၊ အမေစုဝင်ပြိုင်မယ်ဆိုတော့ ကမ္ဘာကျော်သွားတာပေါ့၊ ဒါဟုတ်မှဟုတ်ရဲ့လား၊ ဒေါ်အောင်ဆန်းစုကြည်က ကော့မှူးကို ရွေးတယ်ဆိုတော့ ဘယ်လိုအချက်တွေနဲ့ ရွေးသလဲပေါ့၊ ဝမ်းသာတယ်ပေါ့ဗျာ၊ ပျော်ကြတာပေါ့” ဟု ဒေသခံတစ်ဦးက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်က ထိုဒေသအတွက် ကိုယ်ပိုင်ငွေကြေးစိုက်ထုတ်၍ တစ်ဖုံ၊ လွှတ်တော်တွင်း ဒေသဖွံ့ဖြိုးရေးဘဏ္ဍာငွေ ခွင့်ပြုချက်များဖြင့် တစ်နည်း လုပ်ကိုင်နိုင်ခဲ့သည်ဟု ကော့မှူးမှ လွှတ်တော်အမတ်ဟောင်းတစ်ဦးက ပြောသည်။

“လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်ကိစ္စတွေက နှစ်ပေါင်း ၅၀၊ ၆၀ က မတို့မထိဘဲနဲ့ ဒီအတိုင်းဖြစ်နေတဲ့ဟာ ဒီ ၅ နှစ် ၆ နှစ်လေးမှာ ဖန်ဆင်းရှင်တစ်ယောက်က ဖန်ဆင်းလိုက်သလိုမျိုး ရခဲ့တဲ့ အခြေအနေပါ” ဟု သူက ပြောသည်။

“ရွာတိုင်းစေ့ ၁၀၀ ရာခိုင်နှုန်းလည်း မီးလင်းအောင် လုပ်ပေးနိုင်ခဲ့တယ်၊ ဘယ်ချောင်ကြိုချောင်ကြားမှ မကျန်ဘူး၊ ဒါဟာ ကျွန်တော်တို့ အမြင့်ဆုံးစွမ်းဆောင်နိုင်ခဲ့တာပါ၊ အာဏာသိမ်းပြီးမှ မီးလာတာ၊ မလာတာကတော့ တစ်ပိုင်းပေါ့ဗျာ” 

ချောင်း ၉ စင်းရှိသည့် ကော့မှူးတွင် တံတား ၂၀ ကျော် ဆောက်လုပ်ခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ၂၀၂၀ ပြည့်နှစ်မှတ်တမ်းတွင် တွေ့ရသည်။ ကားလမ်းများ ပေါ်ပေါက်လာသဖြင့် သွားလာရ လွယ်ကူနေသည်ဟု ရွာသားတစ်ဦးက ပြောသည်။

“ကျွန်တော်တို့ရွာကလေး ကွန်ကရစ်လမ်းဖြစ်ဖို့ တစ်သက်လုံး မထင်ခဲ့ဘူး၊ ကျွန်တော်တို့ရွာတွေဆို ချောက်ကြီးတွေ အနက်ကြီးတွေ၊ ရေတွေထိုးကျပြီးတော့ လှည်းတောင်သွားလို့မရတဲ့ လမ်းမျိုးတွေ” ဟု သူက ပြောသည်။

ဆိုင်ကယ်အငှားလိုက်သည့် ဒေသခံတစ်ဦးကလည်း ၎င်းတို့၏ အခြေခံလူနေမှုဘဝပုံစံ ပြောင်းလဲခဲ့သည်ဟု ဆိုသည်။

“အရင်တုန်းက ကျွန်တော်တို့ ဝါးတစ်စည်းခုတ်ရင် ၃,၀၀၀ ပဲရတာဗျ၊ ကျွန်တော်တို့ ကယ်ရီဆွဲရင် ၄,၀၀၀၊  ၅,၀၀၀ ရတယ်ဆိုတော့ ကျွန်တော်တို့အတွက်ကတော့ အရင်နေခဲ့တဲ့ ဘဝတွေထက်စာရင် အများကြီး သက်သာသွားတယ်” ဟု ပြောသည်။

ထိုကဲ့သို့သော ကော့မှူးမြို့သူ၊ မြို့သားများ၏ ဂုဏ်ယူဝင့်ကြွားမှုများနှင့် မျှော်လင့်ချက်များသည် ၂၀၂၁ စစ်တပ် အာဏာသိမ်းပြီးမှုကြောင့် တစ်စတစ်စ ကြွေလွင့်ပျက်စီးလာတော့သည်။ 

ယခုအခါတွင် ကော့မှူးမြို့နယ်တွင် စစ်တပ်က ရွာသူရွာသားများကို အုံလိုက်ကျင်းလိုက်ဖမ်းဆီးမှု၊ ဒေါ်အောင်ဆန်းစုကြည်ရှိခဲ့စဉ်က ဖန်တီးခဲ့သော ဒေသဖွံ့ဖြိုးရေးစီမံကိန်းများ ဖျက်ဆီးခံရမှုများကြောင့်လည်း ဒေသခံတို့သည် စိုးရိမ်စိတ် တထိတ်ထိတ်ဖြင့် နေထိုင်နေကြရပြီဖြစ် သည်။

မှောင်မိုက်သွားသော သင်တန်းကျောင်း 

ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်အမတ်ဖြစ်လာပြီးနောက် သူ၏မိခင်ဖြစ်သူ ဒေါ်ခင်ကြည်ကို အစွဲပြု၍ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို တည်ထောင်ကာ ဒေသဖွံ့ဖြိုးရေးစီမံကိန်းအချို့ကို လုပ်ကိုင်နိုင်ရန် ကြိုးပမ်းခဲ့သည်။ ထိုဖောင်ဒေးရှင်း၏ အဓိကစီမံကိန်းတစ်ခုမှာ ကော့မှူးမြို့နယ်တွင် ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်းများကို လေ့ကျင့်သင်ကြားပေးသော Hospitality and Catering Training Academy (HTCA) ဆိုသည့် သင်တန်းကျောင်းဖြစ်သည်။ 

အချက်အပြုတ်နှင့် ဟိုတယ်နေရာထိုင်ခင်းများ စီမံပုံကို လေ့ကျင့်ပေးသော ထိုကျောင်းက ဒေသခံလူငယ်များ အလုပ်အကိုင်ရရှိရေးအတွက် အားကိုးရသည့်နေရာတစ်ခု ဖြစ်ခဲ့သည်။ ကိုဗစ်ကပ်ဘေးကာလတွင် ထိုကျောင်းကို ပိတ်ထားခဲ့ရသည်။ အာဏာသိမ်းမှုဖြစ်ပြီးနောက် ဤသင်တန်းကျောင်းအတွင်းကို အာဏာသိမ်းစစ်ကောင်စီ၏ လက်နက်ကိုင်များက မကြာခဏ ဝင်ရောက်သွားပြီး ထင်ရာစိုင်းလုပ်ကိုင်ကြသည်ဟု ထိုကျောင်းနှင့် နီးစပ်သည့် အမျိုးသမီးတစ်ဦးက  ပြောသည်။ 

“အာဏာသိမ်းပြီးတဲ့နောက်မှာ သင်တန်းကျောင်းလုံခြုံရေးတွေလည်း နားလိုက်ရတယ်၊ ကျောင်းကို စစ်ကောင်စီက အဝင်အထွက်ရှိတယ်၊ ပစ္စည်းတွေလည်း သိမ်းတယ်၊ ယူတယ်၊ ဖျက်ဆီးတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသော ထိုအမျိုးသမီးက ပြောသည်။

သင်တန်းတက်သူများ မရှိတော့သည့် သင်တန်းကျောင်းအဆောက်အအုံများကြားထဲတွင် လေအေးပေးစက်နှင့်၊ ရေခဲသေတ္တာတို့၏ အပိုင်း အစ အပျက်အစီးတချို့ကို တွေ့နေရသည်။ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း၏ နေပြည်တော်ရှိ စိုက်ပျိုးရေးစီမံကိန်းဖြစ်သော လရောင်တောစီမံကိန်းတွင်လည်း စစ်ကောင်စီတပ်များက ဖျက်လိုဖျက်ဆီးမှုများ ဝင်ရောက်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။ 

လူငယ်တို့ အားကိုးခဲ့ရသည့် သင်တန်းကျောင်း ပစ်မှတ်ထား ဖျက်ဆီးခံထားရမှုသည် ကော့မှူးမြို့နယ်၏ ပကတိအခြေအနေများထဲမှ တစ်ခုဖြစ်နေရာ ရင်ဆိုင်နေရသော အခြေအနေဆိုးများမှ လွတ်မြောက်စေရန် လက်နက်ကိုင်ခုခံတော်လှန်မှဖြစ်မည်ဟု ကော့မှူးဒေသခံတို့က ယူဆလာကြသည်။

လူငယ်တို့အနာဂတ်အတွက် ရည်ရွယ်ဖွင့်လှစ်ထားသည့် HTCA သင်တန်းကျောင်း မလည်ပတ်နိုင်တော့သည့်နည်းတူ အာဏာသိမ်းမှုအကျိုး ဆက်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ လူမှုရေးအသင်းအဖွဲ့များလည်း ဒေသခံတို့ကို အကူအညီပေးနိုင်သည့်အခြေအနေ မရှိတော့ပေ။

ကော့မှူးမြို့နယ်အတွင်း နာရေးမှအစ ကျန်းမာရေးလုပ်ငန်းများ အကူအညီပေးနေသည့် လူမှုရေးပရဟိတအသင်း ၁၁ သင်းရှိသည်။ ထိုအထဲတွင် ဆပုဂံရွာရှိ အားမာန်ပရဟိတအသင်းရုံးကို စစ်ကောင်စီတပ် ဝင်ရောက်စီးနင်းပြီး အသင်းဥက္ကဋ္ဌဖြစ်သူ ကိုသန့်ဇင်ဦးကို ၅၀၅(က) ဖြင့် ဖမ်းဝရမ်းထုတ်ခဲ့သည်။

ကိုသန့်ဇင်ဦး ရှောင်တိမ်းနေရာမှ မိသားစုထံ ပြန်လာသည့် ၂၀၂၂ မတ်လဆန်းတွင် စစ်ကောင်စီတပ်သားတို့ ဝိုင်းဝန်းဖမ်းဆီးစဉ် ပစ်သတ်ခံလိုက်ရသည်ဟု ဒေသခံတစ်ဦးက ပြောသည်။ ကျိုက်ထော်မြောက်ကျေးရွာ ရွှေကျိုက်ထော်ပရဟိတ အသင်းဥက္ကဋ္ဌ ကိုနေဝင်းသည်လည်း စစ်ကောင်စီ၏ နှစ်ကြိမ်တိုင်ဖမ်းဆီးမှုကို ခံခဲ့ရသည်ဟု အဆိုပါ ဒေသခံက ဆိုသည်။

အခြေအနေဆိုးများ ဖြစ်ပေါ်နေပြီး စစ်ကောင်စီက ထိုအသင်းတို့၏ မော်တော်ယာဉ်များကို အသုံးချရန် ကြိုးစားနေချိန်တွင် ပရဟိတအသင်းတည်ထောင်ထားသူတို့က ကားပျက်နေသည်ဆိုကာ လုပ်ငန်းများ ရပ်ဆိုင်းထားကြသည်ဟု သူက ဆက်ပြောသည်။

“ဘုန်းကြီးကျောင်းတွေမှာ ထားတဲ့ ပျက်နေတဲ့ကားတွေကိုတောင် လာဆွဲသွားပြီးတော့ သူတို့ဘာသာသူတို့ ပြင်ပြီးတော့ သုံးတယ်၊ တချို့ကျတော့လည်း ကြောက်နေရတော့ ပေးသုံးရတာပေါ့” ဟု သူက ဆိုသည်။

ကော့မှူးသားတွေလည်း ပုန်ကန်ပြီ 

စစ်ကောင်စီတပ်က ဆန္ဒပြသူများကို ပစ်သတ်ခြင်း၊ လူနေရပ်ကွက်များအတွင်း ရမ်းကားပစ်ခတ်ခြင်း၊ အကြမ်းဖက်ဖမ်းဆီးခြင်းတို့ကြောင့် ကော့မှူးဒေသခံတချို့က ရရာလက်နက် စွဲကိုင်လာကြတော့သည်ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

“ကျွန်တော်ဆိုရင် မိန်းမနဲ့ ကလေးရှိတယ်၊ အဲဒါတွေကို ပစ်ထားခဲ့တာပဲ၊ မတရားမှုကို တော်လှန်ရမယ်ဆိုတဲ့ အသိပေါ့၊ ကျွန်တော်တို့ သည်းခံနိုင်တဲ့အထိတော့ သည်းခံခဲ့တယ်၊ ဒါပေမဲ့ လူသတ်လာတဲ့နောက်တော့ လက်မခံနိုင်တော့ဘူး” ဟု သူက ပြောသည်။

ဘွဲ့ရပြီးစတွင် ဒေသအခြေစိုက် ကုမ္ပဏီတစ်ခု၏ ဝန်ထမ်းဖြစ်ခဲ့သော လူငယ်တစ်ဦးသည်လည်း အလုပ်နားလိုက်ရပြီးနောက် ဒေသကာ ကွယ်ရေးတပ်ဖွဲ့ဝင် ဖြစ်လာသည်။ မလွတ်လပ်မှုနှင့် မတရားမှုတို့အတွက် အပြီးတိုင် တိုက်ပွဲဝင်သွားမည်ဟုလည်း ပြောသည်။

“မတရားမှန်းသိလို့ ကျွန်တော်တို့ တော်လှန်ရေးထဲ ဝင်လာတာလေ၊ ဒါကြီးပြီးအောင်တော့ လုပ်ရမှာပဲ။ ဒါပြီးမှ ကိုယ့်အရေးကိစ္စ စဉ်းစားမယ်။ ဒါကြီးမပြီးဘဲ ကျွန်တော် ရရာအလုပ် လုပ်ရင်လည်း စားရရုံပဲရှိမှာ။ လွတ်လွတ်လပ်လပ်လဲ လုပ်လို့ရမှာမဟုတ်ဘူး” ဟု သူက ပြောသည်။

ရရာလက်နက်ကိုင်ထားကြသူတို့က မေလ ၃ ရက်တွင် ကော့မှူးမြို့နယ် ငှက်အော်စမ်းရွာအနီး စစ်ယာဉ်တန်းကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ ဗိုလ်တစ်ဦး သေဆုံးခဲ့သည်။

ထိုတိုက်ခိုက်မှုအပြီး စစ်ကောင်စီတပ်က ထိုဒေသ ကျေးရွာများအတွင်း ဝင်ရောက်ကာ ဒေသခံ ၄၀၀ ကျော်ကို နှစ်ပတ်ကြာ ဖမ်းဆီးစစ်ဆေးခဲ့သည်။  

ပြီးခဲ့သည့် ဇွန်လ ၂ ရက်နေ့ကလည်း ငှက်အော်စမ်းကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဇနီးဖြစ်သူ ပစ်ခတ်ခံရပြီးနောက် လူပေါင်း ၃၀ ကျော် ဖမ်းဆီးစစ် ဆေးခံခဲ့ရသည်။ ခရီးသွားလာရေးအတွက် ဆိုင်ကယ်ကိုသာ အဓိကထား အသုံးပြုနေရသည့် ကော့မှူးဒေသ ရွာပေါင်း ၆၀ ကျော်ကို ထိုဖြစ်စဉ်ဖြစ်ပွားပြီးနောက် စစ်ကောင်စီက ဆိုင်ကယ်စီးခွင့် အကန့်အသတ်မဲ့ ပိတ်ပင်ထားသည်။

စစ်ကောင်စီက ကော့မှူးကို စစ်မြေပြင်ကဲ့သို့ သဘောထားနေသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“အခုဆိုရင် ရွာတွေမှာ ရွာလုံးကျွတ်နီးပါး ရှာတယ်ဖွေတယ်၊ လူငယ်ဆိုတော့ သိပ်ပြီးတော့ တော်လှန်ရေးနဲ့ မကင်းကြတာ များတယ်၊ ဆန္ဒပြတာက စပြီးတော့ပေါ့။ ဆန္ဒပြတာကလည်း ရွာလုံးကျွတ်ပြတာဆိုတော့ ခု ရွာတွေကို ဝင်ဆွဲတယ်၊ ရှာတယ်ဖွေတယ်” ဟု ပြောသည်။

ထိုအခြေအနေများကြောင့် စိုက်ပျိုးရေးလုပ်ကိုင်သူတို့လည်း လုပ်ငန်းခွင်ဝင်ရန် တွန့်ဆုတ်လာကြသည်ဟု ဒေသခံနောက်တစ်ဦးက ပြောသည်။ “စစ်ကောင်စီတပ်က တောခဏခဏနင်းတော့ တောနင်းလို့ရှိရင်လည်း ဘယ်နေ့ ဘယ်ရွာကို တောနင်းမယ်ဆိုတာ၊ ဘယ်လိုမှ ကြိုသိတာမျိုးမဟုတ်ဘူးလေ” ဟု သူက ပြောသည်။

“တောနင်းရင်းနဲ့ စစ်ကောင်စီနဲ့ တွေ့ရင်လည်း စစ်တာတို့ မေးတာတို့လည်းရှိတာကိုး။ အရင်လို လွတ်လွတ်လပ်လပ် ထွက်လို့မရဘူး၊ ထွက်ရင်လည်း အန္တရာယ်ရှိတယ်”  

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း Myanmar Now က ကော့မှူးမြို့သို့ သွားရောက်လေ့လာရာ မြို့အဝင်တွင် စစ်ကောင်စီတပ်သားတို့၏ လုံခြုံရေးဂိတ် ထူထပ်စွာချထားသည်ကို တွေ့ရသည်။ မြို့တွင်းတွင်လည်း စစ်ကောင်စီတပ်သားများ ကင်းလှည့်နေသည်ကို တွေ့ခဲ့ရသည်။

တင်ကျီးတစ်ဝမ်း ဗျိုင်းတစ်ဝမ်း

ကျေးရွာပေါင်း ၁၃၀ ဖြင့် ဖွဲ့စည်းထားပြီး လူဦးရေ ၃၃,၀၀၀ ကျော်ရှိသည့် ကော့မှူးမြို့နယ်အတွင်း အသက်မွေးဝမ်းကျောင်းလုပ်ငန်းအဖြစ် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းကို အဓိကထားလုပ်ကိုင်ကြသည်။ သို့သော်လည်း စစ်မြေပြင်ကဲ့သို့ဖြစ်လာသော အခြေအနေတွင် စိုက်ပျိုးရေးလုပ်ငန်း မလုပ်နိုင်သကဲ့သို့ မွေးမြူရေးထွက်ကုန်များ တင်ပို့ရန်လည်း အခက်အခဲရှိနေကြသည်ဟု ဆိုသည်။ ကွမ်းခြံများလည်း လုံခြုံမှု မရှိတော့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ကွမ်းကို ကုန်သည်တွေက ဝယ်ဖို့ ကားနဲ့ လာဝယ်ကြ၊ ဒါမှမဟုတ်လည်း ကိုယ်က သွားပို့ပေါ့၊ အခုက ကားတွေကလည်း လွတ်လွတ်လပ်လပ် သွားလို့မရတာမျိုး၊ ကော့မှူးမှာဆိုလည်း တပ်နဲ့ ကပ်လျက် ခြံတွေရှိတယ်၊ အဲဒီတော့ သွားမလုပ်ရဲတော့ဘူး” ဟု သူက ပြောသည်။

အခြားဒေသခံတစ်ဦးကလည်း အခြေအနေဆိုးများကြောင့် အလုပ်လက်မဲ့ဖြစ်သူ များလာသည်ဟု ဆိုသည်။ “ကျွန်တော်တို့ တစ်သက်လုပ်စားလာခဲ့တဲ့ ဝါးခုတ်တွေ၊ ထင်းခုတ်တွေ အဲဒါတွေကျပြန်တော့လည်း တော်ကြာနေ ဝါးပွဲရုံက ပိတ်ပြန်ပြီ၊ တော်ကြာနေ လမ်းတွေပိတ်ပြန်ပြီနဲ့ ရောင်း ရေးဝယ်ရေး မကောင်းပြန်ဘူး၊ အဲဒီတော့ ကျွန်တော်တို့ကို ခါတိုင်း ထင်းခုတ်ခိုင်းတဲ့ ပွဲစားတွေ ဝါးခုတ်ခိုင်းတဲ့ ပွဲစားတွေ သူတို့ကိုယ် တိုင်ကိုက အလုပ်လက်မဲ့ဖြစ်ကုန်ပြီ” ဟု သူက ပြောသည်။ 

ကော့မှူးမြို့နယ်တွင် အလုပ်လက်မဲ့ရာခိုင်နှုန်း ၃.၅၅ ရာခိုင်နှုန်းရှိသည်ဟု မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ၂၀၁၉ ခုနှစ်စာရင်းတွင် ဖော်ပြသည်။ ၂၀၂၀ ခုနှစ်တွင်မူ အလုပ်လက်မဲ့ဦးရေ ၂.၆၃ ရာခိုင်နှုန်းသို့ ကျဆင်းသွားသည်ကို တွေ့ရသည်။

သို့သော် အာဏာသိမ်းပြီးနောက် အလုပ်အကိုင်အခွင့်အလမ်းရှိနိုင်သည့် ရန်ကုန်မြို့သို့ သွားရောက်အလုပ်ဆင်းရန် ခက်ခဲခြင်းကြောင့် အ လုပ်လက်မဲ့ဦးရေ ပြန်လည်တိုးလာနိုင်ကြောင်း ဒေသခံ လွှတ်တော်အမတ်တစ်ဦးက သုံးသပ်သည်။ ဒေသခံများ၏ အခြေအနေသည် “တင်ကျီးတစ်ဝမ်း ဗျိုင်းတစ်ဝမ်း” စကားပုံကဲ့သို့ဖြစ်နေကြောင်း ဒေသခံတစ်ဦးက မှတ်ချက်ပြုသည်။

တင်ကျီးငှက်နှင့် ဗျိုင်းငှက်တို့သည် ဝမ်းဗိုက်တစ်လုံးစီသာ ပိုင်ဆိုင်ကြသော်လည်း တင်ကျီးမှာ ပင်ပန်းကြီးစွာ ရှာဖွေစားသောက်ရပြီး ဗျိုင်းမှာမူ အစာကို အလွယ်တကူ ရှာဖွေစားသောက်နိုင်သည့် ငှက်မျိုးဖြစ်သည်။ အာဏာသိမ်းမှုကြောင့် သူတို့၏ ဘဝများ တင်ကျီးငှက်ကဲ့သို့ အစာရှာဖွေ စားသောက်နေရကြောင်း ဆိုသည်။

“ကျွန်တော်တို့ တင်ကျီးဖြစ်နေတာပေါ့ဗျာ၊ စားဖို့အရေးကို အသည်းအသန် မျက်စိတွေနီရဲနေအောင် လိုက်ငုပ်ပြီးတော့ ငါးတစ်ကောင်ရဖို့အရေး လိုက်ရှာပြီးတော့ ဝမ်းရေးအတွက်ကို ဖြည့်ဆည်းနေရတာ၊ အာဏာသိမ်းမှုသာ မဖြစ်ဘူးဆိုရင် ကျွန်တော်တို့တွေ ဗျိုင်းဖြစ်မှာပေါ့၊ သာသာလေး ရေပေါက်ဝမှာ ဆင်းလာတဲ့ ငါးလေးကို စောင့်စားနေရုံပေါ့” ဟု သူက ပြောသည်။

“ဒီလိုမျိုး ဖြစ်သွားတော့ ကျွန်တော်တို့မှာ လုပ်စားစရာ မရှိတော့ဘူး၊ လုပ်စားစရာ မရှိတဲ့အတူတူ ဘဝပျက်အောင် လုပ်တဲ့ကောင်တွေကို ကျွန်တော်တို့ ပြန်တော်လှန်မယ်” ဟု သူက ပြောလိုက်သည်။ myanmar now

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s